Showing posts with label စာအုပ်စင်. Show all posts
Showing posts with label စာအုပ်စင်. Show all posts

ပိုက်ဆံရတဲ့ စာရေးနည်း


မွန်းလွဲ ၂ နာရီကျော်ပြီ ဖြစ်လျှင် ကျွန်တော်သည် ကုန်သည်လမ်းရှိ စာပေဗိမာန် ရှေ့ တွင် ကျွန်တော့ တက္ကစီ ကားလေးကို ရပ်နား လေ့ရှိသည်။
အကြောင်းမှာ ထိုနေရာသည် နေရိပ်သည်။ ဘ၀တူ စာပေလုပ်သားများ အ၀င်အ ထွက် ရှိခြင်းကြောင့် အသိများနှင့်လည်း ဖြစ်သည်။ သို့သော် ထိုစာပေလုပ်သား စာ ရေးဆရာ တို့သည် ကျွန်တော်၏ တက္ကစီကို ငှားစီးလိမ့်မည်ဟူသော မျှော်လင့်ချက် ကိုကား မထား နိုင် ပါလေ။

ထီးထမ်း လမ်းလျှောက်ဆိုသော စကားမှာ ဤလူတန်းစားမှာ အဝေးကပင် မြင်နိုင် သော လူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အ၀တ်အဆင် ခပ်နွမ်းနွမ်းများနှင့် သာ ဖြစ်တတ်သောကြောင့်ပင်။ ထီးထမ်း လမ်းလျှောက်ဆိုသော်လည်း ထီးကိုင် ဆောင်နိုင်သူမှာ ရာခိုင်နှုန်း နည်းပါးလှပါသည်။ အကယ်၍ ထီးကောင်ဆောင်လာသည်ကို တွေ့မည်ဆိုလျှင်လည်း ခေါက်မရသော ထီးကိုသာလျှင် ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ဤစာပေ ဗိမာန်ရှေ့တွင် ကျွန်တော်သည် ဤလူတန်းစားများက ကားငှားစီးလိမ့်မည် ဟူသော မျှော်လင့်ချက်ကိုကား ထား၍ မရပါလေ။ သို့သော် အရိပ်ခိုရသည်။ သိကျွမ်းသူများနှင့် စကားပြောရသည်။ တစ်ဖန် စာပေဗိမာန် စာအုပ်ဆိုင်တွင်းသို့ ၀င်၍ ပြသထားသော စာအုပ်များကို ခဏ တစ်ဖြုတ် ကိုင်ယူ၍ ဖတ်ရှု ခွင့်ရသည်။ (မှန်ဗီရိုထဲကဟာ တွေတော့ မရဘူးပေါ့ဗျာ) သို့သော် မျှော်လင့်စရာကား မရှိတော့မဟုတ်၊ ရှိပါ၏။ ဤအနီး ပတ်ဝန်းကျင်တွင် ရုံးကြီးများ အသီးသီးရှိကြသည်။ ဤရုံးကြီးများသို့ ကိစ္စကြီး ငယ်ဖြင့် လာကြသူများ ကိစ္စပြီး၍ ပြန်ကြမည်ဖြစ်လျှင် ကားငှား၍ ပြန်တတ်ကြသည်။ (ကိစ္စ အဆင်ပြေခဲ့သူများ ဆိုပါတော့ဗျာ) တစ်ဖန်တုံလည်း ဤရုံးကြီး အသီးသီးတို့မှ ရုံးကားများ ပျက်ပြီဖြစ်လျှင် ဌာန အကြီးအကဲ အငယ်အလတ်တို့ သည် ၎င်းတို့ သွားရမည့် ခရီးကို ခြေကျင်၊ ဆိုက်ကား၊ ဘတ်စ်ကား စသည်တို့ဖြင့် သွားလာ တတ်လေ့ မရှိပါလေ။ တက္ကစီကားကိုသာ ငှားရမ်း၍ သွားလာလေ့ရှိကြသည်။ သို့ဖြစ်ခြင်းကြောင့် ဤနေရာတွင် ဤမျှော်လင့်ချက်ဖြင့်သာ နားခိုခြင်း ဖြစ်သည်။

လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ


"ခင်ဗျားတို့ဗျာ ဒီအရွယ်ကြီး ရောက်မှ သမီးရည်းစားလို နေကြတာကို ကြည့်ရတာ တော်တော် အောက်တာပဲ" ဆိုသော သူငယ်ချင်း ဖြစ်သူ၏ စကားကို အကြားမှာ ကိုသိန်းမောင်၏ ရင်ထဲမှာ တော်တော်လေး အောင့်သက်သက် ဖြစ်သွားသည်။ ခုမှ သူ့အသက်က သုံးဆယ့်လေးနှစ် ရှိသေးတာပဲ။ လူ့ဘ၀ ဆိုတာ အသက် လေးဆယ်မှ စတယ် ဆိုတာကိုရော သူတစ်ဖက်သားကို ဝေဖန်တဲ့ ငတုံး မသိဘူးလား။ ကိုယ့်ဘာသာကိုယ် ချစ်တာ ဘာဖြစ်လဲလို့ ကိုသိန်းမောင်က ခပ်ဆတ်ဆတ်လေး ပြန်ငေါ့လိုက်သည်။

"အိုင်ဆေး ကိုသိန်းမောင်၊ ခင်ဗျား ၀င်ငွေနဲ့၊ ခင်ဗျား အသက်အရွယ်နဲ့ အရတော့ အိမ်ထောင် ပြုသင့်နေပြီဗျ။ ခင်ဗျားမှာ စာရေးတဲ့ အလုပ်ကလည်း တစ်လကို လေးငါးခြောက်ရာ ၀င်တာပဲ။ ရုံးကလည်း သုံးရာကျော် ရနေတာပဲ။ ရုံးလုလင် လုပ်တဲ့ ကောင်လေး တွေတောင် သူ့ဝင်ငွေနဲ့သူ အိမ်ထောင် ပြုနိုင်တာပဲ။ စီးပွားရေး အဆင်မပြေမှာကို တွေးပြီး အိမ်ထောင် မပြုရင်တော့ ခင်ဗျား ဒီတစ်သက် မလွယ်တော့ဘူး။ ခုပဲကြည့် ခင်ဗျားလို ခေါင်းရှုပ်ခံ မစဉ်းစားတဲ့ ခင်ဗျား ညီမတွေ၊ တူတွေတောင် အိမ်ထောင်ကျလို့ တူတွေ၊ မြေးတွေတောင် ထပ်ရနေပြီ။ တမလွန်ကို ငှက်ပျောတုံးတော့ ဖက်မကူးပါနဲ့ဗျာ" လုပ်ဖော် ကိုင်ဖက်၊ စာရေးဖက်လည်း ဖြစ်သော ကိုကြည်ဌေးက ဆိုလာပြန်သည်။ ကိုသိန်းမောင်၏ ၀င်ငွေမှာ တစ်လ တစ်ထောင်ခန့် ရှိသည်မှာ အမှန် ဖြစ်သော်လည်း ခရီးသွားလာရာ၌ အပင်ပန်းနှင့် အချိန်ကုန် မခံတတ်သည့်အတွက် လမ်းစရိတ်က သုံးရာခန့် ကုန်နေသည်။ လက်ဖက်ရည်ဖိုးက နှစ်ရာ သုံးရာခန့် ရှိသည်။ အစ်မကြီးတွေကို သုံးရာခန့် ထောက်ရသည်။ ကျန်တဲ့ငွေက ကြုံတဲ့ အခါမှာ ရီဝေရီဝေ ထွေတတ်သည့် ညနေပိုင်းတွေမှာ ပဲ့ပါတတ်သည်။ သည်တော့လည်း သိပ်ပြီး ပိုပိုလျှံလျှံ မရှိလှ။ ရပ်ကွက် စာရင်းရှင်းတမ်းများ၏ လက်ကျန် ရှင်းတမ်းနှယ် ၀င်ငွေနှင့် ထွက်ငွေက သိပ်မကွာလှ။ ပြီးတော့လည်း သူ့ရှေ့မှာ အိမ်ထောင် ပြုသွားသည့် သူငယ်ချင်းများ၏ အခြေ အနေမှာ သိပ်မကောင်းမွန်လှ။ အဲသည် လူတွေထဲမှာ သူ့လိုပင် ၀င်ငွေ ရှိသူတွေရော၊ သူ့ထက် ၀င်ငွေ နည်းသည့် သူတွေရော ပါဝင် သည်။

ပြီးတော့ သူ့အိမ်ထောင်ဖက် အဖြစ် ရွေးထားသော သူ့ချစ်သူ မမြလေးကလည်း အသုံးအစွဲ မကြီးသည့် တိုင်အောင် လက်ဖွာသူ ဖြစ်သည်။ သူ့လစာ လေးရာကျော်မှ ပိုပိုလျှံလျှံရယ်လို့ မရှိလှ။ သည်အထဲမှာ အပျိုကြီး ပီသစွာဖြင့် ညီမက မွေးသော တူကလေးကို အလို အရမ်းလိုက်ထားရာ တူလိမ္မာလေး၏ စရိတ်က ပင်လျှင် တစ်လတစ်လ မနည်းလှ။

ပဂ္ဂီ


ပဂ္ဂီတစ်ထည်လောက် လိုချင်နေသည်မှာ ကြာလှချေပြီ။ ပဂ္ဂီဟူသည်မှာ ယခုနောက်ပိုင်း တစ်နှစ် နှစ်နှစ်ပိုင်းလောက်ကမှ ခေတ်စား လာသော ခြောက်တောင်ပါ တိတ် ဖြစ်လေသည်။ အနံက နှစ်တောင့်ထွာ၊ အလျားက ခြောက်တောင်ဆိုတော့ ထဘီတစ်ထည်၊ အင်္ကျီလက်တို တစ်ထည်အပြင် ဘလောက်(စ) အင်္ကျီတစ်တည် ထပ်ရသေးသည်။ အကယ်၍ ဝတ်ရဲလျှင်တော့ မိန်းမအတွက် ထဘီတစ်ကွင်း ဖြတ်ပြီး ကျန်အစကို ယောက်ျားက ရှပ်အင်္ကျီချုပ်ကာ ဆင်တူဝတ်နိုင်ကြသေးသည်။

အပွင့်အဆင်တွေက ခပ်ကြီးကြီး ခပ်ရဲရဲဖြစ်သော်လည်း အရောင်အသွေးက စိုလှတော့ လှမျိုးခင်၏ မျက်စိထဲတော့ မြင်မြင်သမျှ ပဂ္ဂီ တွေ အကုန်လှနေသည်။ အကုန်လှနေသော်လည်း ယခုထိ တစ်ထည်မှ မရေးသည်က ခက်လှသည်။ မရသေးဆို ဈေးကလည်း ကြည့်ပါဦး၊ ပေါ်စတုန်းက သုံးရာကျော် လေးရာနား ကပ်နေသည်။ ယခုနောက်ပိုင်း တဖြည်းဖြည်း ဈေးကျလာသော်လည်း သုံးရာ နား ကပ်နေဆဲဖြစ်သည်၊ တနေ့တုန်းကတော့ တစ်ဖက်အိမ်မှ နီနီလှိုင်ဝယ်လာသည်ကတော့ နှစ်ရာ့ငါးဆယ်ဟု ပြောသည်။

'ပဂ္ဂီတွေ ဈေးကျလာပြီမောင်ရေ့၊ နီနီလှိုင်ဝယ်လာတာ နှစ်ရာ့ငါးဆယ်တဲ့' ဟု သူက ပြောတော့ အိမ်ကလူက မျက်နှာကို မသိမသာ မဲ့သည်။ 'ကျတဲ့ဈေးကလည်း နှစ်ရာ့ဆယ်တဲ့လားကွ' ဟု ဆိုလိုဟန်ရှိမှန်း သိသော်လည်း လှမျိုးခင်က စကားနည်းရန်စဲ မသိချင် ဟန်ဆောင်နေလိုက်သည်။ သူတစ်ခွန်း ငါတစ်ခွန်း စကားနိုင်လုနေရုံနှင့် သူလိုချင်သော ပဂ္ဂီ လက်ထဲ ရောက်လာမည်မဟုတ်။

ခွပ်ဒေါင်းလံတလူလူနှင့် သမဂ္ဂ ရဲဘော်ကျောင်းသားတို့သွေးစည်းရာ ဗဟိုဋ္ဌာန

တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင်သည်၊ ဥက္ကဋ္ဌရုံးခန်းတွင် ဤသို့အလုပ် လုပ်နေ၏။
အင်းလျားကန်စောင်းမှ၊ ဘွဲ့နှင်းသဘင် အဆောက်အဦးကြီးနှင့်၊ ညို့ညို့မှိုင်းမှိုင်း ပင်ပျိုဆိုင်းသည့် တက္ကသိုလ် မြို့ကလေးကို ဖြတ် သန်း တိုက်ခိုက်လာသော လေပြေ၏ အရသာကို တအေးအေး ခံစားနိုင်ပေ၏။ ဝဲယာသို့ ကြည့်လိုက်ပါမူ၊ စိမ်းလဲ့သော မြက်ခင်းပေါ် တွင်- ပုလဲဥပမာ မိုဃ်းပေါက်ကလေးများနှင့်လည်း များစွာ ပနာရလှပေ၏။ မားမားမတ်မတ် ရပ်တည်နေသော ဗိုလ်အောင်ကျော်
 ကျောက်တိုင်ကလေးမှာ၊ ထိုနေရာကို အထူး အသရေဆောင်၍ နေလေ၏။ ထိုနေရာသည်ကား ကျောင်းသားများ၏ သမဂ္ဂအသင်း ချုပ်ကြီး တည်ရာ၊ တက္ကသိုလ် သမဂ္ဂအသင်းတိုက် အဆောက်အဦးကြီးပင်တည်း။


တက္ကသိုလ်သမဂ္ဂအသင်း၏ ရာဇဝင်ကို ပြန်ပြောင်းလိုက်သော်…..

ထိုတက္ကသိုလ် သမဂ္ဂအသင်းတိုက်ကြီး ဆောက်လုပ်ရေးနှင့်- ပတ်သက်၍၊ တက္ကသိုလ်သမဂ္ဂအသင်း တည်ထောင်ရေး၌၎င်း၊ ထိုစဉ် က စိတ်ဝင်စားခဲ့သူမှာ၊ ၁၉၆၃- ခု သပိတ်ကြီး၌ နာမည်ကြီးခဲ့သော ကျောင်းအုပ်ကြီး- မစ္စတာစလော့ပင်ဖြစ်လေသည်။ သို့ရာတွင်- မစ္စတာ စလော့သည်၊ ဤတက္ကသိုလ်သမဂ္ဂ အသင်းတိုက်ဋ္ဌာနမှာ၊ တက္ကသိုလ်တွင် ရဲရဲတောက် ကျောင်းသားများ၏ စုဝေးရာနေရာ ဖြစ်မည့်အကြောင်း- ထိုစဉ်က တွေးတောမိလျှင်၊ သမဂ္ဂအသင်းတိုက် တည်ဆောက်ရန်၊ သမဂ္ဂအသင်းဖွင့်လှစ်ရန် အကြံပေးလိမ့် မည် မဟုတ်ဟု ထင်မြင်ရန်ရှိလေသည်။

သမဂ္ဂစိတ်

တက္ကသိုလ်တွင် "သမဂ္ဂစိတ်" ဝင်စား၍ နေလေပြီ။ သူဋ္ဌေး- ဦးညိုသည်၊ စေတနာ ၃- တန်, ပြဋ္ဌာန်းကာ၊ တက္ကသိုလ်သမဂ္ဂအသင်း တိုက်ဆောံလုပ်ရေးအတွက်၊ ငွေ (၁၇၀၀၀၀) တသိန်း ခုနှစ်သောင်း လှူဒါန်းလိုက်လေ သည်၊ သမဂ္ဂအဆောက်အဦးကို ၁၉၂၉ ခုနှစ် အလယ်လောက်တွင်၊ သမဂ္ဂ အဆောက်အဦးကြီး ပြီးစီးလေတော့၏။

မြန်မာ့အမျိုးသမီး အယ်ဒီတာများ (၄)


၁။
ပထမဦးဆုံး မြန်မာသတင်းစာအဖြစ် ၁၈၃၆ ခုနှစ်တွင် မော်လမြိုင်မြို့မှ ထုတ်ဝေ သော "မော်လမြိုင် ခရော်နီကယ်" (the Moulmain Chronicle) သတင်းစာဟု ဆိုလျှင် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသတင်းစာဟု စံနှုန်းသတ်မှတ်သော ၁၄၄၀ ခုနှစ်က ခဲစာလုံးများကို တီထွင်ခဲ့သည့် ဂျာမန်လူမျိုး "ဂူတင်ဘတ်" ၏ ၁၅၉၄ ခုနှစ် က ထုတ်ဝေသော သတင်းစာနှင့် ခုနှစ်များတွက်ချက်ကြည့်ပါက မြန်မြာ့ပည်တွင် နှစ်ပေါင်း (၂၃၂) ကြာမှ သတင်းစာ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။


စင်စစ် သတင်စာဟူသည် ဆရာဇေယျပြောသလို- စက္ကူ၊ အက္ခရာနှင့် ရုပ်ပုံ၊ နောက် ပုံနှိပ် အတတ်တို့ ပါဝင်ဖွဲ့စည်းထားပါသည်။ စက္ကူ၏ သမိုင်းကြောင်းကို ကြည့်လျှင် ခရစ်နှစ် ၁၀၅ ခုနှစ်တွင် တရုတ်ပြည်၌ ဝါးမှတဆင့် စက္ကူဖြစ်လာသော စက္ကူလုပ် အတတ်ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ ထိုမှ ၅၉၄ ခုနှစ်တွင် တရုတ်ပြည်မှာပင် ပုံနှိပ်အ တတ် ပေါ်ထွက်လာပြီး ခရစ်နှစ် ၆၁၀ တွင် "ပီကင်းဂေဇက်" အမည်ရှိသတင်းစာ ပထမဦးဆုံး ထွက်လာသည်ဟုလည်း သတ်မှတ်ထားကြသည်။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သို့ရောက်လာသော "မော်လမြိုင်ခရော်နီကယ်" သ တင်းစာသည်ပထမ မြန်မာသတင်းစာဖြစ်ခဲ့ပြီး ၁၉၀၀ ခုနှစ်မှ ၁၉၄၀- ၄၁ ခုနှစ်များ အထိ ပြိုင်ပြိုင်ဆိုင်ဆိုင် ထုတ်ဝေလာသော မြန်မာသတင်းစာများသမိုင်းသည် မော် ကွန်း တင်ခဲ့ရပြီးဖြစ်သည်။ "ယူပီအိုင် ဦးဘသန်း" ၏ ရှေးခေတ်မြန်မာ သတင်း စာများ၊ "ခင်မျိုးချစ်" ၏ သတင်းစာလောက၊ "မဟာဆွေ" ၏ ဘိုးဝဇီရ၊ "မောင်သစ်လွင်"၏ ရှေးဦးမြန်မာသတင်းစာများ၊ "ငွေဥဒေါင်း" ၏ စာဝင်္ဂဘာ၊ "လူထုဦးလှ" ၏ သတင်းစာများက ပြောတဲ့ မြန်မာပြည်နှင့် စာနယ်ဇင်းသမိုင်းစာတမ်းများ စသဖြင့် နှောင်းလူများ အတွက် မှတ်တမ်းတင်ခဲ့ကြပါသည်။

၁၉၄၀ ခုနှစ်အထိ မြန်မာသတင်းစာများသည် တစ်ပတ်တစ်ကြိမ် နှစ်ကြိမ်ထုတ် အများဆုံးဖြစ်ပြီး နေ့စဉ်ထုတ်သတင်းစာများမှာ သူရိယ၊ မြန်မာ့အလင်းစသော နှစ်စောင်သုံးစောင်မျှသာ ဖြစ်ပါသည်။ အမျိုးသားသတင်းစာဆရာ၊ အယ်ဒီတာများနှင့်အတူ အမျိုးသ မီးသတင်းစာဆရာ၊ အယ်ဒီတာများလည်း ထွက်ပေါ်လာခဲ့သော မြန်မာသတင်းစာ လောကသည် အမျိုးသားနိုင်ငံရေးများနှင့်အတူ တက်ညီလက်ညီ ပါဝင်ခဲ့လေသည်။ ထိုအထဲတွင် အမျိုးသမီးများ ဦးစီးထုတ်ဝေသည့် သတင်းစာများသည် ရှေ့ခန်းမှ ပါဝင်ခဲ့လေ သည်။ ဝံသာနုကုမ္မာရီ သတင်းစာဆရာမ "ဒေါ်ဖွားရှင်" အင်္ဂလိပ်အစိုးရ ဒိုင်အာခီအုပ်ချုပ်ရေးပေးသည်ကို လုံးဝ လွတ်လပ်ရေး လိုချင်၍ အိုင်ရစ်သတင်းစာ Independent ကို သဘောကျ၍ အင်ဒီပင်းဒင့် သတင်းစာဆရာ "ဒေါ်စန်း"၊ ကုမ္မာရီ သတင်းစာဆရာမ "ဒေါ်ထားထား"၊ ကွန်ခေတ်တွင် သခင်ခေတ်ကို ထူထောင်သော တို့ဗမာအစည်းအရုံးဝင်၊ အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးသစ်ကို ရဲရဲတောက်ဝေဖန်သော ဒေါင်းသတင်းစဉ် သတင်းစာဆရာမ "သခင်မ မခင်ခင်"၊ ကျောင်းသားလူငယ်များအတွက် ထုတ်ဝေသော ကျောင်းသားသေတမ်းစာ ဆရာမ "ဒေါ်မမခင်"၊ ဒို့ဒေါင်းလံ အမျိုးသမီးသတင်းစာ ဆရာမ "ဒေါ်ဒေါ်လှ"၊ အမိ မြန်မာပြည်ဂျာနယ်/ အယ်ဒီတာ ဒေါ်ညွန့်ညွန့် တိုးတက်ရေးသတင်းစာ အယ်ဒီတာအဖွဲ့ဝင်၊ ဘားမားဂျာနယ်အယ်ဒီတာ အဖွဲ့ဝင် "ဒေါ်ခင်မျိုးချစ်" စသဖြင့် အသီးသီးထွက်ပေါ်လာခဲ့လေသည်။

နိုင်ငံရေးဟူသည်မှာ

ကျနော်တို့မှာ ဖောက်ပျက်ခြင်းငှာ မရနိုင်သော တာဝန်တရပ်အဖြစ် ဆောင်ရွက်ရမည့် လုပ်ငန်းကို ကျွန်တော်တို့ မိဘ- ဘိုးဘွားများထံမှ အမွှေခံရထားခဲ့ကြပါပြီ။ ဤတာဝန်ကို ကျေပွန်အောင် ကျွန်တော်တို့မည်သို့ ဆောင်ရွက် ကြပါမည်နည်း။ ဤပုစ္ဆာကိုအဖြေမီ အဖြေကို ရရှိနိုင်မည့် လမ်းညွှန်များကို ရှာရန်သင့်သည်ဟု ကျွန်တော်ထင်မြင်ပါသည်။ လူသားတရပ်လုံးအား ယနေ့ ရင်ဆိုင်နေသည့် ပြဿနာရပ်များမှာ တဆက်တစပ်တည်း ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။ ပုံသဏ္ဏာန်များ အမျိုးမျိုး ပြောင်းလဲနေသော ယနေ့ကမ္ဘာ၏ အခြေအနေမှာ ဤအတိုင်းဖြစ်နေသည်။ လူမျိုးစုံဝါဒနှင့် အမျိုးသားရေးဝါဒသည်၎င်း၊ စီးပွားရေးနှင့် နိုင်ငံရေးသည်၎င်း၊ နိုင်ငံရေးနှင့်လူမှုရေးသည်၎င်း၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဘာသာတရား- ဓလေ့ထုံးစံတို့သည်၎င်း ရှုပ်ထွေးသော အခြင်းအရာတခု၏ သီးခြား အစိတ်အပိုင်းများသာ ဖြစ်ပေသည်။ ၎င်းတို့မှာလည်းတစ်ခုနှင့် တစ်ခုဆက်စပ်လျက် ရှိပြီး အနှစ်သာရရော၊ ပုံသဏ္ဏာန်ပါ အမြဲတစေ ပြောင်းလဲနေပေသည်။ ကျွန်တော်တို့သည် အလုံပိတ်ထားသော အခန်းများထဲတွင် စားသောက်နေထိုင် တွေးခေါ်နေ၍ မဖြစ်ပါ။ ခေတ်ကာလနှင့် မကိုက်ညီတော့သော ပုံသေ ကားချပ် အယူအဆတို့ကို တရားသေကိုင်စွဲထား၍ မရပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့အထိ လူ့ဘ၀နှင့် လူ့ဘောင်အကြောင်းကို ကောင်းစွာ မသိသေးသူ အများအပြားရှိကြပါသေးသည်။

နိုင်ငံရေး သံဝေဂရသူများ၊ နိုင်ငံရေး အသည်းကွဲသူများနဲ့ နိုင်ငံရေး ဆရာလုပ်သူများအကြောင်း

သံဝေဂရသူများ
နိုင်ငံရေးက 'အနားယူ' သွားတဲ့ သူတွေထဲမှာ 'သံဝေဂ' ရသူတွေက နိုင်ငံရေးဘဝမှာ အာဏာရရာက အာဏာမဲ့သွားသူတွေပဲ ဖြစ်တယ်။ သူတို့က 'တူ' ဖြစ်ခိုက်မှာ နာနာ နှက်ခဲ့ဖူးသူတွေပါ။ ဒါပေမဲ့ 'ပေ' အဖြစ် တလှည့်ကြုံတဲ့ အခါမှာတော့ အနာမခံဝံ့ဘူး။ အဲဒီတော့ နိုင်ငံရေး သံဝေဂစကား ရေးကြ ပြောကြတယ်။ နိုင်ငံရေးလောကဓံကို ကြံ့ကြံ့ခံနိုင်စွမ်း မရှိဘူး။

ဘိုဘိုကျော်ငြိမ်းသို့ တုန့်ပြန်ချက်

                ၂ဝ၁ဝ ဒီဇင်ဘာ ၁၁၊ စနေနေ့ “မဇ္ဈိမ” ထဲမှာ ဘိုဘိုကျော်ငြိမ်းရဲ့ “ဘာကြောင့် ဗိုလ်ချုပ် အောင်ဆန်းတို့ခေတ်က အောင်ပွဲခံနိုင်ခဲ့ကြတာလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရ ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သောကြာနေ့၊ ဒီဇင်ဘာ (၁ဝ) ရက်နေ့ နေ့စွဲနဲ့ ရေးထားတာပါ။

“ကျနော်တို့ ဗမာလူမျိုးတွေဟာ သူရဲကောင်းကိုးကွယ်ချင်စိတ် ရှိကြတယ်။ ဒါကြောင့် သူရဲကောင်းမျှော်တဲ့ (မင်း) လောင်းမျှော်တဲ့အကျင့်ကလေးဟာလဲ တွယ်ကပ်ပါလာကြပြန်တယ်။ ဒီ (စိတ်) ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ့်ကိုးချင် တဲ့စိတ်တွေ နည်းပါးလာကြပြီး၊ စကြာဝတေးမင်း မြင်းပျံစီးပြီး လာကယ်မယ့်နေ့ကိုပဲ စိတ် ကူးယဉ်နေကြတယ်လို့ ခံစားရပါတယ်။

ကြည့်နေရုံမှတပါး အခြားမရှိ

 သူကြည့်နေတာ ကြာပြီ။ လမ်းမကြီးတလျှောက် ဥဒဟိုသွားလာနေသော ကားတွေ ဆိုင်ကယ်တွေ ကြားထဲက သားအဖနှစ်ယောက်။ သားဆိုတာထက် သမီးဆိုလျှင် ပိုမှန်မည်ထင်သည်။ အဖေဖြစ်သူက ခြေမပါ။ လက်နှစ်ဖက် အားပြုပြီး ပေါင်ရင်းက တာယာဘတ်ကြီးခံက သွားနေရသည်။ သမီးကလေးကတော့ သီချင်းကလေးဆိုရင်း ရှေ့က သွားလိုက် နောက်ပြန်လှည့်ကြည့်လိုက်နှင့်။ ခဏကြာလျှင် အဖေဖြစ်သူကို ပြေးဖက်လိုက်။ စကားတွေပြောလိုက်နှင့်။ အေးအေးလူလူပင်။ ဆိုင်ကယ်နှင့်ကား အလွန်ရှုပ်သော ဖားကန့် -လုံးခင်း ကားလမ်းပေါ်မှာတော့ သူတို့ သားအဖနှစ်ယောက်က ကိုယ့်ရည်ရွယ်ရာလမ်းကို ကိုယ်သွားလျှက်။ သူကြည့်နေရင်းမှာပဲ ဘယ်သူမှန်းမသိသော သူတစ်ယောက်က ထိုသားအဖ နှစ်ယောက်နားသို့ ချဉ်းကပ်သွားသည်။ သူလည်း လက်ဘက်ရည်သောက်ရင်း စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ထို့နောက် သူတို့တွေ အပြန်အလှန်ပြောနေကြသော စကားတွေကို လက်ဘက်ရည်ဆိုင်က ဖွင့်ထားသော သီချင်းကို ကျော်လွန်၍ နားစွင့်နေမိသည်။

လွတ်လပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားတန်ဘိုး

Freedom, Development, And Human Worth (Burmese)                                                            
အင်္ဂလိပ်ဖြင့် ဆက်ဖတ်ရန်ကို နှိပ်၍ ဖတ်ပါ

မေမေကြီးကြီး (မောင်သာရ)


ကျုပ်မှာ ကျုပ်တို့တူတူမတွေအားလုံးက မေမေကြီးကြီးလို့ခေါ်ရတဲ့ ကြီးဒေါ်ကြီး တယောက်ရှိတယ်။

ကျုပ်ရဲ့အမေ့မှာ မွေးချင်းညီအမငါးယောက်ကြီးများတောင် ရှိခဲ့ပေမယ့် ကျုပ်အမေအ ပါအ၀င်အိမ်ထောင်ရှိတဲ့ ညီအမသုံးယောက် လုံးကကျတော့ ရှားရှားပါးပါး သားသမီး တယောက်စီပဲ မွေးခဲ့တယ်။ အမေ့အောက်က ကျန်နှစ်ယောက်ဆိုရင် တယောက်ကအိမ် ထောင်ရှိရက်နဲ့ သားသမီးလုံးဝမထွန်းကားဘူး။ မေ့ညီမအငယ်ဆုံးကျတော့ သက်ဆုံးတိုင် ပျိုကြီးဘ၀နဲ့ အရိုးထုတ်တယ်။ မျိုးဆက်ကိုပြတ်ကရော။

ဆိုတော့ကာ ကျုပ်မှာတ၀မ်းကွဲဆိုပါတော့။ ညီမနှစ်ယောက်ရှိတယ်။ ကြုံရပုံကကျုပ်တို့ မောင်နှမသုံးယောက်ကိုလဲ အမေတွေက ချိန်းဆိုတိုင်ပင်ပြီး မွေးကြလေရော့သလား အောက်မေ့ရတယ်၊ တယောက်နဲ့တယောက်က မီးဝင်မီးထွက်တွေချည်းပဲ။ ပြီးတော့အဲဒီ ခေတ်က အခုခေတ်လိုမဟုတ်ဘူး။ ဆွေသံယောဇဉ် မျိုးသံယောဇဉ် အင်မတန်ကြီးကြတော့၊ ကျုပ်တို့ အဖိုးအဖွား မိဘအရိပ်အောက်မှာ သည်တပြုံတမကြီးက ဥမကွဲ သိုက်မပျက် နေကြတယ်။ အတောင်အလက်တွေစုံ၊ ပညာတွေတတ်၊အလုပ်အကိုင်တွေရ၊ အိမ်ထောင်တွေ ကျကြလဲ ရေကြည်ရာ မြက်နုရာခွဲခွါမသွားကြဘူး။ ဘိုးဘွားပိုင် အုဋ္ဌ်တံတိုင်းကာ ဧရာမခြံဝန်းကျယ်ကြီး တကွက်ထဲမှာပဲ ကိုယ့်သီးသန့်အိမ်ကလေးတွေနဲ့ ကိုယ်နေကြတယ်။ ကျုပ်အဒေါ်တွေနဲ့ အိမ်ထောင်ကျကြတဲ့ ကျုပ်ဦးဦးတွေကလဲ ကျုပ်အထင်ပြောရရင်တော့ နဖါးကြိုးအထိုးခံ ထမ်းပိုးအကျင့်သူတော်ကောင်းတွေချည့်ပါပဲ။ အဲ…ကုသိုလ်ကံညံတဲ့ ကျုပ် တယောက်ပဲ…ကျုပ်မမွေးခင် ကျုပ်အမေနဲ့ ကျုပ်အဖေ ကတောက်ကဆဖြစ်ကြပြီး၊ ကျုပ်အဖေဖျာလိပ်ထွက်သွားရတယ်။ ကျန်တဆွေတမျိုးလုံးကတော့ တစည်းတလုံးတည်းပဲ။

လူမသတ်နဲ့ ညှာတာပါ

လူမသတ်နဲ့ ညှာတာပါ
အာကာ


မေမေ.....မေမေ.... မေမေ..
မေမေရေ သားက မေမေ့ ကလေးပါ။ သြော် .. မေမေကတော့ သားကိုဘယ်သိရှာမှာတုံး ။ သားက အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့ သားကိုမေမေ တွေ.လာမှာပါ ။

မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင် နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။ သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့  ဆံပင်ကောက်ကောက်လေးတွှေရှိတယ်။ အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ မေမေရဲ။

သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။
"ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်" လို. မေမေနဲ. သားချစ်ကြမှာကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ ။ သား ဖေဖေ့ကိုတောင် မလိုဘူးလို.ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် ...
သားစော်ကားတာမဟုတ်ပါဘူး.. ဘာလို.လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ် ..မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို. သားထင်တယ်။
မေမေ သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို. သားအမိနှစ်ယောက်လုံး တူတူ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘ၀ကိုဖြတ်သန်းကြမယ်လေ ။ သားကတိပေးပါတယ် မေမေရယ်...။

ဗိုက်မှောက်နေရသည့် ဘ၀များ

Report Bur                                                            



ရိုင်မရော့ - လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) အဲန်ဒီ ဘားမားမှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်၏ အခွန်ကောက်ခံမှုကို ဖိနှိပ်သည့်လက်နက်သဖွယ် အသုံးပြုနေကြောင်းကို မြင်သာအောင် “ဗိုက်မှောက်နေသည့်ဘဝများ” ဟု အမည်ပေးထားသည့် အစီရင်ခံစာကို ယနေ့မှာ ထုတ်ပြန်လိုက်သည်။


တော်(လ်)စတွိုင်းနှင့် မဟတ္တမဂန္ဒီ (လျှမ်းထက်)

၁၉၀၈ - ခုနှစ်၊ မေလ ၂၄ - ရက်။ အရှေ့အရပ်မှ မှုန်ပျပျ လင်းအရုဏ်သည် ပျို့လာခဲ့ပြီဖြစ်သည်။ ယစနပိုလီယနာ ရွာကလေးရှိ ကမ္ဘာကျော် စာရေးဆရာကြီး တော်(လ်)စတွိုင်း၏ နေအိမ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ အိမ်ကြီးပတ်ဝန်းကျင်ရှိ ဝက်သစ်ချပင်များ၊ ဇီးတော်ပင်များ၊ သစ်တော်သီးပင်များထက်မှ နှစ်ပေါင်းများစွာ ကြောင့်ကြမဲ့ နေထိုင်ခဲ့ကြသည့် ကျေးငှက်ကလေးများ၏ သဘာအလျောက် တွန်ကျူးနေသံ၊ အိမ်ဝင်းကြီးအတွင်းရှိ မိုးမခပင်ကြီးထက်မှ ဥသြငှက်ကလေး၏ တေးသီသံကို ကြားနေရပေသည်။

ဆရာကြီး တော်(လ်)စတွိုင်းအဖို့ မြူတွေဝေ့၍ မှိုင်းပျနေသော နွေဦးပေါက်နံနက်ခင်းတွင် ဥသြတွန်သံကို ကြားရသည်မှာ လွမ်းဆွတ်ကြည်မောဖွယ်ရာဖြစ်သည်။ ဆရာကြီးသည် တစ်ညလုံးအိပ်မပျော်။ ပျော်နိုင်စရာလည်း မရှိ။ သူ့စာဖတ်ခန်းတွင် တစ်ညလုံး ရှိနေခဲ့သည်။ သူ့စာရေးစားပွဲတွင် ရေးလက်စ စာမူများ စုပုံလျက်ရှိနေသည်။

မန္တလေးမြို့ကို ဘာကြောင့်တည်ရသလဲ

မန္တလေးမြို့ကို ဘာကြောင့်တည်ရသလဲ
ရွှေပြည်ဦးဘတင် 



(မန်းရာပြည့်ခေါ် မန္တလေးမြို့ နှစ် - ၁၀၀ ပြည့်ပွဲကာလ (၁၉၅၉ - ခုနှစ်) တွင် မန္တလေးတက္ကသိုလ်၌ ပညာရှိကြီး ရွှေပြည်ဦးဘတင် ဟောပြောချက်များ။ စာရေးဆရာဝင်းတင့်က တိတ်ခွေမှ ကူးယူပေးပို့ပါသည်။)

ဘာကြောင့် မန္တလေးမြို့ကို တည်ဖို့ စိတ်ကူးပေါက်ရသလဲ၊ ဘာကြောင့်တည်ထောင်တာလဲဆိုတော့ ပညာရှိများရဲ့ အယူအဆ နည်းနည်းပြောရဦးမယ်။ ကုန်းဘောင်မင်းတို့တွင် အလောင်းမင်းတရာကြီးသည် ရတနာသိင်္ဃ ကုန်းဘောင်မြို့တည် နန်းတည်မင်းလို့ ရာဇဝင်တင်ရတယ်။ ဒုတိယနောင်တော်ကြီးကျတော့လည်း ဇေယျပူရ၊ စစ်ကိုင်းမြို့တည်မင်းလို့ ရာဇဝင်တင်ရတယ်။ ကုန်းဘောင်ဆင်ဖြူရှင်ကျတော့လည်း ရတနာပူရ တတိယမြို့တည် နန်းတည်မင်းလို့ ဒီလိုတင်ရတယ်။ နောက် ဘိုးတော်ဘုရားကျတော့ အမရပူရ ပထမမြို့တည် နန်းတည်မင်းလို့ တယ်ရတယ်။ ဘကြီးတော်ဘုရား လက်ထက်ရောက်တော့ ရတနာပူရ စတုတ္ထုမြို့တည် နန်းတည်မင်း၊ ရွှေဘိုမင်းကျပြန်တော့ ဒုတိယ အမရပူရ မြို့တည်နန်းတည်မင်း ဒီတော့ မြို့တည်နန်းတည်မင်း အမည်ခံတဲ့ မင်းတွေက-
အလောင်းမင်းတရားကြီးရယ်
နောင်တော်ကြီးမင်းရယ်
ဆင်ဖြူရှင်ရယ်
ဘိုးတော်ဘုရားရယ်
ဘကြီးတော်ရယ်
အခု မင်းတုန်းမင်းရဲ့ ခမည်းတော် ရွှေဘိုမင်းရယ်။