တော်(လ်)စတွိုင်းနှင့် မဟတ္တမဂန္ဒီ (လျှမ်းထက်)

၁၉၀၈ - ခုနှစ်၊ မေလ ၂၄ - ရက်။ အရှေ့အရပ်မှ မှုန်ပျပျ လင်းအရုဏ်သည် ပျို့လာခဲ့ပြီဖြစ်သည်။ ယစနပိုလီယနာ ရွာကလေးရှိ ကမ္ဘာကျော် စာရေးဆရာကြီး တော်(လ်)စတွိုင်း၏ နေအိမ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ အိမ်ကြီးပတ်ဝန်းကျင်ရှိ ဝက်သစ်ချပင်များ၊ ဇီးတော်ပင်များ၊ သစ်တော်သီးပင်များထက်မှ နှစ်ပေါင်းများစွာ ကြောင့်ကြမဲ့ နေထိုင်ခဲ့ကြသည့် ကျေးငှက်ကလေးများ၏ သဘာအလျောက် တွန်ကျူးနေသံ၊ အိမ်ဝင်းကြီးအတွင်းရှိ မိုးမခပင်ကြီးထက်မှ ဥသြငှက်ကလေး၏ တေးသီသံကို ကြားနေရပေသည်။

ဆရာကြီး တော်(လ်)စတွိုင်းအဖို့ မြူတွေဝေ့၍ မှိုင်းပျနေသော နွေဦးပေါက်နံနက်ခင်းတွင် ဥသြတွန်သံကို ကြားရသည်မှာ လွမ်းဆွတ်ကြည်မောဖွယ်ရာဖြစ်သည်။ ဆရာကြီးသည် တစ်ညလုံးအိပ်မပျော်။ ပျော်နိုင်စရာလည်း မရှိ။ သူ့စာဖတ်ခန်းတွင် တစ်ညလုံး ရှိနေခဲ့သည်။ သူ့စာရေးစားပွဲတွင် ရေးလက်စ စာမူများ စုပုံလျက်ရှိနေသည်။

ထူးထူးခြားခြား စာတစ်စောင်ကိုမူ တော်(လ်)စတွိုင်းသည် အကြိမ်ကြိမ်ဖတ်မိသည်။ ထိုစာမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည့် အိန္ဒိယအမျိုးသား တာရကက်နတ်ဒတ်(ခ်) ဆိုသူထံမှ ပေးပို့သည့်စာဖြစ်၏။ တာရကက်နတ်ဒတ်(ခ)မှ ဗြိတိသျှနယ်ချဲ့သမားသည် ရက်ရက်စက်စက် နှစ်ပေါင်း - ၃၀၀ နီးပါး အိန္ဒိယပြည်သူပြည်သားများ၏ အဆီကို စား၍ အသားကို မျိုခဲ့သည့်အကြောင်း။ ဖိနှိပ်ချုပ်ချယ်မှုများကိုလည်း စာတင်ရမည်ဆိုလျှင် စွယ်စုံကျမ်းတွဲကြီးများမက အတွဲပေါင်းများစွာ ရှိလိမ့်မည်ဟု ထင်မိပါကြောင်း၊ သို့ဖြစ်၍ တစ်ကမ္ဘာလုံးက လေးစားကြည်ညိုရပါသော ဆရာကြီး တော်(လ်)စတွိုင်းအနေဖြင့် ဗြိတိသျှနယ်ချဲ့သမားကို ကလောင်လက်နက်ဖြင့် ထိုးနှက်ပေးစေလိုသည့်အကြောင်း ရေးသားထားသည့် စာတစ်စောင်ဖြစ်သည်။

ဆရာကြီးသည် စိတ်ရှုပ်ထွေးလျက်ရှိပြီး သူ့စာရေးစားပွဲပေါ်တွင်လည်း ဗြိတိသျှ အမျိုးသား ဆာဝီလီယန်ဒစ်ကလေး ရေးသည့် “Prosperous British India” (ကြွယ်ဝချမ်းသာသော ဗြိတိသျှပိုင် အိန္ဒိယနိုင်ငံ) ဟူသော ပြင်သစ်ဘာသာဖြင့် ပြန်ဆိုထားသည့် စာအုပ်ကို တွေ့ရ၏။ ဆရာကြီးသည် ထိုစာအုပ်ကိုလည်း အကြိမ်ကြိမ်ဖတ်ရှု သုတေသနပြုလျက်ရှိ၏။

အထက်ဖော်ပြပါ စာအုပ်အရဆိုလျှင် ၁၈၉၁ - ခုနှစ်မှ ၁၉၀၀ - ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တရာယ်ကြောင့် သေဆုံးရသူပေါင်း ၁၉၀၀၀၀၀၀ ရှိသည်ဟု ဖော်ပြထားသည်။ ထိုကွယ်လွန်အနိစ္စရောက်ရသူများ၏ အရေအတွက်သည် ၁၇၉၃ - ခုနှစ်မှာ ၁၉၀၀ - ခုနှစ်အထိ နှစ်ပေါင်း ၁၀၇ - နှစ်ကြာကာလအတွင် စစ်မက်ဖြစ်ပွားခဲ့သဖြစ် သေဆုံးရသူများ၏ အရေအတွက်ထက် အဆပေါင်းများစွာ ပိုနေသည်ဟု ဆို၏။

ဆာဝီလီယန်ဒစ်ကလေး၏ ရေးသားချက်အရ ဆိုရလျှင် ကမ္ဘာ့သမိုင်းတါင် နှစ်ပေါင်း ၁၀၇ - နှစ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်ဘေးအန္တရာယ်ကြောင့် သေဆုံးရသူ ဦးရေမှာ ၅၀၀၀၀၀၀ သာရှိသည်ဟု ဖော်ပြထားခဲ့သည်။ တိုးတက်ပါသည်၊ ယေဉ်ကျေးပါသည်ဆိုသည့် ဗြိတိသျှတို့ စိုးမိုး အုပ်ချိုသည့် ၁၀ - နှစ်ကြာကာလအတွင်း အဘယ်ကြောင့် ငတ်မွတ်ခေါင်းပါးခြင်းဘေးကို မတားဆီးနိုင်သနည်း။

ဆရာကြီးတော် (လ်)စတွိုင်း၏ ယူဆချက်အရ ဆိုရလျှင် ဤကဲ့သို့ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တရာယ် ကြုံတွေ့ရခြင်းသည် တိုင်းပြည်၏ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှု အားနာည်းခြင်းကြောင့် မဟုတ်။ ဗြိတိသျှနယ်ချဲ့သမား၏ ရက်ရက်စက်စက် သွေးစုပ်မှုကြောင့် ဖြစ်သည်ဟု ယူဆထားသည်။

ဗြိတိသျှ နယ်ချဲ့သမားသည် သူ၏ နယ်ချဲ့စနစ်ကို ပြုပြင်ပြောင်းလဲခြင်း၊ ကိုလိုနီနိုင်ငံများ၏ လွတ်လပ်ရေး တောင်းဆိုမှုများကို လျစ်လျူရှုခဲ့လျှင် ဗြိတိသျှလက်နက်နိုင်ငံတော်ကြီးသည် တစ်စချင်း ပျက်စီး ပျောက်ကွယ်သွားရပေလိမ့်မည်ဟု ယူဆထားသည်။ စာရေးဆရာကြီး တော်(လ်)စတွှို်းသည် မျက်စိညောင်းညာလာသဖြင့် သူစာကြည့်ခန်း ပြတင်းပေါက်ကိုဖွင့်ကာ ယစနပိုလီယနာ ရွာကလေးရှိရာသို့ လှမ်းမျှော်ကြည့်မိ၏။ ရွာကလေးမှ ကလေးငိုသံ၊ စာအံသံ၊ ထင်းခုတ်သံတို့သည် တသုန်သုန်တိုက်နေသော နံနက်ခင်းလေပြည်တွင်  ပျံ့လွင့်လျက်ရှိ၏။ ခပ်လှမ်းလှမ်းသစ်တော်ပင် တောစပ်ကား မှိုင်းပျနေသော ကောင်းကင်နောက်ခံတွင် နာမည်ကျော် ပန်းချီဆရာ ရာပင်၏ ဆီဆေးပန်းချီကားကြီးသဖွယ် ဖြစ်နေပေသည်။ ယာတောသို့ ဆင်းရန် ပြင်ဆင်နေကြသည့် လယ်သမားတို့ကိုလည်း မြင်တွေ့နေရ၏။

တော်(လ်)စတွိုင်းသည် အထူးခြားဆုံးသော လူမှုတော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာ့လူထုက ယူဆထားကြသည်။ ကမ္ဘာကျော် ဝတ္ထုကြီးနှစ်ပုဒ်ဖြစ်သော ‘စစ်နှင့် ငြိမ်းချမ်းရေး’ နှင့် ‘အန်နာကရီနီနာ’ များကို ရေးသားခဲ့သည့် စာရေးဆရာကြီး တစ်ဦးထက် လူမှုတော်လှန်ရေး ခေါင်းဆောင်ကြီးတစ်ဦးဟု အသိအမှတ်ပြုခဲ့ကြသည်။ သူ့တိုက်ပွဲဝင်လက်နက်သည် သက်ရှိသက်မဲ့ အားလုံးတို့အား သွေးချောင်းစီးစေနိုင်သော လက်နက်မဟုတ်။ ကမ္ဘာလူထုအား တစ်ခဲနက် အုံကြွစေသော နိုင်ငံရေးသဘောတရားမဟုတ်။ ‘အကြမ်းမဖက်ရေးတရား’ ဖြစ်၏။ ထိုတရားကို ခရစ်ယာန်သမ္မာကျမ်းစာမှ ရရှိခဲ့ခြင်းဖြစ်သည်။ “မိမိအား နှိပ်စက်လာသူများက ပါးတစ်ဖက်ကို ရိုက်နှိက်လျှင် တခြား ပါးတစ်ဖက်ကို တိုးပေးခြင်းဖြင့် ခုခံပါလော့” ဟူသော သဘောတရားကို လက်ကိုင်ထားသူဖြစ်၏။ အကြမ်းဖက်ခြင်းသည် အကြမ်းဖက်ခြင်းကိုသာ တိုးပွားစေနိုင်သည်၊ ခံရသူတို့၏ ဒေသစိတ်ကိုသာ တိုးပွားစေနိုင်သည်ဟု သူက ယုံကြည်ထားသည်။

သူနုပျိုစဉ်ကမူ သူသည် ဂုဏ်ကြီးသူများ၊ များနှာကြီး အထက်တန်းလွှာများကိုသာ အရေးလုပ်ခဲ့သူ၊ ဟုန်လုပ်၍ လမ်းလျှောက်ခဲ့သူ၊ သူ့ဇာတိမြို့မှ မိုင်ပေါင်းများစွာ ကွာဝေးသော မော်စကိုမြို့တော်မှ နာမည်အကျော်ကြားဆုံး အပ်ချုပ်ဆိုင်တွင် အဝတ်အစားများကို ချုပ်လုပ်ခဲ့သူ၊ အကောင်းဆုံး အဖိုးတန်ဆုံး အရက်ကို သောက်ခဲ့သူ၊ မော်စကိုမြို့တော်မှ နာမည်ကြီး ပြည်တန်ဆာအိမ်များကို အခါမရွေး ခြေဦးလှည့်ခဲ့သူ၊ သူ့အိမ်ဖော်မလေး ဂါရှာ (Gasha) နှင့် ဒွန်ယရှာ (Dunyasha) တို့ကို ခြေတော်တင်ခဲ့သူ၊ သောက်စားမူးယစ်လာလျှင် ဓားချင်းယှဉ်ပြိုင်ခုတ်ရန် ဝန်မလေးခဲ့သူ၊ မကောင်းမှုဟူသရွေ့ကို လုပ်ကိုင်ခဲ့သူကြီးသည် နောင်ကာလချိန်ရောက်လာသောအခါ ခရစ်တော်၏ သွန်သင်ဟောကြားချက်များအတိုင်း တစ်ဝေမတိမ်း လိုက်နာရန် ကြိုးစားလျက်ရှိပြီး သူတော်စင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တော့သည်။

သူသည် ရုရှားလယ်သမားများဝတ်သော အထည်ကြမ်းကိုသာ ဝတ်ဆင်ခဲ့၏။ သူနေ့စဉ်စီးသည့် ဖိနပ်ကို သူ့လက်နှင့် သူကိုယ်တိုင် ပြုလုပ်သည်။ သူကလေးဘဝကမူ သူ့အား အခန်းပေါင်း ၄၂ - ခန်းရှိသည့် အိမ်ကြီးတွင် မွေးဖွားခဲ့ပြီး ရွှေလင်ပန်းနှင့် အချင်းဆေးခြင်းခံရသူဖြစ်၏။ သူ့အိပ်ရာ သူခင်း၍ သူ့အခန်းကို သူတံမြက်စည်းလှည်းခဲ့သူ ဖြစ်လာသည်။ သူစာရေး၍ တံမြက်စည်း လှည်းကျင်းပြီးလျှင် လယ်သမား၊ ယာသမားများစားသည့် အစာကြမ်းကို စားပွဲခင်းမပါသော စားပွဲပေါ်တွင် သစ်သားခွက်၊ သစ်သားဖွန်းတို့နှင့် စားသောက်သည်။

ယစနာပိုလီယနာ ရွာကလေးတွင် လယ်သမား၊ ယာသမားများ၏ သားသမီးများအတွက် စာသင်ကျောင်းတည်ထောင်ပြီး သင်ရိုးညွန်းတမ်းကို သူကိုယ်တိုင် ရေးဆွဲသည်။ သူကိုယ်တိုင် ကျောင်းသားများကို စာသင်ခဲ့၏။

ရုရှားလယ်ယာသမားများ၏ ဘဝသည် နာကြည်းစရာဘဝဖြစ်သည်။ သေတွင်းထဲသို့ ရောက်နေသော ဘဝဖြစ်၏။ လူကြီးတွေ နံနက်လင်းအရုဏ်မှ ညမိုးချုပ်ထိ အလုပ်လုပ်ကြရသည်။ သားသမီးမြေးဖြစ်တွေက အစောရေစာ ဝလင်အောင်မစားကြရ။ စာမတတ်ကြ။ သို့သော် သူတို့ဘဝကို နာကြည်းရမှန်း မသိ။ ဆင်းရဲတွင်းနက်သည့် ပတ်ဝန်းကျင်တွင် မွေးဖွားကာ ဆင်းရဲသော ပတ်ဝန်းကျင်မှာပင် ကြီးပြင်းလာကြပြီး ဆင်းရဲတွင်းနက်သော ပတ်ဝန်းကျင်မှပင် ကွယ်လွန်သွားကြ၏။

သူတို့အဖို့ ဆင်းရဲမွဲတေခြင်းသည် သဘဝ နိယာမတရားဟု မြင်နေကြသည်။ အမှန်အားဖြင့် သူတို့ကို ဝလင်အောင် ကျွေမွေးပေးသော လယ်ယာများကို ဇာဘုရင်အပါအဝင် မြေပိုင်ရှင်ကြီးများက ယူထားကြသည်။ လယ်ယာသမားများမှာ စိုက်ပျိုးစရာ မြေမရှိ၊ ဝမ်းစာမရှိ။ မြေယာများမှ ထွက်သော သီးနှံများမှာလည်း လယ်ပိုင်ရှင်ကြီးများ၏ လက်တွင်းရှိ ကျီများအတွင်း ရောက်နေကြသည်ဟု တော်(လ်)စတွိုင်းက မြင်သည်။ လယ်မဲ့ ယာမဲ့၊ ပညာမဲ့၊ ပစ္စည်းမဲ့များကို ကယ်တင်ရန်၊ လယ်ယာတွေကို မြေပိုင်ရှင်များက ဆင်းရဲသား တောင်သူများကို သင့်လျောသလို ဝေငှပေးရန်နှင့် စာသင်ကျောင်းတွေကို မြေပိုင်ရှင်ကြီးများက တည်ထောင်ပေးစေလိုသည်။ သူကိုယ်တိုင်လည်း သူ့ယုံကြည်ချက်ကို အကောင်အထည် ဖော်ခဲ့၏။

သူနှင့်သူဇနီး ဘိုဖယတို့ လက်ထပ်ပြီးစ အချိန်ကာလကဆိုလျှင် အလွန်ပျော်ရွှင်ခဲ့ကြသည်။ သို့သော်လည်း နောင်ကာလသို့ ရောက်လာသောအခါ သူတို့၏ အိမ်ထောင်ရေးမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်လာခဲ့ရသည်။ သူ့ဇနီးက ချမ်းသာခြင်း၊ ဇိမ်ခံခြင်း၊ ကျော်စောခြင်းတို့ကို မျှော်မှန်းတမ်းတ မက်မောသည်။ သူက ထိုအရာအားလုံးကို မလိုလား။ ဖြောင့်ဖြောင့်ဆန့်ကျင်လာခဲ့သည်။ သူက ငွေနှင့် ကြွယ်ဝချမ်းသားခြင်းစသော ပုဂ္ဂလိကပိုင် ပစ္စည်းများကို အပြစ်ဟု ယုံကြည်သည်။

သူဝါဒကမူ လူတိုင်းအား မေတ္တာထားရမည်၊ မကောင်းမှုကို ခုံမင်ခြင်းမပြုရန်၊ ပဒေသရာဇ် စနစ်ကို ဆန့်ကျင်ရန်၊ တောင်သူလယ်သမားများကို ပြုပြင်ရန်နှင့် သမားရိုးကျ လယ်ယာစိုက်ပျိုးရေးကို ဖက်တွယ် ဆုပ်ကိုင်ထားရန် ဖြစ်၏။

အိန္ဒိယနိုင်ငံတော်ကြီးမှ လယ်မဲ့၊ ယာမဲ့၊ ပစ္စည်းမဲ့၊ ပညာမဲ့၊ တောင်သူလယ်သမားများဘဝနှင့် ရုရှားတောင်သူလယ်သမားများ ဘဝသည် တူညီသော အနေအထားများ ရှိသည်ဟု တော်(လ်)စတွိုင်းက ယူဆသည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံမှ မြေရှင်ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သူ၊ တိုးတက်သော အယူအဆရှိသူများနှင့် စာအဆက်အသွယ်ပြုလေ့ရှိသည်။ အိန္ဒိယနိုင်ငံနှင့် ဆိုင်သည့် စာအုပ်စာတမ်း မှန်သမျှကို  ထာဝစဉ် လော့လာခဲ့ပြီး အိန္ဒိယနိုင်ငံအပေါ် သံယောဇဉ် တွယ်တာခဲ့၏။

သူ့ထံသို့ မကြာခဏ စာဖြင့် ဆက်သွယ်သူတစ်ဦးမှာ ကနေဒါနိုင်ငံတွင် သောင်တင်နေသည့် အိန္ဒိယအမျိုးသားကျောင်းဆရာ ဂျီဒီကူးမား (G.D Kumar) ဆိုသူဖြစ်သည်။ ကူးမားသည် ဗြိတိသျှနယ်ချဲ့သမားအား တစိုက်မတ်မတ် ဆန့်ကျင်ခဲ့သူဖြစ်၏။ သို့ဖြစ်၍ ဂျီဒီကူးမားအား ဗြိတိသျှအစိုးရက ပြည်နှင်ဒဏ်ပေးခဲ့သဖြင့် ကနေဒါနိုင်ငံနိုင်တွင် နေထိုင်ရသူဖြစ်၏။

ဂျီဒီကူးမားသည် စာရေးဆရာကြီးနှင့် မြေပိုင်ရှင်ကြီး တော်(လ်)စတွိုင်းထံအကြိမ်ကြိမ် စာသဝဏ်လွှာပါးကာ ဆင်းရတွင်းနက်ခဲ့ရပြီး ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် လူတွေ ရာထောင်ချီ၍ သေဆုံးနေရခြင်းကို ကမ္ဘာ့လူထုကြီးက သိရှိအောင် ဆောင်ရွက်ပေးရန်နှင့် လယ်မဲ့၊ ယာမဲ့၊ ပညာမဲ့ရသည့်၊ အိန္ဒိယလူထုကြီးအား အကူအညီပေးရန် မေတ္တရပ်ခံခဲ့သည်ဟုဆိုသည်။ ဆရာကြီးတော်(လ်)စတွိုင်းကလည်း ဂျီဒီကူးမားထံသူ မည်သို့မည်ပုံ ဆောင်ရွက်မည့်အကြောင်း ဂရုတစိုက် စာပြန်ခဲ့လေသည်။

ဆရာကြီးတော်(လ်)စတွိုင်းထံသို့ ဂျီဒီကူးမားနည်းတူ သဝစ်လွှာပါးခဲ့သူကား အိန္ဒိယနိုင်ငံ ပေါ်ဘန်ဒါမြို့ ဇာတိသား တောင်အာဖရိကတိုက်၊ ပရိုတိုရိယမြို့မှ ရှေ့နေကလေး ဂန္ဒီဆိုသူဖြစ်၏။ ဂန္ဒီသည်လည်း အထက်ဖော်ပြပါ ကနေဒါနိုင်ငံတွင် သောင်တင်နေသူ ဂျီဒီကူးမားကဲ့သို့ သူ့မိခင်နိုင်တွင် ကျရောက်နေသည့် ငတ်မွတ်ခေါင်းပါးခြင်း ဘေူးအန္တရာယ်မှ ကယ်တင်ပေးရန် အကူအညီ တောင်းခံသည့် စာများကို တစ်စောင်ပြီးတစ်စောင်ပေးပို့ခဲ့လေသည်။


လျှမ်းထက်

ကျမ်းကိုး
(၁) Lev. Tolstoy by V. Shklovsky
(၂) The Story of My Experiment with Truth by Gandhi

အတွေးအမြင်စာစဉ်မှ ကူးယူဖော်ပြသည်။

No comments: