မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အိမ်ထောင်စု ၁၀၀ ကျော်ရှိ


မန္တလေးမြို့တွင် ဧပြီ ၁၂ ရက် နံနက်ပိုင်းက မြို့နယ် နှစ်ခု တွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့ သွားသည့် အိမ်ထောင်စု ၁၃၅ စု ရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်း သတင်းရရှိသည်။
 
နံနက် (၂) နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ ၀တီရပ်ကွက်၊ ချီပါရပ်တွင် ပန်းပုလုပ်ငန်း အလုပ်ရုံအတွင်းရှိ ရေဘော်စာအနီး ခြင်ဆေးခွေ ထွန်းထားရာက မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ကြာမြင့်ချိန် နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်လုံး၊ နံကပ်နှစ်ထပ် တိုက် သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ်မိုး ၁၀ လုံး၊ သွပ်မိုး ထရံကာ အလုံးတစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။
 
မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင်များလည်း လာရောက် ငြှိမ်းသတ်ခဲ့ ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိ ရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင်ချမ်းသာ ဓမ္မာရုံ၊ မှန်ကင်း ကျောင်းတိုက်၊ မာန်အောင်ကျောင်းတိုက်တို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီဖြစ်သည်။ “ ညအိပ်ကောင်းနေချိန်လည်း ဖြစ် တယ်။ လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင်တာလေးတွေက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှ မရ လိုက်ဘူး” ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး ဦးသန့်စည်က ပြောသည်။ ထိခိုက်ဒဏ်ရာနှင့် အသေအပျောက် မရှိကြောင်း ရပ်ကွက် တာဝန်ရှိ သူများက ပြောသည်။
 
နံနက် (၆) နာရီ အချိန်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အကွက် အမှတ် (ညည/ ၆၆) သင်ပန်းကုန်းရပ်ရှိ သွပ်မိုးထရံ ကာ အိမ်တစ်အိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုဖြစ်ပွားရာ ၀ါးကပ်မိုးအိမ်လေးလုံး၊ ထရံကာသွပ်မိုးငါးလုံး မီးလောင် ဆုံးရှုံးခဲ့သည်ဟု သိရသည်။ အိုးအိမ်မဲ့ အိမ်ထောင်စု (၁၃) စု၊ မီးဘေးဒုက္ခသည် (၄၇) ဦးရှိခဲ့ပြီး ၎င်းတို့ကို ဧရာဦးဓမ္မာရုံ တွင် ကယ်ဆယ်ထားရှိသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

No comments: