စားကုန်အများဆုံး ဝင်နေသော မူဆယ် ၁ဝ၅ မိုင်တွင် ဓာတ်ခွဲခန်းထားရန်လို


အန္တရာယ်အရှိဆုံး စားသောက်ကုန်များ ဝင်ရောက်နေသော မူဆယ်နယ်စပ် ဝင်ပေါက် တွင်  ဓာတ်ခွဲခန်းထားရှိရန် မရှိမဖြစ်လိုအပ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း မှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ ”ဓာတ်ခွဲခန်းတွေက နယ်စပ်တိုင်းမှာ ထားဖို့တော့ လို အပ်တာပေါ့။ မရှိမဖြစ် အလိုအပ်ဆုံး နေရာက မူဆယ် ၁ဝ၅ မိုင်ပဲ။ အဲဒီဘက်က အန္တရာယ်အရှိ ဆုံးစားသောက် ကုန်တွေဝင်နေတဲ့ နေရာပဲ”ဟု အထက် ပါပုဂ္ဂိုလ်က ပြောသည်။
ဓာတ်ခွဲခန်း လိုအပ်ချက်မှာ မြင့်မားနေပြီး ရန်ကုန်အပြင် အခြားဒေသများနှင့် နယ်စပ် ဝင်ပေါက်များ၌ ပါထားရှိရန် လိုအပ်ကြောင်း ဓာတ်ခွဲခန်း လိုအပ်မှုကို ပြည်တွင်းပြည်ပ သာမက အစိုးရကပါ ပံ့ပိုးကူညီရန် လိုကြောင်း ၄င်းကပြောသည်။ အန္တရာယ်ရှိသော စားသောက် ကုန်များမှာ ပြည်ပမှ တင်သွင်း လာသော စားသောက် ကုန်များ အပြင် ပြည်တွင်းမှ စိုက်ပျိုး ထွက်ရှိမှု များမှာလည်း အန္တရာယ်ရှိ နေကြောင်း ၄င်းထံမှ သိရသည်။
”ပြည်ပက တင်သွင်း တာထက် ပြည်တွင်း စိုက်ပျိုး ထွက်ကုန်က ပိုအန္တရာယ် များနေသလို ခံစားရတယ်။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေ သြဇာတွေ အလွန်အကျွံသုံးနေကြတာ။ အချုပ်ပြောရရင်တော့ ဒီပိုး သတ်ဆေးတွေကလည်း နယ်စပ် ဘက်ကဝင်လာတာပဲဆိုတော့ ပြည်ပသွင်းကုန်တွေက အန္တရာယ် ကြီးနေတာပေါ့” ဟု ၄င်းက ဆက်ပြောသည် တင်သွင်းခွင့် ပြုထားသော စားသောက်ကုန်များ အရည်အသွေး ပြည့်မီရေးအတွက် စီမံဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
”ပို့တာတွေအပြင် သွင်းလာတဲ့ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေး၊ စားသုံးသူတွေအပေါ် အန္တရာယ် ရှိနိုင်မှုတွေ စတာတွေကို စစ် ဆေးမှု ပြုလုပ်မှာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွယ်က ပြော သည်။ စားသောက်ကုန်များ စံချိန်စံညွှန်းမီ သုံးစွဲနိုင်စေရန်နှင့် စားသုံးသူများ အန္တရာယ်ကင်းစေရန်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနကို အသစ်ဖွဲ့စည်း၍ စီမံခန့်ခွဲမှုများ ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။ ဦးဗအုပ်ခိုင်က အထက်ပါဌာန ပေါ်ပေါက်လာမှုကို ကြိုဆိုကြောင်း စားသုံးသူ ကာကွယ်ရေး လုပ်ငန်းမှာ ပုဂ္ဂလိကနှင့် အစိုးရ ပါဝင်လာမှုအပြင်ပြည်သူများကလည်း ပါဝင်လာ ရန်လိုအပ်ကြောင်းပြောသည်။


No comments: