ကျောင်းလခ တလ ၃ သိန်း

တလကို သုံးသိန်းတဲ့ဗျား။ တလကို သုံးသိန်းပေးပြီး သင်ရတဲ့ပညာရေး ဘယ်လောက်များ အဆင့်အတန်း မြင့်မားပါသလဲ။ တကယ်တော့ မေးရမှာ အားနာစရာပါ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဗီကပ်ပူရီမြို့နယ်က Oxford School မှာ လေးတန်းအောင် ကျောင်းသူကျောင်းသားများဟာ ဗမာ (မြန်မာ) နိုင်ငံက ၁၀ တန်းအောင်ထားတဲ့ ကျောင်းသူကျောင်းသားများထက် ပညာရေးမှာ များစွာသာပါတယ်။

အဲဒီ Oxford School မှာ စာပေတခုတည်း မဟုတ်ပါဘူး။ အားကစား၊ အိန္ဒိယရိုးရာအကစသဖြင့် အများကြီးပညာကို ပေးပါတယ်။ ဗုဒ္ဓမတိုင်မီခေတ်၊ ဗုဒ္ဓဘာသာနဲ့ ဝါဒကစပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် အိုဘားမားအကြောင်းထိ သင်ပေးပါတယ်။ အဲဒီကျောင်းကို မေမြို့ (ပြင်ဦးလွင်) ဇာတိ ဦးမောသီရိနဲ့ ဇနီးဖြစ်သူ ဆရာမကြီးတို့က တည်ထောင်ခဲ့တာပါ။ ယနေ့အထိ ဇနီးဖြစ်သူ ဆရာမကြီးက ဗမာ (မြန်မာ) နိုင်ငံသား ကလေးသူငယ်များကို အခမဲ့ ပညာသင်ခွင့်ပြုပါတယ်။ ဗမာ (မြန်မာ) နိုင်ငံအပေါ်လည်း လွန်စွာ ချစ်မြတ်နိုးပြီး ဗမာ (မြန်မာ) လူမျိုးများကိုလည်း လွန်စွာ ချစ်ခင်တတ်ပါတယ်။ အဲဒီ ဗမာနိုင်ငံဖွား ဟင်ဒူစတန်နီဖြစ်တဲ့ ဦးမောသီရိနဲ့ ဆရာမကြီးတည်ထောင်ခဲ့ Oxford School ဟာ အိန္ဒိယတနိုင်ငံလုံးမှာ နံပါတ် ၁၀ ထဲမှာ အမြဲတမ်းပါပါတယ်။ ဆရာဆရာမပေါင်း ၃၀၀ နီးပါးရှိပါတယ်။ ကျောင်းသူကျောင်းသား ဘယ်လောက်ရှိမယ်ဆိုတာတော့ ခန့်မှန်းလို့သာကြည့်ပေတော့။ ဒါပေမယ့် Oxford School မှာ တက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ တလကို သုံးသိန်းလောက်ကုန်တယ်ဆို ကြားကိုမကြားဖူးပါဘူး။ ဗမာ (မြန်မာ) ခလေးတွေအတွက်တော့ လုံးဝအခမဲ့ပါပဲ။

ဗီဒီယိုဖိုင်ကို ရဲရင့်ငယ်မှ ကူးယူဖော်ပြသည်။

2 comments:

Khin said...

ဟမ်။ နောက်နေတာလား ကျောင်းလခ တလ(၃)သိန်းက တန်လိုက်တာ။ ရန်ကုန်က ILBC ထက်တောင်သက်သာသေးတယ်။

Unknown said...

ILBC ကဘယ်လောက်ပေးရသတုန်း ညီမလေးရဲ့။