မေးခွန်းများ

မနှင်းဖွေး

ကိုယ့်ဆွေမျိုး အကြောင်း ကိုယ်ပြောရတာ သိပ်တော့ မကောင်းပါဘူး။
ပြီးတော့လည်း သူတို့က ကိုယ့်ထက် အသက်အရွယ် ကြီးရင့်တဲ့ လူကြီး သူမတွေ။ အထူးသဖြင့်ကတော့ သူတို့က ကွယ်လွန်သူတွေ ဖြစ်နေပြန်တယ်။

ဒါပေမဲ့ တစ်ချိန်က သူတို့ စဉ်းစားဆုံးဖြတ် လုပ်ဆောင်ခဲ့တဲ့ ကိစ္စတချို့နဲ့ ပတ်သက်လို့ ကျွန်မ စိတ်ထဲက တနုံ့နုံ့ ဖြစ်ပြီး သူတို့ကို မေးလို့များ ရရင် မေးလိုက် ချင်တာလေးတွေ ရှိလို့ ပြောပြရတာပါ။ ကျွန်မ ဆွေမျိုးတွေ အကြောင်း လိပ်ပတ်လည်ဖို့ ဆိုရင် အဖေ့ရဲ့အဘိုး၊ ကျွန်မရဲ့အဘေး ဦးစံပ အကြောင်းက စပြောရမယ် ထင်တယ်။ အမှန်တော့ အဘိုး၊ အဘေးတွေကို ကျွန်မ တစ်ယောက်မှ မသိ မမီပါဘူး။ အဖေ ပြောပြလို့ သိရတာကို တစ်ဆင့် ဖောက်သည်ချပြမှာပါ။

တစ်ခေတ် တစ်ခါက ဦးစံပဆိုတဲ့ လယ်ပိုင်ရှင် သူဌေးတစ်ယောက်ရှိသတဲ့။ သူ့မှာ မောင်ထွန်း၊ မောင် လွန်းနဲ့ မောင်ကွန်းဆိုတဲ့ သားသုံးယောက်လည်း ရှိသတဲ့။ ဦးစံပဟာ သူ့သားသုံးယောက်လုံးကို သူ့မျက်စိ အောက်မှာပဲ ထားပြီး လယ်အလုပ်ကို ဇောက်ချလုပ်ကိုင် စေသတဲ့။


အကြီးဆုံးသား မောင်ထွန်းက အိမ်ထောင် မပြုဘူး။ သားအလတ် မောင်လွန်းနဲ့ သားအငယ်မောင်ကွန်းတို့က တော့ ရှေ့ဆင့်နောက်ဆင့် အိမ်ထောင် ပြုကြတယ်။ အိမ်ထောင် ကျသွားတဲ့ သားတွေ ချွေးမတွေကို ဦးစံပက အိမ်ခွဲ မပေးဘဲ သူ့ရဲ့ နှစ်ဆောင်ပြိုင် အိမ်ကျယ်ကြီးမှာ ဥမကွဲ သိုက်မပျက် အတူတူ နေခိုင်းသတဲ့။

သူ အသက် ထင်ရှားရှိစဉ်မှာတော့ သူ့ဆန္ဒ အတိုင်း သားတွေက ညီညွတ်ကြပေမဲ့ သူမရှိတော့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သိပ်အစေး မကပ်ချင်တော့ဘူး။ သားအကြီး မောင်ထွန်းက ခပ်အေးအေး၊ ခပ်နှေးနှေးသမား။ သားအငယ် မောင်ကွန်းက အခွင့်အရေး အယူချင်ဆုံး သားတဲ့။ အလတ်ဖြစ်တဲ့ မောင်လွန်း တစ်ယောက်ကသာ အလုပ်ကို ကြိုးကြိုးစားစား ဖိဖိစီးစီးလုပ်ပြီး အပင်ပန်းခံဆုံး၊ အနစ်နာ ခံရဆုံးတဲ့။

တကယ် အလုပ်လုပ်တဲ့ သားလတ် မောင်လွန်းဟာ အသက် မရှည်ရှာပါဘူး။ ကံက ဆိုးချင်တော့ တစ်ည မောင်ထွန်းတို့ မောင်ကွန်းတို့ အိမ်မှာ မရှိတုန်း သူတို့ အိမ်ကြီးကို ဓားပြတွေ ၀င်တိုက် ပါလေရောတဲ့။ အိမ်မှာ ကျန်ခဲ့တာက ယောက်ျား သားဆိုလို့ မောင်လွန်း တစ်ယောက်တည်း။ မောင်လွန်းကတော့ ဓားပြတွေကို အစွမ်းကုန် ခုခံပါတယ်။ ဒါပေမဲ့ ရုတ်တရက် အငိုက် မိသွားတာရယ်၊ တစ်ယောက်နဲ့ ငါးယောက်ဆိုတော့ အင်အားချင်း မမျှတာရယ်တို့ကြောင့် အဲဒီညမှာ အိမ်က ရွှေငွေ တွေပါမသွားပေမဲ့ မောင်လွန်းကတော့ ဓားပြသတ်တာ ခံလိုက်ရ တယ်တဲ့။

မောင်လွန်းမှာ ဇနီး မအေးပုံနဲ့ ရှစ်နှစ် အရွယ်သားလေး မောင်ချစ်ပို ကျန်ခဲ့တယ်။ မအေးပုံဟာ ယောက်ျားဆုံးသွားပေမဲ့ ပထမတော့ အဲဒီ အိမ်ကြီးမှာ ဆက်နေနေပါသေးတယ်။ နောက်ပိုင်းတော့ အဆင်မပြေ တော့ဘူး။ လင်ရှိတုန်းက တစ်မျိုး။ လင်မရှိတော့ တစ်မျိုး ဆက်ဆံပုံ မတူတော့ မအေးပုံဟာ သားမောင်ချစ်ပို ကို လက်ဆွဲပြီး သူ့မိဘအိမ် ပြန်သွားသတဲ့။ မိဘအိမ်ပြန် တဲ့ သူတို့သားအမိ ရလိုက်တဲ့ လယ်အမွေက မစို့မပို့လေး ရယ်တဲ့။ ရိုးရိုးအအ တောသူမ မအေးပုံကလည်း ထွေထွေထူးထူး စောဒက မတက် တတ်တော့ ပေးသမျှနဲ့ပဲ ကျေ နပ်လိုက်ရသတဲ့။

အဲဒီမှာ တစ်ခါ ဖြစ်ချင်တော့ နဂိုကတည်းက ခပ်အေးအေး၊ ခပ်နှေးနှေး၊ လောကီရေးရာတွေ သိပ်စိတ် မ၀င်စားတဲ့ သားကြီး မောင်ထွန်းကလည်း သင်္ကြန်တွင်း ဒုလ္လဘ ရဟန်းပြုရာက မထွက်တော့ဘဲ သာသနာ့ဘောင်ကို အပြီးအပိုင် ၀င်သွားသတဲ့။ ဒီတော့ လယ်ပိုင်ရှင်ကြီး ဦးစံပ ထားခဲ့တဲ့ လယ်ယာ မြေအကုန်လုံး သားအငယ် မောင်ကွန်းလက်ထဲ လုံးလုံးလျားလျား ရောက်ကုန်တော့ တာပေါ့။

မောင်ကွန်းတို့ ဇနီး မောင်နှံမှာ မယ်လှဆိုတဲ့ သမီးတစ်ယောက်ရှိသတဲ့။ မောင်ကွန်း အသက် ၅၀ ကျော်လောက်မှာ မြစ် လျှောက်နာရောဂါနဲ့ တော် တော်မမာဖြစ်သတဲ့။ ဒါနဲ့ သူ့ရဲ့တစ်ဦးတည်းသောသမီး မယ်လှကို ရွာထဲက သာဒုတ် လို့ခေါ်တဲ့ လူငယ်တစ်ယောက် နဲ့ပေးစားပြီး မကြာခင် ဆုံး ရောတဲ့။

သူဆုံးတော့ သူပိုင်ဆိုင် သမျှ လယ်တွေမြေတွေအား လုံး မယ်လှတို့၊ သာဒုတ်တို့ ရလိုက်ပြီး ဥစ္စာပုံကြီးပေါ် အခံ့သား ရောက်သွားတော့ တာပေါ့။ အမွေခံထိုက်သည် ဖြစ်စေ၊ အမွေမခံထိုက်သည် ဖြစ်စေ၊ မယ်လှတို့ သာဒုတ် တို့ကတော့ ဘိုးဘွား အမွေကို ကောင်းကောင်းခံစား၊ စံစား လိုက်ရပါတယ်တဲ့။

ဇာတ်ပေါင်းလိုက်တဲ့ အခါကျတော့ မောင်လွန်းဟာ ကျွန်မရဲ့ အဘိုး၊ မအေးပုံက ကျွန်မရဲ့အဘွား၊ မောင်ချစ်ပို က ကျွန်မရဲ့အဖေ ဖြစ်လာခဲ့ ပါတယ်။
အဘိုး ဦးလွန်းက ကျွန်မရဲ့အဖေတောင် လူလား မမြောက်သေးတဲ့ အရွယ်က ဆုံးတာဆိုတော့ ကျွန်မ လုံးဝ မသိမီပါဘူး။ အဘွား ဒေါ်အေးပုံကလည်း ကျွန်မ နို့စို့ကလေး အရွယ်မှာ ဆုံးသွားတာ ဖြစ်လို့ ကျွန်မ မမှတ်မိ တော့ပါဘူး။ အဘေးကြီး ဦးစံပအပါအ၀င် အဘိုး ဦးထွန်း(ဘုန်းဘုန်းကြီး ဦးနေ မိန္ဒ)တို့၊ အဘိုးလေး ဦးကွန်း တို့ကိုလည်း ကျွန်မ ဘယ်သိ မီနိုင်မှာလဲ။ ကျွန်မ သိမီလိုက် သူတွေကတော့ အဖေတို့၊ အမေတို့အပြင် ကြီးကြီး မယ်လှတို့၊ ဘကြီးသာဒုတ် တို့နဲ့ သူတို့သားတွေဖြစ်တဲ့ အစ်ကိုတင်ဆောင်တို့ ညီအစ်ကိုသုံးယောက်ပဲ ဖြစ် ပါတယ်။

ကျွန်မရဲ့ မိဘဘိုးဘွား တွေ ဇာတ်ကြောင်းကို ဂဃနဏ သိလာရတော့ လူ ကြီးတွေရဲ့ လုပ်ရပ်ဟာ တရားမျှတမှု ရှိရဲ့လား ဆိုတဲ့ သံသယက ကျွန်မရင်ထဲ ပေါက်ဖွား ကြီးစိုးလာပါတယ်။ ဘိုးဘွားအမွေအနှစ်ကို တနင့် တပိုး ခံစားသူက ခံစား၊ မခံ စားရတဲ့သူက မခံစားရနဲ့ ဆိုတော့၊ ဒါဟာ မဖြစ်သင့်ဘူး မဟုတ်လား။ ကြည့်လေ။ အဖေတို့ အမေတို့မှာ လယ် သမားချောင်းသမားဘ၀၊ ရွှံ့ အလူးလူး ဗွက်အလူးလူး ကျွဲနဲ့နွားနဲ့ ဖက်ရုန်းရင်း ဆင်းရဲတွင်းက မတက်နိုင်တဲ့ အချိန်မှာ ကြီးကြီးလှတို့၊ ဘကြီးသာဒုတ်တို့မှာတော့ လယ်ပိုင်ရှင်ကြီးတွေပီပီ အိမ် ကြီးရခိုင်နဲ့နေ၊ ကျွဲတွေနွားတွေ အများကြီးပိုင်၊ သူရင်း ငှားတွေကို ခိုင်းစားပြီး ချမ်းသာပြီးရင်း ချမ်းသာနေ ကြတယ်။ ကျွန်မက စာအုပ်၊ ခဲတံ မပြည့်မစုံနဲ့ မိုးယိုတဲ့ရွာ ကျောင်းလေးမှာ ကျောင်းတက်နေတဲ့ အချိန်၊ အစ်ကို တင်ဆောင်တို့ ညီအစ်ကို တစ်တွေက မြို့ကျောင်းတက် ပညာ သင်ကြရတယ်။ ပြောရ ရင် အဆင့်အတန်းချင်းက ကွာချင်တိုင်းကွာပဲ။
အဲဒါတွေကြောင့် ကျွန်မရဲ့အဘေးကြီး ဦးစံပ သာ အသက်ထင်ရှားရှိမယ် ဆိုရင် ကျွန်မ မေးကြည့်ချင် ပါတယ်။ အဘေးကြီးရယ်၊ အဘေးကြီးကတော့ သား သမီးတွေ ညီညီညွတ်ညွတ် ဖြစ်စေချင်လို့ ဥမကွဲသိုက် မပျက် တစုတဝေး ထားခဲ့တာပဲ။ အဘေးကြီး မဆုံးခင် မှာ သားသမီးတွေကို အမွေ ခွဲပေးမသွားဘူးနော်။ ကဲ အဘေးကြီးလည်း ဆုံးရော၊ အမွေရတဲ့ သားသမီးကရ၊ မရတဲ့သားသမီးကမရ။ ချမ်း သာတဲ့သူကချမ်းသာ၊ ဆင်းရဲတဲ့သူက ဆင်းရဲ။ အဲဒါတွေ အဘေးကြီး သိရဲ့လား။ အဘေးကြီး မသိဘူး မဟုတ် လား။ အဘေးကြီးသာ အမြော်အမြင်ကြီးကြီးနဲ့ သား တွေ အိမ်ထောင်ကျစကတည်းက ညီညီမျှမျှ ခွဲဝေပေး ခဲ့ရင် ဒီလိုအဖြစ်မျိုးတွေဖြစ် မလား။ ဒီလိုတွေ ဖြစ်နေတာကို သိရင်ကော အဘေးကြီး စိတ်ချမ်းသာနိုင်မလား၊ အဘေးကြီးလည်း စိတ်မကောင်း ဖြစ်မှာပဲ မဟုတ်လား စသဖြင့်ပေါ့။

အဘိုး ဦးထွန်း(ဦးနေမိန္ဒ) ကို ကျွန်မ ပြောချင်တာ၊ မေးချင်တာ မရှိပါဘူး။ အဘိုး ဦးထွန်းက သူ့ဘ၀အတွက် အကောင်းဆုံး လမ်းကို ရွေးချယ် လျှောက်လှမ်းသွားလို့ပါ။ အဘိုးလေး ဦးကွန်းကိုတော့ ကျွန်မ မေးလို့ရရင် မေးချင်တာ၊ ပြောချင်တာ တွေ အများကြီးရှိပါတယ်။ အဘိုးလေးရယ်လို့၊ အဘိုးလေးရဲ့အစ်ကို၊ ကျွန်မရဲ့ အဘိုး ဦးလွန်းဟာ မိသားစုပိုင် ပစ္စည်း ဥစ္စာတွေကို ကာကွယ်ရင်း အသက်ဆုံးရှုံးသွား ရတာပါ။ အလကား အပျော် ကျူးရင်း သေတာ မဟုတ်ပါဘူး။ ဒီလို မိသားစု အတွက် အသက် စွန့်သွားတဲ့ အစ်ကိုရဲ့ မျက်နှာကို မထောက် ထားဘူးလား။ ကျေးဇူးတရားကို မအောက်မေ့ဘူးလား။ အသိအမှတ် မပြုဘူးလား။ ကျန်ခဲ့တဲ့ မုဆိုးမ သားအမိ အပေါ် အဘိုးလေးတို့ လုပ်တာ မလွန် လွန်းဘူးလား။ ရက်စက်ရာ မကျဘူးလား။ တကယ်ဆို ညှာတာ စောင့်ရှောက်ရမှာ မဟုတ်လား။ မိဘ အမွေကို တစ်ယောက်တည်း စားရတာ အဘိုးလေး လိပ်ပြာကော လုံရဲ့လား။ စိတ်ကော သန့်ရဲ့လား စသဖြင့်ပေါ့။

အဘိုးလေး ဦးကွန်းကို မေးချင်တဲ့ တခြားကိစ္စ တစ်ခုလည်း ရှိသေးတယ်။ အဲဒါ ကတော့ သူ့သမီးမယ်လှ(ကြီး ကြီးလှ) အတွက် သားမက် ရွေးတဲ့ အခါ သူစဉ်းစားပုံစဉ်း စားနည်းနဲ့ ပတ်သက်လို့ပါ။ ကျွန်မက အဘိုးလေး ဦးကွန်းကို မသိမီလိုက်ပေမဲ့ ကြီးကြီးလှတို့၊ ဘကြီး သာဒုတ်တို့ကိုတော့ ကောင်း ကောင်းကြီး သိမီလိုက်တာကိုး။ ကြီးကြီးလှတို့၊ ဘကြီး သာဒုတ်တို့ အကြောင်းကတော့ မသိချင်မှအဆုံး။ သူတို့ အကြောင်းကလည်း လူတွေ ပြောစမှတ်ကို ဖြစ်နေလို့ ပြော ပြရဦးမယ်။

ကြီးကြီးလှက မိန်းမချော တစ်ယောက်ပါ။ အသား ၀ါဝါ၊ အရပ်မြင့်မြင့်၊ ကိုယ်လုံး ပြည့်ပြည့်လေးနဲ့ တော် တော်ကြည့်ကောင်းပါတယ်။ အရည်အချင်းကလည်း ခေတဲ့သူ မဟုတ်ပါဘူး။ သူတို့ အိမ်မှာဆိုရင် အိမ်မှုကိစ္စအပြင် စီးပွားရေးကို သူဦးဆောင် တာပါပဲ။ လယ်အလုပ်၊ ကိုင်း အလုပ်၊ အလှမ်းပေးတဲ့အလုပ် မှန်သမျှ စာရင်းစာအုပ်တစ် အုပ်နဲ့ သူနိုင်နိုင်နင်းနင်းလုပ် နိုင်တယ်။ ဆန်စက်ကိုလည်း သူအုပ်ချုပ်တာပါပဲ။ နှုတ် သွက်လျှာသွက်ရှိတဲ့ ကြီးကြီး လှဟာ တပည့်လက်သား တွေကိုလည်း အကွက်စေ့စေ့ ခိုင်းတတ်ပါသေးတယ်။

ဘကြီး သာဒုတ်က တော့ ပြောရရင် ဘာအလုပ်မှ မည်မည်ရရ လုပ်တာ မတွေ့ရပါဘူး။ အမြဲလိုလို အိမ်ဦး ခန်းမှာ အခံ့သားထိုင်၊ ငါးရံ့ ခြောက်ဖုတ်နဲ့ လက်ဖက်သုပ် နဲ့ ရေနွေးကြမ်းနဲ့ မြည်းရင်း တင်ပါးကြီးကြွကြွပြီး အီး တဘူဘူ ပေါက်နေတာ တွေ့ ရများတာပဲ။ ဘကြီး သာဒုတ်ဟာ ကြီးကြီးလှနဲ့ မရခင်က သူလိုကိုယ်လို သာမန်တောသားတစ်ယောက် ပါပဲတဲ့။ ဆွေဂုဏ်ရယ်၊ မျိုး ဂုဏ်ရယ်၊ ပစ္စည်းဂုဏ်ရယ်လို့ လည်း ထူးထူးခြားခြား မရှိ ပါဘူးတဲ့။ ဘာအတတ်ပညာ မှလည်း ဟုတ်ဟုတ်ညား ညား မတတ်ပါဘူးတဲ့။ ပညာမတတ်လို့ လယ်အလုပ် ယာအလုပ်ကို ခါးချိုးပြီး လက်ကြောတင်းတင်းလုပ် တတ်သလားမေး၊ အဲဒီလို လည်း မဟုတ်ပြန်ဘူးတဲ့။ ဒါပေမဲ့ အဘိုးလေးဦးကွန်း ဟာ သူ့သမီးကြီးကြီးလှကို ဦးသာဒုတ်နဲ့ ပေးစားခဲ့ပါ တယ်။

အဖေက ကျွန်မကို အခုလို ပြောပြတယ်။
“အဲဒီတုန်းက ခေတ် ကာလ မကောင်းတဲ့ အချိန်လေ သမီးရဲ့။ ဟိုနားက ဆူ ဆူ၊ ဒီနားကပူပူနဲ့ကိုး။ ညည်း တို့အဘိုးလေး ဦးကွန်းဟာ မိန်းမကလည်းဆုံး၊ သူကိုယ် တိုင်ကလည်း မြစ်လျှောက်နာ ရောဂါနဲ့ တော်တော်မမာ ဖြစ် နေပြီ။ သူသေသွားရင် သူပိုင်တဲ့ လယ်မြေတွေ၊ ပစ္စည်း ဥစ္စာတွေနဲ့ ဥတစ်လုံးမယ်လှ ကို ဘယ်သူ့ လက်အပ်ခဲ့ရမလဲ မသိဖြစ်နေတယ်။ အဖေတို့ ဘက်လည်း မဖိတ်မစဉ်ချင် ဘူး။ ရွာထဲက ကာလသား တွေကြည့်တော့လည်း တစ်ယောက်မှ စိတ်တိုင်းကျတာ မတွေ့။ အရက်သောက်တဲ့သူ သောက်၊ ဖဲရိုက်တဲ့ သူရိုက်၊ ကြက်တိုက်တဲ့ သူတိုက်ကိုး။ ကျောင်းဆရာ ကိုဉာဏ်တင် ကျတော့ စာရိတ္တတော့ ကောင်းပါရဲ့။ လူစုံတိုင်း အစိုးရ ပုန်ကန်တဲ့ စကားချည်း ပဲပြောနေတော့ သမီးရှေ့ရေး စိတ်မအေးရာဖြစ်နေတယ်။ စပါးပွဲစား မောင်မြင့်မောင် ကျတော့ တတ်တတ်သိသိနဲ့ မျက်စိပွင့်၊ နားပွင့်ရှိပါရဲ့၊ လည်လွန်းပတ်လွန်းတော့ ကြောက်ရပြန်ရော။ အရှေ့ရွာ က ကျောင်းတကာ ဦးဖိုးပျော့ မြေးကျတော့ ခေတ်ပညာ တော့ တတ်တယ်။ ဒါပေမဲ့ မိန်းမကိစ္စမရှင်းဘူးလိုလို ကြားပြန်တော့ စဉ်းစားပြီးမှ ပယ်လိုက်ရတယ်။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ ရွာထဲက အရက်လည်း မသောက် တတ်၊ ဖဲလည်းမရိုက်တတ်၊ ကြက်လည်း မတိုက်တတ်၊ ဘာမှလည်း မလုပ်တတ်တဲ့ သာဒုတ်ကို “လူကောင်း” ဆို ပြီး မယ်လှနဲ့ ပေးစားခဲ့တာ ပါပဲ”

အဖေ့ စကားကြား တော့ ကျွန်မ တော်တော် အံ့သြသွားပါတယ်။ တွေး စရာတွေလည်း အများကြီး ရလိုက်ပါတယ်။ သြော် လူကောင်းတဲ့။
ဒါကြောင့် အဘိုးလေး ဦးကွန်းကို မေးလို့များရရင် ကျွန်မ ထပ်မေးချင်ပါသေး တယ်။ ယောက်ျားတစ် ယောက်ဟာ မသောက်တတ်၊ မစားတတ်၊ မကစားတတ်ရုံ နဲ့ သူ့ကို လူကောင်းတစ် ယောက်အဖြစ် သတ်မှတ်လို့ ရပါသလား။ အိမ်ထောင် တစ်ခုကို ဦးဆောင်နိုင်တဲ့ အိမ် ထောင်ဦးစီးဖြစ်ထိုက်ပြီလား။ ခင်ပွန်းကောင်း၊ ဖခင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်း တွေနဲ့ ပြည့်စုံသွားပြီလား။ အဘိုးလေးတို့ သတ်မှတ်တဲ့ စံက ဒါလောက်ပဲလား။ လူ ဆိုတာ ကောင်းတယ်ဆိုရုံနဲ့ ပြီးပြီလား။ တော်ဖို့ကော မလိုဘူးလား စသဖြင့်ပေါ့။


ဘကြီးသာဒုတ် အကြောင်းကိုပဲ ဆက်ပြောပြ ပါဦးမယ်။
ဘကြီးသာဒုတ်ကို ကျွန်မ လူမှန်း သိတတ်စက တည်းက ကြောက်ခဲ့ရတာ ပါ။ အသားညိုညို၊ ခန္ဓာကိုယ် တုတ်ခိုင်ခိုင်၊ မျက်မှောင်ကြီး ကုတ်ကုတ်၊ မျက်နှာထားကြီး တည်တည်နဲ့ ဘကြီးသာဒုတ် ကို တစ်ရွာလုံးက ကလေး တွေလည်း ကြောက်ကြတာ ပါပဲ။

ဒေဝေါနဲ့ ခြောက်လည်း မရ၊ သင်္ချိုင်းထိပ် ဇရပ်ပျက် မှာနေတဲ့ အရူးကြီး အောင်စိန် နဲ့ ခြောက်လည်းမကြောက်၊ လိုချင်တာမရမချင်း တဗြဲဗြဲ ငိုတတ်တဲ့ ကလေးတွေများ မအေလုပ်သူက “ဟော ဟိုမှာ ဘကြီးသာဒုတ်လာနေပြီနော်” လို့ တစ်ခွန်းသာပြောလိုက်၊ ချက်ချင်းအငိုတိတ်တော့တာ ပါပဲ။

ကျွန်မကိုယ်တိုင်  လည်း ကလေးပီပီ မိဘ အပေါ် ဆိုးချင်နွဲ့ချင်တဲ့အခါ တွေ ရှိခဲ့ပါတယ်။ အဲဒီလို အခါမျိုးဆိုရင် အမေက တခြားဘာဘာညာညာ ပြော မနေဘူး။ “ငါဘကြီးသာဒုတ် နဲ့ တိုင်လိုက်ရမလား” ဆိုရင် ကျွန်မမှာ လန့်ဖျပ်ပြီး ဆက် မဆိုးရဲ၊ မနွဲ့ရဲတော့ပါဘူး။ အဲဒီလောက် ဘာကြောင့် ကြောက်ခဲ့သလဲဆိုတာ ကျွန်မ ကိုယ် ကျွန်မလည်း မသိတော့ ပါဘူး။

ကျွန်မတို့ ကလေးတွေ ချည်း ကြောက်တယ် မထင်ပါ နဲ့။ လူကြီးတွေလည်း ကြောက်ကြတာပါပဲ။ ဘကြီး သာဒုတ်မို့ ရွာထဲထွက်ပြီဆိုရင် တွေ့သမျှ လူက ကိုယ်လေး ယို့ပြီး လမ်းဖယ်ပေးကြရတာ ပါ။ လှည်းဆိုလည်း လမ်းဘေးချ၊ ရှောင်မောင်းကြရ တာပါပဲ။ ဘကြီးသာဒုတ်က စ နှုတ်မဆက်ရင် ဘယ်သူမှ နှုတ်မဆက်ရဲပါဘူး။ ဘကြီး သာဒုတ်က စပြီး စကား မပြောရင်လည်း ဘယ်သူမှ မပြောရဲ ပါဘူး။ ဘကြီးက မျက်နှာထားကြီး တည်သလောက် စကားက ခပ်နည်းနည်းရယ်။ အဲ စကားပဲ နည်းတာလား၊ ဘယ်သူ့မှ အဖက် မလုပ်ချင် တာလား သေချာတော့မသိ ဘူး။ ကျွန်မဖြင့် ဘကြီး သာဒုတ်တစ်ယောက် ရွာသူ ရွာသားတွေနဲ့ ရင်းရင်းနှီးနှီး၊ ရွှင်ရွှင်ပျပျ၊ ဟက်ဟက်ပက် ပက် ရယ်မောစကားပြောဆို နေတာ တစ်ခါမှကို မမြင်ဖူး ခဲ့ပါဘူး။

ဒါပေမဲ့ တစ်ရွာလုံးက တော့ ဘကြီးကို ရိုရိုကျိုးကျိုး ဆက်ဆံကြပါတယ်။ ခေါ်ရင် သွား၊ ခိုင်းရင်လုပ်ပေးတဲ့သူ ချည်းပါပဲ။ တစ်ခုတော့ ရှိ တာပေါ့လေ။ လူကြီးပိုင်း အနေနဲ့ကတော့ ကြီးကြီးလှ မျက်နှာနဲ့ ဘကြီးကို ရှိန်ကြ တာပါ။ သိတဲ့အတိုင်း တစ် ရွာလုံးက လယ်သမား၊ ချောင်းသမား၊ ဆင်းရဲသား များများ မဟုတ်လား။ ကြီး ကြီးလှဆီက အချေးအငှား လွတ်တဲ့သူမှ မရှိတာ။ အဲဒီ အကြောင်းတွေကြောင့် ဘကြီးကို ကလန်ကဆန် မလုပ်ကြတာပေါ့။

ကလန်ကဆန် လုပ်ချင် လို့လည်း မရပါဘူး။ လုပ်ရဲ လုပ်ကြည့်လေ။ ဘကြီးက ဘာမှတောင် ပြောနေစရာ မလိုဘူး။ သူ့မွေးစားသား ငတောက လက်စွမ်းပြပြီး သား။ ကလန်ကဆန်သမား သွားကျိုးချင် ကျိုးမယ်၊ ခေါင်းပေါက်ချင် ပေါက်မယ်၊ သုံးရက်လောက် အိပ်ရာထဲက မထနိုင် ဖြစ်သွားမယ်။ ဘကြီး သာဒုတ်တို့က အဲဒီလောက် အရှိန်အ၀ါ ကြီးပြီး အဲဒီလောက် မီးသေတာ။

အဓိကကတော့ ကြီး ကြီးလှရဲ့ မြှောက်စားမှုလည်း ပါတာပေါ့။ ကြီးကြီးလှက ဘကြီးသာဒုတ်ကို အရမ်း အမွှမ်းတင်ထားပါတယ်။ မနှိုင်းကောင်း၊ နှိုင်းကောင်း ဘုရားတစ်ဆူ၊ ဂူတစ်လုံးလို ကို ကိုးကွယ်ထားတာပါ။ အိမ်ဦးနတ်၊ အိမ်ဦးနတ် ဆိုပြီး အရမ်းလည်း အရေး ပေးသေးတာ။
အိမ့်စီးပွားရေးကို ကြီး ကြီးလှ ဦးစီးလုပ်ကိုင်နေ တယ်ဆိုတာ လူတိုင်းသိ တယ်။ ဘကြီးသာဒုတ်ကျ တော့ အိမ်ဦးခန်းအခံ့သား ထိုင်၊ ဆီဦးထောပတ်စားပြီး စည်းစိမ်ယစ်ရုံမက သူ့ဘက် က ဆွေမျိုးတွေကို တိတ် တိတ်ထောက်ပံ့နေတာကိုလည်း သိတဲ့သူ သိကြတာပါပဲ။

မယုံနိုင်စရာကောင်း တာက ကြီးကြီးလှက ဘကြီး သာဒုတ်ကို တစ်ချက်ကလေး မှ မငြိုငြင်ဘူးလေ။ မငြိုငြင် တဲ့အပြင် ဘကြီးသာဒုတ် လူ အကြည်ညိုမပျက်အောင် သူကပဲ ဖေးဖေးမမ လုပ်ပေး သေးတာ။
“ဒီရှားရှားပါးပါး သင် ပေါင်းပိုးကြော်တွေပဲ လာလာ နှိုက်စားမနေနဲ့ဟေ့၊ ဒါ မင်းတို့အဖေ အတွက်ဟဲ့။ ဒီအိမ်မှာ မင်းတို့အဖေက အိမ်ထောင် ဦးစီး၊ မင်းတို့အဖေက အိမ် ဦးနတ်၊ အဲဒါ သိကြရဲ့လား”

“ဟဲ့ သာဆန်းတို့၊ သာ စိန်တို့။ နင်တို့တောပစ်လေး ဘာလေး မထွက်ကြသေးဘူး လား။ နင်တို့ဘကြီးက ဆတ် သားစစ်စစ်လေး စားချင်လို့ တဲ့။ ဆတ်ရရင် လာပို့ဖို့ မမေ့နဲ့ဦး”

“ဟယ်...ထွေးရင် ညည်းတို့ ဒီနေ့ ပုစွန်ဖော်တာ လား။ အံမယ် အကောင်တွေက ကြီးသားဟဲ့။ အေး... အေး...ဒါမျိုးမှ ညည်းတို့ ဘကြီးက ကြိုက်တာ။ ခုလို လူကြီးသူမကို စားဦးစားဖျား ပို့တာ ညည်းတို့ အားကြီးကု သိုလ်ရတယ်၊ သိလား”

“ဒေါ်ပိုးတီတို့ မန္တလေး က သားဆီကို သွားမလို့ဆို၊ ဒါဆို ကျုပ် တစ်ခုလောက် မှာလိုက်စမ်းပါရစေ။ ကိုသာ ဒုတ်အတွက် မန္တလေး ပိုးလုံ ချည်ရေညှိရောင်လေးတစ် ထည်လောက် ၀ယ်ခဲ့စမ်းပါ တော်၊ ပိုက်ဆံပေးလိုက်ပါ့ မယ်”

“အလိုတော်၊ ရာရာစစ၊ ညည်းကများ ညည်းအဘ ပက်လက်ကုလားထိုင်ပေါ် တက်ထိုင်ရတယ်လို့။ ဆင်း ဆင်း၊ မြန်မြန်ဆင်း။ တယ် လေ ငါ လုပ်လိုက်ရ”

ဘကြီးကို ဂုဏ်တင်တဲ့ ကြီးကြီးလှရဲ့ စကားတွေကို နားထောင်ရင်း ဘကြီးသာ ဒုတ် ကံကောင်းပုံကိုလည်း အံ့သြမိတယ်။
အဖေကတော့ ခပ်ပြတ် ပြတ်ပဲ ပြောတယ်။
“ဘုန်းကြီးရူးနဲ့ လှေလူး ပါကွာ။ သာဒုတ်ကတော် တော်၊ မယ်လှက သည်းနေ တာ။ အေးလေ ခပ်ညံ့ညံ့ ယောက်ျားရထားတော့ ကိုယ့် ယောက်ျား ညံ့မှန်း လူသိမခံ ချင်တာနဲ့ အစွမ်းကုန်မြှောက် ပင့်ရတော့တာပေါ့”တဲ့။

အဖေက သူ့ ၀မ်းကွဲ အစ်မနဲ့ ယောက်ဖတော်ကို ကြည့်မရပါဘူး။ အကောင်း ပြောလေ့လည်း မရှိပါဘူး။  ဒါလည်း ဖြစ်သင့်တဲ့ကိစ္စပါ ပဲလေ။ ဘိုးဘွားအမွေအနှစ်ကို သူတို့ချည်းပဲ စံစား၊ ခံစားနေတာ မြင်ရတော့ သူ ဘယ်ကျေနပ်နိုင်ပါ့မလဲ။ ဘယ်ကြည်ဖြူနိုင်ပါ့မလဲ။ အဖေ့ကို အပြစ် တင်လို့တော့ မရပါဘူး။


ဘကြီးသာဒုတ်တို့၊ ကြီးကြီးလှတို့ အလှူကြီးပေး တုန်းက အကြောင်းလည်း ပြောရဦးမယ်။ အစ်ကိုတင် ဆောင်တို့ ညီအစ်ကိုတစ်တွေ ရှင်ပြုတုန်းကပေါ့။ မဏ္ဍပ် ကြီး ဟီးနေအောင်ဆောက်ပြီး အကြီးအကျယ် လှူခဲ့တာပါ။ ဧည့်ခံတဲ့နေ့မှာ တစ်ရွာလုံး မီး ခိုးတိတ်၊ ရွာနီးချုပ်စပ်က အသိအကျွမ်းတွေကိုပါ ဖိတ် စာဝေတော့ အို... လာလိုက် တဲ့ဧည့်ဆိုတာ မဏ္ဍပ်ထဲ ခြေ ချစရာတောင် မရှိဘူး။ ထမင်းစားရုံ နှစ်ရုံမှာ တစ်ရုံ ပြိုတယ်။

အလှူမ၀င်ခင် နှစ်ပတ် လောက်ကတည်းက ကျွန်မ တို့ ညီအစ်မတစ်တွေလည်း အိမ်ပြန်ရတယ် မရှိပါဘူး။ သူ တို့အိမ်မှာနေပြီး အလှူ အတွက် လိုအပ်သမျှ လုပ်ကိုင် ပေးကြရတာ။
ကြီးကြီးလှလည်း အလှူ မတိုင်ခင်ရော အလှူ ရက်မှာရော အတော်ပင်ပန်း ရှာပါတယ်။ ကျေးရွာဓလေ့ အတိုင်း အလှူတွေမှာ တစ်ရွာလုံးက သူ့အပိုင်းနဲ့ သူ တာဝန် ယူကြတယ် ဆိုပေမဲ့ အလှူ့အမဆိုတော့ ချို့ယွင်း ချက်ရှိမှာ စိုးရိမ်တာပေါ့။ ဒီတော့ ထောင့်စေ့အောင် သူပဲ  ကြီးကြပ်တယ်လေ။

မြို့တက်ဈေးဝယ်တာ လည်း ကြီးကြီးလှပဲ။ ဆိုင်း ငှားတာလည်း ကြီးကြီးလှပဲ။ ဘုန်းကြီးကျောင်းပြေးပြီး ဆရာတော့်ကို လျှောက်စရာ ရှိတာ လျှောက်တာလည်း ကြီးကြီးလှပဲ။ ပိုက်ဆံ သေတ္တာသော့ ခါးကြားထိုး ပြီး အိမ်ပေါ်တက်လိုက်၊ အိမ်အောက်ဆင်းလိုက်၊ မဏ္ဍပ်ထဲရော၊ ချက်တဲ့ ပြုတ်တဲ့ဆီရော၊ ရှင်လောင်း 
တွေ ပြင်တဲ့ဆင်တဲ့ နေရာမှာ  ရော၊ ပျောက်တဲ့ရှင်လောင်း ပြန်ရွေးတဲ့ ကိစ္စမှာရော အို... အုပ်စုံ စီမံရတာဆိုတော့ သူ့ ခမျာယားလို့တောင် မကုတ် အားရှာပါဘူး။

ကြီးကြီးလှက ဒါ လောက် ပျာယာခတ် အလုပ် များနေသလောက် ဘကြီး သာဒုတ်ကတော့ အေးအေး ဆေးဆေးပဲ။ နည်းနည်းတောင် ၀င်မကူဘူး။ ထုံးစံ အတိုင်း အိမ်ဦးခန်းမှာ မြိန့်မြိန့် ကြီးထိုင်ပြီး သူ့ရှေ့ချထားတဲ့ ငါးရံ့ခြောက်လေး ကောက် ၀ါးလိုက်၊ ဒူးရင်းယိုလေး ကော်စားလိုက်၊ လက်ဖက် လေး မြုံ့လိုက်၊ အီးတဘူဘူ ပေါက်လိုက်နဲ့ နေနေတာ။ နေ နိုင်တာကိုလည်း အံ့သြလို့ မဆုံးဘူး။ အဲ... နောက်ဆုံး ဘုန်းကြီး ကြွလာ၊ တရား နာ ရေစက်ချတဲ့အချိန် ရောက်မှ ရေစက်ခွက်ကိုင်တဲ့ အလုပ်ကို သူ လုပ်တော့တာ။

“ပိုက်ဆံရှာတာ ကြီး ကြီးလှ၊ အလှူမှာ ၀ိုင်းလုပ် ကြတာက ဆွေမျိုးနဲ့ ရွာသားတွေ၊ ရေစက်ခွက် ကိုင်တာက ဘကြီးသာဒုတ် ဟုတ်ဟုတ် သေးတော့”

ကျွန်မညီမ စွာတေးမက လူကြားထဲ အနားတိုးလာ ပြီး ကပ်ပြောလို့ သူ့ပေါင် တွင်းကြော ဆွဲလိမ်လိုက်ရသေး တယ်။ အလှူကြီး ပြီးတော့ နေ့ မအိပ်၊ ညမအိပ် ၀ိုင်းကူကြ တဲ့ ကျွန်မတို့ ဆွေမျိုးတစ် သိုက်ရယ်၊ ရွာက ကာလ သားတချို့ရယ်ကို ကြီးကြီးလှ က ပုဆိုးတွေ၊ ထမီတွေ၊ တဘက်တွေ လက်ဆောင် ပေးပါတယ်။ ပေးရင်းနဲ့ ဘာ ပြောတယ် ထင်ပါသလဲ။

“ဒါ ညည်းတို့ဘကြီး ပေးတာနော်။ မပြန်ခင် ဘကြီးကို ကန်တော့သွားကြ ဦး”တဲ့။
အဲဒါနဲ့ပဲ ပြန်ခါနီး ဘကြီးသာဒုတ်ကို အသား လွတ် ကန်တော့ခဲ့ရသေးတယ်။
အခုချိန်မှာ ကြီးကြီးလှ လည်း အသက်ထင်ရှားရှိ မယ်ဆိုရင် မေးချင်ပါသေး တယ်။ ကြီးကြီးလှရယ် ကြီး ကြီးလှ သတ်မှတ်တဲ့ အိမ် ဦးနတ်ဆိုတာ ဘာလဲ။ ယောက်ျားတစ်ယောက်နဲ့ မိန်း မတစ်ယောက် ပေါင်းဖက် လိုက်ရင် အဲဒီအိမ်ထောင်မှာ ယောက်ျားက နေရင်းထိုင်ရင်း  အလိုလို အိမ်ဦးနတ်ဖြစ်သွား ရောလား။ အိမ်ဦးနတ်ဖြစ်လို့ အိမ်မှာ အခံ့သား နေရရော လား။ စားဦးစားဖျား၊ ဆီဦး ထောပတ်စားရရောလား၊ နေရာတကာ ဦးစားပေးခံရ ရောလား။ အိမ်ဦးနတ်က ဘယ်လိုနေနေ၊ ကျန်တဲ့အိမ် သားတွေက တာဝန်ကျေကျေ ပြုစုလုပ်ကျွေး ပူဇော်ပသရရော လား...လို့။


ကျွန်မ သားဖွားဆရာမ  သင်တန်းဆင်းပြီး ရွာမှာ အလုပ်ပြန်လုပ်တဲ့နှစ်မှာ ဘကြီးသာဒုတ် ဆုံးပါတယ်။ ဆုံးတာလည်း တိတ်တိတ် ဆိတ်ဆိတ်ပါပဲ။ အိပ်နေရင်း က နှလုံးရပ်ပြီး သေတယ်ဆို တော့ ဘယ်အချိန် အသက် ထွက်သွားမှန်းတောင် မသိ လိုက်ကြဘူး။

ထူးဆန်းတာက သူ သေဆုံးသွားတဲ့ အတွက် တောရွာဓလေ့ အတိုင်း သူ့အိမ် သားတွေက ယူကျုံးမရ၊ အပူ လုံးကြွပြီး အုန်းအုန်းကျွက် ကျွက် ငိုကြမယ်ထင်တာ ဘယ်သူမှတောင် ရုပ်ပျက်ဆင်း ပျက်မငိုကြဘူး။ “အောင်မယ် လေး ကျေးဇူးရှင်ကြီးရဲ့။ ခု တော့ ရွှေတောင်ကြီး ပြိုပါ ပေါ့လား။ ကျုပ်တို့ ဘယ်သူ့ အားကိုးရပါမလဲ”ဆိုတဲ့ အသံ မျိုးလည်း မကြားရဘူး။ “အိမ်ဦးနတ်” “အိမ်ဦးနတ်”နဲ့ တနတ်တည်း နတ်နေတဲ့ ကြီးကြီးလှ ကိုယ်တိုင်တောင် လူမြင်ကောင်းရုံ လက်ကိုင် ပ၀ါနဲ့ မျက်လုံးကို နှစ်ခါ လား၊ သုံးခါလား တို့ပြတာ လောက်ပါပဲ။ သူတို့စိတ်ထဲ တော့ ၀မ်းနည်းကောင်း ၀မ်း နည်းမှာပေါ့လေ။ ဒါတော့ ဘုရားမှ သိမှာပါ။

ကျွန်မကတော့ ဘကြီး သာဒုတ် ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ အမှန်အတိုင်း ၀န်ခံရရင် ၀မ်းနည်းခြင်း လည်း သိပ်မဖြစ်မိပါဘူး။ ၀မ်းသာခြင်းလည်း မဖြစ်မိ ပါဘူး။ ဒါ သင်္ခါရသဘော ပဲလေ။ လူတိုင်းလူတိုင်း တစ် နေ့ ဒီခရီးကို မလွဲမသွေ သွား ရမှာပဲ မဟုတ်လား။ လူဆို တာ သေမျိုးဟာကိုး။

တစ်ခုပဲ၊ ကျွန်မ စိတ်ထဲ မချင့်မရဲဖြစ်မိတယ်။
ကျွန်မတို့တစ်တွေ ထိုင်ဆိုထိုင်၊ ထဆိုထ၊ ကဆိုက၊ ခိုင်းတာမှန်သမျှ အကုန်လုပ် ပြီး ဒါလောက် ကြောက်ရွံ့ ရိုကျိုးခဲ့ရတဲ့ မိသားစု အကြီး အကဲ ဘကြီးသာဒုတ်ဟာ မသေခင်မှာ ကျွန်မတို့လူငယ်  တူသား နောင်မယ်တွေကို ဘကြီးကိုလည်း အမြဲအမှတ် ရနေစေမယ့်၊ နှောင်းလူငယ်တွေ အတွက် မှတ်လောက် သားလောက်ဖြစ်မယ့် အဖိုးတန် စကားလေး တစ်ခွန်းတလေ တောင်မှ ပြောမသွားတဲ့ အတွက်ပါပဲ။

ဘကြီးအသက်ထင် ရှားရှိခဲ့ရင် ကျွန်မ မေးကြည့် ချင်ပါတယ်။ ဘကြီးရေ ဘကြီးမှာ ကျွန်မတို့လူငယ်၊ တူ သားနောင်မယ်တွေကို ပြောဖို့ ဘာစကားမှ မရှိတာလား၊ အရေးလုပ်ပြီး မပြောချင်တာ လား၊ ပြောဖို့ရာ တန်တယ် မထင်လို့လား၊ ဒါမှမဟုတ် အဖိုးတန်စကား ပြောကို မပြောတတ်တာလား...လို့။


မနှင်းဖွေး
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

No comments: