သူရဲကောင်းတို့၏ နှလုံးသားနဲ့ လူလိမ်တယောက်ရဲ့သတ္တိ (ချိုတူးဇော်)


"အရှုးတစ်ယောက်ရဲ့ လက်ထဲ လူသတ်လက်နက် ကိုင်ထားရင် ဘယ့်နှယ့်လုပ်မလဲ" တဲ့။ ဆရာ လူထုစိန်ဝင်း က မေးခွန်းထုတ်ထားပါတယ်။ 

လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ ဆရာ့ရဲ့ဆောင်းပါးကို ဖတ်လိုက်ရတဲ့အခါကျမှပဲ ကျွန်တော့်ကို ကျွန်တော် သတိထား မိတာက ကျွန်တော်ဟာ အတော်ကြောက်တတ်တဲ့ကောင် ဆိုတာပါပဲ။ ဘာမှန်းညာမှန်းမသိ မနက်အိပ်ရာက နိုးလာ တာနဲ့ ဘာမှန်းမသိ ညာမှန်းမသိ စိုးရိမ်ကြောင့်ကျ ကြောက်စိတ်တွေနဲ့ နိုးလာပါတယ်။ ဘယ်အချိန်ရှိနေပြီလဲ၊ မီး ဘယ်အချိန်လာလို့ ဘယ်အချိန်ပျက်မှာလဲ ထမင်းအိုး ကျက်ပါတော့မလား။ 

အဲဒါမျိုးက အစ ကြောင့်ကြနေတတ်တယ်။ မနက်အလုပ်သွားဖို့ ထွက်လာရင်လည်း ကားလာပါ့မလား ကားချောင်ပါ့ မလား။ ကားပေါ်ရောက်ရင်တောင် စပယ်ယာကို ယာဉ်စီးခပေးဖို့ အကြွေပါရဲ့လား။ စပယ်ယာက ကားခကို ပြန်အမ်း ပါ့မလားအထိ။ အလုပ်ထဲကျရင်လည်း လူကြီးနဲ့ အဆင်ပြေပါ့မလား။ အောက်က ကောင်တွေ ငါ့ကိုဘာပြော ကြမ လဲနဲ့၊ ကဲ စဉ်းစားသာကြည့်ပါတော့၊ ဒီလောက်စိုးရိမ် ကြောင့်ကြစိတ် များတဲ့အကောင်ဟာ ဆရာ့ဆောင်းပါး ထဲကလို ဘယ်လိုလို့ သတ္တိတွေရှိနိုင်ပါ့။ ဘယ်လိုလုပ် လာမယ့်ဘေးပြေးတွေ့နိုင်ပါ့မလဲ။ 

ဒါနဲ့ ကျွန်တော့်အနီးအပါး မိတ်ဆွေ အပေါင်းအသင်းများကို မေးကြည့်ပါတယ်။ သူတို့လည်း ကျွန်တော့်လို ကြောင့် ကြစိတ်တွေ ရှိတတ်သား။ မရှိတတ် ဘူးလားလို့။ "အဲဒါ ခင်ဗျား ဘယ်လိုသဘောရလဲ" မိတ်ဆွေက ကျွန်တော့် မေးခွန်းကို သေချာနားမထောင်။ သေချာ ပြန်တုန့်ပြန် မဖြေနိုင်ပါဘူး။ မလာနိုင်သေးတဲ့ ဘတ်စ်ကားကို လှမ်းမျှော် ရင်းနှုတ်က "ကလေးကျောင်းကြို နောက်ကျတော့မှာပဲ" လို့သာ ညည်းညူနေပါတယ်။

မဖြစ်သေးပါဘူး။ သူနဲ့တော့ သူရဲကောင်းစိတ် သတ္တိအကြောင်း ဆွေးနွေးလို့ မရနိုင်ပါဘူးလို့ ကျွန်တော် ကောက် ချက်ချမိတယ်။ ဒါနဲ့ ကျောင်းတုန်း ကတည်းက ထက်ထက်မြတ်မြတ်နဲ့ ယောကျာ်းလေးတွေနဲ့ ရင်ပေါင် တန်း လုပ်ရဲ ကိုင်ရဲ ဆုံးဖြတ်ရဲတဲ့ သူငယ်ချင်းမတစ်ယောက်ကို မေးမြန်းဆွေးနွေးကြည့်တယ်။" "နင် စဉ်းစား ကြည့်ပါဟာ၊ နဂိုကမှ လစဉ် စားဖို့တောင် အနိုင်နိုင်ရယ်၊ ခုလို အမေရောဂါဖြစ်ပြီဆိုတော့ ဘယ်လောက် ကသီ လိုက်မလဲ၊ ခွဲစိတ်တာ သိန်းသုံးဆယ်ကုန်မယ်တဲ့" ကျွန်တော် ပြောနေတာ ဘယ်နားရောက်သွားပြီလဲ။

သူကလည်း သူ့အမေ ဆေးရုံတင်ဖို့အကြောင်းချည်း ပြောနေတယ်။ လောလောဆယ်တော့ အလိုက်သင့် ကလေး သူနဲ့လိုက်ပြောရတာပေါ့လေ။ "နင် ဘယ်မှာပြနေတာလဲ၊ အက်စ်အက်စ်စီလား၊ အဲဒီဆေးခန်းတွေက ဈေးကြီးမှာပေါ့၊ နင် အစိုးရဆေးရုံမှာ မပြဘူးလား" "ကျွတ် နင် ငါပြောနေတာ သေချာနားမထောင်ဘူးလား၊ ခုဟာက အစိုးရဆေး ရုံမှာ ပြနေတဲ့အကြောင်းကို ပြောနေတာ" တော်ပါပြီဗျာ၊ ဘယ်သူနဲ့မှ မဆွေးနွေးတော့ဘဲ ကျွန်တော့်ဘာသာပဲ တွေး တောယူတာ ကောင်းပါလိမ့်မယ်။ အရင်ဆုံး ဆရာ့ဆောင်းပါးကိုပဲ သေချာသုံးသပ် ကြည့်ရမယ်။

ဆရာက သူ့ဆောင်းပါးထဲ ဒီလိုဆိုတယ်။ အရူးတစ်ယောက်ဟာ ဓါးတစ်လက်နဲ့ ရပ်ထဲရွာထဲ ရမ်းကား နေတာ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ဖာသိဖာနေလိုက်ရင် ပိုဆိုးသွားမှာပေါ့တဲ့။ အဲဒီအရူးကို ဝင်လုံးတဲ့လူဟာ အရူးရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ပေမယ့် သူရဲကောင်းလို့ဆိုရမယ်တဲ့။ အဲဒီလို ဝင်လုံးတဲ့လူကို သူရဲကောင်းလို့ မသတ်မှတ်ဘဲ မိုက်ရူးရဲတွေလို့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်က တစ်ခါတစ်လေ သတ်မှတ်တတ်ပါသေးတယ်။

တကယ်လို့ အရူးက ဆိုးသည်ထက် ဆိုးလာပြီး ရပ်ရွာကို မီးတင်ရှို့တဲ့အဆင့်ထိ တက်လာရင်ကော လက်ပိုက် ကြည့်နေနိုင် ကြပါဦး မလားတဲ့။ ဒီတော့မှ ကျွန်တော်ဟာ ကိုယ့်အခြေအနေ ကိုယ်ပြန်သုံးသပ်မိတယ်။ ကျွန်တော်ဟာ အရူးကို အရင်ဆုံးဝင်လုံးရဲတဲ့သတ္တိ ရှိမရှိ။ တစ်နည်းအားဖြင့် သူရဲကောင်း စိတ်ဓါတ် ရှိ မရှိ။ သူရဲကောင်းဆိုတာ ဘယ်လိုလူမျိုးတွေလဲလို့ ကျွန်တော့်အတွေးတွေက ဆက်နယ်ချဲ့ပြန်ပါတယ်။ ခေတ် အဆက်ဆက် သူရဲကောင်းဆိုတဲ့ ဝေါဟာရကို အမျိုးမျိုးအဖုံဖုံ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ 

ယေဘုယျအားဖြင့်တော့ သူရဲကောင်းဆိုတာ သာမန်လူတွေထက် ခေါင်းတစ်လုံးပိုသာအောင် သတ္တိရှိ ကြတဲ့ သူတွေပါ။ ဒီတော့ သတ္တိဆိုတာ ဘာလဲ။ လုပ်ရဲတာ သတ္တိမဟုတ်ဘူး။ ခံရဲတာ သတ္တိလို့ ဗိုလ်ချုပ်အောင်ဆန်း က ပြောခဲ့တယ်။ အများအကျိုးအတွက် ကိုယ်ကျိုးစီးပွား အသက်အိုးအိမ် စည်းစိမ်ကို မငဲ့ကွက်ဘဲ ထမ်းရွက် ရဲတာ သတ္တိပါ။ အဲဒီလို သတ္တိရှိတဲ့သူတွေကို သူရဲကောင်းလို့ ခေါ်ရမှာပါ။ 

သူရဲကောင်း တွေအကြောင်းကို စဉ်းစားလိုက်တဲ့အခါမှာ ကျွန်တော့်စိတ်ထဲစွဲလို့နေတဲ့ ရုပ်ရှင်ကားလေး တစ်ကားကို သတိတရ ဖြစ်ရပါတယ်။ ဇာတ်ကားနာမည်က သူရဲကောင်းတို့နှလုံးသားလို့ ဘာသာပြန်ရင် ကောင်းမလား မသိဘူး။ Brave Heart တဲ့။ မဲလ်ဂစ်ဘ်ဆင် ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ။ စတော့တလန်သူရဲကောင်း ဝီလျံဝေါလေ့စ်အကြောင်းကို ရိုက်ထားတာပါ။ အဲဒီဇာတ်ကားထဲက ဝီလျံဝေါလေ့စ်ဟာ သာမန် လူတွေထက် သတ္တိပြောင်မြောက်တဲ့ သူရဲကောင်းကြီးပေါ့။ စစ်ပွဲတွေမှာ ရှေ့ဆုံးက ဓါးကိုဆွဲပြီး ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ခဲ့၊ သူ့အမျိုးသားတွေ လွတ်မြောက်ရေးအတွက် ရဲရဲတောက် ထွန်း ပြောင်ခဲ့ပေါ့။

ဝီလျံဝေါလေ့စ်ကိုကြည့်ရင်း ကျွန်တော်တို့တိုင်းပြည်ရဲ့ သမိုင်းကြောင်းတစ်လျှောက် ထွန်းတောက်ခဲ့တဲ့ သူရဲ ကောင်းတွေနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်။ ဒါ့ထက်မက ကမ္ဘာ့သမိုင်းစာမျက်နှာပေါ်မှာ ထွန်းခဲ့တောက် ခဲ့တဲ့ သူရဲကောင်းအသီးသီးနဲ့လည်း နှိုင်းယှဉ်ချိန်ထိုးကြည့်မိပါတယ်။ သူရဲကောင်းတွေဆိုတာ ကောင်းကင်ပေါ်က ကြယ်တွေလိုပါလား။ အပြိုင်းအရိုင်း၊ အပြိုင်အဆိုင် ထွန်းနေ တောက်နေလိုက်တာ။

သူတို့ရဲ့ ကိုယ့်ကျိုးစွန့်မှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုတွေဟာ သာမန်လူတွေ မော့ကြည့်ရတဲ့ ကြယ်ပွင့်တွေပေါ့၊ သူတို့ရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်တဲ့အခါ ကျွန်တော်တို့ထက် ခေါင်းတစ်လုံး ပိုမြင့်တဲ့ ကြီးကျယ်ခမ်းနားတဲ့ ဧရာမလူကြီးတွေလို ခံစားရတယ်။ ဒါကြောင့်လည်း သူတို့ဟာ သူရဲကောင်းတွေရယ်လို့ ဖြစ်ကြရတာပေါ့။ သာမန်လူတွေထက် ထူးတဲ့ကဲတဲ့ သတ္တိတွေ ရှိတာကိုး။ ဝီလျံဝေါလေ့စ်အကြောင်း ပြောပါဦးမယ်။ ဝီလျံဝေါ လေ့စ်ဟာ သူ့အသက်စွန့်ကာကွယ်ပေးနေတဲ့ စကော့တလန်ဘုရင်ရဲ့သစ္စာဖောက်မှုကြောင့် နောက်ဆုံး အဖမ်း ခံခဲ့ရတယ်။

သူ့ကို အင်္ဂလိပ်တွေက ခေါင်းဖြတ် သတ်မှာပါ။ ဒါပေမယ့် မသတ်ခင် နည်းအမျိုးမျိုးနဲ့ နှိပ်စက်တာခံမလား၊ အေးအေးချမ်းချမ်း အသတ်ခံမ လားဆိုပြီး လမ်းနှစ်သွယ်ကို ရွေးခိုင်းတယ်။ သေရမယ့်အတူတူ နှိပ်စက် မခံချင်တော့ဘူးဆိုရင် အင်္ဂလန် ပြည့်ရှင် ဘုရင်ကို တောင်းပန်ရမယ်ပေါ့။ ဝီလျံက ငြင်းဆန်တယ်။ ရန်သူကို ဘယ်တော့မှမတောင်းပန်ဘူး။ ပါးကွက်သားဟာ နည်းမျိုးစုံနဲ့ ဝီလျံကို နှိပ်စက်ပါတော့တယ်။ အော်ဟစ်ဆူညံပြီး ပြက်ရယ်ပြု လှောင်ပြောင်ကာ အရသာခံကြည့်နေတဲ့ အင်္ဂလိပ်တွေတောင် မကြည့်ရဲတော့လောက်အောင် နှိပ်စက်မှုတွေ ပြင်းထန်လာတဲ့အထိ ဝီလျံအလျှော့ မပေးဘူး။

နောက်ဆုံးမှာ ခိုးကြောင်ခိုးဝှက်နဲ့လာကြည့်တဲ့ သူ့ရဲဘော်ရဲဘက်တွေကတောင် ဝီလျံရယ် စိတ်လျှော့လိုက် ပါတော့ မင်းသေရမယ့်အတူတူ ဒီလောက်အဆင်းရဲမခံပါနဲ့တော့လို့ ညည်းညူမိတဲ့ အထိဖြစ်လာတယ်။ ဒါပေ မယ့် ဝီလျံက တစ်ခွန်းတစ်ပါဒမှ မတောင်းပန်ဘူး။ အင်္ဂလိပ်တွေက "တောင်းပန်လိုက်၊ တောင်းပန်လိုက်"လို့ ဝိုင်းအော်ကြတယ်။ သူတို့တွေရဲ့ ညာသံပေးအသံတွေကြားမှာ လည်မျိုထဲက အားယူတဲ့အသံတစ်သံနဲ့ ဝီလျံက တစ်စုံတစ်ခု ကိုပြောဖို့ ကြိုးစားလိုက်တယ်။ ပါးကွက်သားဟာ ပရိသတ်ကို ဟန့်လိုက်တယ်။

"ခဏတိတ်ကြစမ်း၊ တရားခံက တစ်ခုခုကိုပြောဖို့ လုပ်နေတယ်။ သူ တောင်းပန်တော့မယ်ထင်တယ်"တဲ့။ ဟုတ်ပါတယ်။ လည်မျို ထဲက ဟိုးအတွင်း ရင်ခေါင်းထဲက သူ့နှလုံး အိမ်ထဲက အားယူပြီးထွက်လာတဲ့အသံနဲ့ ဝီလျံဟာ အသံကုန်ဟစ်လိုက်ပါသည်။ "ပြည်သူ့လွတ်မြောက်ရေး" "Free... dom"တဲ့။ ပါးကွက်သားဟာ စိတ်ပျက်လက်ပျက်နဲ့ ဝီလျံရဲ့ခေါင်းကို ဖြတ်ချလိုက်ပါတော့တယ်။ အမှန်တရားအတွက် သူရဲကောင်းတစ် ယောက်ရဲ့နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်သွားခဲ့တာကို ကျွန်တော်တို့ဟာ ကြက်သီးမွေးညင်း များထစွာနဲ့ ကြည့်ခဲ့လိုက်ရပါတယ်။ အဲဒါ သူရဲကောင်းပါ။ အမှန်တရားအတွက် သူ့ ပြည်သူလူထု အတွက် သူ့အမျိုးသား တွေအတွက် သူ့တိုင်းပြည်အတွက် သူ့ရဲ့အသက်ကို အဲဒီလိုပေး ဆပ် သွားပါတယ်။

ပေးဆပ်သွားတာတောင် နောက်ဆုံးထိတိုင် နောင်လာနောင်သားတွေအတွက် သတ္တိအမွေ ချန်ထားရစ်ပြီး ရင်ဆိုင်သွားလိုက်တာ။ ဝီလျံဝေါလေ့စ်ရဲ့မတုန်မလှုပ်၊ နှိပ်စက်သမျှကို အံတုခံပြီး သူ့ဆန္ဒကို ဖော်ထုတ်ပြသ သွားခဲ့တာကို ကြည့်ပြီးတော့ ကျွန်တော် သူရဲကောင်းဆိုတာတွေကို ကြည်ညိုစိတ်တွေ တဖွားဖွားပေါ်လို့ နေခဲ့ပါတယ်။ ခက်တာက ကိုယ်တိုင်က အဲဒီလို အနှိပ်အစက်ခံဖို့မပြောနဲ့ ဟိုတစ်နေ့က အုန်းလွဲပြီး ဇက်ခိုင်း နေတာတောင် မီဂသီလိမ်းလိုက်၊ ဦးစိုင်းလိမ်းလိုက်၊ ဆရာခိုပွတ်လိုက်နဲ့ ကုလို့ကိုမဆုံးနိုင်ဘူး။ ဒီတော့ ဝီလျံ ဝေါလေ့စ်ကို အားကျပေမယ့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို ကြိုက်သလိုပဲ ကြိုက်မိပါတယ်။

သူရဲကောင်းဆိုတာ ကျွန်တော်တို့လို သာမန်လူတွေအတွက်တော့ အပုံကြီးဝေးပါတယ်။ သူတို့က ကောင်းကင် က ကြယ်တွေလေ။ သူရဲကောင်း တွေနဲ့ဝေးပေမယ့် ဆရာ့ရဲ့လာမယ့်ဘေးကို ဘယ်လိုပြေးတွေ့ရမလဲဆိုတဲ့ အတွေးကလည်း တအုံ့နွေးနွေး အတောမသတ်တွေးနေမိပြန်။ တွေးရင်း ဟိုတစ်လောက ကြည့်မိတဲ့ ရော်ဘင်ဝီ လျံရဲ့လူလိမ်ဂျေကော့ဗ် Jockob the liar ဆိုတဲ့ ဇာတ် ကားကို သွားသတိရမိပြန်တယ်။

ဇာတ်လမ်းက ပိုလန်နိုင်ငံကို နာဇီဂျာမနီတွေ သိမ်းပိုက်ထားပြီး ဂျူးလူမျိုးတွေကို ဂတ်တိုလို့ခေါ်တဲ့ မြို့စွန်ရပ် ကွက်တစ်ခုထဲ ပိတ်လှောင်ထားတဲ့ကာလ၊ အဲဒီဂတ်ကို အခြေပြုပြီး ဇာတ်တည်ထားတာပါ။ နာဇီတွေဟာ ပိုလန်နိုင်ငံအပါအဝင် သူတို့သိမ်းပိုက်နယ်မြေတွေက ဂျူးလူမျိုးမှန်သမျှကို မြို့စွန်ရွာစွန်တွေမှာ သီးခြားရပ်ကွက် တစ်ခုဖွဲ့ပြီး နေစေခဲ့တယ်။ အဲဒီလို နေစေခဲ့တဲ့အပြင် အဲဒီဂျူးလူမျိုးတွေကို အဲဒီရပ်ကွက်တွေထဲကနေ အပြင် လုံးဝမထွက်နိုင်အောင် အုတ်တံတိုင်းကြီး ခတ်ပြီး ပိတ်လှောင်ထားခဲ့တယ်။ 

ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမတတ်၊ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ဂျူးဖြစ်တယ်ဆိုတာနဲ့ ဂျူးသွေး ပါတယ်ဆိုတာနဲ့ အဲဒီလိုနေရပါတယ်။ သူတို့ဂျာမန်တွေရဲ့စက်ရုံတွေ၊ ဆောက်လုပ်ရေး စက်ရုံတွေမှာ မနက် မနက်ဆို လုပ်ငန်းခွင်ဝင်ရတယ်။ အလုပ်စခန်းမှာပဲ မသေရုံတမယ် ကျွေးမွေးထားတာ ခံရတယ်။ စစ်မဖြစ်ခင်က ဘယ်လို အသက်မွေးဝမ်းကျောင်း မှုမျိုးပဲ လုပ်ခဲ့လုပ်ခဲ့ အဲဒီကာလမှာ သူတို့ခိုင်းတဲ့ အလုပ်ကြမ်းတွေ လုပ်ရ တယ်၊ သတ်မှတ်ချိန်မပြီးရင် အရိုက်အနှက်ခံရ၊ အစားအသောက် အဖြတ်ခံရတာတွေ ရင်ဆိုင်ရတယ်။ 

အဲဒီလိုအခြေအနေမျိုးတွေအောက်မှာ နှစ်ရှည်လများနေလာခဲ့ရတော့ ဂျူးလူမျိုးတွေဟာ တစ်ယောက် ပြီးတစ် ယောက် စိတ်ဓါတ်ကျဆင်းမှုတွေ အာဟာရချို့တဲ့မှုတွေနဲ့ ရောဂါတွေအမျိုးမျိုးဝင်ပြီး သေခဲ့ရတယ်။ ဂျာမန် စစ်ဗိုလ်စစ်သားတွေက စိတ်မထင်ရင် မထင်သလို ခွေးလိုကြောင်လို လူမြင်ကွင်းလမ်းပေါ်မှာ ပစ်သတ်တာကို လည်းခံရတယ်။ ဒီလိုနည်းနဲ့ ဇနီးဆုံးပါးသွားတဲ့ ခင်ပွန်းသည်တွေ ခင်ပွန်းဆုံးပါးသွားတဲ့ ဇနီးသည်တွေ၊ မိဘမဲ့ ကလေးတွေ၊ သားထောက်သမီးခံ မရှိတော့တဲ့ အိုမင်းမစွမ်းတွေဟာ တစ်နေ့ထက် တစ်နေ့ အဲဒီဆိုးရွားလှတဲ့ ဘဝကို စွန့်ခွာကျောခိုင်းတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေကုန်ကြတယ်။ မနက် မနက် ဟိုအိမ်ကတစ်လောင်း သည်အိမ်ကတစ်လောင်း အလောင်းလိုက်ကောက်တဲ့လူတွေဟာ ပုံမှန်လေးငါးဆယ်လောင်း ကောက်ကြရ ပါတယ်။
အဲဒီလိုအခြေအနေမျိုးကာလတစ်ခုမှာ ၁၉၄၅ ဒုတိယ ကမ္ဘာစစ်ကြီးပြီးလုပြီးခင်ကာလ၊ ပိုလန်နိုင်ငံရဲ့ ဂတ်တို အကျဉ်းစခန်းတစ်ခုရဲ့ ညနေခင်းတစ်ခုမှာ ဒီဇာတ်လမ်းဟာ စခဲ့ပါတယ်။ အချိန်ကတော့ ကာဖျူးဥသြဆွဲလု ဆွဲခင်ပါပဲ။ ဂတ်တိုတစ်ခုလုံး ဂျူးတွေအားလုံး သုတ်သီးသုတ်ပြာနဲ့ ကိုယ့်အိမ်ကိုယ့်ရာကို ရောက်အောင် ပြန်နေကြချိန်မှာ ဂျေကော့ဗ်ဟာ အေးအေး ဆေးဆေးပဲ အကျဉ်းစခန်း အပြင်က သစ်ပင်ကိုငေးနေတယ်။ ဘဝမှာ ဘာတစ်ခုမှ မက်မောတွယ်တာမှု မရှိတော့တဲ့ မျက်နှာပေးမျိုးနဲ့ ဘာကိုမှ အလေးအနက် မထားတော့တဲ့ မျက်နှာပေးမျိုးနဲ့ပေါ့။ 

ဂျေကော့ဗ်ဟာ ကွယ်လွန် (အသတ်ခံရတဲ့) ခဲ့တဲ့ သူ့ဇနီးကို လွမ်းဆွတ်နေတာလား၊ ပိတ်ထားရတာ ကြာပြီ ဖြစ်တဲ့ သူ့ရဲ့ကော်ဖီဆိုင်လေးကိုပဲ အောက်မေ့တာလား၊ ဘာရယ်မှန်းမသိ တောင်စဉ်ရေမရ ငေးနေစဉ်မှာပဲ လေထဲ တဖျပ်ဖျပ်လွင့်လာတဲ့ သတင်းစာတစ်ရွက်ဟာ ဂတ်တိုရဲ့နံရံတံတိုင်းကို ကျော်လို့ဝင်ရောက်လာ ပါတယ်။ ခုနက မှုန်ရီမှောင်မှိုင်းလို့နေတဲ့ ဂျေကော့ဗ်ရဲ့မျက်နှာဟာ ချက်ချင်းပြောင်းလဲသွားတယ်။ သူ့မျက်လုံး တွေဟာ အရောင်တဖိတ်ဖိတ်တောက်သွားတယ်။ တစ်နေ့တစ်နေ့ တဖြုတ်ဖြုတ်သေနေတဲ့ ဂျူးလူမှုအဖွဲ့ အစည်းအပြင်က ရောက်လာတဲ့ အဲဒီသတင်းစာထဲက သတင်းတွေဟာသူ့ကို ဆွဲဆောင်လို့နေတယ်။ 

ဂျေကော့ဗ်ဟာ သတင်းစာရွက်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတယ်။ သူသတိမထား လိုက် တာကတော့ သူလိုက်နေတဲ့အချိန်မှာပဲ ခုနက မှောင်စပျိုးလု ညနေကနေ မိုးစုန်းစုန်းချုပ်သွားတယ် ဆိုတာပါပဲ။ လေကလည်း လေရူးဆိုတော့ သတင်းစာရွက်ဟာ ဟိုမှာကျတော့မလို၊ ဒီမှာ ငြိတော့ မလိုလိုနဲ့ နောက်ဆုံး ဂျာမန်ဂတ်စတာပိုဂိတ်ဝထိ ရောက်သွားပါတော့တယ်။ သတင်းစာ စာရွက်ကို မီလုမီချင်ဖြစ်တဲ့အချိန်မှာပဲ သူ့ခေါင်းပေါ်က အလင်းရောင်တန်းကြီးတစ်ခု ကျရောက်လို့လာပါတယ်။ 

အဲဒီ အလင်းရောင်တန်းကြီးက ကောင်းကင်ဘုံက ဘုရားသခင်က ကောင်းချီးပေးသနားတဲ့ ကယ်တင်ခြင်း အလင်းရောင်တော့ မဟုတ်ပါဘူး။ သေမင်းတမန် ဂတ်စတာပိုဂိတ်ထဲက မီးမောင်းကြီးနဲ့ထိုးထားတာပါ။ အချိန်က ကာဖျူးချိန်ရောက်နေပါပြီ။ ဂိတ်ကင်းထဲက ဂျာမန်စစ်သားဟာ ဒီနေ့ညမှ သဘောကောင်းပြီး ဂျေကော့ဗ်ကို တစ်ခါတည်း ပစ်မသတ်လိုက်ဘဲ ဘာကြောင့် အပြင်ရောက်နေတယ်ဆိုတာ အဲဒီနေ့ညတာဝန်ကျ တဲ့ ဂတ်စတာပိုအရာရှိဆီမှာ ကိုယ်တိုင်သွားရှင်းချေလို့ လွှတ်လိုက်ပါတယ်။ ဂတ်စတာပိုရုံးလို့ခေါ်တဲ့ ဂျာမန် ထောက်လှမ်းရေးရုံးထဲကို ဂျေကော့ဗ် ဝင်လာတာနဲ့ သွေးရဲရဲ သံရဲရဲ နှိပ်စက်ခံထားရတဲ့သူတွေ၊ တံခါးပိတ်ထား တဲ့အခန်းတွေထဲက အော်သံဟစ်သံ ရိုက်သံနှက်သံ ညည်းတွား သံတွေကို ကြားရမြင်ရတော့တာပါပဲ။ 

အရာရှိရဲ့ရုံးခန်းထဲကို ဝင်သွားတဲ့အခါမှာ အရာရှိက အခန်းထဲရှိမနေပါဘူး။ သီချင်းတညံညံထွက်နေတဲ့ ရေဒီယို ရယ်၊ စားပွဲပေါ်မှာ ပိုးလိုးပက်လက်တင်ထားတဲ့ ပစ္စတို သေနတ်ရယ်၊ စားလက်စ သားငါး ဝက်အူချောင်းတွေနဲ့ ထမင်းပွဲရယ် ရှိနေပါတယ်။ ဂျေကော့ဗ်ဟာ သူရဲကောင်း တစ်ယောက် လူစွန့်စားတစ်ယောက်မဟုတ်ပါဘူး ဆိုတာ စားပွဲပေါ်က ပစ္စတိုသေနတ်ကို ကောက်မ ယူလိုက်တာက ပြလိုက်ပါတယ်။ 

တကယ်လို့ သူ့အသက်နဲ့ ဂျာမန်ဂတ်စတာပို စစ်ဗိုလ်တစ်ယောက်ရဲ့အသက်ကိုလဲပြီး ဂျူးလူမျိုးတွေရဲ့ ရာဇဝင် ကြွေးကိုဆပ်မယ့် ဂျူးလူမျိုးတွေရဲ့သတ္တိကိုပြမယ့် သူရဲကောင်းတစ်ယောက်ဆိုရင် ဂျေကော့ဗ်ဟာ ပစ္စတိုသေ နတ်ကို ကောက်ယူလိုက်မှာပါ။ ဒါပေမယ့် အဲဒီစားပွဲပေါ်မှာ ဂျေကော့ဗ် တကယ်စိတ်ဝင် စားမိတာ ဝက်အူ ချောင်းအပါအဝင် သူမစားရတာ အတော်ကြာပြီဖြစ်တဲ့ အမဲဟင်းလျာ သားငါးစုံလင် ထမင်းပွဲပါ။ အသားတုံး လေး တစ်တုံးကို နှိုက်စားမိဆဲဆဲ လက်တပြင်ပြင်ဖြစ်နေတဲ့အချိန်မှာ ရေဒီယိုက သီချင်းသံ ဟာရပ်သွားပါ တယ်။ 

အရေးပေါ်သတင်းတစ်ရပ်ကို ကြေငြာလိုက်ပါတယ်။ ရုရှားတပ်နီတွေရဲ့ ထိုးစစ်ဟာ ပိုလန်နိုင်ငံ ထဲရောက်လို့ နေပြီတဲ့။ သွားရည်တများများ ကျနေအောင် စားချင်သောက်ချင် စိတ်တွေ ရပ်သွားပြီး ဂျေကော့ဗ်တစ်ယောက် ရေဒီယိုနာကိုကပ်သွားလိုက်ပါတယ်။ ဒါရိုက်တာက လူဆိုတာ ရုပ်အာဟာရထက် စိတ်အာဟာရကို ပိုလိုလား တယ်လို့ ပြချင်တဲ့သဘောလို့ ယူဆမိပါတယ်။

ဂျေကော့ဗ် ခုနက ဝက်အူချောင်းတွဲကြီးကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင် သဘောမထားတော့ပါဘူး။ သတင်း ထဲ ကြေညာသွားတဲ့မြို့နာမည်ကို မြေပုံမှာထောက်ပြီးရှာတယ်။ သူတို့ အဖမ်းခံထားရတဲ့ ဂတ်တိုစခန်းနဲ့ သိပ် မဝေးဘူး ဆိုတာ သိလိုက်ရတဲ့အခါမှာ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ဆုတောင်း နေမိတယ်။ လောလော ဆယ် ဂတ်တိုထဲရောက်နေရတယ်ဆိုတာတောင် သူမေ့လို့သွားပါတော့တယ်။ အဲဒီတစ်ချိန်တည်းမှာ ဂျေကော့ဗ် တို့ ဂတ်တိုစခန်းရှေ့မှာ ဖြတ်သွားရတဲ့ ရထားကြီးတစ်စင်းပေါ်က အသက် ၁၀ နှစ်ဝန်းကျင်လောက်ပဲရှိတဲ့ ဂျူးမလေးတစ်ယောက်ဟာ ထွက်ပြေးလွတ်မြောက်လို့လာပါတယ်။ 

ရထားတွဲရဲ့ကြမ်းပေါက်ကျဉ်းကျဉ်းလေးကနေ သူ့ကိုယ်သေးသေးလေးကို လျှိုဆင်းခိုင်းပြီး သူ့အဖေနဲ့ အမေ တွေဟာ သူ့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးလို့၊ မိသားစုဓါတ်ပုံလေးကို ကမ်းပေးလိုက်ပြီး တို့တွေ မကြာခင်ပြန်ဆုံကြပါ့မယ်လို့ကွယ်လို့လည်း ကလေးကို ကတိတွေအထပ်ထပ်ပေး သွားကြတယ်။ ဒါပေမယ့် သူတို့ရထားကြီး ဦးတည်နေတာ အဆိပ်ငွေ့တွေ့နဲ့ ဂျူးတွေကိုအစုလိုက်အပြုံ လိုက်သတ်တဲ့ လူသတ်စက်ရုံကြီး ဆီကိုပါ။ "မင်း ဒီကို ဘယ်လိုရောက်နေတာလဲ" အရာရှိဟာ သူ့ရုံးခန်းထဲရောက်နေတဲ့ ဂျူးတစ်ယောက်ကို တွေ့လို့ အံ့အားတကြီးမေးလိုက်တယ်။

သူ့ရဲ့ ကိုယ်ပိုင် အချိန်မှာ အဖော်လုပ်ပေးမယ့် သူ့ချစ်သူမိန်းမတစ်ယောက်ကလည်း သူနဲ့အတူ ရုံးခန်းထဲကို ဝင်လာတယ်။ ဂျေကော့ဗ်က အထစ်ထစ်အငေါ့ငေါ့ ရှင်းပြတယ်။ သူ ကာဖျူးချိန် နောက်ကျသွားတဲ့အကြောင်း၊ ဒါပေမယ့် ၈ နာရီထိုးဖို့ မိနစ်အနည်းငယ်လိုပါသေးကြောင်း၊ အခု အရာရှိရုံးခန်းထဲက နာရီတွေဟာ ၈ နာရီ မထိုးသေးပါဘူးတဲ့။ "ဒီတော့ ကျုပ်က ဘာလုပ်ပေးရမလဲ" "ဆရာ့အနေနဲ့ ဆုံးဖြတ်ချက်ချပေးဖို့ပါ" "ကျုပ်က ဘာဆုံးဖြတ်ပေးရမှာလဲ" "ဟို ကျွန်တော်နဲ့ပတ်သက်လို့ အပြစ်တစ်ခုပေးသင့် မသင့်၊ ဒါမှမဟုတ်လည်း ဘာမှအရေးမယူဖို့ပါ" ဂျာမန်အရာရှိဟာ နာရီကိုကြည့်လိုက်တယ်။

၈ နာရီထိုးဖို့ ၃ မိနစ်။ သူကြည့်ရင်းနေရင်းပဲ ၂ မိနစ် ကျန်တော့တယ်။ "လောလောဆယ်တော့ ၈ နာရီမထိုး သေးဘူး၊ ၃ မိနစ် လိုသေးတယ်။ ဟော ၂ မိနစ်ပဲ ကျန်တော့တယ်" "ဟဲ ဟဲ ဆရာက အရမ်းရယ်စရာ ပြောတတ်တာပဲ" ဂျေကော့ဗ်ဟာ ရယ်လို့ပြောပေမယ့် ကြောက်လွန်းလို့ တုန်ရီနေတယ်။ ၈ နာရီထိုးရင် သူဟာ သေလူ ဖြစ်သွားပြီ။ အရာရှိရဲ့ချစ်သူဟာ အရာရှိကို ပွတ်သီးပွတ်သပ်နဲ့ ချော့မြူနေတယ်။ ဒီအရေးမပါတဲ့ ဂျူးနဲ့ အချိန်တွေ အများကြီးမဖြုန်းနဲ့ကွယ်ဆိုတဲ့ သဘောမျိုးဖြစ်ချင်ဖြစ်မှာပေါ့။ 

ဒါပေမယ့် ဒီလုပ်ရပ်ဟာ အရာရှိကို အတော်အသင့် စိတ်နှလုံး နူးညံ့စေတဲ့အကြောင်းအရာတစ်ရပ် ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်မှာပဲ ကာဖျူးအချက်ပေးတဲ့ဥသြသံမြည်လို့လာတယ်။ "မင်း အိမ်ကို ဒီကနေပြန်ရင် ဘယ်လောက်ကြာမလဲ" "၁၀ မိနစ်လောက်ကြာပါတယ် ဆရာ" "ကောင်းပြီလေ မင်းကံပဲပေါ့ ခုပြန်တော့" "ဗျာ" "ခု မင်းပြန်တော့" ဥသြသံနဲ့အတူ ဂျေကော့ဗ်ဟာ ပြေးထွက်လာတယ်။ ဂတ်စတာပိုရုံးအပြင်ရောက်တာနဲ့ ဂတ်တိုကို သွားတဲ့ ဝင်းတံခါးတွေကို အသီးသီးပိတ်လိုက်ပြီး အယ်လ်ဇေးရှင်းခွေးတွေနဲ့ ကင်းလှည့်နေတဲ့ ဂျာမာန် စစ်သားတွေကို သူတွေ့လိုက်တယ်။ 

ဂျေကော့ဗ်ဟာ ဂတ်စကာပိုရုံးဝက စစ်သားတွေကို လှည့်ပြောလိုက်တယ်။ "ဟို ဟို ကျေးဇူးပြုပြီး ကျွန်တော် ညထွက်ခွင့် အမိန့်စာရွက်လေး ရနိုင်မလား" စစ်သားတွေဟာ ရုံးတံခါးကိုပိတ်လိုက်ကြတယ်။ ခုချိန်မှာ ဂျေကော့ဗ်တစ်ယောက် ရွေးချယ်စရာလမ်းမ ရှိတော့ပါဘူး။ ဂျာမန်ကင်းတပ်ဖွဲ့ကတော့ သူ့ကိုတွေ့တာနဲ့ ချက်ချင်းအမေးအမြန်းမရှိ ပစ်သတ်ကြမှာ ပါ။ "ဒီလိုအချိန်မျိုးကြီး ဂတ်တိုအပြင်ကို ရောက်နေတာလောက် မိုက်မဲတာမရှိဘူး။ 

ငါတော့ လမ်းပေါ်မှာ ခွေးသေဝက်သေ သေရတော့မယ်၊ ငါ ဘယ်လိုလုပ် ဂတ်တိုထဲပြန်ဝင်ရမလဲ၊ အိုး ဂျူးဘုရားတွေ ငါ့ကို ကြွတ်ဖြစ်အောင် လုပ်ပေးကြပါ။ ငါကြွတ်ဖြစ်မှ အသက်ရှင်ခွင့်ရတော့မယ်" ဂျာမန်ကင်းတဲ တွေဆီက မီးမောင်းတွေဟာ ပတ်ချာလည်လှည့်ရမ်းပြီး ရှာနေတယ်။ မီးရောင်တစ်ဖက်ကို ရောက်သွားတဲ့ အချိန်မှာ ဂျေကော့ဗ်ဟာ ရထားတွဲတွေနောက် ပုန်းနေရာက ပြေးထွက်သွားဖို့ လုပ်လိုက်တယ်။ "ခဏ နေဦးလေ" ဘယ်အချိန်ကတည်းက သူ့နောက်မှာရောက်နေမှန်းမသိတဲ့ ဂျူးမလေးဟာ ဂျေကော့ဗ်ကို ဟန့် လိုက်တယ်။

ဂျေကော့ဗ်ဟာ လိပ်ပြာလွင့်သွားမတတ် လန့်ဖျပ်လို့သွားတယ်။ "မင်း မင်း ဘယ်သူလဲ" နောက်တော့ ဂျူးမ လေးက သူ ရထားပေါ်က ဆင်းပြေးလာတာပါ။ ဂတ်တိုထဲကို ဦးနဲ့အတူလိုက်ပါရစေ လို့ ခွင့်တောင်းတယ်။ "ငါနဲ့ ဟုတ်လား၊ ဘာဖြစ်လို့ ငါနဲ့လိုက်ချင်တာလဲ" "အင်းလေ တခြားဘယ်သူရှိလို့လဲ" ဒီတော့မှ ကာဖျူးချိန် မှောင်ထဲ သူနဲ့ဂျူးမလေးနှစ်ယောက်တည်းဆိုတာ သတိထားမိပြီး ဂျေကော့ဗ်တို့ဟာ ဂတ်တိုထဲကို မီးရောင်တွေ ကို ရှောင်ကွင်းပြီး ပြန်ဝင်လာခဲ့ကြတယ်။

သွေးရူးသွေးတန်းနဲ့ ခြံစည်းရိုး သံဇကာကွက်ကို ကျော်တက်ဖို့လုပ်နေတဲ့ ဂျေကော့ဗ်ကို အဲဒီကလေးမလေးကပဲ ခွေးတိုးပေါက်ကို ပြခဲ့တယ်။ ဒီလိုနဲ့ သူတို့တွေ ဂတ်တိုထဲရောက်လာတော့ အလောင်းကောက်တဲ့ ဂျူးရဲတွေနဲ့ တွေ့လို့ ဓါတ်ရ ထားပျက်ကြီး တစ်ခုပေါ် တက်ပုန်းကြရပြန်တယ်။ ဂျူးရဲတွေ ကျော်သွားတဲ့အခါမှာ- "ကဲ မင်း ငါ့ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ငါ့ကိုပြန်ခွင့်ပြုပါတော့။ ငါ အရမ်းကို ပင်ပန်းနေလို့ပါ"လို့ နှုတ်ဆက်ပြီး ဂျေကော့ဗ်ထွက်လာခဲ့ပါတယ်။ ကလေး မလေးက ဓါတ်ရထားကိုတော့ ကျွန်မကို အသုံးပြုခွင့်ပြုမယ် မဟုတ်လားလို့ ပြန်မေးခွန်းထုတ်ပြီး ဓါတ်ရထား မောင်းတမ်းဆော့လို့ ကျန်ခဲ့ပါတယ်။ တကယ်လို့ နောက်တစ်ကြိမ် ထပ်ပတ်လာမယ့် ဂျူးရဲတွေ၊ ဒါမှ မဟုတ် နာဇီစစ်သားတွေနဲ့တွေ့ရင် တွေးရဲစရာမရှိအောင် အသေဆိုးနဲ့ သေရမှာပါ။ နောက်ဆုံးတော့ ဂျေကော့ဗ်ဟာ ကလေးမလေးကို သူ့အိမ်ဆီ ခေါ်လာခဲ့တယ်။ အထပ်ခိုးပေါ်မှာတင်ပြီး ပုံပြင်စာအုပ်ဟောင်းတစ်အုပ်ကို ပေးတယ်။

အဆာပြေဖတ်ဖို့တဲ့။ အောက်ထပ်ကို သူဆင်းလာပြီး သူ့မိန်းမရဲ့ ဓါတ်ပုံရှေ့မှာ အင်္ကျီပြဲ၊ ဘောင်းဘီပြဲလေးတွေ ချုပ်ရင်းပြောပြတယ်။ မင်း စဉ်းစားကြည့်၊ ငါရော၊ မင်းရော ကလေးလိုချင်ခဲ့ပါတယ်။ ဒါပေမယ့် ခုလို ကိုယ်တိုင် ဘယ်နေ့ ဘယ်အချိန် ဘယ်လိုသေရမှန်းမသိတဲ့ အချိန်မျိုးမှာတော့ ငါ ကလေးတစ်ယောက်ကို ဘယ်လိုမွေးနိုင် မလဲတဲ့။ နောက်နေ့မနက်ရောက်တဲ့အချိန်မှာ ဂျေကော့ဗ်ဟာ သူ့သူငယ်ချင်း ဆံသဆရာ ကိုဝေါ့စကီးဆီသို့ သွား ပါတယ်။

ကိုဝေါ့စကီးနဲ့ ဂျေကော့ဗ်တိုပဟာ သူငယ်ချင်း အရင်းအချာတွေဖြစ်ကြတဲ့အလျောက် ဂျေကော့ဗ်ကို ကိုဝေါ့စကီး က နေ့တိုင်း မုတ်ဆိတ်ရိတ်၊ ဆံပင်ညှပ်ပေးတယ်။ အခြေအနေကောင်းလို့ ဂျေကော့ဗ်ကော်ဖီဆိုင်လေး ပြန်ဖွင့်ဖြစ်ရင် ကိုဝေါ့စကီးက စာရင်းမှတ်ထားတဲ့အတိုင်း အလကားလာ သောက်မယ်တဲ့။ 

ဒီနေ့မနက်ကျတော့ ကိုဝေါ့စကီးက ဆိုင်တံခါးကို ပိတ်ထားပါတယ်။ ဂျေကော့ဗ်က တဝုန်းဝုန်း ထုတဲ့အခါမှာ ပေးမဖွင့်လို့ ဇွတ်အတင်းဝင်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီး သတ်သေဖို့ လုပ်နေတဲ့ ကိုဝေါ့စကီးကို တွေ့လိုက်ပါတော့တယ်။ ဂျေကော့ဗ်ဟာ သူငယ်ချင်းဖြစ်သူကို အမျိုးမျိုး ဖျောင်းဖျပြီး ကိုယ့်ကိုယ်ကို သတ်မ သေဖို့တာပါတယ်။ ဒါပေမယ့် ကိုဝေါ့စကီးက ခါးခါးသီးသီးပဲ။ သူဆုံးဖြတ်ပြီးပြီတဲ့။ နာဇီတွေရဲ့နှိပ်စက်မှုတွေကို ဆက်ခံမယ့်အစား သေလိုက်မယ်လို့ ဆုံးဖြတ်ပြီးပြီ၊ နောက်ဆုံး ဂျေကော့ဗ်က စကားတစ်ခွန်းပြောလိုက်တယ်။ 

"အေးလေ မင်း ဆုံးဖြတ်ပြီးပြီ၊ တားမရဘူးဆိုရင်လည်း သေပေါ့၊ ဒါပေမယ့် မင်းသိထားဖို့က ရုရှားတွေဟာ တို့ရဲ့ဂတ်တိုနဲ့ ကီလိုမီတာ ၄၀၀ ပဲကွာတဲ့ စစ်မြေပြင်မှာ ရောက်နေပြီကွ၊ မကြာခင် တို့လွတ်တော့မှာ၊ အဲဒီ အခါကျမှ လူတွေက ကိုဝေါ့စကီးကြီးဟယ်၊ ရက်ပိုင်းလေးပဲ အောင့်နိုင်စောင့်နိုင်ရင် လွတ်မှာလို့ ပြောကြမှာ ငါမြင်ယောင်သေးတယ်" လို့ပြောပြီး လှည့်ထွက်သွားမယ့် ဂျေကော့ဗ်ကို ကိုဝေါ့စကီးက အတင်းလိုက်ဆွဲပြီး မေးတယ်။

 "မင်း သေချာလား ပြောစမ်း။ မင်း ဒီသတင်းကို ဘယ်က ကြားတာလဲ၊ ဘယ်သူပြောတာလဲ" "ငါကိုယ်တိုင် ရေဒီယို နားထောင်ပြီး ကြားခဲ့တာကွ" "ဘာ" ကိုဝေါ့စကီးရဲ့စိတ်ထဲမှာ ဂျေကော့ဗ်မှာ ရေဒီယိုတစ်လုံးရှိတယ်လို့ ထင်သွားပါတော့တယ်။ လုပ်ငန်းခွင် ထဲမှာ နှစ်ယောက်တစ်တွဲ အလုပ်ဆင်းကြရပါတယ်။ ဘိလပ်မြေအိတ် တွေကို သယ်ပြီး ရထားတွဲပေါ် တင်ပေးကြရတယ်။ ဒီနေရာမှ ကိုယ်နဲ့တွဲတဲ့အဖော်က မလုပ်နိုင်တဲ့လူပဲဖြစ်ဖြစ်၊ မသန်မစွမ်း မကျန်း မမာတဲ့ သူပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ အလုပ်မပြီးရင် နှစ်ယောက်စလုံး ထမင်းမစား ရပါဘူး။ ဒါကြောင့် သန်သန်မာမာ ထွားထွားကျိုင်းကျိုင်း လူမျိုးကို လူတိုင်းက တွဲချင်ကြတယ်။ ဂျေကော့ဗ်ဟာ လက်ဝှေ့သမား မီရှဲလ်ကို အတွဲတွဲထားလိုက်နိုင်လို့ ဒီနေ့အဖို့ ကံကောင်းသူဖြစ်သွားပါပြီ။ ဒါပေမယ့် သူ့နောက် က လူမမာ အဘိုးကြီးမှာ တွဲမယ့်သူ မရှိပါဘူး၊ သူက ဂျေကော့ဗ်ကို တတွတ်တွတ်ခေါ်နေတယ်။ "ဂျေကော့ဗ် လာပါကွာ၊ ငါနဲ့တွဲပေးပါ၊ ငါ ထမင်းစားရမှဖြစ်မယ်" ဂျေကော့ဗ်ဟာ ကြာကြာတောင့်မထားနိုင်ပါဘူး၊ အဘိုးကြီး ကိုသွားတွဲပေးလိုက်ပါတယ်။ ဘိလပ်မြေ အိတ်တွေကိုသယ်ရင်း မီရှဲလ်ပျောက်နေလို့ ဂျေကော့ဗ်က လိုက်ရှာ ပါတယ်။ ဒီကောင် စီးကရက်ခိုး သောက်နေတာ ဖြစ်မယ်လို့ သူထင်နေတယ်။ 

ဒါပေမယ့် သူတွေ့လိုက်ရတဲ့မြင်ကွင်းက ထိတ်စရာ လန့်စရာပါ။ မီရှဲလ် တစ်ယောက် တူရွှင်းနဲ့ ရထားတွဲကြမ်း ပြင်ကိုခွာပြီး ထွက်ပြေးဖို့ လုပ်နေလို့ပါပဲ။ "မီရှဲလ် မင်း အဲဒီလို မလုပ်ပါနဲ့ကွာ" ဂျူးတစ်ယောက် လွတ်မြောက် သွားရင် ကျန်ခဲ့တဲ့ ဂျူးတစ်အုပ်စုလုံး အသတ်ခံရမှာပါ။ သူတို့နှစ်ယောက် ငြင်းရင်း ဆန်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို အပြင်က ဂျာမန်စစ်သားတစ်ယောက်က မြင်သွားတယ်။ "ဟေ့ ဟိုတွဲပေါ်က နှစ်ကောင် ဘာလုပ်နေတာလဲ" ဂျာမန်စစ်သားဟာ သေနတ်ကိုပြင်ပြီး တွဲနားကို ချဉ်းကပ်လာပါတယ်။

မီရှဲလ်က တူရွင်းးကိုဆလိုက်ပြီး ကြိမ်းဝါးလိုက်တယ်။ "လာစမ်း၊ မင်းကို အပါခေါ်သွားပြီး ငါ သေပွဲဝင်ပစ် လိုက်မယ်" သူသေရင် ဂျေကော့ဗ်လည်း မလွတ်နိုင်ပါ။ "မီရှဲလ် မီရှဲလ် မင်း ဒီလိုမိုက်ရူးရဲ မလုပ်ပါနဲ့ကွာ၊ ငါပြောတဲ့စကားကို သေချာနားထောင်ပါ၊ ဒီမှာ ဟေ့ကောင် ငါတို့ဂတ်တိုနဲ့ ကီလိုမီတာ ၄၀၀ ပဲကွာတဲ့ စစ်မြေပြင်မှာ ရုရှားတပ်တွေရောက်နေပြီကွ၊ မင်း ဘာဖြစ်လို့ အကျိုးမရှိဘဲ ကိုယ့်အသက်ကိုယ် ပြုန်းတီးခံချင် ရတာလဲ၊ ငါတို့ မကြာခင်မှာ လွတ်တော့မှာပါကွာ" "ခင်ဗျား ဒီသတင်းကို ဘယ်ကရလဲ" "ငါကိုယ်တိုင် နားနဲ့ ရေဒီယိုက နားထောင်ခဲ့တာပါကွာ" မီရှဲလ် အူမြူးသွားတယ်။ 

ဂျာမန်စစ်သားကို ပြုံးဖြဲဖြဲနဲ့ လက်မြှောက်ပြီး ရထားတွဲပေါ်က ဆင်းတယ်၊ ဂျာမန်စစ်သားက ဆဲရေးပြီး ရိုက်တာ တောင် အပြုံးမပျက်ဘူး။ သူတို့ လွတ်တော့မယ်ဆိုတဲ့ ယုံကြည်မှုကြောင့် သူ တော်တန်ရုံ ဆင်းရဲဒုက္ခတွေကို မမှုတော့ပါဘူး။ ဒါ့ထက် မီရှဲလ်ဟာ ဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပါသေးတယ်။ 

အဲဒါကတော့ မိန်းမသွားတောင်းတာပါပဲ။ မီရှဲလ်ဟာ သူ့ချစ်သူရဲ့အဖေ မစ္စတာဖရန့်ဆိုတာဆိုတဲ့ ဂျူးလူကြီး လူကောင်းကြီးဆီမှာ သူ့ချစ်သူနဲ့ လက်ဆက်ခွင့်ကို သွားတောင်းပါတယ်။ "မစ္စတာဖရန့်ဖို့တာ ကျွန်တော် ခင်ဗျား သမီးနဲ့ လက်ထပ်ပါရစေ" အားလုံးက ဘာပြောရမှန်းမသိအောင် ဖြစ်နေချိန်မှာ မစ္စတာဖရန့်ဖို့တာက မီရှဲလ်ကို ပြတင်းပေါက်နားကို ခေါ်သွားတယ်။ "ဟိုမှာတွေ့လား၊ လူတွေဟာ မီးလှုံဖို့ ထင်းမရှိ၊ အဝတ်အစားထူထူ ထဲထဲမရှိ၊ စားစရာ အာလူးမတောင် မရှိဘဲ ရှင်သန်နေကြရတယ်။ 

အဲဒါတွေမရှိတာထက် ငါတို့ဂျူးတွေမှာ အနာဂတ်မရှိဘူးဆိုတာ မင်းမသိဘူးလား၊ အနာဂတ်မရှိတဲ့ လူအဖွဲ့ အစည်းမှာ လက်ထပ်ဖို့ ထိမ်းမြားဖို့ မင်းမို့ စဉ်းစားတယ်" "ကျွန်တော်တို့မှာ အနာဂတ်ရှိပါတယ် မစ္စတာ ဖရန့်ဖို့တာ၊ ဒီစစ်ကြီးဟာ အချိန်တန်ရင် ပြီးသွားမှာပါ" "ဒါပေါ့ ဒါပေမယ့် ဘယ်လိုပြီးမလဲ၊ စစ်ကြီးပြီးတဲ့အထိ ငါတို့ရှိပါဦးမလားဆိုတာ မင်း အာမခံနိုင်လို့လား" "မကြာခင် ပြီးတော့မှာပါ မစ္စတာဖရန့်ဖို့တာ၊ ခု ကျွန်တော်တို့ မြို့နဲ့ ကီလိုမီတာ ၄၀၀ ကွာတဲ့ စစ်မြေပြင်ကို ရုရှားတပ်တွေ ရောက်နေပါပြီ" "ဟား မင်းကို ဘယ်သူပြောလဲ" "ဂျေကော့ဗ် ပြောပါတယ်" "ဂျေကော့ဗ် ဟုတ်လား၊ ဒီလောက် ပါးစပ်က ပေါက်တတ်ကရပြောတတ်တဲ့ လူမျိုးရဲ့ စကားကို မင်းက ဘာကြောင့် ယုံကြည်ရတာလဲ။

သူကကော ဘယ်လိုလုပ် သိတာလဲ" "ဂျေကော့ဗ်မှာ ရေဒီယိုတစ်လုံးရှိပါတယ် မစ္စတာဖရန့်ဖို့တာ၊ သူ ကိုယ် တိုင် ဒီသတင်းကို နားထောင်ခဲ့တာပါ" အားလုံး မင်သက်သွားကြတယ်။ ရေဒီယိုတစ်လုံးရှိခြင်းဟာ အသတ်ခံရ နိုင်တယ်ဆိုတာ သူတို့အားလုံး သဘောပေါက်ကြပါတယ်။ မီရှဲလ်ဟာ ပြောပြီးမှ အားလုံးကို တောင်းပန် လိုက်တယ်။ "ကျေးဇူးပြုပြီးတော့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောကြပါနဲ့၊ ဂျေကော့ဗ်မှာ အန္တရာယ်ဖြစ်မှာ စိုးလို့ ပါ" မစ္စတာဖရန့်ဖို့တာဟာ ဘာစကားမှ ဆက်မပြောတော့ဘဲ အခန်းထဲကို ဝင်သွားတယ်။ သူ့အဝတ် ဟောင်းဗီရိုထဲက အောက်ဆုံးမှာဖွက်ထားတဲ့ ရေဒီယိုကို ထုတ်လိုက်တယ်။ သူ့ဇနီးက အံ့သြတကြီးနဲ့ အော် တယ်။ "ဟင် အဖေကြီး ရှင် ရေဒီယိုကို သိမ်းထားတယ်၊ ကျွန်မကို လုံးဝ မပြောဘူး" မစ္စတာဖရန့်ဖို့တာဟာ သူ့ရေဒီယိုကို တူနဲ့ တဒုန်းဒုန်းရိုက်ချိုးပစ်လိုက်တယ်။ "ရှင် ဘာလုပ်တာလဲ" "ဟိုကောင် ဂျေကော့ဗ်ဆိုတဲ့ ကောင်မှာ ရေဒီယိုတစ်လုံးရှိတယ်လို့ မင်းရဲ့သမက်လောင်းလေး မီရှဲလ် ပြောသွားတာ ကြားတယ်မဟုတ်လား၊ ဒါကို အနှေးနဲ့အမြန် နာဇီတွေကြားမှာပဲ၊ ကြားရင် ရှာမယ်၊ ရှာရင် ဂျေကော့ဗ်မှာ တကယ်ရှိမရှိ မပြောနိုင်ပေမယ့် ငါ့ရေဒီယိုကို တွေ့သွားမယ်။ တွေ့သွားရင် ကျွန်တော် တစ်ခါမှမဖွင့်ခဲ့ပါဘူး။ သတင်း နားမထောင်ခဲ့ပါဘူးလို့ ဘယ်လိုပြောပြော သူတို့ယုံကြမှာ မဟုတ်ဘူး။ ငါ့ကို ပစ်သတ်ကြလိမ့်မယ်။ ငါ့မိသားစုတစ်စုလုံးကို သတ်ကြ လိမ့်မယ်။ အဲဒီတော့ အခု ချက်ချင်း ရေဒီယိုကို ဖျက်ဆီးပစ်တာ အကောင်းဆုံးပဲ" "ရှင် ဖျက်ဆီးမယ်ဆိုလည်း ကျွန်မကို သီချင်းလေးတစ်ပုဒ်လောက်တော့ ပေးနားထောင်ပြီးမှ ဖျက်သင့် တာပေါ့ရှင်" နောက်နေ့မှာတော့ ဂတ်တိုတစ်ခုလုံးမှာ ဂျေကော့ဗ်ဟာ စကားဖြစ်လို့နေပါတော့တယ်။

တွေ့သမျှလူ တွေက တပြုံးပြုံးနဲ့ပေါ့၊ ကိုဝေါ့စကီးဆီမှာ ထုံးစံအတိုင်း မုတ်ဆိတ်ရိတ်ဖို့လုပ်တဲ့ ဂျေကော့ဗ်ကို ကိုဝေါ့ စကီးက မေးတယ်။ "ကဲ ဒီနေ့ ဘာထူးလဲ" "ဘာထူးရမှာလဲ" "ဘာသတင်းထူးလဲလို့ မေးတာလေ" "ဘာက ဘာသတင်းထူးရမှာလဲ" "မင်း ငါ့ကို အကြောင်ရိုက်မနေပါနဲ့ ဂျေကော့ဗ်ရာ၊ မင်းဆီမှာ ရေဒီယိုရှိတယ် ဆိုတာ ဂတ်တိုတစ်ခုလုံး သိပါတယ်" "ဘာ ဂတ်တို တစ်ခုလုံး သိပါတယ် ဟုတ်လား" "ဟုတ်တယ်၊ ဟိုကောင် မီရှဲလ် မိန်းမသွားတောင်းတာကနေ အကုန်သိကုန်တာ" ဂျေကော့ဗ် ကိုမြင်တာနဲ့ မီရှဲလ်က ထွက်ပြေးတယ်။ 

"ကျွန်တော် တောင်းပန်ပါတယ် ဂျေကော့ဗ်၊ ကျွန်တော် မရည်ရွယ်ဘဲဖြစ်သွားတာပါ" "မင်းဟာ လူသတ်သမား၊ ငါ့ကို သေအောင်လုပ်တဲ့ အကောင်" အလုပ်စခန်းလည်း လူတိုင်းက မီရှဲလ်ကနေတစ်ဆင့် ဂျေကော့ဗ်ဆီက သတင်းနှိုက်ကြတယ်။ ဂျေကော့ဗ်က စိတ်ပေါက်ပေါက် နဲ့ ဒီနေ့ညက တန်ဂိုအကတီးလုံးတွေပဲ လွှင့်ပေးတယ်လို့ ပြောလိုက်တယ်။ အဲဒီအချိန်မှာ လေကြောင်းအချက်ပေး ဥသြဆွဲသံနဲ့အတူ လေယာဉ်ပျံတွေ ပျံလာတယ်။ စခန်း တစ်ခုလုံး လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်ကြတယ်။

"ရုရှားလေယာဉ်ပျံတွေ ဖြစ်မယ်" ဒါပေမယ့် သူတို့ခေါင်းပေါ်ကနေ အုပ်လိုက်ပျံသွားတာ ဂျာမန်လေယာဉ်ပျံ တွေပါ။ ရိုမန်ညီနောင်ရဲ့ အငယ်ကောင်ဟာ ဂျေကော့ဗ်ကို မရမကမေးတယ်။ ဂျေကော့ဗ် အဖြေမပေးနိုင်တဲ့ အချိန်မှာပဲ ရထားကြီးတစ်စင်း ဆိုက်လာပြီး ရထားပေါ်မှာ လူသံတွေကြားရတယ်တဲ့။ အားလုံးတားနေတဲ့ ကြားထဲက ရိုမန် အငယ်တစ်ကောင်ဟာ ရထားနားကိုပြေးပြီး ရုရှားတွေသတင်းကို သွားမေးတယ်။ ကင်းစပ် ပေါ်က ဂျာမန်စစ်သားဟာ ရိုမန်အငယ်ကောင်ကို ပစ်ချလိုက်ပါတော့တယ်။

စိတ်မကောင်းမှုတွေနဲ့ အလုပ်သိမ်းပြန်လာတော့ လမ်းမှာ သူတို့အားလုံး လေးစားရတဲ့ ဒေါက်တာကြီးက ဂျေကော့ဗ်ကို နားချတယ်။ "ဘာမှ ဥပါဒန်ဖြစ်မနေပါနဲ့ကွာ၊ ရိုမန်အငယ်ကောင်ဟာ သေချိန်ရောက်လာလို့ သေရတာပါ" မီရှဲလ်ကလည်း ဂျေကော့ဗ်ကိုပြောပါတယ်။ "ခင်ဗျားဘက်က အကောင်းဆုံးလုပ်ခဲ့တာပဲ ဂျေ ကော့ဗ်ရာ။ စိတ်မကောင်းမဖြစ်ပါနဲ့" "ငါ ဘာအကောင်းဆုံးလုပ်လို့လဲ" "လူတွေအတွက် မျှော်လင့်ချက်ပေးနိုင် တယ်လေ၊ လူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် သတ်သေနေတဲ့ အချိန်မှာ ခင်ဗျားရဲ့ရုရှားတပ်တွေ သတင်းကြောင့် လူတွေရဲ့ဘဝတွေ ဘယ်လောက် အဓိပ္ပါယ်ပြန်ရှိလာ၊ ပြန်ရှင်သန်လာလဲ သိရဲ့လား" ရပ်ကွက် ထဲကို ဝင်လာတဲ့အချိန်မှာ သူနဲ့အလုပ်တွဲဖော် လူမမာ အဘိုးကြီးက စောင့်ပြီးမေးတယ်။

"ဂျေကော့ဗ် ဘာထူးသလဲ" ဂျေကော့ဗ် တစ်နေ့လုံး ညစ်နေတဲ့စိတ်တွေဟာ အဘိုးကြီးဆီမှာ လွတ်ထွက် သွားတယ်။ "ဒီမှာ ခင်ဗျား သိထားဖို့ ကျွန်တော်ပြောမယ်။ အားလုံးကို ကျွန်တော်ညာခဲ့တာ၊ ကျွန်တော့်မှာ ဘာ ရေဒီယိုမှ မရှိဘူး။ ဘာရုရှားတပ်တွေမှ မလာဘူး၊ ဟုတ်ပြီလား" အဘိုးကြီးဟာ ငိုင်ပြီး ကျန်ခဲ့ပါတယ်။ နောက် တစ်နေ့မနက်မှာတော့ အဘိုးကြီးဟာ သေဆုံးသွားခဲ့ပါတယ်။ "သူ သူ ကိုယ့်ကိုယ်ကို သတ်သေသွားတာ လားဟင်" ဂျေကော့ဗ်နဲ့ မီရှဲလ်တို့အမေးကို ဒေါက်တာကြီးက မချိပြုံးနဲ့ ရှင်းပြတယ်။

"ဒီသဘောပါပဲကွာ၊ သူ့ကျန်းမာရေးက စိတ်ကြောင့်ပဲ ခုချိန်ထိ ရှင်သန်နေတာ၊ သူတစ်ခုခုကြောင့် စိတ်ကို လျှော့ချ လိုက်တယ်နဲ့တူပါတယ်၊ အဲဒါကြောင့် ချက်ချင်း သေသွားခဲ့တယ်" လူနှစ်ယောက် ရှိသွားပါပြီ။ ဒီသ တင်းကြောင့် သေသွားခဲ့ရတာ၊ အဲဒီအချိန်မှာ ဒေါက်တာကြီးက ဆက်ပြောတယ်။ "သူက ရုရှားတပ်တွေ ရောက်လာမယ်ဆိုတာကို တကယ်အောက်မေ့သွားပြီး တစ်ရက်နှစ်ရက် အသက်မထွက်ဘဲ အောင့်နေပုံရပါ တယ်ကွာ၊ တကယ်မိုက်တဲ့လူ၊ သက်သက်မဲ့ နှစ်ရက်လောက် ဘဝဆိုးကြီးကို ဒုက္ခ ထပ်ခံသွားတယ်" ဂျေကော့ဗ်က ဒေါက်တာကြီးကို ကြည့်လိုက်တယ်။

"အဲဒါက တကယ်ပါ ဒေါက်တာ၊ ရုရှားတပ်တွေ လာမယ်ဆိုတာ တကယ်ပါ" "ဟင်" အဲဒီ နောက်မှာတော့ ဂျေကော့ဗ်ဟာ လူတွေအားလုံးအတွက် သတင်းတွေကို ဖန်တီးလုပ်ကြံပြောဖို့ ဆုံးဖြတ်လိုက်တဲ့ အတိုင်း ပြောပါတော့တယ်။ "စတာလင်ရဲ့ တပ်မဟာကြီးတွေဟာ လက်နက်ခဲယမ်းအပြည့်နဲ့ ချီတက်လာနေပြီ၊ ဒါတင် ဘယ်ကမလဲ အမေရိကန်တွေကလည်း တင့်ကားတွေနဲ့ ဝင်လာပြီ" "တင့်ကားတွေ အများကြီးပဲလား" "သိပ် အများကြီးတော့ ဘယ်ဟုတ်မလဲကွ၊ ဒါပေမယ့် လုံလုံလောက်လောက်တော့ ချီလာတာပေါ့" "အမေရိကန် တပ်တွေက ဘာထူးခြားလို့လဲ"

"အမေရိကန်တွေက တီးဝိုင်းတွေပါတယ်ကွ၊ သိတယ်မဟုတ်လား၊ အမေရိကန်တွေက အပျော်အပါးကို စစ်ဖြစ်နေတာတောင် လုပ်တာလေ" "ဘယ်လို တီးဝိုင်းတွေလဲ" "ဂျပ်ဇ်တီးဝိုင်း" "ဟာ ဆက်ဆိုဖုန်းတွေ ပါမှာပေါ့" "အေး ကလဲနက်တွေတောင် ပါသေးတယ်" ဂျူးလူတွေရဲ့မျက်နှာတွေမှာ ပန်းသွေးရောင်တွေ ပြန်ထ လို့လာတယ်။ သူတို့မျက်လုံးတွေဟာ အရောင်တဖိတ်ဖိတ်တောက်လို့ အရည်တလဲ့လဲ့နဲ့။ ဒါပေမယ့် ဒါကို မစ္စတာဖရန့်ဖို့တာက တားမှဖြစ်တော့မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ ဂတ်တိုတစ်ခုလုံး ဒီသတင်းပြန့်နေတဲ့ အတွက် သိပ်မကြာခင်မှာ အားလုံးကို အန္တရာယ်ကျတော့မယ်၊ အန္တရာယ်မကျအောင် အဲဒီရေဒီယိုကို ဖျက်ဆီး ပစ်ဖို့လိုတယ်လို့ သူကယူဆပါတယ်။

ဂျေကော့ဗ် တစ်ယောက်ကတော့ ညဘက်တစ်ယောက်တည်း အ၀တ်တွေလျှော်ရင်း ပါးစပ်က တတွတ်တွတ်နဲ့ ကွယ်လွန်သွားတဲ့ဇနီးသည်ဆီမှာ ၀န်ချ တောင်းပန်နေတယ်။ "ငါ့မှာရွေးစရားလမ်း မရှိလို့ ငါလိမ်ရတာပါကွာ" တဲ့။ ဂျေကော့ဗ်ကယ်ထားတဲ့ ကမလေးမလေးဟာ နေမ ကောင်းဖြစ်ပါတော့တယ်။ ဂျေကော့ဗ်ထင်လိုက်တာက မနေ့ကစားမိတဲ့ မှိုတစ်မျိုးကြောင့်လို့ပါ။ ဒါကြောင့် သူဒေါက်တာကြီးကို သွားခေါ်ဖို့ စီစဉ်ရပါတယ်။ ဂျေကော့ဗ် တစ်ယောက် ဒီဘက်အိမ်ခေါင်မိုးအ ထပ်ခိုးထဲမှာ အလုပ်တွေရှုပ်နေတာကို မသဲမကွဲကြည့်ပြီး မျက်တောင် မခက်နိုင်ဖြစ်နေရတာ ဟိုဘက်အိမ်က မီရှဲလ်ပါ။

"ငါအထင် ဒီလူဟာ ရေဒီယို ရှိရုံတင်မက ရုရှားတွေနဲ့ မြေအောက်ဆက်ဆံရေးပါရှိမယ်လို့ ထင်တယ်။ ဒါကြောင့် ဒီလောက် သတင်းတွေကို အသေးစိတ်သိနေတာ" "မီရှဲလ် ရှင်ကျွန်မနဲ့ ချိန်းထားပြီးရင်တော့ ကျွန်မကိုပဲ အာရုံ ထားသင့်တယ်လို့ ကျွန်မထင်တယ်" တကယ်တော့ မီရှဲလ်ဟာ သူ့ချစ်သူရိုစာနဲ့ လွတ်လွတ်လပ်လပ်နေဖို့ ချိန်းထားခဲ့တာပါ။ ဒါပေမယ့် သူ့အာရုံတွေက ချစ်သူ ရိုစာဆီမှာ ထားလို့မရဘဲ ဂျေကော့ဗ်ဆီမှာပဲ ရောက်နေ တယ်။ ဂျေကော့ဗ်ဟာ ဒေါက်တာကြီးကို သွားပင့်ဖို့ ခိုးကြောင်ခိုးဝှက်နဲ့ ထွက်ရတယ်။ မီရှဲလ် မနေနိုင်တော့ဘဲ အ၀တ်အစားတွေကို ပြန်ဝတ်ပြီး နောက်ကလိုက်ချောင်းဖို့ လုပ်တယ်။ ရိုစာက အော်တယ်။ "မီရှဲလ် ရှင့်ကိုယ်ရှင် ဘာလုပ်နေတယ်လို့ ထင်သလဲ" "ရိုစာ မင်းကို ကိုယ်ချစ်ပါတယ်ကွာ၊ ဒါပေမယ့် ရုရှားတွေက အရေးကြီးလို့ပါ"

ရှေ့က ဒေါက်တာကြီးဆီကို ပြေးနေတဲ့ဂျေကော့ဗ်ရဲ့ နောက်မလှမ်းမကမ်းမနေ မီရှဲလ်လိုက်သွားတယ်။ အချိန် က ကာဖျူးချန်ကြီး။ ဒါကို အပေါ်ထပ်က လှမ်းမြင်လိုက်တဲ့ မစ္စတာဖရန့်ဖို့တာက သူ့လူတွေနဲ့ လိုက်ပါ တော့ တယ်။ "ဒီဂျေကော့ဗ်ဆိုတဲ့ လူရှုပ်နဲ့ မင်းသမက်လောင်း မီရှဲလ် ကာဖျူးအချိန်ကြီး လမ်းပေါ်မှာ ဘာလို့ရောက် နေရတာလဲ၊ ပြောနေတာကြာတယ်။ ငါတို့ သူ့အိမ်ကို သွားရှာပြီး သူ့ရေဒီယိုကို သွားရှာပြီး ဖျက်ဆီးကြမယ်"

မစ္စတာဖရန့်ဖိုတာတို့ လူစုဟာ ဂျေကော့ဗ်အိမ်ကို ဦးတည်ပြီးသွားကြတယ်။ ဒေါက်တာကြီးအိမ်ရှေ့မှာ စောင့် နေတုန်းပဲ မီရှဲလ်က သူ့ကိုလည်းတိုင်ပင်ပါလို့ ဂျေကော့ဗ်ကိုပြောတယ်။ ဂျေကော့ဗ်က မီရှဲလ်ကို မောင်းထုတ် ရတယ်၊ ဒေါက်တာကြီးဟာ ဂျေကော့ဗ်ကို သူ့ဆေးတွေပြတယ်။ "ဒီ မစုံမလင် ဆေးဝါးတွေက လူတွေအတွက် ဘာမှအကျိုးအာနိသင် မရှိပါဘူးကွာ။ ပြောရမယ်ဆိုရင် မင်းပြောတဲ့ အမေရိကန်တင့်ကားတွေနဲ့ တင့်ကားပေါ် က ဂျပ်ဇ်တီးဝိုင်းလောက်တောင် လူတွေရဲ့ စိတ်နှလုံးကို မကုစားနိုင်ပါဘူး။ ကဲ ဘာပဲဖြစ်ဖြစ် မင်းရဲ့ ကလေးမလေးကို ငါတို့သွားကြည့်ကြတာပေါ့" အဲဒီအချိန်မှာ မစ္စတာဖရန့်ဖို့တာတို့ လူတစ်စုဟာ ဂျေကော့ဗ်ရဲ့ သူငယ်ချင်းဆံသဆရာ ကိုဝေါ့စကီးကို သွားနှိုးကြတယ်။ ညကြီးမင်းကြီး တံခါးလာခေါက်ခံရတဲ့အခါ သွေးလန့် စွာနဲ့ပဲ ကိုဝေါ့စကီးက တံခါးကိုဖွင့်ပေးတယ်။

"ခင်ဗျားတို့ အရေးပေါ်မုတ်ဆိတ်ရိတ်ဖို့ လာတာတော့ မဟုတ်ပါဘူးနော်" သူတို့ဟာ ဂျေကော့ဗ်ရဲ့ ရေဒီယိုကို သွားရှာဖို့ အစီအစဉ်ကို ပြောတယ်။ ကိုဝေါ့စကီုးကို ခေါ်ခဲ့ကြတယ်။ ဂျေကော့ဗ်အိမ်ထဲဝင်ပြီး မွှေနှောက် ရှာဖွေကြတယ်။ ရိုမန်အကြီးကောင်ဟာ ဂျေကော့ဗ်ကယ်တားတဲ့ ကောင်မလေးရဲ့ အတွင်းခံ ဘောင်းဘီလေး လှမ်းထားတာကို တွေ့သွားတယ်။ "ဒီမှာ မစ္စတာဖရန့်ဖို့တာ ကျွန်တော် အဲဒီဂျေကော့ဗ်ဆိုတဲ့လူရဲ့ ဘုရား မကြိုက်တဲ့ အကျင့်စာရိတ္တကို မြင်နေရပါပြီ၊ သူဟာ ဂျူးလူအဖွဲ့အစည်းရဲ့ အမှိုက်ပါဗျာ" "ထားလိုက်စမ်းပါကွာ၊ ကိုယ်ရေးကိုယ်တာတွေ ထားလိုက်ပါ။ ငါတို့ ခုလုပ်ရမှာ ရေဒီယိုရှာဖို့အဓိကပဲ"

"ကျွန်တော်တို့ အထပ်ခိုးပေါ် တက်ရှာကြရအောင်" သူတို့လူစု အထပ်ခိုးကို တက်သွားပြီး မရှေးမနှောင်းမှာပဲ ဂျေကော့ဗ်နဲ့ ဒေါက်တာကြီးရောက်လာတယ်။ "ခင်ဗျားလှေကားတွေက များလိုက်တာ ဂျေကော့ဗ်၊ ကျွန်တော် နှလုံးအခြေအနေမှာ ကျွန်တော် နားနားပြီး တက်မှရမယ်" "ခွင့်လွတ်ပါ ဒေါက်တာကြီး၊ ကလေးမလေးကို ကျွန်တော်က အထပ်ခိုးမှာ ၀ှက်ထားရလို့ပါ" မစ္စတာဖရန့်ဖိုတာတို့ဟာ အထပ်ခိုးမရောက်ခင် အဆင့်လေးမှာ ကွယ်ပြီးပုန်းနေကြတယ်။ ဒေါက်တာကြီးက  ကလေးမလေးကို စစ်ဆေးပေးတယ်။

"အာသီးယောင်နေတယ်၊ ချောကလပ်တို့ ရေခဲမုန့်တို့ မစားမိစေနဲ့" ဂတ်တို့ထဲ မမြင်ရတာကြာတဲ့ အစား အသောက်တွေကို ဒေါက်တာကြီးက စနောက်ပြီးပြောတယ်။ "ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူး ဂျေကော့ဗ်၊ ကလေးမလေးက အာဟာရချို့တဲ့တာ၊ သူ့ဘာာ ခံနိုင်ရည်အား တက်လာအောင် ခင်ဗျားရဲ့ သတင်းတွေကိုသာ များများပြောပေတော့" သူတို့တွေ အဆင်းမှာ မစ္စတာဖရန့်ဖိုတာ တို့လူစုနဲ့ မျက်နှာချင်းဆိုင် ပက်ပင်းတိုး ကြတယ်။

"ခင်ဗျားတို့ ကျုပ်အိမ်ထဲကို ဘာဝင်လုပ်ကြတာလဲ" "ဒီမှာ ဒေါက်တာကြီးကိုတော့ အားနာပါတယ်။ ဒါပေမယ့် ဂျေကော့ဗ် မင်းရဲ့အပြုအမူတွေဟာ ငါတို့ဝတ်တိုတစ်ခုလုံး အသက်ဘေးကြုံရမယ့် ကိစ္စတွေ ဒါကြောင့် မင်းရေဒီယို ဖျက်ဆီးဖို့ ငါတို့လာခဲ့တာပဲ" ဂျေကော့ဗ် က ခေါင်းတဆိတ်ဆိတ် ညိတ်တယ်။ "ကောင်းပြီလေ၊ ဖျက်ဆီးဆို ဖျက်ဆီးလိုက်ပါမယ် ဟုတ်ပြီလား" ဒေါက်တာကြီးက ချောင်းဟန့်ပြီးဝင်ပြောတယ်။

"အဟမ်းဟမ်း ရေဒီယိုကို ဖျက်ဆီးတာလွယ်တယ်၊ ဒါပေမယ့် အဲဒီရေဒီယိုသတင်းတွေ ထွက်လာတဲ့နေ့ ကစပြီး ကျုပ်တို့ဂတ်တိုထဲမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့လူ မှရှိတော့ဘူးဆိုတာ ခင်ဗျားတို့ သတိမထားမိကြဘူးလား။ လူတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာပါ မစ္စတာဖရန့်ဖိုတာ အဲဒီမျှော်လင့်ချက်မရှိရင် ဂတ်တိုတစ်ခုလုံး ကိုယ့်ကိုယ်ကို သတ်သေတဲ့လူတွေနဲ့ ပြည့်သွားလိမ့်မယ်" မစ္စတာဖရန့်ဖို့တာ ငိုင်ကျသွားတယ်။ ဂျေကော့ဗ် ကတော့ လိုက်ယောင်နေတယ်။ "ဒါဆိုလည်း ဆက်ထားလိုက်မယ်လေ" ကိုဝေါ့စကီးက ဒီလိုအကြံဉာဏ် ပေးတယ်။

"ကျုပ်တို့နောက်ဆုံးအနေနဲ့ သတင်းကို နားထောင်ပြီး ဖျက်ဆီးပစ်လိုက်ကြရင် မကောင်းဘူးလား" ရိုမန်အကြီး ကောင်ဟာ ဒီရေဒီယိုကိစ္စနဲ့ သူ့ညီရိုမန်အငယ်ကောင် သေခဲ့ရတာကို နာကြည်းနေတာပါ။ ဒါကြောင့် "ဒီမှာ ခင်ဗျားတို့ အရည်မရအဖတ်မရ ရူးကြောင်ကြောင်တွေ လျှောက်ပြောမနေပါနဲ့တော့ အဲဒီ ရေဒီယိုကို" သူ့ စကားမဆုံးခင်မှာ မီးပျက်သွားတယ်။ အဲဒါပြဿနာပဲ။ မီးပျက်သွားတိုင်း ဂျာမန်တွေဝင်လာပြီး ခွေးဆွဲသလို လူတွေကို ဆွဲသွားတတ်တယ် မဟုတ်လား။ သူတို့အားလုံး အစားတွေရပ်ပြီး ကိုယ့်အိမ်ကို အမြန်ပြန်ဖို့ လှေကားကနေ အပြေးဆင်ကြတယ်။ လှေကားတစ်ဝက်မှာ မီးက ဖြုတ်ဆိုပြန်လာတယ်။ မစ္စတာဖရန့်ဖို့တာ က ပြန်လှည့်လိုက်တယ်။

"ကျုပ်တို့ သေချာဆွေးနွေးကြတာပေါ့" ဒါပေမယ့် လှေကားသုံးထစ်လောက်ပဲ ပြန်တက်ရသေးတယ်။ မီးက ဖျတ်ခနဲ ပြန်ပျက်သွားရော။ ဒီတစ် ခါတော့ အားလုံးဝရုန်းသုံးကားနဲ့ အလုအယက် ပြေးဆင်းကြပါတော့တယ်။
ကိစ္စ၀ိစ္စ တွေရှင်းတာနဲ့ ကောင်မလေးက ဂျေကော့ဗ်ကို ပူဆာပြန်ပါတော့တယ်။ "ဂျေကော့ဗ် ကျွန်မကိုလည်း ရှင့်ရေဒီယိုပေးနားထောင်ပါလား" "ကောင်းပြီလေ။ မင်းမြန်မြန်နေကောင်းအောင် လုပ်မယ်ဆိုရင်ငါမင်းကို ရေဒီ ယို ပေးနားထောင်မယ်"

ဘာပဲပြောပြော ဂတ်တိုတစ်ခုလုံး ဂျေကော့ဗ်ဆီက သတင်းကို နားစွင့်ကြတာ နေ့စဉ်အလုပ်ဖြစ်နေပါပြီ။ ပြဿနာဖြစ်နေရသူက ဂျေကော့ဗ်ပါ။ မနက်မနက် အလုပ်စခန်းကို သွားခါနီး သူလာမယ့်လမ်းမှာ စောင့်ပြီး သတင်းမေးတတ်တဲ့ မီးရှဲလ်တို့လူစုကို ရှောင်ကွင်းပြီးသွားရတာ သူ့အဖို့ အပန်းကြီးလှပါတယ်။ သတင်း... သတင်း ဒီဂတ်တိုတစ်ခုလုံး မျှော်လင့်နေတဲ့သတင်းကို သူဘယ်ကရပါ့မလဲ။ သတင်း အစအနလေး တစ်ခုခု လောက်ရမှ သူကျန်တာတွေ လုပ်ကြံလို့ရမှာပါ။ ခုတော့ သတင်းအစအနလေးတောင် မရဖြစ်နေတယ်။

တစ်နေ့မှာတော့ ဂျာမန်စစ်သားကြီးတစ်ယောက်ဟာ အိမ်သာထဲကို သတင်းစာတစ်စောင်နဲ့ ၀င်သွားတာ ဂျေ ကော့ဗ် တွေ့လိုက်ရပါတယ်။ သူလိုချင်တဲ့ သတင်းကို တွေ့လိုက်ပါပြီ။ ဂျေကော့ဗ်ဟာ ဘာကိုမှ မမှုဘဲ အဲဒီစစ် သား ထွက်သွားတာနဲ့ အိမ်သာထဲကို ၀င်သွားလိုပ်တယ်။ "ဒီအရူး ဘာလုပ်တာလဲ။ ဂျာမန်အိမ်သာထဲကို ဂျူးဝင်တက်ရင် ပစ်သတ်ခံရမယ်ဆိုတာ နားမလည်ဘူးလား"

ကိုဝေါ့စကီးနဲ့ မစ္စတာဖရန့်ဖို့တာတို့ဟာ ဂျေကော့ဗ်ရဲ့ အပြုအမူကို နားမလည်နိုင်ဘဲ ကြည့်နေကြတယ် ဒါပေ မယ့် ဂျေကော့ဗ်မှာ သူတို့လိုက်မမီတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်လို့လည်း ခံယူထားကြတော့ အသာစောင့် ကြည့်နေကြတယ်။ အိမ်သာထဲမှာ ဂျေကော့ဗဟာ သတင်းစာစက္ကူ အပိုင်းအစတွေထဲက  စစ်မြေပြင် သတင်းပါ တာတွေကို ရှာတယ်။ အိမ်ခြံမြေသတင်း၊ လက်ထပ်သတင်း၊ ကွာရှင်းသတင်း၊ သတင်း သတင်း သူလိုချင်တဲ့ သတင်းကို  တွေ့လိုက်တဲ့ အချိန်မှာ ဂျေကော့ဗ်တစ်ယောက် အားရပါးရ ဖတ်ပါတော့တယ်။

အဲဒီအချိန်မှာ အိမ်သာတက်ချင်လွန်းလို့ ကသောကမျော ၀င်လာတဲ့ ဂျာမန်စစ်သားတစ်ယောက်ဟာ ဂျေ ကော့ဗ်ကို တွေ့သွားတော့ ဆောရီးဆိုပြီး ချွေးပြန်ပြီး ဘာလုပ်ရမှန်းမသိတော့ပါဘူး။ ကိုဝေါ့စကီးတို့ မစ္စတာ ဖရန့်ဖို့တာတို့ မီရှဲလ်တို့လည်း ရင်တထိတ်ထိတ်နဲ့ ကြည့်နေကြတယ်။ ဂျာမန်စစ်သားဟာ အိမ်သာ တက်ချင် လွန်းလို့ အကြောဆွဲသလို ခြေဆာဆာနဲ့ အိမ်သာရှေ့လမ်းလျှောက်လိုက်၊ တံခါးကို ခေါက်ပြီး အထဲကလူ မြန်မြန်တက်ဖို့ သတိပေးလိုက် လုပ်နေပါတယ်။ ဒီတစ်ခါတော့ ဂျေကော့ဗ်တစ်ယောက် ဘယ်လိုမှ လွတ်လမ်း မရှိတော့ပါဘူး။ အင်မတန်မြင့်မြတ်လှတဲ့ အာရိယာန်အနွယ် ဂျာမန်လူ မျိုးတွေသုံးတဲ့ အိမ်သာထဲ ဝင်သုံးတဲ့ ဂျူးတစ်ယောက်အတွက် အပြစ်ဒဏ်က သေဒဏ်တစ်မျိုးသာရှိပါတယ်။

အားလုံး ရင်တမမဖြစ်နေတဲ့အချိန်မှာ ကိုဝေါ့စကီးဟာ မမျှော်လင့်တဲ့ လုပ်ရပ်တစ်ခုကို လုပ်လိုက်ပါတယ်။ အဲဒါ ကတော့ မြူးမြူးကြွကြွသီချင်းတစ်ပုဒ်ကို ဘိလပ်မြေအိတ်တွေပေါ်တက်ပြီး လက်ဟန်ခြေဟန် ကိုယ်ဟန် အမျိုးမျိုးနဲ့ အော်ဆိုလိုက်တာပါပဲ။ နဂိုကမှ အိမ်သာတက်ချင်လွန်းလို့ စိတ်တိုနေတဲ့ ဂျာမန် စစ်သားကြီးဟာ ကိုဝေါ့စကီးဆီကိုပြေးလာပြီး ဘိလပ်မြေအိတ်တွေပေါ်က ဆွဲချ အားရပါးရထိုး ကြိတ်တော့တာပဲ။ ဂျေကော့ဗ် လည်း စစ်သားကြီးက ကိုဝေါ့စကီးကိုမဲနေတုန်း အခွင့်ကောင်းယူပြီး ထွက်လာခဲ့ပါတယ်။ ကြည့်ရတာ ရယ်လည်းရယ်၊ စိတ်မကောင်းလည်းဖြစ်နေတဲ့ ဇာတ်ဝင်ခန်းပါ။ သူတို့ အားလုံး သေရမှာကို အရမ်းကြောက် တတ်ကြတဲ့ သာမန်ပြည်သူတွေပါ။

ဒါပေမယ့် အရေးကြုံလို့ သက်လုံကောင်းလိုက်ကြတာလေ။ လာမယ့်ဘေးကို ပြေးတွေ့လိုက်ကြတာလေ။ အဲဒီနေ့ ထမင်းဝိုင်းမှာတော့ ဂျေကော့ဗ်တစ်ယောက် အားလုံးနားထောင်ချင်နေတဲ့သတင်းကို တစ်လှေကြီး ပြောပြလိုက်နိုင်ပါ တော့တယ်။ သတင်းတွေ အရသာရှိပုံများ အထိုးအကြိတ် အကန်အကျောက် ခံထားရလို့ ဖူးဖူး ယောင်နေတဲ့ မျက်နှာကြီးနဲ့ ကိုဝေါ့စကီးလည်း စိတ်ပါဝင်တစား နားထောင်လို့ပေါ့။ မစ္စတာဖရန့်ဖို့တာ တစ်ယောက်ကလွဲရင် သူ့ပါတနာကအစ ဂျေကော့ဗ်တို့ဝိုင်းထဲ ဝင်ပါလာပါပြီ။ သူကအားလုံးကို မျက် နှာချိုသွေးပြီး ဒီလိုပြောလိုက်တယ်။ "ကျွန်တော်တို့အားလုံး စည်းလုံးရမယ့်အချိန်ရောက်ပြီ ထင်တယ်"တဲ့။

ညကျတော့ မစ္စတာဖရန့်ဖို့တာဟာ အိပ်လို့မရပါဘူး။ သူ့မိန်းမက မေးတယ်။ "ရှင် ဘာဖြစ်နေတာလဲ"တဲ့ "မင်း ခန့်မှန်းကြည့်လေ"လို့ ပြောလိုက်တဲ့အခါမှာ ဖရန့်ဖို့တာရဲ့ကြောကို ကောင်းကောင်းသိနေတဲ့ သူ့ မိန်းမက-
"ရှင် ဘယ်လိုမှတော့ မအောက်မေ့နဲ့နော်၊ ကျွန်မတော့ ခုကိစ္စမှာ ဂျေကော့ဗ်ကို မှန်တယ်လို့ထင်တာပဲ" လို့ ပြန်ပြော လိုက်တယ်။ မစ္စတာဖရန့်ဖို့တာက မချိုပြုံး ပြုံးရင်း ပြန်ပြောလိုက်တယ်။ "ငါက မှားနေတာပေါ့ကွာ ဟုတ်လား" နောက်တစ်နေ့မှာ သူ့သမက်လောင်းနဲ့ သမီး (သူတို့က လက်မထပ်ရသေးပေမယ့် အတူနေနေပါပြီ) တို့ဆီ မစ္စတာဖရန့်ဖို့တာ လိုက်သွားလိုက်တယ်။ ပြီးတော့ သမီးအတွက် သူ့အမေဝတ်ခဲ့တဲ့ သတို့သမီးဝတ် စုံနဲ့ သမက်အတွက် သူ လျှို့ဝှက်သိမ်းဆည်းထားတဲ့ ခြောက်လုံးပြူးသေနတ်ကိုပေးလိုက်တယ်။

"မင်းမိတ်ဆွေ ဂျေကော့ဗ် မှန်ပါတယ်ကွာ၊ ငါ ဆုံးဖြတ်ချက်မှားခဲ့တဲ့အတွက် ငါတောင်းပန်ပါတယ်"တဲ့။ သူတို့ ဂတ်တိုထဲက ဂျူးအဖွဲ့အစည်းအတွက် ရွေးကောက်တင်မြှောက်မှုလုပ်တဲ့အခါမှာ ဂျေကော့ဗ်ဟာ သူသိပ်လေး စားရတဲ့ ဒေါက်တာကြီးကို မဲထည့်တယ်။ သူ့စိတ်ထဲ ဒေါက်တာကြီးဟာ ဂတ်တိုရဲ့ခေါင်းဆောင်ကြီး ဖြစ်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် မဲတွေလည်း စရရော။

"ဂျေကော့ဗ်"
"ဂျေကော့ဗ်"
"ဂျေကော့ဗ်"

သူက မဲအများဆုံးနဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံလိုက်ရပါတော့တယ်။ အားလုံးဟာ ဂျေ ကော့ဗ်ကို တညီတညွှတ်တည်း မဲပေးခဲ့ကြပြီး ဝိုင်းပြီးချီးကျူးကြတယ်။ အဲဒီအချိန်မှာပဲ တံခါးကို တဒုန်းဒုန်းထုပြီး ဂျာမန်အသံနဲ့ တံခါးကို မြန်မြန်ဖွင့်စမ်းလို့ အော်ဟစ်သံထွက်လာတယ်။ သူတို့အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတယ်။ တံခါးဖွင့်လိုက်တဲ့အခါမှာ မီရှဲလ်။ မီရှဲလ်ဟာ ယောက္ခမဆီက သေနတ်နဲ့သွေးကြွနေတယ်။ လူတွေအားလုံးက မနောက်သင့်တဲ့ပုံစံနဲ့ နောက်လို့ ဝိုင်းမာန်မဲတာခံရတဲ့အခါမှာ အင်္ကျီအောက်က သေနတ်ကို ထုတ်ပြီးကြွားလိုက်တယ်။ အားလုံး ထိတ်ထိတ် ပျာပျာနဲ့ လန့်ဖျပ်ကုန်ကြတယ်။

"ဒါ ဘာဆန်းသလဲ။ ခင်ဗျားမှာ ရေဒီယိုရှိတယ်။ ကျွန်တော့်မှာ သေနတ်ရှိတယ်" အားလုံးက ကလေးဆန်တဲ့ မီရှဲလ်ဆီက သေနတ်ကို ခေါင်းဆောင်ဂျေကော့ဗ်ဆီ အပ်ထားဖို့ ဆုံးဖြတ်ခဲ့တယ်။ မီရှဲလ် တစ်ယောက် မအပ်ချင်အပ်ချင်နဲ့ အပ်လိုက်ရတယ်။ အဲဒီအချိန်မှာ ခုနကအတိုင်းပဲ တံခါးကို တဒုန်းဒုန်းထုတဲ့ အသံတွေ ပေါ်လာပြန်တယ်။

"မီရှဲလ်"
"မဟုတ်ဘူး။ ကျွန်တော်ဟာ ခင်ဗျားတို့နဲ့အတူရှိတယ်လေ" "ဒါဆိုရင်တော့ ဂျာမန်အစစ်တွေ" ဒေါက်တာကြီးရဲ့ ဇနီးဟာ တံခါးကိုဖွင့်ပေးပြီး မေးလိုက်တယ်။ "ဒေါက်တာကြီး အနားယူနေပါတယ်။ ရှင်တို့ အပွိုင်မင့် ယူထားပါသလား" "ကျုပ်တို့အတွက် ဘာအပွိုင်မင့် မှမလိုဘူး" ဂျာမန်စစ်ဗိုလ်တွေဟာ တံခါးကိုတွန်းဖွင့်ပြီး အိမ်ထဲကို ဝင်လာ ကြတယ်။

"ကျုပ်တို့ဗိုလ်ချုပ်ကြီး အသည်းအသန်ဖြစ်နေလို့ ဒေါက်တာကြီးကို လာခေါ်တာ" ဒေါက်တာကြီးဟာ ပုန်း အောင်းနေရာက ထွက်လိုက်တယ်။ သူ့မိတ်ဆွေတွေကို စိမ်းစိမ်းကြည့်ပြီး ပြုံးပြတယ်။ ပြီးတော့ နှုတ်ဆက် လိုက်ပါတယ်။

"ရှလုံ"
"ခင်ဗျားတို့ဗိုလ်ချုပ်ကြီးက ကျွန်တော့်လူနာမဟုတ်တော့ ကုသရာမှ အခက်အခဲရှိပါလိမ့်မယ်"
"ခင်ဗျားက ငြင်းချင်တဲ့သဘောလား"
ဒေါက်တာကြီးရဲ့ဇနီးဟာ သူ့ခင်ပွန်းသည်ကိုဖြတ်ပြီး ပြောလိုက်တယ်။ "ကျွန်မ ဆေးအိတ်သွားယူလိုက်မယ်၊ ဒီဆေးလေးတွေက ရှင်သောက်ဖို့ပါ၊ ရော့ ဒီမာဖလာလေးကို ခြုံသွားနော်"

မျက်ရည်တဖျပ်ဖျပ်လဲ့နေတဲ့ မျက်လုံးတွေနဲ့ သူ့ခင်ပွန်းကိုကြည့်ပြီး အမျိုးသမီးကြီးဟာ ဒေါက်တာကြီးရဲ့ မာဖ လာကို သေချာပြင်ပြီး စည်းပေးလိုက်တယ်။ ပြီးတော့ သူ့မျက်မှန်ကိုချွတ်လိုက်တယ်။ မျက်မှန်ချွတ် နေတုန်း မှာပဲ လက်ထဲက မျက်မှန်ကလွတ်ကျပြီး ကွဲသွားတယ်။ ဒေါက်တာကြီး အပြုအမူတွေကိုကြည့် ပြီး ဗိုလ်ချုပ်ကြီး နဲ့ ဂျာမန်စစ်ဗိုလ်တွေဟာ သဘောပေါက်သွားကြတယ်။ "လာကြစမ်း၊ ဒီလူ အဆိပ်တွေသောက်လိုက်တာ"
စစ်ဗိုလ်တွေဟာ ဒေါက်တာကြီးကို အတင်းလှုပ်ကြတယ်။ ဒေါက်တာကြီးက ဗိုလ်ချုပ်ကြီးကို တစ်ခွန်းတော့ အကြံဉာဏ်ပေးသွားပါတယ်။

"သိပ်စိတ်လှုပ်ရှားမခံပါနဲ့၊ ခင်ဗျားရောဂါက စိတ်နှလုံးငြိမ်မှ ဖြစ်မယ်"တဲ့။ ဗိုလ်ချုပ်ကြီးဟာ သူ့ရင်ဘတ်ကို လက်နဲ့ဖိပြီး သူ့စစ်ဗိုလ်တွေကို အမိန့်ပေးလိုက်တယ်။ "ခုညတွင်းချင်း ဂတ်တိုထဲမှာရှာ။ မနက်ဖြန်မနက်ကို ငါ အဲဒီရေဒီယိုကို လိုချင်တယ်" ဂတ်တိုတစ်ခုလုံး သေနတ်သံတွေ တဒိုင်းဒိုင်း တဒက်ဒက် ဆူညံသွားပါတယ်။ လူအတော်များများကိုလည်း ဖမ်းခေါ်သွားကြတယ်။ ညဘက် ဂျာမန်စစ်သားတွေ ခြေချင်းလိမ်နေတဲhကြားထဲ မှာပဲ ကိုဝေါ့စကီးဟာ ဂျေကော့ဗ်အိမ်ကို ရောက်အောင်လာတယ်။

"ဂျေကော့ဗ် တို့ဘယ်လိုလုပ်ကြမလဲ" ပေါ့။ ကိုဝေါ့စကီးယူလာတဲ့ စီးကရက်လေးကို အလယ်ကချိုးပြီး တစ် ယောက်တစ်ဝက်ရှိုက်ရင်း ဖွာရင်း ဂျေကော့ဗ်က မီးပိတ်လိုက်တယ်။ "သူငယ်ချင်း ဒီစကားတွေကို ငါ မင်းကို မီးရောင်အောက်မှာ မပြောရဲဘူး။ အမှောင်ထဲမှာပဲ ငါ ပြောပါရစေ" တဲ့။ "တကယ့်တော့ ငါ့မှာ ဘာရေဒီယို မှမရှိဘူး။ ငါပြောခဲ့သမျှ သတင်းတွေ အမေရိကန်တင့်ကားတွေ၊ ဂျပ်ဇ် ဘန်တွေ အကုန်ညာခဲ့တာပါ။ မင်း အထိုး ခံရတဲ့နေ့ကပြောတဲ့ ပိုလန်အသင်းက ဂျာမန်အသင်းကို အနိုင်ကန် လိုက်တယ်ဆိုတဲ့ ဘောလုံးသတင်းကတော့ အမှန်ပါ" ကိုဝေါ့စကီးက မီးလုံးကို ပြန်ဖွင့်တယ်။

"မင်း ပြောခဲ့တာတွေ တစ်ခုမှမဟုတ်ဘူး ဟုတ်လား"
"အေး အားလုံး ငါညာခဲ့တာပါ။ ငါ့ကိုငါလည်း ဒီလောက်လုပ်ကြံပြောတတ်တာကို အံ့သြမိပါတယ်ကွာ"
ကိုဝေါ့စကီးဟာ ဂျေကော့ဗ်ကို ဘာမှမပြောဘဲ အကြာကြီးစိုက်ကြည့်နေတယ်။ ဂျေကော့ဗ်ဟာ ကိုဝေါ့စကီး ကျေနပ်အောင် ဘယ်လိုတောင်းပန်ရမှန်းတောင် မသိဘူးဖြစ်နေတယ်။ "မင်း ငါ့ကို ဘယ်လောက်မုန်းတီး စက်ဆုပ်သွားမယ် ရွံသွားမယ်ဆိုတာ ငါ နားလည်ပါတယ် သူငယ်ချင်း မင်း ငါ့ကို စိတ်တိုင်းကျသာ အပြစ်ပေးပါ" ကိုဝေါ့စကီးဟာ ဘာမှမပြောဘဲ ကြည့်နေရာက ခွက်ထိုးခွက်လန် ထရယ်ပါတော့တယ်။

"မင်း... ဟားဟား... အားလုံး လိမ်တာဟုတ်လား။ တတ်လည်း တတ်နိုင်တဲ့ကောင်၊ ဟား ဟား ဟား အမေရိကန်တင့်ကားကြီးတွေ၊ ဂျပ်ဇ်ဘန်တွေ အားလုံးဟာ မင်း လုပ်ကြံဖန်တီးထားတာ ဟားဟား ဟား" ဂျေကော့ဗ်ဟာ ပထမတော့ ကြောင်ကြည့်နေမိသေးတယ်။ နောက်တော့ သူလည်း ကိုဝေါ့စကီးနဲ့အတူ လိုက်ရယ်မိပါတော့တယ်။ "အေး ငါလည်း ငါ့ကိုယ်ငါတောင် အံ့သြမိတယ်။ ဘယ်က ဘယ်လိုစိတ်ကူးတွေ ထွက်လာလဲလို့ ဟားဟားဟား" သူတို့နှစ်ယောက် အဲဒီလိုပြောဆိုရယ်နေကြတာကို အထပ်ခိုးပေါ်က ကောင် မလေးက အစအဆုံးကြား လိုက်မြင်လိုက်ရပါတယ်။ ကိုဝေါ့စကီးပြန်သွားတဲ့အခါမှာ ဂျေကော့ဗ်ဟာ ကောင် မလေးကို သွားပြောတယ်။

"မင်း ကျန်းမာရေးကို ခုအတိုင်းပဲ တောင့်ထားနော်၊ ရုရှားတွေ ရောက်လာတဲ့ အချိန်ထိပေါ့" ကောင်မလေးက ဂျေကော့ဗ်ရဲ့မျက်နှာကိုငေးပြီး ပြန်ပြောတယ်။ "ဒါလည်း ညာတာပဲလေား ဂျေကော့ဗ်၊ ရှင် ကျွန်မကို ပြောခဲ့တာ တွေ အားလုံးဟာ ညာတာတွေချည်းပဲ ဆိုတာ ကျွန်မ အကုန်ကြားခဲ့ပြီးပြီ" ဂျေကော့ဗ် ဘာမှမပြောနိုင်ဘဲ ငိုင်နေမိတယ်။ ကောင်မလေးက ဂျေကော့ဗ်ကို ဖက်လိုက်တယ်။

"ဒါပေမယ့် ကျွန်မ နားလည်ပါတယ်။ ရှင်က အကောင်းတစ်ခုခုကို မျှော်လင့်ပြီး အားလုံးကိုညာခဲ့တယ် ဆိုတာ" "ငါ့အလုပ် လုပ်စရာရှိသေးလို့ မင်းကိုဆက်မစောင့်ရှောက်နိုင်တော့ဘူး၊ မင်းကို ငါ့သူငယ်ချင်း မီရှဲလ်တို့နဲ့ အတွဲနဲ့ အပ်ပေးခဲ့ပါမယ်" ဂျေကော့ဗ်ဟာ မီရှဲလ်နဲ့ ရိုစာတို့အတွဲကို သွားတွေ့တယ်။ "မီရှဲလ် ငါ ပြောတာ သေချာနားထောင်၊ မင်းအတွက် ငါ အရေးကြီးတဲ့ တာဝန်တစ်ခုကို ထားခဲ့တယ်။ မင်းဟာ အဲဒီတာဝန်ကို ကျေပွန်အောင် ထမ်းရလိမ့်မယ်၊ ငါ့အိမ်ရဲ့အထပ်ခိုးမှာ အဲဒီတာဝန်ကို ထားခဲ့တယ်"

"ကျွန်တော် အခုသွားရမှာလား ဂျေကော့ဗ်" မြေအောက်တော်လှန်ရေးသမားအရမ်းဖြစ်ချင်တဲ့ မီရှဲလ်ဟာ စိတ်ဓါတ်တွေ အရမ်းတက်ကြွနေတယ်။ "မဟုတ်ဘူး၊ နောက်နေ့လောက်မှ မင်းသွားပါ" "ကျွန်တော့် သေနတ် ကော ဂျေကော့ဗ်" "ဒီတာဝန်မှာ သေနတ်မလိုပါဘူး မီရှဲလ် ဦးနှောက်ကို သေချာအသုံးချဖို့ပဲ လိုတာပါ။ ငါ မင်းကို အယုံကြည်ဆုံးမို့ ရွေးချယ်ခဲ့တာ မင်း ဒီတာဝန်ကို ကျေပွန်မယ်မဟုတ်လား" "စိတ်ချပါ ဂျေကော့ဗ်"

အဲဒီနောက်မှာတော့ ဂျေကော့ဗ်ဟာ ဂတ်စတာပိုရုံးကို သွားပါတယ်။ ဒီတစ်ခါလည်း ကာဖျူးချိန် ကုန်လု ကုန်ဆဲ ရောက်နေပါပြီ။ မျက်နှာတစ်ခုလုံး ယောက်ကိုင်းပြီး သွေးချင်းချင်းထွက်နေအောင် နှိပ်စက်ခံရပါတယ်။ ရေချိုး ကန်ထဲကို ဇောက်ထိုးနှစ်ထားပြီး မေးမြန်းနေတုန်းမှာ နှလုံးရောဂါသည် ဗိုလ်ချုပ်ကြီးဟာ ရောက်လာတယ်။

"ဒီကောင် ဖော်ပြီလား" "ဟုတ်၊ ကျွန်တော်တို့ ကြိုးစားနေပါတယ် ဗိုလ်ချုပ်ကြီး မကြာခင် သတင်းပို့ပါ့မယ်" ဂျေကော့ဗ်ဟာ နာလွန်းလို့ အသားတွေ တဆတ်ဆတ်တုန်နေတယ်။ ဂျာမန်ထောက်လှမ်းရေးစစ်ဆေး ရေးသမား လူသန်ကြီးဟာ အားနဲ့လွှဲလွှဲပြီး ထိုးတယ်။ "ရေဒီယို ဘယ်မှာလဲ ပြောလေကွာ ပြော" ဂျေကော့ဗ်ဟာ လက်ကလေးထောင်ပြီး တားတယ်။ "ခဏရပ်ပါပြီး ကျွန်တော် ကျွန်တော် ပြောပါ့မယ်"

"ပြော" ဂျေကော့ဗ်ဟာ ဖူးယောင်ပြီး ပိတ်လုနီးပါးဖြစ်နေတဲ့ မျက်စိနဲ့ အရာရှိ အခန်းထဲကိုရှာလိုက်တယ်။ ရေဒီ ယိုဟာ ပထမဆုံး သူ ဒီအခန်းထဲကို ရောက်လာတဲ့နေရာမှာပဲ ရှိနေဆဲပါ။ "ဟိုမှာ ဟိုမှာ လှမ်းမြင်နေရတဲ့ ရေဒီယိုဟာ ကျွန်တော် နားထောင်ခဲ့ရတဲ့ ရေဒီယိုပါပဲ" "မင်းက ငါ့ကို အရူးလုပ်တာလား"

စစ်ဆေးရေးသမား လူသန်ကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ ဂျေကော့ဗ်ကို ထပ်ထိုးဖို့လုပ်တယ်။ အရာရှိဟာ တွေဝေ သွားတယ်။ သူ့အခန်းထဲကို ဂျူးတစ်ယောက်ရောက်လာခဲ့တဲ့ညကို သူ ပြန်အမှတ်ရလာတယ်။ "နေဦး" အရာရှိဟာ ဂျေကော့ဗ်နဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။ "ဟိုတစ်လောက ငါ့အခန်းထဲကို ကာဖျူးချိန် နောက်ကျလို့ ရောက်လာတဲ့ ဂျူးဟာ မင်းပဲလား" ဂျေကော့ဗ်ဟာ ဒစ်ရာဗရပွဲနဲ့ ရယ်ပြလိုက်တယ်။ အခုအချိန် မှာတော့ ရေဒီယိုပြဿနာဟာ ဂတ်တိုထဲက ဂျူးတစ်ယောက်ရဲ့ပြဿနာတင်သာမက ဂျာမန်လူမျိုး အက်စ် အက်စ်စစ်ဗိုလ်တစ်ယောက်ရဲ့ ပြဿနာလည်း ဖြစ်လို့လာပါပြီ။ ဒီကိစ္စသာ အထက်ကသိသွားရင် သူလည်း ပြစ်ဒဏ်ကျနိုင်ပါတယ်။ စစ်မြေပြင် သတင်းကို ရန်သူဆီပေါက်ကြားမှုဆိုတာ သေးသေးလေးမှ မဟုတ်တာ။ အရာရှိက သူ့ကိုညှိနှိုင်းပါတယ်။

"ဂျေကော့ဗ် မင်းကို ငါမသတ်ဘူးလို့ ကတိပေးမယ်။ မင်းက ရေဒီယိုမရှိခဲ့ပါဘူး ပြောခဲ့ဆိုခဲ့တာတွေ လုပ်ကြံ တာပါလို့ မင်းတို့ဂတ်တိုထဲက လူတွေရှေ့မှ ဝန်ခံရမယ်၊ ဒါမှမဟုတ် ငါ့ကိုပါ ထိခိုက်လိမ့်မယ်" "ခင်ဗျား ကျွန်တော့်ကို မသတ်ဘဲ မနေပါဘူး ဆရာရယ်၊ ကျွန်တော် သိပါတယ်" "မင်းကိုငါ အလေးအနက်ပြောနေတာ ဂျေကော့ဗ်၊ မင်း သတိမထားမိဘူးလား၊ ငါတို့တွေ ဒီကအမြန်ဆုံး ဆုတ်ခွာဖို့ ပြင်ဆင်နေတာ၊ ဒီမှာ ရုရှားတွေဟာ တစ်ပတ်အတွင်း ရောက်လာတော့မယ်။ ဒီတော့ မင်း လိမ်လိမ် မာမာနဲ့ တစ်ပတ်လောက် တောင့်ခံထားလိုက်ရင် မင်း လွတ်မြောက်ပါလိမ့်မယ် ဂျေကော့ဗ် ဘယ်နှယ့်လဲ" ဂျေကော့ဗ်ဟာ စားပွဲပေါ်က စားလက်စထမင်းပွဲက ကြက်ပေါင်ကို လှမ်းကြည့်နေတယ်။ ပြီးတော့ အရာရှိဆီမှ ခွင့်တောင်းလိုက်တယ်။

"ကျွန်တော့်ကို အဲဒီကြက်ပေါင်လေး စားခွင့်ပြုပါခင်ဗျာ" ဂတ်တိုတစ်ခုလုံး ဗြောင်းဆန်နေအောင် ရှိသမျှ ဂျူးတွေကို အတင်းဆွဲချပြီး ခေါ်လာပါတော့တယ်။ ဂျူးတွေဟာ သူတို့ကို တစ်နေရာကတစ်နေရာပြောင်းတိုင်း လူသတ်စက်ရုံတွေကို ပို့တော့မယ်လို့ ကြောက်လန့်တကြားနဲ့ ပြေးလွှားကြ၊ ပုန်းအောင်းဖို့ ကြိုးစားကြပါတယ်။ အဲဒီလို ပြေးလွှားပုန်းအောင်းတဲ့ သူတွေကတော့ အဲဒီနေရာမှာပဲ ပစ်သတ်ခံကြရပါတယ်။ ကိုဝေါ့စကီးက သူ့ရဲ့ဆံသဆိုင်မှန်လေးမှာ မုတ်ဆိတ် ရိတ်တဲ့ ဆပ်ပြာတုံးလေးနဲ့ စာတစ်စောင် ရေးခဲ့ပါတယ်။

သူငယ်ချင်း ဂျေကော့ဗ်တဲ့။ ဘာပဲပြောပြော မင်းကျေးဇူးကြောင့် သတ်မသေဖြစ်သေးဘဲ၊ လူ့လောကမှာ ရက် နည်းနည်းပိုနေဖြစ်ခဲ့တာကို ကျေးဇူးတင်ပါတယ်ကွာ။ အဲဒီရက်ကလေးတွေဟာ ငါ့ဘဝတစ် လျှောက်လုံး ဘယ် တုန်းကမှမတူတဲ့ မျှော်လင့်ခြင်းတွေနဲ့ နေခဲ့ရတဲ့ရက်တွေပါ။ ငါ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ နောက်ဘဝ ကျရင် ပြန်ဆုံကြတာပေါ့။ အဲဒီအခါကျရင် မင်း ကော်ဖီဆိုင်ကို ငါအမြဲလာ ထိုင်မယ်။ မင်းလည်း ငါရဲ့ဆံသ ဆိုင်ကို အမြဲအားပေးတဲ့ ဖောက်သည်လုပ်ပါဦးတဲ့။ ဂျာမန်စစ်သားတွေ ရောက်လာတဲ့အချိန်မှာတော့ ဒီတစ်ခါ အောင်အောင်မြင်မြင် သေကြောင်းကြံစည် လိုက်နိုင်တဲ့ ကိုဝေါ့စကီးရဲ့အသက်ကင်းမဲ့တဲ့ ကြိုးတန်းလန်းနဲ့ ခန္ဓာကိုယ်ကြီးကိုပဲ တွေ့လိုက်ကြရပါတော့တယ်။

မီရှဲလ်တို့ အတွဲဟာ လူအုပ်ထဲက ခြေကုန်သုတ်ပြေးပြီး ဂျေကော့ဗ်ရဲ့အထပ်ခိုးကို ရောက်အောင်သွားကြတယ်။ ဂျေကော့ဗ် သူ့အတွက် ဘာထားခဲ့မှာလဲ။ ရေဒီယိုလား၊ ဒါမှမဟုတ် ဒါ့ထက်မက....။ တကယ် တမ်း သူတို့ နှစ်ယောက်တွေ့လိုက်ရတာ ရထားပေါ်က ဆင်းပြေးလာတဲ့ကောင်မလေးတစ်ယောက်ပါ။ "ကျွန်မကို ဂျေ ကော့ဗ်က ကယ်ထားခဲ့တာပါ။ ရှင်တို့နှစ်ယောက်က ကျွန်မကို ဆက်စောင့်ရှောက်လိမ့်မယ်လို့ သူကမှာခဲ့ပါ တယ်" "မင်း ဂျေကော့ဗ်ရဲ့ ရေဒီယိုကို တွေ့ဖူးလား၊ အဲဒါ ဘယ်မှာထားလဲ"

သူတို့တွေ ရေဒီယိုကို ရှာကြတယ်။ ဒါပေမယ့် ရေဒီယိုကို အစအနေတောင် မတွေ့သေးခင် ဂျာမန် စစ်သား တွေဆီမှာ အဖမ်းခံလိုက်ကြရတယ်။ ဂျာမန်စစ်သားတွေဟာ ဂတ်တိုထဲက လူတွေအကုန်လုံးကို ကွက်လပ် ထဲမှာ စုရုံးရပ်ခိုင်းထားပြီး ဂျေကော့ဗ်ကို ကြိုးစင်ပေါ်တင်လိုက်တယ်။ ဗိုလ်ချုပ်ကြီးဟာ သူကိုယ်တိုင် ကုလား ထိုင် တစ်လုံးနဲ့ထိုင်ပြီး ပရိသတ်ကိုကြည့်လိုက်တယ်။ အရာရှိဟာ ဂျေကော့ဗ်ကို လက်ညှိုးထိုးပြီး လူထုကို ကြေညာလိုက်တယ်။ 

"ဒီမှာ ဒီလူ ဘယ်သူဆိုတာ ခင်ဗျားတို့သိတယ်"
ဂတ်တိုထဲက လူတွေဟာ ဂျေကော့ဗ်ရဲ့ယောင်ကိုင်းနေတဲ့ မျက်နှာကိုကြည့်ပြီး စိတ်မသက်မသာနဲ့ ညည်းတွား နေကြတယ်။ ဂျေကော့ဗ်ကတော့ သူ့လူတွေကို တစ်ယောက်ချင်းမျက်နှာတွေကိုကြည့်နေတယ်။ မစ္စတာဖရန့်ဖို့ တာ မီရှဲလ်နဲ့ ရိုစာကို ကောင်မလေးနဲ့အတူတွေ့တော့ သူပြုံးသွားတယ်။ ရိုမန်အကြီးကောင်၊ သူ့ရဲ့အိမ်နီးနား ချင်း၊ ဆိုင်နီးနားချင်းတွေကို သူတစ်ယောက်ချင်း လိုက်ကြည့်တယ်။ နှုတ်ဆက်လိုက်ပါတယ်။ နှုတ်ဆက်လိုက်ပါ တယ်။ မိတ်ဆွေတို့။ အရာရှိက သူ့စကားကို ဆက်ပြောနေတယ်။

"ဒီလူဟာ သူ့ဆီမှာ ရေဒီယိုရှိတယ်။ ညတိုင်း ဘီဘီစီကို ဖမ်းတယ်၊ အဲဒီထဲက သတင်းတွေမှာ ကျုပ်တို့ ဂျာမန်တွေ စစ်ရှုံးနေတယ်၊ ရုရှားတပ်ကြီးလာတော့မယ်လို့ ခင်ဗျားတို့ ပြောခဲ့တယ်၊ အဲဒါတွေအားလုံး ဟာ လိမ်တာ ညာတာတွေပါ။ အမှန်တရားမဟုတ်ပါဘူး။ ဒီလူဟာ လူလိမ်ပါ။ သူကိုယ်တိုင် ခင်ဗျားတို့ ကို ဘယ်လို လုပ်ကြံလိမ်ညာခဲ့သလဲဆိုတာ ဝန်ခံပါလိမ့်မယ်။ ကဲ... မင်းပြောလိုက်တော့" ဂျေကော့ဗ်ဟာ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေနဲ့ သူ့လူတွေကို ကြည့်တယ်။ အားလုံးက သူ့ကိုအားကိုး တကြီးနဲ့ ကြည့်နေကြတယ်။ ပြောရမယ် ဆိုရင် မကြာသေးခင်ကမှ သူတို့အားလုံး သူ့ကို အထင်တကြီးနဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ကြ သေးတယ်။

"ဟေ့ကောင် ပြောလိုက်လေ"
အရာရှိက ဂျေကော့ဗ်ကိုထပ်ပြီး လောဆော်လိုက်တယ်။ ဂျေကော့ဗ် အရာရှိကိုကြည့်လိုက်တယ်။ အရာရှိရဲ့ မျက်လုံးထဲမှာ သူတို့ညှိနှိုင်းပြောဆိုခဲ့တာတွေကို သတိပေးတဲ့ အရိပ်အယောင်တွေတွေ့ရတယ်။ မမိုက်ချင် စမ်း ပါနဲ့၊ နောက်လေးငါးဆယ်ရက်အတွင်း မဟာမိတ်တွေရောက်လာတော့မှာဆိုတဲ့ သဘောမျိုးပေါ့။ ကောင်းကင် မှာ ငှက်ကလေးတွေ အုပ်လိုက်ပျံသွားကြတယ်။ ဟော ဟိုမလှမ်းမကမ်းမှာ ဂျေကိုဗာဆိုတဲ့ ဆိုင်းဘုတ် အဟောင်းလေးနဲ့ သူ့ရဲ့ကော်ဖီဆိုင်လေး၊ မဟာမိတ်တပ်တွေကို သူမယုံဘူး။ သူ ယုံကြည်တာ သူ့စိတ်ကူထဲးက အမေရိကန်တင့်ကားကြီးပေါ်က ဂျပ်ဇ်တီးဝိုင်း၊ ဟောသူ့ကို လှမ်းကြည့်နေတဲ့ သူတို့ဂတ်တိုထဲက ဂျူးလူ့အဖွဲ့ အစည်းရဲ့မျက်လုံးထဲမှာလည်း အဲဒီယုံကြည်မှုကို တွေ့ရတယ်။ နှလုံးရောဂါသည် ဗိုလ်ချုပ်ကြီးဟာ ထလာ တယ်။ ဒေါသအမျက်ချောင်းချောင်းထပြီး ဂျေကော့ဗ်ကို သေနတ်နဲ့ ချိန်ပြီး ပြောတယ်။

"ဟေ့ကောင် ပြောလိုက်လေ"
ဂျေကော့ဗ်ဟာ အရမ်းကြောက်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီပခုံးပေါ်က ကြယ်ပွင့်တွေအပြည့်နဲ့ သေနတ် ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီး၊ သူမပြောမှာ၊ အမှန်တရားကို ဖုံးကွယ်မပေးမှာကို ကြောက်လန့်တကြားဖြစ် နေတာ ကိုကြည့်ပြီး ရယ်ချင်သွားတယ်၊ သူ ရယ်လိုက်တယ်၊ ဗိုလ်ချုပ်ကြီးဟာ ဒေါသတကြီးနဲ့ သေနတ်မောင်းကို ဖြုတ်ချလိုက်တယ်။
ဂျူးတွေကို သယ်သွားတဲ့ ရထားကြီးဟာ ရုရှားတပ်တွေနဲ့တိုးပြီး အားလုံးလွတ်မြောက်ခဲ့ကြပါတယ်။ အံ့သြစရာ ကောင်းတာက ကလေးမလေးဟာ ဂျပ်ဇပ်တီးဝိုင်းကြီးတင်လာတဲ့ အမေရိကန်တင့်ကားကြီးတစ်စင်းကို အမှန်တ ကယ် တွေ့လိုက်ရပါတယ်တဲ့။

ဇာတ်ကားပြီးဆုံးသွားပါပြီ။ အတွေးတွေကတော့ မပြီးဆုံးနိုင်တော့ပါဘူး။ ဘရော့ဗ်ဟတ်ထဲက ဝီလျံဝေါလေ့စ် လို သူရဲကောင်းကြီးတွေဟာ တကယ်ကို ကြည်ညိုလေးစားစရာ သမိုင်းစာမျက်နှာတွေမှာ နိုင်ငံ အသီးသီးရဲ့ မော်ကွန်းတွေမှာ နေရာယူထားကြပါတယ်။ သူတို့တွေဟာ ကောင်းကင်ပေါ်က ကြယ်ပွင့်တွေပါ။ သူတို့လို သတ္တိမျိုး ကျွန်တော်တို့မှာ ရှိချင်မှ ရှိကောင်းနိုင်ပေမယ့် လူလိမ်ဂျေကော့ဗ်ထဲက ကိုဝေါ့စကီးတို့၊ ဒေါက်တာကြီး တို့၊ ဂျေကော့ဗ်တို့၊ မစ္စတာဖရန့်ဖို့တာတို့လို ကြောက်ကြောက်နဲ့ပဲ လုပ်သင့် လုပ်ထိုက် တာတွေကို လုပ်သွား မယ်၊ လုပ်ကြမယ်ဆို ဆရာပြောတဲ့ လာမယ့်ဘေးကို ပြေးတွေ့လို့ ရလောက်ပြီ ထင်ပါတယ်။

ချိုတူးဇော်
၂ဝဝ၉ ခုနှစ်၊ မေလ
နွယ်နီမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
ရေးသူ။ ချိုတူးဇော် (နွယ်နီမဂ္ဂဇင်း)

မြန်မာ့အွန်လိုင်း ဘလော့ဂါများ စုစည်းရာမှ ကူးယူဖော်ပြပါသည်။

No comments: