အီဂျစ်နိုင်ငံသားတဦး အယ်လ်ကိုင်းဒါး ယာယီခေါင်းဆောင်သစ်ဖြစ်လာ

နိုင်ငံတကာမှ အကြမ်းဖက် အဖွဲ့အစည်းတခုအဖြစ် ရှုတ်ချနေသည့် အယ်လ်ကိုင်းဒါးအဖွဲ့၏ ယာယီ ခေါင်းဆောင် သစ်အဖြစ် အီဂျစ်နိုင်ငံသား ဆာ့ဖ်အယ်လ်အဒယ်လ် (Saif al-Adel) ကို ရွေးချယ် ခန့်အပ်ကြောင်း သတင်းတရပ် ထွက်ပေါ်လာသည်။ ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်အား အမေရိကန် မရိန်းတပ်ဖွဲ့မှ ပါကစ္စတန်နိုင်ငံတွင်း ဝင်ရောက် တိုက်ခိုက် သတ်ဖြတ် ဖမ်းဆီးခံခဲ့ရပြီးနောက် လစ်လပ်သွားသည့် နေရာအား ယာယီအဖြစ် အီဂျစ် နိုင်ငံသားအား ရွေးချယ် တာဝန် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသတင်းကို စစ်သွေးကြွ ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် နိုမန်ဘီနော့မန် (Noman Benotman) က ကမ္ဘာ့ရုပ်သံသတင်းဌာန ဖြစ်သည့် CNN သတင်းဌာနသို့ ယနေ့ ထုတ်ဖော် ပြောကြားလိုက်ခြင်းဖြစ်သည်။

လစ်ဗျားနိုင်ငံသား အီနွတ်မန်းသည် လစ်ဗျား အစ္စလာမ္မစ် တိုက်ပွဲဝင်အဖွဲ့၏ ခေါင်းဆောင်တဦး ဖြစ်ခဲ့ပြီး အယ်လ်ကိုင်းဒါး ခေါင်းဆောင်မှုနှင့် အနှစ် ၂၀ ကျော် ရင်းနှီးကျွမ်းဝင်ခဲ့သူတဦးဖြစ်သည်။ ၎င်းက ဆက်လက် ပြောကြားရာတွင် အီဂျစ်နိုင်ငံသား ဆာ့ဖ်အယ်လ်အဒယ်လ် (သို့မဟုတ်) မိုဟာမက် အီဗရာဟင်မက္ကာဝီ (Muhamad Ibrahim Makkawi) ကို ခေါင်းဆောင် လစ်လပ်မှုကြောင့် ကမ္ဘာတဝှန်းရှိ အစ္စလာမ် ဘာသာရေးစစ်ပွဲ ဆင်နွှသူများ (သို့မဟုတ်) ဂျီဟဒ္ဒစ်များအကြား ဘရမ်းဘတာ ဖြစ်နေမှုများကို ထိန်းချုပ်ရန် ယခုကဲ့သို့ ယာယီအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ၎င်းအား ရွေးချယ်ရာတွင် အယ်လ်ကိုင်းဒါး အဖွဲ့၏ စည်းမျဉ်းအရ ဦးစီးကောင်စီ (သို့မဟုတ်) အစ္စလာမ်ရှူရာကောင်စီ (shura council) ၏ ဆုံးဖြတ်ချက်အရ ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း ယခုအချိန်၌ ကောင်စီဝင်အားလုံး တနေရာတည်း စုဝေးရန် မဖြစ်နိုင်ခြင်းကြောင့် ပါကစ္စတန်- အာဖဂန်နယ်စပ်တွင် ရှိသည့် ကောင်စီဝင် ၆ ယောက်၊ ၈ ယောက်ဖြင့် ရွေးချယ်ခဲ့ဖြစ်သည်ဟု ဆိုသည်။ ခေါင်းဆောင်သစ် ဆာ့ဖ်အယ်လ်အဒယ်လ်မှာ စစ်သွေးကြွ တိုက်ပွဲများတွင် ၁၉၈၀ ပြည့်ခုနှစ်များမှ စတင်၍ ဦးဆောင်ပါဝင်ခဲ့သူ တဦးဖြစ်ကြောင်း သိရသည်။ အယ်လ်ကိုင်းဒါး ရှူရာကောင်စီဝင်များ ဖြစ်ကြသည့် ဆော်ဒီအာရေးဗီးယားနှင့် ယီမင်နိုင်ငံ ကိုယ်စားပြု အယ်လ်ကိုင်းဒါး အဖွဲ့ဝင်များက အိုစမာဘင်လာဒင် နေရာကို ဆက်ခံလူရွေးချယ်ရာ၌ အီဂျစ်နိုင်ငံသား များထက် အာရေးဗီးယား ကျွန်းဆွယ်နိုင်ငံများကို ပိုမိုလိုလားကြသည်။ အများကမူ အိုစမာဘင်လာဒင်၏ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သူ အီဂျစ်နိုင်ငံသားပင်ဖြစ်သည့် အေမင်အယ်လ်ဇဝါဟီရီ (Ayman al-Zawahiri) ကို ရွေးချယ်လိမ့်မည်ဟု တွက်ဆနေကြသည်။

Source: IANS

No comments: