တိုးတက်သည့် နိုင်ငံတခုတွင် လမ်းပန်းဆက်သွယ်ရေးကို အထူးလေးပေး ဆောင်ရွက်ကြသည်ကို တိုးတက်သည့် နိုင်ငံများ၏ လမ်းပန်းဆက်သွယ်ရေးကို လေ့လာကြည့်လျှင် သိနိုင်ပါသည်။ တိုးတက်သော နိုင်ငံသားတို့၏ စိတ်ထဲတွင် လမ်းပန်းဆက်သွယ်ရေး၏ အရေးပါပုံကို သိကြပြီး ဖြစ်သည်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် ခြင်းကြောင့် ကုန်ပစ္စည်းဈေးကွက်ကို လျင်မြန်စွာ ဖြန့်ကျက် နိုင်ကြသည်၊ ခရီးသွားများ မပင်မပန်း ခရီးဆက် နိုင်သည်၊ ကားမောင်းသမားများ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင် နိုင်သည်။ စသော အကျိုးတရား များကြောင့် တိုးတက်သော နိုင်ငံတို့တွင် လမ်းပန်းဆက်သွယ်ရေးကို အထူးအလေးထား ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံမှာ အာဏာပိုင်တို့ အလေးထားကြပါသလား။
တလောက ရိုးရာလေးအမည်ရှိ အွန်လိုင်းသတင်းဌာနတခုတွင် ဖတ်လိုက်ရသည် အလုပ်မှ အိမ်၊ အိမ်မှ အလုပ်သွားရသည်ကို နိစ္စဓူဝ ဖြတ်သန်းမှု အမောများစွာဟု သုံးနှုန်းသွားသည်ကို အနည်းငယ် တုံ့ပြန် ချင်သည်။ အလုပ်ဟူသည်မှာ လူသားတို့၏ ဂုဏ်ပုဒ်တခုပင်ဖြစ်သည်။ ထို့ကြောင့် ရှေးလူကြီးများက အလုပ်ဟူသမျှ ဂုဏ်ရှိစွဟု ဆိုခဲ့ကြသည်။ ထိုဂုဏ်ရှိသော အလုပ်များမှာလည်း အတ္တ၊ ပရအတွက် နှစ်မျိုး ခွဲခြားနိုင်သည်။ ပရအတွက် လုပ်လျှင် ပို၍ ဂုဏ်ရှိမည်ဖြစ်သည်။ ပရအလုပ်ဟူသည်မှာ နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုး၊ လောကအကျိုး၊ လူသားအကျိုးကိုပင် ဆိုသည်။ ထိုသို့ လောကနှင့် လူသား တို့၏ အကျိုးကိုပြုသော ပရအလုပ်အား လုပ်သူသည် လွန်ပင်မြင့်မြတ်၍၊ ပညာရှိ သူတော်ကောင်း များ၏ အလုပ်ဟုပင် ဆိုနိုင်သည်။ ထိုပညာရှိ သူတော်ကောင်းများသည် မိမိပြုလုပ်သော အလုပ် ကြောင့် စိတ်ဆင်းရဲခြင်းမရှိ၊ ငြီးငြူခြင်းမရှိပေ။
အထက်ပါ အလုပ်မှ အိမ်၊ အိမ်မှအလုပ် သွားရသည်ကို ဘယ်သို့သော အမောများ ရရှိလာနိုင်သနည်း စဉ်းစားစရာ ကောင်းပါသည်။ ထိုရင်မောမှုများ ပြည့်နှက်နေသည့် ထိုအလုပ်သမားသည် မည်ကဲ့သို့ သော အလုပ်ကို လုပ်သနည်း။ ထိုသူ၏ အလုပ်သည် အတ္တလော၊ ပရလော။ ထိုနစ္စဓူဝ အမှုတို့သည် အတ္တ သို့မဟုတ် ပရတခုခုနှင့် သက်ဆိုင်နေပေလိမ့်မည်။ သို့ဖြင့် ထိုသူသည် အဘယ့်ကြောင့် ရင်မောရ သနည်း။
လုပ်ငန်းခွင်တွင် ဆင်မပြေမှုများကြောင့် ဖြစ်နိုင်သလို အကောင်းကျိုးကို မလိုလား မနှစ်သက် သူများ၏ အနှောက်အယှက်ကြောင့်လည်း ဖြစ်နိုင်သည်။ မတော်မတန်သည် မှန်းခြင်းကြောင့်လည်း ဖြစ်နိုင် သည်။ ဥပမာ သန်းကြွယ်သူဋ္ဌေး ဖြစ်ချင် သူ၏ အလုပ်သည် ရေထန်းရောင်းအလုပ်ကို လုပ်သဖြင့် မဖြစ်မြောက်နိုင်သလို ရင်မောခြင်းမျိုးကိုသာ ရရှိပေလိမ်မည်။ မတော်ပါမတန်ပါ။ ချမ်းသာကြီးပွားလို လျှင် တတ်သင့် တတ်ထိုက်သော အတတ်ပညာရှိရမည်၊ ထိုးထွင်းကြံဆနိုင်မှုရှိရမည်၊ စိတ်ကောင်း စေတနာရှိရမည်။ လူမှုရေး ပြေလည် ကောင်းမွန် ရပေမည်။ ထို့သူသောသူသည် မိမိလိုလားသည့် အခြေ အနေကို ဖြောင့်တန်းစွာ ရင်မမောရဘဲ ရောက်ရှိနိုင်သည်။ အချို့ ရင်မောရသူများ ရှိပါသေးသည်။ ပညာလည်း တတ်သည်၊ စိတ်ကောင်းလည်းရှိပါသည်၊ လူအများနှင့်လည်း ဆင်ပြေ ချောမွတ်သည်။ စသဖြင့် ကြီးပွားတိုးတက်ရေးအတွက် လိုအပ်သည်တို့ ပြည့်စုံ ပါသော်လည်း ရင်မောရသည်၊ ကောက်ကွေ့နေရသည်မှာ ရိုးသားမှုမရှိဟု ယူဆရမည်။ ကောင်းကျိုးကို မလိုလားမ နှစ်သက်သူတို့က ဖျက်ဆီးနှောက်ယှက် ပိတ်ဆို့နေခြင်းသာ ဖြစ်တန်ရာသည်။ ထိုထို အနှောက်အယှက်၊ အတားအဆီး မရှိလျှင် ထိုသူသည် တိုးတက် ကြီးပွားရမည်သာ ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံသားတို့သည် နေ့စဉ် ရင်မောနေကြသည်။ လုပ်ငန်းခွင်တို့တွင် အဆင်မပြေကြ၊ မတော်မရော် ဆက်ဆံခံရသည်၊ မတန်မရာ ခိုင်းစေခံရသည်။ အရင်းရှင် လက်ဝါးကြီးအုပ်သူများက ဈေးနှိမ်သည်။ တန်သလောက် မပေး။ ထိုသို့ အခြင်းအရာတို့ကြောင့် ရင်မောရခြင်း ဖြစ်သည်။ အလုပ် ကြောင့်မဟုတ်ပေ။ ထိုထို လုပ်ငန်းရှင်များက အလုပ်သမားများကို လူဟုသဘောထားပြီး လူလို ကောင်းမွန်စွာ ဆက်ဆံလျှင်၊ ဆယ်နာရီ အလုပ်လုပ်သူကို ဆယ်နာရီစာ မှန်ကန်စွာပေးလျှင်၊ တော်လျှင် တော်သလောက် ထိုက်တန်စွာ မြောက်စားမည်ဆိုလျှင် ထိုအလုပ် သမားသည် ရင်လည်း မမောရ၊ ကြီးပွား၍လည်း ချမ်းသာမည်သာဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံသားတို့သည် ထို့သို့ လုပ်ငန်းရှင်တို့၏ မတော်မတရားမှုကြောင့်၊ အာဏာပိုင်တို့၏ နှောက်ရှက် တားဆီးမှုကြောင့်သာ ရင်မောနေကြခြင်းဖြစ်သည်။ အိမ်မှ အလုပ်ကို သွားသောအခါတွင် ဆင်းရဲကြသဖြင့် လိုင်းကားကိုသာ အားထားရသည်၊ လိုင်းကားစီးလိုက်လျှင်ပင် ရင်မောရတော့သည်။ လူများ ပြည့်ညပ်နေသည်။ ယဉ်မောင်းသမားများ စည်းကမ်းမရှိကြ၊ လမ်းများမှာလည်း ကျဉ်းမြောင်းပြီး ကြမ်းတမ်းလှသဖြင့် ရင်မောစရာများ မဆိုင်းမတွ ဖြစ်ကြရသည်။ အလုပ်သို့ ရောက်ပြန်လျှင်လည်း အကြောင်းများစွာ အဆင်မပြေသဖြင့်၍လည်း ရင်မောရပြန်သည်။ အလုပ်မှ အိမ်သို့ ပြန်သောအခါ လည်း ထိုသို့ရင် ရင်မောရပြန်သည်။ အမောသံသရာကြီးပင် ဖြစ်နေတော့သည်။
ထိုရင်မောမှုများ ပြေပျောက်နိုင်ရေး အတွက် ဆိုလျှင် အာဏာပိုင်မှ စပြီး ဆင်ခြင်ရမည်၊ ပြောင်းလဲရမည်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးရမည်၊ လိုင်းကားကို ချောင်ချောင် ချိချိ ပေါပေါလောလော စီးနိုင်အောင် စီစဉ်ပေးရမည်။ လုပ်ငန်းရှင်များကလည်း လူမှုရေးဆင်ပြေ ကောင်းမွန်ပြီး စိတ်ကောင်းထားကြရမည်။ ထိုသို့ဆိုလျှင် ရင်မောစရာ လိုက်ရှာသော်လည်း မတွေ့နိုင်။ ယဉ်မောင်းသမားများ စည်းမဲ့ကမ်းမဲ့ မောင်းနှင်နေခြင်းမှာ လိုက်ပါ စီးနင်းသူများ သေဆိုးနှင့် သေပါစေဟူသည့် စိတ်ဆိုးစေတနာဆိုးတော့ဖြင့်မရှိပါ။ ခရီးသည်များများ တင်နိုင်ရန်၊ ခေါက်ရေများ ရရှိနိုင်ရန် လုယက် မောင်းနှင်နေခြင်းသာဖြစ်သည်။ တဖန် စည်းကမ်းဥပဒေများကလည်း နိုင်ငံအုပ်ချုပ် သူများမှ အစပြု၍ မြို့မိမြိဖ၊ ရပ်မိရပ်ဖများကိုယ်တိုင် မလေးစား မလိုက်နာသဖြင့် ယဉ်မောင်းသမားများ အကျင့်ပျက် ကြသည်မှာလည်း မဆန်းပါ။ ဥပဒေအတိုင်း လေးစားလိုက်နာမှုလည်းမရှိ၊ ကိုင်တွယ် ရေးယူမှုလည်းမရှိ။ ထိုသို့ အခြေအနေဆိုးတွင် မြန်မာနိုင်ငံသားများ ရင်မောနေရခြင်းသည်လည်း မဆန်းပြန်။ လုံးဝ ကိုယ်ကျိုးစွန့် ပရဟိတ လုပ်နေသူများပင်လျှင် ထောင်သွင်းအကျဉ်းချ ခံနေရသည့် ကာလဆိုးတွင် ပြည်သူများ ရင်မောနေကြရ ဦးမည်သာ ဖြစ်သည်။
အထက်ပါ ရိုးရာလေးဆိုက်တွင် ရေးသားထားသည့် ဆောင်းပါးသည် ယဉ်မောင်းသမားများ စည်းကမ်းပျက်မှုကိုသာ အပြစ်ဖို့ပြီး အဓိက အခေါင်ကို မထိရဲ မတို့ရဲပါ။ ရိုးသားမှု မရှိသော ဆောင်းပါးသာ ဖြစ်ချေသည်။ လမ်းပန်း ဆက်သွယ်မှု ညံ့ဖျင်းသည်ကိုတော့ မထည့်၊ စည်းကမ်း ဥပဒေအတိုင်း မကိုင်တွယ် အရေးမယူသည်ကိုတော့ မရေး။ ယဉ်ထိန်းရဲများ အကျင့်ပျက် ချစားနေသည်ကိုတော့ မဆို။ အရေးမပါသည်ကို အရေးဆိုနေသည်ကြသည်မှာ မြင်ပြင်းကပ်စရာ ကောင်းလှသည်။ အမိုးမလုံလျှင် ထိုအမိုးကို ကာကွယ်ယူထားသည့် အရာမှန်သမျှ ပျက်စီးဖို့သာ ရှိတော့သည်ကို မသိသလော။ ထို့သို့ အုပ်ချုပ်သူများ ကိုယ်တိုင် ဒုစရိုက်သမား၊ ဖောက်ပြန်ရေးသမား များ ဖြစ်နေလျှင် ထိုတိုင်းပြည်၊ ထိုနိုင်ငံ မည်သို့ဖြစ်နေမည်။ တွေးရန်ပင် မလို၊ မြင်သာလှသည်။ ထိုသို့ ဒုစရိုက်သမားများ အုပ်စိုးသော နိုင်ငံတွင် ဘုရားပေးသည့် ဥပဒေသော်မှ အချည်းအနှီးဖြစ်ရသည်။
ထိုသို့ မယောင်ရာ ဆီလိုက်လူးနေလျှင် အနာမပျောက်ဘဲ ခါးတောင်းကျိုက်တခြား ဖင်တခြား ဖြစ်နေဦးမည်သာ ဖြစ်သည်။ သို့ဖြင့် ထိုမယောင်ဆီလူးသည့် ဆောင်းပါးရှင် အောင်ခွန်းဆက်၊ ထက်ထက်မိုးမြင့်တို့သည် ဒုစရိုက် အစိုးရ၏ ကျွန်သဘောက်များသာဖြစ်၍ ထိုဆောင်းပါးကို လိုလိုလားလား တင်ပေးသည့် ရိုးရာလေး ဝက်ဘ်ဆိုက် သည်လည်း ဒုစရိုက်သမားများ အလိုကျကိုသာ တင်ဆက်တတ်သဖြင့် ဖောက်ပြန်သည့် ဝက်ဘ်ဆိုက်သာ ဖြစ်ချေ တော့သည်။ ထိုသို့အပြောမခံချင်လျှင် လိုအပ်ချက်တွေကို ပြည့်စွက်ရေးပါ။ သမာသမတ်ကျကျရေးပါ။
အုန်းရှိန်
No comments:
Post a Comment