မိခင်မေတ္တာစိတ်ရှိတဲ့ သမီးငယ်လေး

ညီမလေးကို ခွံ့ပေးရှာတယ်
ဒီသမီးလေးနာမည်က တွယ်တာအောင်တဲ့။ မောင်နှစ်မ ၃ ယောက်မှာ အကြီးဆုံးပါ၊ အဖေက ပွဲရုံတစ်ခုက အလုပ်သမားပါ၊ သူတို့အမေက အငယ်ဆုံး ယောင်္ကျားလေးမွေးပြီး လသားမှာ ဆုံးသွားပါတယ်။ ကလေးတွေကို နီးစပ်ရာဆွေမျိုးတွေက တစ်ယောက်စီ ခွဲယူမယ်ဆိုတော့ သူကလေးက သမီးတို့မောင်နှစ်မတွေကို မခွဲပါနဲ့လို့ ငိုရှာသတဲ့၊ ဒါနဲ့ သူ့အဖေ မနက် အလုပ်ထွက် လုပ်ရင် သူကလေးက ထမင်းချက်တယ်တဲ့၊ ကလေးအငယ်လေးကိုလည်း သူပဲထိန်းရှာတယ်၊ ကျောင်းလည်းမနေရ၊ ထမင်းလည်းသိုးတဲ့ အခါသိုးနဲ့ပေါ့၊ အောင်ဇေယျာမင်း ပရဟိတကျောင်း အကြောင်း ကျွန်မတို့ သူငယ်ချင်းတွေ အလှူသွားလုပ်ရင်းသိရတော့ ဆရာတော်ကို ခွင့်တောင်းပြီး ဒီကလေးတွေကို ဆရာတော့်ကျောင်း ပို့လိုက်ရတယ်၊ စရောက်ခါစတော့ ငိုမဲ့မဲ့နဲ့ အဖေ့လက်ကို ဆွဲထားကြတာပေါ့၊ သူ့အဖေလည်း ၂ ရက် ၃ ရက် တစ်ခါသွားတွေ့ရတယ်၊ နောက်တော့ ကျောင်းမှာပျော်သွားကြပါတယ်။
အငယ်ဆုံးလေးကို အလှူရှင်ထဲက အန်တီကြီးကကျွေပေးတယ်
သူ့အတွက်သူ မစားနိုင်သေးဘူး

သူကလေးလည်း အဲဒီတော့မှ ကျောင်းစတက်ရပါတယ်၊ အခု အောင်ဇေယျာမင်းရောက်တာ ၁ နှစ် ရှိသွားပါပြီ။ ဒီပုံတွေက သူတို့ကျောင်းရောက်ပြီး တစ်လလောက်မှာ ကျွန်မတို့ သာကူသွားလှူတုံးက ပုံတွေပါ။ အငယ်ဆုံးလေးက ထွားသွားပြီး အလတ်မလေးက ညှက်နေရှာပါတယ်။ သူနဲ့ရွယ်တူ ကလေးတွေ ကိုယ့်ဖာသာကိုယ်ပဲ စားနေချိန်မှာ တွယ်တာအောင်လေးက သူတောင်မစားနိုင်သေးပဲ အလတ်မလေးကို ကျွေးနေတာတွေ့ရတော့ ရင်ထဲကြင်နာရပါတယ်၊ အလှူရှင် အုပ်စုထဲက အန်တီကြီးက ကလေးတွေကို သာကူတိုက်ပေးတော့မှပဲ သူဝအောင်စားရရှာပါတယ်။ ဒါတောင် သမီးမောင်လေးနဲ့ ညီမလေးကို အုန်းသီးဖတ်တွေ မကျွေးပါနဲ့နော်တဲ့၊ ချောင်းဆိုးနေလို့ပါတဲ့၊ နောက်နှစ်ကျောင်းပိတ်ရင် သူသီလရှင်ဝတ်မယ်တဲ့၊ ဘာဖြစ်လို့ ၀တ်မှာလဲမေးတော့ သီလရှင် စာတွေလည်း သင်ချင်တယ်တဲ့၊ မေမေလည်း ကုသိုလ်ရအောင်လို့ပါတဲ့၊ အခုသူ့အသက် ခုနစ်နှစ်ရှိပါပြီ၊ အောင်ဇေယျာမင်းမှာပဲ ဒီကျောင်းအပိတ်မှာ သီလရှင်ဝတ်ပါတယ်၊ သီလရှင်ဝတ်နဲ့ ပုံလေးများရရင် တင်ပေးပါအုံးမယ်၊ ကျောင်းဖွင့်ရင်လည်း လူမထွက်ပဲ သီလရှင်ဘ၀နဲ့ပဲ ကျောင်းဆက်တက်မယ်တဲ့။

No comments: