သင်္ကြန်ရက်များအတွင်း ပုလင်းဘူးခွံကောက်သူများ အထူးစီးပွားဖြစ်

သင်္ကြန်ရက်များအတွင်း အရက်ပုလင်းနှင့် ဘီယာဘူးခွံကောက်၍ ပြန်လည်ရောင်းချသူများမှာ ယခင်နှစ်များကထက် ယခုနှစ်တွင် ပိုမိုစီးပွားဖြစ်လျက်ရှိကြောင်း သိရသည်။ အရက်ပုလင်းနှင့် ဘီယာဘူးခွံ ကောက်သူအများစုမှာ အသက် ၁ဝ နှစ်မှ ၁၅ နှစ်ကြားရှိ ကလေးငယ် အများဆုံးဖြစ်ကြပြီး ဆာလာ အိတ်ခွံ တစ်လုံးစာအပြည့် ကောက်ယူကာ နီးစပ်ရာဆိုင်များတွင် ပြန်လည်ရောင်းချပါက ကျပ်လေးထောင်ခန့် အထိရရှိကြောင်း၊ အချို့မှာကောက်ယူပြီး ပုလင်းခွံ၊ ဘူးခွံများအား ကောက်ယူပြီး ချက်ချင်းပြန်လည် ရောင်းချခြင်းမပြုဘဲ သင်္ကြန်ပြီးမှသာ ပြန်လည်ရောင်းချလေ့ရှိကြောင်း၊ ယခုနှစ်သင်္ကြန်တွင် အရက်နှင့်ဘီယာသောက်သုံးသူများ ယခင်ထက် ပိုမိုများ ပြားလာသည့်နည်းတူ အရက်နှင့်ဘီယာ ရောင်းချသည့်ဆိုင် များမှာလည်း ပိုမိုများပြားသည့်အတွက် ယခင်နှစ်များကထက် ပုလင်းခွံနှင့်ဘူးခွံများ ပိုမိုရရှိသည် ဟု တောင်ဒဂုံမြို့နယ်မှ လာရောက်၍ ပုလင်းခွံ၊ ဘူးခွံကောက်ယူသူ ကလေးငယ်တစ်ဦးက ပြောသည်။

၎င်းက ”မြို့ထဲကို သားသူငယ်ချင်းတွေနဲ့အတူ ရထားစီးလာပြီး မဏ္ဍပ်တွေကပုလင်းခွံတွေ ကောက်တယ်။ အိတ်တစ်လုံးစာရရင် ဆိုင်မှာသွားရောင်းတယ်။ ညနေ ၆ နာရီ အထိကို ရှစ်အိတ်လောက်ရတယ်။ ရတဲ့ပိုက်ဆံကိုတော့ အိမ်ကမိဘ တွေကိုလည်း ပြန်ပေးတယ်။ သားလည်းသုံးတယ်။ ဒီပိုက်ဆံကတော့ ကျောင်းစရိတ် အ တွက်ပေါ့။ အခု တစ်ရက်ကို နှစ်သောင်းလောက်တော့ ရပါတယ်။ ရတဲ့ပိုက်ဆံနဲ့ ထမင်းတော့ ဝယ်မစားဘူး။ ဗိုက်ဆာရင် စတုဒိသာမဏ္ဍပ်တွေမှာ သွားစားတယ်” ဟု ဆိုသည်။

အင်းစိန်မြို့နယ်မှ လသာမြို့ နယ်အတွင်း ပုလင်းခွံ လာရောက် ကောက်ယူသူ အမျိုးသမီးတစ်ဦးက ဘီယာဘူးခွံတစ်ခုလျှင် ၁၅ ကျပ် နှုန်း၊ အရက်ပုလင်းတစ်လုံးလျှင် ကျပ် ၇ဝ နှင့် ရေသန့်ဘူးခွံတစ်ခု လျှင် ၃၅ ကျပ်နှုန်းဖြင့် ပြန်လည် ရောင်းချကြောင်း၊ ၄င်းတို့မှာ မိသားစုလိုက် လာရောက်ကာ ပုလင်းခွံ၊ ဘူးခွံများ ကောက်ယူခြင်း ဖြစ် ပြီး ကောက်ယူရရှိလာသော ပုလင်းခွံ၊ ဘူးခွံများအား ညနေပိုင်းရောက်မှသာ ပြန်လည်ရောင်းချ၍ နေအိမ်သို့ ပြန်သည်ဟု ဆိုသည်။

No comments: