Dog eats Dog (သို့) ဇာတ်တူသား အစားခံရနိုင်သည့် စစ်အစိုးရဒေါက်တိုင် ပုဆိန်ရိုးများ

ဗမာပြည် မာဖီးယားက ပညာပေးလိုက်တဲ့ ရောစ်ဒန်ကလီ
ရောစ်ဒန်ကလီပြီးတော့ ဘယ်သူ့အလှည့်လဲ
မြန်မာတိုင်းဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ မစ္စတာရောစ်ဒန်ကလီကို စစ်အစိုးရက သူရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့ အမှုအပါအ၀င် အမှုမျိုးစုံတပ်ပြီး ဖမ်းဆီးထားလိုက်ပြီး ဖြစ်ပါတယ်။ အခု တော့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဒီအင်းစိန်အကျဉ်းထောင်ထဲမှာ ရောစ်ဒန်ကလီဟာ သူနဲ့အရင်က လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ထောက်လှမ်းရေးတွေနဲ့ ကံရေစက် မကုန်သေးလို့ ပြန်ဆုံစည်းနိုင်တဲ့ အခွင့် အရေး ရရှိတယ်လို့ ကြံဖန် ပြောရမှာပါ။

လက်ရှိ မြန်မာစစ်အစိုးရ လက်ထက်မှာသော်လည်းကောင်း ယခင် မဆလ၊ န၀တ အစိုးရတွေမှာ သော် လည်းကောင်း ဇာတ်တူသား စားတဲ့ အစဉ်အလာ ( Dog Eat Dog) ဟာ ထွန်းကားခဲ့ပါတယ်။ စစ်အစိုးရရဲ့ ဇာတ်တူသားစားတဲ့ အကျင့်ကြောင့် အခုရွှေနန်းဆောင်မှာ စံနေနေရာကနေ အခုထောင်နန်းစံသွားရတဲ့ သူတွေ မနည်းလှပါဘူး။ သူတို့ထဲက တစ်ချို့တွေကတော့ အကျဉ်းထောင် အခန်းကျဉ်းလေးထဲမှာပဲ စစ်အာဏာရှင်ကို အံကြိတ်၊ တောက်ခေါက်ပြီး ဘ၀တပါး ပြောင်းသွားခဲ့ရပါတယ်။ ဒီစနစ်မှာ ပါဝင်ပတ်သက် သူတွေအတွက် ကြမ္မာဆိုးနဲ့ အဆုံးသတ်ရတဲ့ ဒီစနစ်ဆိုးဟာ ခေတ်သစ်လူ အဖွဲ့အစည်းမှာ မရှိသင့်တော့ ပါဘူး။ ဘယ်တော့ အဆုံးသတ်နိုင်မလဲ ။

Freedom News Group ရဲ့ နောက်ထပ် ဘယ်သူ ဖြစ်မလဲ (Who’s next?) အစီအစဉ်ကနေ စာနယ်ဇင်း နယ်မှာ နောက်ထပ် ကံကြမ္မာဆိုးနဲ့ ကြုံနိုင်သူ ငါးဦးကို ရွေးချယ် ဖော်ပြလိုပါတယ်။

နောက်တစ်ပတ် (Who’s Next?) အစီအစဉ်မှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျော်ကြားသူတွေနဲ့ ဖြစ် နိုင်ချေရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို ဖော်ပြမှာပါ။ ဒီတစ်ပတ်မှာ ဖော်ပြထားတဲ့ စာနယ်ဇင်းသမား များကတော့.....

ဒေါက်တာ နေ၀င်းမောင်
မြန်မာ E.gress ဆို တဲ့ လူမှု အခြေခံ အဖွဲ့ အစည်း တစ်ခု ကို ဖွဲ့ စည်း ခဲ့ပြီး အဲဒီ အဖွဲ့ က အဖွဲ့ ဝင်တွေ ကို လည်း စစ်အစိုး ရ လိုလား သူတွေ ဖြစ်စေခဲ့ သူ State Bully၊ စစ်အစိုးရ လက်ကိုင်တုတ် ပုဆိန်ရိုး နေ၀င်းမောင်
“တကယ်တော့ နေ၀င်း မောင် ဟာ သနား စရာ ငါးသတ္တ၀ါ လေး ပါ”
Living Color မဂ္ဂဇင်းနဲ့ The Voice ဂျာနယ်တို့ကို တည်ထောင်သူနဲ့ အယ်ဒီတာချုပ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ယေလ်းတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့တယ်ဆိုတာကြောင့် မြန်မာစာနယ်ဇင်း အသိုင်းအ၀ိုင်း မှာ လစ်ဘရယ်ပညာရေးနဲ့ နိုင်ငံတကာပညာရေး အတွေ့အကြုံအရှိ ဆုံးသူတစ်ဦး ဖြစ်ပါတယ်။ အဲဒီအတွက် လည်း ကြီးကြပ်ဦးစီးတဲ့ မီဒီယာထုတ်လုပ်မှုတွေမှာ နိုင်ငံတကာ အဆင့်မှီတဲ့ အဆင့်ကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒေါက်တာ နေ၀င်းမောင်ဟာ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းရဲ့ သားဖြစ်သူနဲ့  အကျိုးတူ စီး ပွားလုပ်ခဲ့ရာကနေ နောက်တော့ စစ်ထောက်လှမ်းရေး တစ်ဇာတ်သိမ်းသွားတဲ့ အချိန်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးအသစ် ထူထောင်ရင်း သူကိုယ်တိုင်သော်လည်းကောင်း သူ့ရဲ့မီဒီယာတွေမှာသော်လည်း ကောင်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့ အကြောင်းတွေ စစ်တပ်ဖွဲ့စည်းမှုနဲ့ စစ်အစိုးရက ဒီမို ကရေစီရေး အသွင်းပြောင်းမှုတွေကို ချီးမွမ်းခန်းဖွင့်ပြီး ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ egress ဆိုတဲ့ လူမှုအခြေခံ အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့က အဖွဲ့ဝင်တွေကိုလည်း စစ်အစိုးရ လိုလားသူတွေ ဖြစ်စေခဲ့ပါတယ်။

သူ့ရဲ့အနာဂတ် ဖြစ်နိုင်ချေ

အနောက်နိုင်ငံ တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရခဲ့တဲ့ဟာ သူ့အတွက်တော့ ပညာမတတ်တဲ့ စစ်ဗိုလ်ချုပ်တွေ အတွက် မျက်စေ့စပါးမွှေးစူးစရာပါ။ တစ်ခါတစ်လေမှာလည်း သူကိုယ်တိုင် စစ်အစိုးရကို ထေ့ငေါ့မှုလေးတွေ လုပ်တဲ့အတွက် သူဟာလည်း ဒန်ကလီပြီးနောက် ဖြစ်နိုင်ချေ အများဆုံးလူလို့ မြန်မာစာနယ်ဇင်း အသိုင်း အ၀ိုင်းက သုံးသပ်ကြပါတယ်။

သူက စစ်အစိုးရ ဘုန်းတော်ဘွဲ့ကို တောင်စဉ်ခုနှစ်ထပ် ချီးမွမ်းခန်းဖွင့်ခဲ့ပေမဲ့ စစ်အုပ်စုကတော့ egress ကနေ လွှတ်တော်အမတ် နေရာအတွက် ၀င်ရောက်အရွေးခံခဲ့တဲ့ သူတွေကို တစ်နေရာမှ မပေးခဲ့ခြင်းအား ဖြင့် မင်းကို တို့အလိုမရှိဆိုတာ အထင်အရှား ပြခဲ့ပါတယ်။
ဒေါက်တာ နေ၀င်းမောင် နဲ့ပတ်သက်ပြီး  ၀ါရင့် စာနယ်ဇင်းဆရာတစ်ဦးက “တကယ်တော့ နေ၀င်းမောင်ဟာ သနားစရာ ငါးသတ္တ၀ါလေးပါ” လို့ မှတ်ချက် ပြုပါတယ်။


ဒေါက်တာ တင်ထွန်းဦး

ဖြာခင်းတော်တဲ့ ဒေါက်ချာတင်ထွန်းဦး
၁၉၈၀ ပြည့်လွန် နှစ် တွေ မှာ  ပညာ အခြေခံ နည်းတဲ့ လူတန်းစား ကို ပစ်မှတ် ထားပြီး ထုတ်ဝေခဲ့တဲ့သူ့ ရဲ့  သုတ စွယ်စုံ မဂ္ဂဇင်း ဟာ အထို အလျှောက် အောင်မြင် ခဲ့ပါတယ်။  စစ်အစိုး ရ လက်ထက် ဂျာနယ် တွေ ထုတ်ဝေခွင့် ရချိန် မှာ တော့ သူက ဂျာနယ် ခောတ်ဦး ပိုင်းမှာ ပဲ ပြည်မြန် ဂျာနယ်၊ ထွန်းတောက်ကြယ် ဘောလုံး ဂျာနယ် နဲ့  Family Health ဆေး ဂျာနယ်တွေ ကို ထုတ်ဝေခဲ့ ပါတယ်။

နောက်တော့ သူဟာ အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ထုတ်တဲ့  မြန်မာတိုင်း ဂျာနယ်ရဲ့  ရှယ်ယာတစ်ဝက်ကို ပိုင်ဆိုင်သူလို့  ဆိုင်းမဆင့်ဗုံမပါနဲ့  လူသိ များလာပါတယ်။

သူနဲ့ ရင်းရင်းနှီနှီးရှိခဲ့တဲ့ ဆရာဝန်တစ်ဦးကတော့ သူရဲ့စွယ်စုံမီဒီယာတိုက်က ၀င်ငွေဟာ မြန်မာ တိုင်းဂျာနယ် အရှင်သခင်တွေဖြစ်တဲ့ ယခင် စစ်ထောက်လှမ်းရေးဟောင်းတွေဆီက ရှယ်ယာကို ၀ယ်ယူ နိုင်လောက်တဲ့ အင်အားမရှိဘူးလို့ ဆိုပါတယ်။

ဒေါက်တာ တင်ထွန်းဦးရဲ့ ဂျာနယ်တိုက်မှာ တာဝန် ထမ်းဆောင်ဖူးခဲ့တဲ့ တစ်ယောက်ကတော့ သူဟာမြန်မာ တိုင်းလို ဂျာနယ်တစ်စောင်ကို ဦးစီးထုတ်နိုင်လောက်အောင် စွမ်းဆောင်နိုင်သူ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်း အပါအ၀င်၊ နအဖ စစ်အရာရှိ တစ်ချို့ရဲ့ မြှောက်စား ခံရသူ ဖြစ်ပါတယ်။

သူ့ရဲ့အနာဂတ် ဖြစ်နိုင်ချေ
ဒေါက်တာ တင်ထွန်းဦးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲကို ပုဇွန်တောင်မြို့နယ်ကနေ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့ပါဘူး။ သူဘာကြောင့် အနိုင်မရဘူးလဲဆိုတာ သူ့ဘာသူ သိပါလိမ့်မယ်။ စစ်အစိုးရကတော့ စာနယ်ဇင်းသမားတွေကို ပစားပေးချင်တဲ့ သဘောမရှိတာရော၊ ရှင်းဖို့ကြုံလာတဲ့ အခါမျိုးမှာ အမတ်မင်း ဖြစ်နေရင် နဲနဲ အခက်ကြုံနေပါမယ်။ နဲနဲ လွယ်အောင် လုပ်ထားတဲ့ သဘော ဆိုတာ သူ ရိပ်စားမိမှာပါ။
 ......... @@@@ .........


ကိုကို (စက်မှုတက္ကသိုလ်)
ကိုကို (စက်မှုတက္ကသိုလ်)
ဆယ်စုနှစ်တစ်စုကို သမင်လည်ပြန် ကြည့်မယ်ဆိုရင်တော့ သူဟာထောင်ထဲမှာ ကွယ်လွန်သွားခဲ့ရတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်ရဲ့ သားဖြစ်သူ တည်ထောင်ထားတဲ့ 7 Days News Journal ကနေမှ ဘ၀ စတယ်ပြောရင် ရပါတယ်။

အဲဒီနောက်တော့ ပန်းသတင်းဂျာနယ်ကို Flower News ဂျာနယ် အဖြစ်ပြောင်းလဲ ထုတ်ဝေပါတယ်။ နောက်တော့ ၀န်ကြီးသားမက် စာရေးဆရာ မာဂျေ ဗိုလ်မှုးဝဏ္ဏနဲ့ သိကျွမ်းရာကနေ ရန်ကုန်တိုင်း ဂျာနယ် ကို ထုတ်ဝေပါတယ်။

လတ်တလောမှာတော့ သူလဲမြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း (ဗဟို) မှာလည်း ရာထူြးဲကီးကြီး ရထားပြီး အသစ်ဖွဲ့စည်းထားတဲ့ သတင်းထောက်များ ကာကွယ်ရေးအဖွဲ့ကိုမှာလည်း သြဇာရှိတဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့သတင်းထောက်များ ကာကွယ်ရေးအဖွဲ့  ရောစ်ဒန်ကလီကိုတော့ မကာကွယ်ပေးနိုင်ဘူး လို့ ဆိုပါတယ်။

ဒါဆို နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်မှုတွေကြောင့် ထောင်ကျနေသူတွေကိုရော ကာကွယ်မပေး နိုင်ဘူးလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

နာဂစ်မုန်တိုင်းမှာ ဒုက္ခရောက်သူတွေကို ကူညီခဲ့လို့ ထောင် ဒဏ်ကျခံနေရတဲ့ ကိုဇော်သက်ထွေးလို လူမျိုးဆို ကူညီနိုင်ကောင်းပါရဲ့လို့  မေးစရာရှိပါတယ်။

 သူ့ရဲ့အနာဂတ် ဖြစ်နိုင်ချေ
သူကိုတော့ နအဖက သိပ်မျက်မုန်းကျိုးနေတာ မရှိပေမယ့် သူ့ထက် သူလူစွမ်းကောင်း မြန်မာစာနယ်ဇင်း လောကမှာတော့ သူဟာအခြား အခါတစ်ပါးက ဆရာသမားများရဲ့ မျက်စေ့နောက်ခြင်းကို ခံနေရပါတယ်။

ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းရဲ့ လူအရင်း တစ်ယောက်ပေမယ့် သူဗိုလ်ချုပ်ကျော်ဆန်းအလွန် ကာလတွေမှာ သူဟာ ခေါင်းပေါင်းစ ဖြူနိုင်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်ဗိုလ်ချုပ်တွေ ဟာ ပထမ လူကိုရှင်းတဲ့အခါမှာ သူရဲ့တူသားနောင်မယ်တွေကို အကုန်ရှင်းတာ အကျင့်ပါနေလို့ ပါပဲ။

CIA နဲ့ ကျော်ဆန်းရဲ့ ခွေးမြတ်ခိုင်
၁၉၈၀ ပြည့်လွန်နှစ် ကာလများက ရုပ်ရှင်ဝေဖန်ရေး ဆောင်းပါးများဖြင့် နာမည်ကျော်ကြားတဲ့ ကွယ်လွန်သူ ဆရာစိန်ခင်မောင်ရီ၏ တပည့်ရင်းဟု လူသိများပါတယ်။ ၁၉၉၅ ခုနှစ် မတိုင်ခင်အထိတော့ မြန်မာမဂ္ဂဇင်း တွေမှာ အနုပညာနယ်ထဲက  ကျော်ကြားသူတွေရဲ့ ဆောင်းတွေရေးပြီး ရပ်တည်ခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ဂျာနယ်ခေတ်ဦးမှာ လျှပ်တပျက်ဂျာနယ် ကိုထုတ်ဝေခဲ့ပြီး နောက်တော့ ရပ်နားခဲ့ရပါတယ်။

၁၉၉၉  ခုနှစ်မှာ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှုးချုပ်ကျော်ဝင်းနဲ့ ရင်းနှီးရာကနေ မဟာဂျာနယ်ကို ထုတ်ဝေခွင့် ရခဲ့ပါတယ်။ နောက်တော့ စစ်ထောက်လှမ်းရေးကို ဖယ်ရှားလိုက်တော့ မဟာဂျာနယ်ဟာ တနွယ်ငင် တစင်ပါ ရပ်တန့်သွားခဲ့ရပါတယ်။

ဗိုလ်မှုးချုပ်ကျော်ဝင်းဟာ စစ်ထောက်လှမ်းရေး အရာရှိတွေထဲမှ တစ်ဦးတည်းသော အဖမ်းမခံရသူ ဖြစ်ပါတယ်။ သူဟာ စွန်ရဲဆိုတဲ့ ကလောင်နာမည်နဲ့  မဟာဂျာနယ်မှာ ဆောင်းပါးတွေ ရေးပါတယ်။

စစ်ထောက်လှမ်းရေး ပြည်ဖုံးကားချချိန်မှာ သူဟာပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးတွေကို ထူထောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ဂျပုကျော်ဆန်းလို့ လူသိများတဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ လူယုံ ဖြစ်လာခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးနဲ့ ရင်းနှီးတာကြောင့် သူဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာပေနဲ့စာနယ်ဇင်းအဖွဲ့ ကိုတောင် လျှပ်တပျက်ဂျာနယ်နဲ့ မော်နီတာဂျာနယ်တွေကို ထုတ်ဝေပါတယ်။

ဒီဂျာနယ်တွေကို ထုတ်ဝေနိုင်ဖို့အတွက် သူ့ဂျာနယ်မှာ  ငွေကြေးထည့်ဝင် ပေး နေသူတွေကတော့ IDEA ဗီနိုင်းကုမ္ပဏီက ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ စစ်အင်ဂျင်နီယာတစ်ဖြစ်လဲ အဆိုတော်နေရဲမာန်က မော်နီတာဂျာနယ်အတွက် ငွေကြေးထည့် ၀င်ထားတယ်လို့ ဆိုပါတယ်။

Freedom News Group က ရွေးချယ်ထုတ်နှုတ် ပြထားတဲ့ စာနယ်ဇင်းနယ်ပယ်က ပုဂ္ဂိုလ်ငါးဦးထဲမှာတော့ မြတ်ခိုင်ဟာ စာရေးပြီး အသက်မွေးဝမ်းကျောင်းသူ စစ်စစ် တစ်ယောက်ဖြစ်ပါတယ်။

သူဟာ ပြေလည်တဲ့ ဆက်ဆံရေးကို အလွှာပေါင်းစုံနဲ့ ထူထောင်နိုင်ပြီး ကိုကိုကြီးကျယ်၊ လမ်းလျှောက် အယ်ဒီတာစတဲ့ သူ့ရဲ့ကလောင်ခွဲတွေကလည်း ထင်ရှားပါတယ်။

၁၉၇၀ ပြည့်လွန် နှစ်တွေမှာ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပေမယ့် အခုတော့ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်တဲ့ အာဏာပိုင်အုပ်စုနဲ့ အလွမ်းသင့်ပါတယ်။

အချစ်ဂျာနယ်ပြီးနောက် သူထပ်မံထုတ်ဝေတဲ့ လျှပ်တပျက်ဂျာနယ်မှာ အမျိုးသမီးဝန်ထမ်း အများစုကို ခန့်ထားခဲ့ပြီး ဆုကဗျာဆိုတဲ့ မော်ဒယ်တစ်ဖြစ်လဲ သတင်းထောက် မလေးနဲ့ ထောင်မှုး( အင်စိန်- ရုံးအဖွဲ့ စီမံခန့်ခွဲမှု) တစ်ဦးဖြစ်ပြီး စူးရှမြတ်မြတ်ဆိုတဲ့ အမည်နဲ့ မအောင်မြင်တဲ့ အချစ်ဝတ္ထုရေးတဲ့ စာရေးဆရာမ တစ်ဦးနဲ့ ရင်းနှီးမှုတွေ ရှိတယ်ဆိုတာကတော့ စာနယ်ဇင်းလောကရဲ့ သူ့နောက်ကွယ်မှာ ပြောကြားတဲ့ တီးတိုးသံတွေထဲက တစ်ခုဖြစ်ပါတယ်။

သူ့ရဲ့အနာဂတ် ဖြစ်နိုင်ချေ
 
မြတ်ခိုင်နဲ့ ပတ်သက်ပြီး သူနဲ့ အရင်းနှီးဆုံး စာနယ်ဇင်းသမား တစ်ဦးက မှတ်ချက်ျတာကတော့ “သူဟာ သိပ်ဆုံးရှုံးမှု မရှိဘဲနဲ့ စာနယ်ဇင်းလောကကနေ ကွယ်ပျောက်သွားနိုင်တယ်” လို့ မှတ်ချက် ပြုပါတယ်။

သူ့ကို မျက်စိစပါးမွေးစူးစရာအဖြစ် စစ်အစိုးရက မြင်ထားတာကတော့ သူဟာ အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ စီအိုင်အေအတွက်ပဲ လုပ်ပေးနေသလိုလို လေသံပစ်ထားလို့ ဖြစ်ပါတယ်။

အရင်ကတော့ သံယံဇာတလောက်ပဲ အာရုံထားတဲ့ စစ်အစိုးရဟာ အခုတော့ မီဒီယာတွေကိုပါ အာရုံစိုက်နေတာကလည်း သူ့အတွက် ရင်လေးစရာ ဖြစ်ပါတယ်။

သူ့ကို မလိုမုန်းထားတဲ့ သူတွေကတော့ ဗိုလ်ချုပ်ကျော်ဆန်း မရှိရင် မြတ်ခိုင်ပြီးပြီလို့ ဆိုပါတယ်။

ဓာတ်ပုံများကို AP, AFP,Irrawaddy နှင့် Freedom News တို့မှ ရယူပါသည်။

facebook အသုံးပြုသူ သစ္စာကိုကို၏ Note မှ တဆင့် ကူးယူးတင်ဆသည်။

No comments: