ရွှေကလောင် (SKL) ဘွဲ့ပေးချင်တယ်

''ပြည်သူတွေ တာဝန်ကျေဖို့ လိုတယ်'' နိုင်ငံရေးသမားတွေ ဟောတာ ပြောတာ နားထောင်ရတဲ့ အခါ ဖြစ်စေ၊ ခေတ်ပေါ် ဒီမိုကရေစီ မဟာပညာကျော်တွေ ရေးတဲ့ စာတို စာရှည်တွေကို ဖတ်ရတဲ့အခါ ဖြစ်စေ၊ ပြည်သူတွေ တာဝန်ကျေပါ။ ကိုယ့်တာဝန် ကိုယ်သိပါဆိုတဲ့ စကားတွေကို ထပ်ခါ ထပ်ခါ ကြားရတယ်။


ငပြူးကပြဲ
ကြားရတဲ့အခါတိုင်း နားကလောပြီး ဖတ်ရတဲ့အခါတိုင်း မျက်စိနောက်မိတယ်။ 'ငပြူးကများ ပြဲရတယ်ရှိသေး'လို့ အမြဲပါးစပ်က ထွက်လာလေ့ရှိတယ်။ တကယ်တမ်း ကိုယ့်တာဝန်ကိုယ်သိပြီး တာဝန်ကျေရမှာက သူတို့လေ။
ခေတ်တိုင်းခေတ်တိုင်းမှာ မြန်မာပြည်သူလူထုက တာဝန်မကျေခဲ့တာ ဘယ်မှာရှိလို့လဲ။
နယ်ချဲ့တပ်တွေ ရတနာပုံနေပြည်တော်ကို သိမ်းဖို့ ကြည်းကြောင်း၊ ရေကြောင်း ချီလာတော့ လမ်းတစ်လျှောက်လုံးမှာရှိတဲ့ ရွာတိုင်းရွာတိုင်းက ရရာလက်နက် ဆွဲကိုင်ပြီး ခုခံ တိုက်ခိုက်ခဲ့ကြတယ်။ မြင်းခြံ၊ သပြေတန်း၊
အင်းဝခံတပ်တွေက ရဲမက်အပေါင်းကလည်း အသေခံပြီး တိုက်ဖို့ အသင့် ရှိနေခဲ့ကြတယ်။ ကင်းဝန်မင်းကြီးက 'အင်္ဂလိပ်တွေကို မခုခံရ၊ ခုခံလျှင် သူပုန်'ဆိုတဲ့ ကြေးနန်းရိုက် အမိန့်ထုတ်လို့သာ မတိုက်ကြရတာ ဖြစ်တယ်။
လက်နက်ချ အညံ့ခံခိုင်း

နေပြည်တော်ကို သိမ်းပိုက်ပြီး ဘုရင်နဲ့မိဖုရားကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး နောက်မှာလည်း မြန်မာမျိုးချစ်တွေက အနယ်နယ် အရပ်ရပ်မှာ နယ်ချဲ့တပ်တွေကို ဆန့်ကျင်တိုက်ခိုက်မြဲ တိုက်ခိုက်ကြတယ်။ အဲဒီအခါ ကင်းဝန်မင်းကြီးနဲ့ အပေါင်းပါများက နယ်ချဲ့တပ်တွေနဲ့အတူ နယ်တကာလိုက်ပါပြီး မြန်မာမျိုးချစ်တွေကို လက်နက်ချ အညံ့ခံဖို့ လှုံ့ဆော်စည်းရုံးခဲ့ကြတယ်။ လက်နက်ချသူတွေကို တိုက်သူကြီး၊ ရွာသူကြီးရာထူးတွေ ပေးမယ်ဆိုပြီး နားချခဲ့တယ်။ လစာ ရိက္ခာတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေ ပေး ပြီး ဆွယ်ခဲ့ကြတယ်။
ဒီလိုနဲ့ပဲ စစ်ကဲတော်မင်းတို့ သမာဓိမြို့ဝန်မင်းတို့ ဆိုတဲ့ နယ်ချဲ့လက်ပါးစေ အဖြစ် ရောက်သူတွေ ရောက်သွားကြတယ်။ ကျက်သရေဆောင် ရွှေစလွယ်ရမင်း(KSM)၊ အမှုထမ်းကောင်းမင်း(ATM)၊ တိုင်းကျိုးပြည်ကျိုးဆောင်(TPS)ဆိုတဲ့ ဘွဲ့ခံတွေလည်း ပေါ်ထွက်လာခဲ့တယ်။ နှစ်လုံးပြူး ဆုချခံရသူ၊ ရွှေဓား ချီးမြှင့်ခံရသူတွေလည်း အများအပြား ရှိလာခဲ့ကြတယ်။

ဆာဘွဲ့အထိ ရခဲ့ကြ
အဲဒီ ဘွဲ့ထူးဂုဏ်ထူးတွေဟာ နယ်ချဲ့အစိုးရက သူတို့အကျိုးကို သစ္စာရှိစွာ ထမ်းဆောင်တဲ့ လက်ပါးစေတွေကို ချီးမြှင့်တာ ဖြစ်တယ်။ နောက်ပိုင်း မြန်မာလူထုရဲ့ လွတ်လပ်ရေး တိုက်ပွဲတွေ အရှိန်အဟုန် ကြီးမားပြင်းထန်လာတဲ့ အခါကျတော့ ဘိလပ် ရွှေမြို့တော်ကြီးရှိ 'ဂျော့ဘုရင်ရွှေဘုန်းနေကနှုန်းပမာ' ကိုယ်တိုင်ကချီးမြှင့်တယ်ဆိုတဲ့ 'ဆာ' ဘွဲ့ ပေးခံရသူများတောင် ရှိလာခဲ့တယ်။ ဂဠုန် ဆရာစံနဲ့ အပေါင်းအပါ မျိုးချစ် လယ်သမားတွေကိုတော့ ကြိုးစင်ကို ပို့ခဲ့ကြတယ်။ ကိုနုတို့၊ ကိုအောင်ဆန်း တို့လို ကျောင်းသားတွေကို တက္ကသိုလ်က ထုတ်ပစ်ခဲ့တယ်။ သခင်ကိုယ်တော်မှိုင်းကို ရန်သူတော် နံပါတ်တစ်လို့ ကြေညာပြီး ကိုအောင်ဆန်းကို ဆုတော်ငွေငါးကျပ် အထုတ်ခံ ၀ရမ်းပြေး အဖြစ် သတ်မှတ်ခဲ့တယ်။

အမျိုးသားကျောင်းတွေ
ကိုနု၊ ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံရလို့ တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက်ကြတော့လည်း မိဘပြည်သူတစ်ရပ်လုံးက တစ်ခဲနက် ထောက်ခံကြတယ်။ နောက်တော့ အင်္ဂလိပ်ရဲ့ ကျွန်ပညာအစား သခင်ပညာ သင်ကြားနိုင်ဖို့ အမျိုးသားကျောင်းတွေ တစ်နိုင်ငံလုံးအနှံ့ ထူထောင်ပေးခဲ့ကြတယ်။ ပြည်သူတွေကိုယ်တိုင် ငွေကြေးစိုက်ထုတ်ပြီး ကျောင်းတွေ ထောင်ပေးခဲ့ကြတာ ဖြစ်တယ်။ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကစပြီး အခကြေးငွေ လုံးဝမယူဘဲ စေတနာဆရာအဖြစ် လုပ်ကိုင်ခဲ့ကြတယ်။

အမျိုးသမီးတွေလည်း တိုက်ခဲ့ကြ
အဲဒီနောက် ကိုအောင်ဆန်းတို့ လူငယ်တစ်စု ဘီအိုင်အေ ဖွဲ့စည်းထူထောင်ပြီး ဂျပန်တွေနဲ့အတူ ၀င်ရောက် လာတော့လည်း တစ်ပြည်လုံးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ယောက်ျားမှန်သမျှ ဘီအိုင်အေတပ်ထဲ ၀င်ခဲ့ကြတယ်။ တစ်ခါ ဗိုလ်ချုပ်အောင်ဆန်းတို့က ဂျပန်ကိုပြန်ပြီး တော်လှန်ကြ ဆိုတော့လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာလက်နက် စွဲကိုင်ပြီး တော်လှန်ရေး ဆင်နွှဲခဲ့ကြတယ်။ အမျိုးသမီးတွေလည်း ယောက်ျားတွေနဲ့ တန်းတူရင်ပေါင်တန်းပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီအချိန်က အင်္ဂလိပ်၊ အမေရိကန် စစ်တပ်တွေတောင် စစ်မြေပြင်မှာ လက်နက်ကိုင် တိုက်ခိုက်တဲ့ အမျိုးသမီး တပ်ဖွဲ့တွေ မရှိသေးပါဘူး။

တိုက်ပွဲခေါ်သံ ပေးသမျှ
စစ်ပြီးခေတ် လွတ်လပ်ရေးအတွက် နိုင်ငံရေးတိုက်ပွဲတွေ ဆင်နွှဲရာမှာလည်း ဗိုလ်ချုပ်တို့ ဖဆပလက တိုက်ပွဲခေါ်သံပေးသမျှ တစ်ခဲနက် လိုက်ပါ ထောက်ခံခဲ့ကြတာချည်း ဖြစ်တယ်။ နေသူရိန် အစည်းအဝေးကြီး တက်ကြဆိုလည်း အိမ်ရှိလူကုန် လာ တက်ကြတယ်။ ပြည်လုံးကျွတ် သပိတ် တိုက်ပွဲခေါ်သံ ပေးလိုက်တော့လည်း အစိုးရ၀န်ထမ်းအားလုံး၊ နယ်ချဲ့လက်အောက်က ပုလိပ်တွေပါမကျန် သပိတ်မှောက်ခဲ့ကြတယ်။ ပင်လုံညီလာခံ လုပ်မယ်ဆိုတော့လည်း တိုင်းရင်းသားတွေပါ စုစည်းပါဝင်ခဲ့ကြတယ်။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်မှာ ပြည်သူလူထုဘက်က တာဝန်ကျေခဲ့ကြတာချည်း ဖြစ်တယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ နောက်က အရိုးကြေကြေ အရေခန်းခန်း တာဝန်သိသိနဲ့ လိုက်ပါလာခဲ့ကြတာချည်း ဖြစ်တယ်။

ခေါင်းဆောင်ပိုင်းရဲ့ တာဝန်
လွတ်လပ်ရေးရပြီးနောက်ပိုင်း အမျိုးသား တပ်ပေါင်းစုကြီး ဖြစ်တဲ့ ဖဆပလကြီး ပြိုကွဲသွားတာ၊ ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တာ။ ဖွံ့ဖြိုးဆဲနိုင်ငံ ဆိုတဲ့ အဆင့်က တက်မလာတာ အားလုံးဟာ ပြည်သူတွေကြောင့် လုံးဝ မဟုတ်ဘူး။ မြန်မာပြည်သူလူထုဟာ နယ်ချဲ့လက်အောက်လည်း ကျွန်ဖြစ်ခဲ့ဖူး၊ ဖက်ဆစ်လက်အောက်လည်း ရောက်ခဲ့ဖူး၊ တော်လှန်ရေးတိုက်ပွဲ အလီလီလည်း ဆင်နွှဲခဲ့ဖူး၊ ဖဆပလရဲ့ ပြည်တော်သာခေတ်နဲ့ ပြူစောထီးကိုလည်း ကြုံခဲ့ဖူး၊ ၁၉၆၂ ခုနှစ် အာဏာသိမ်း ကောင်စီအောက်လည်း ရောက်ခဲ့ဖူး၊ မြန်မာ့ဆိုရှယ်လစ် ဆိုတာလည်း ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေ၊ စစ်ရေးရော၊ နိုင်ငံရေးပါ ကြွယ်ဝနေပါတယ်။ဒါကြောင့် မြန်မာလူမျိုးတိုင်း ကိုယ့်တာဝန်ကိုယ် သိပ်သိပါတယ်။ ရှေးက တာဝန်ကျေခဲ့သလို နောင်လည်း တာဝန်ကျေဖို့ အသင့်ရှိပါတယ်။

ရွှေကလောင်ဘွဲ့ပေးချင်
နိုင်ငံရေးသမားတွေက သူတို့ တာဝန်မကျေခဲ့ကြတာတွေကိုတော့ ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြပြီး ပြည်သူလူထုကိုသာ တာဝန်ကျေကြပါ။ တာဝန်သိကြပါလို့ ထပ်ခါတလဲလဲ ပြောနေတာတွေ ကြားရတဲ့အခါတိုင်း ပါးစပ်ယားလွန်းလို့ မ နည်း ချုပ်တီးထားရတယ်။ အလားတူပဲ ခေတ်ပေါ် မဟာပညာကျော်တွေက နိုင်ငံကြီးသား ပီသကြပါလို့ လျှာအရိုးမရှိတိုင်း တောပြော၊ တောင်ပြော ပြောနေတာတွေ ကြားရတိုင်းလည်း၊ KSM တွေ ATM တွေ TPS တွေကို ပြေးပြေးပြီး သတိရလိုက်မိတယ်။ SKL (Shwe Ka Laung ရွှေကလောင်) ဆိုတဲ့ ဘွဲ့ထူးတစ်ခုထွင်ပြီး ပေးလိုက်ချင်စိတ်တောင် ပေါက်မိတယ်။

မပြုံးဘဲနဲ့ ၀ါးလုံးကွဲရယ်ချင်
သူတို့ပြောပြောနေတဲ့ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေက နိုင်ငံကြီးသား ပီသတဲ့ ပြည်သူတွေ တာဝန်သိလို့၊ တာဝန်ကျေလို့ သူတို့နိုင်ငံကြီးတွေ ချမ်းသာနေတာဆိုတဲ့ အသံတွေကြားရတိုင်း 'မပြုံးဘဲနဲ့ဝါးလုံးကွဲ'
ရယ်ချင်လာရတယ်။ နယူး ယောက် ကုလသမဂ္ဂ အဆောက်အအုံကြီး ပတ်ဝန်းကျင်က လမ်းတွေမှာ ညနေ ၆ နာရီကျော်ရင် တစ်ယောက်ထဲ လမ်းမလျှောက်ပါနဲ့လို့ ကုလသမဂ္ဂ လုံခြုံရေး အစောင့်တွေ ညီလာခံ လာတက်သူတွေကို မပြတ် သတိပေးနေရတာ၊ ငြိမ်းချမ်းသာယာနေတဲ့ နိုင်ငံကြီးရဲ့ ပြယုဂ်လား။ဘရွတ်ကလင် ရပ်ကွက်က လမ်းတွေမှာ ဟီးထနေတဲ့ အမှိုက်ပုံကြီးတွေ၊ မိလ္လာပိုက်ပေါက်က လျှံထွက်ပြီး လမ်းပေါ်မှာ အိုင်ထွန်းနေတာတွေ၊ ကလေးလေးတွေက မူးယစ်ဆေး လိုက် ရောင်းနေတာတွေ၊ လူငယ်ဒုစရိုက်ဂိုဏ်းတွေ အချင်းချင်း ရိုက်ပွဲသတ်ပွဲကြီးတွေ နေ့စဉ် ဆူညံနေတာတွေကရော ဒီမိုကရေစီရဲ့ သင်္ကေတတွေလား။

သစ်ပင်လူသားများ
သမ္မတ အိုဘားမားရဲ့မြို့ ချီကာဂို ပန်းခြံကြီးအတွင်းက နှစ်ပေါင်းရာချီ ရှိနေပြီဖြစ်တဲ့ ဧရာမ သစ်ပင်ကြီးအောက်မှာ နေထိုင်ကြတဲ့ အိုးမဲ့အိမ်မဲ့တွေ ထောင်ချီရှိနေတဲ့အတွက် အဲဒီ 'Tree People' လို့ ခေါ်တဲ့
'သစ်ပင်လူသား'များအတွက် မြူနီစပါယ်က စာတိုက်သင်္ကေတတစ်ခု သတ်မှတ်ပြီး စာတိုက်ပုံး ထားပေးရပါတယ်။ အဲဒီနိုင်ငံက သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါတိုင်း မဲလာပေးသူ
ငါးဆယ်ရာခိုင်နှုန်း ရှိအောင် ပါတီကြီးတွေက သူတို့ ပါတီဝင်တွေကို မနည်းကြီး ဆော်သြပေးရပါတယ်၊ အဲဒါ တာဝန်သိတာလား၊ တာဝန်ကျေတာလား။

သနားစရာ
ခေတ်ပေါ် မဟာပညာကျော် (SKL) တွေ ခဏခဏ ချီးမွမ်းပြနေကြတဲ့ အာရှနိုင်ငံ သေးသေးလေးမှာ အိမ်ဖော်မိန်းကလေးတွေကို ရေနွေးပူလောင်းတာ၊ အပ်တွေရိုက်သွင်းပြီး ဆုံးမတာ၊ ဓားနဲ့အသားကိုမွှန်းပြီး နှိပ် စက်တာတွေ သူတို့ဆီက သတင်းစာတွေမှာ နေ့စဉ်လိုလို ပါနေပါတယ်။ နိုင်ငံကြီးသား စိတ်ဓာတ်၊ နိုင်ငံကြီးသား ပီသမှုဆိုတာ အဲဒါမျိုးတွေလား။ မြေအောက်ဘူတာရုံမှာ ဓာတ်ငွေ့တွေလွှတ်ပြီး လူရာပေါင်းများစွာ ဒုက္ခရောက် အောင် လုပ်တာ နိုင်ငံကြီးသား ပီသမှုလား။ မူလတန်းကျောင်းကလေးထဲ မောင်းပြန်သေနတ်ကြီးနဲ့ ဒလကြမ်း ၀င်မွှေတာ နိုင်ငံကြီးသား စိတ်ဓာတ်လား၊ နိုင်ငံတော်သမ္မတကြီးက အိမ်ဖြူတော်မှာ လုပ်အားလာပေးတဲ့ သူလေးကို မတော်မလျော်ပြုတာ နိုင်ငံကြီးသား အပြုအမူလား၊ ခေတ်ပေါ် မဟာပညာကျော်(SKL)များ ဒါတွေကို မသိဘူးလား။ တော်တော်သနားစရာ ကောင်းတယ်။

လမင်းထိန်ထိန်သာ
မှန်တံခါးတွေ အလုံပိတ်ပြီး လေအေးပေးစက် ဖွင့်ထားတဲ့ အခန်းကြီးထဲက မထွက်ဘဲ မြန်မာပြည်မှာ လမသာဘူးလို့ ညည်းပြပြီး ဒီမိုကရေစီ နိုင်ငံကြီးတွေက လကို လွမ်းနေလို့ကတော့ ပြည်သူတွေက 'သနားတယ်' လို့
ဟားတိုက်ရယ်သွမ်းသွေးလိုက်ကြမှာ သေချာတယ်။
မနေ့က ဘိလပ်မှာ လမသာဘူး။ နှင်းတွေကျလို့ ဘောလုံးပွဲတွေတောင် ရွှေ့လိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ လမင်းကြီးထိန်ထိန်သာလို့။

လူထုစိန်ဝင်း
KSM: Kyet thaye Saung Shwe Salwe Ya Min.
ATM: Ahmu Htan Kaung Min.
TPS: Taing Kyo Pyi Kyo Saung

Eleven Media Group

No comments: