အကျဉ်းကျခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီး လီရှောင်ပို

အကျဉ်းကျခံ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီး လီရှောင်ပို
(Imprisoned Nobel peace laureate Liu Xiaobo)

နိုဗဲလ်ဆုပေးရေး ကော်မတီကြီးက တရုတ်လူ့အခွင့်အရေး လှုပ်ရှားသူ လီရှောင်ပို (Liu Xiaobo) အား ၂၀၁၀ ခုနှစ်၏ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ကို ပေးအပ်လိုက်သည်။
ထိုသို့ တရုတ်အစိုးရမှ ထောင်ဒဏ် ၁၁ နှစ် မတရား အပြစ်ပေးခြင်းကို ခံနေရသော လီရှောင်ပို ကို နိုဗယ်ဆု ပေးအပ်ခြင်းဖြင့် သူသည် မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ဒုတိယမြောက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး ဖြစ်လာခဲ့သည်။ ပထမဆုံး မတရား ဖမ်းဆီးခြင်းခံရသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး မှာ မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ နှစ်ဦးစလုံးမှာ အာရှတိုက်မှ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်နေကြသည်။

နိုဗဲလ်ဆုပေးရေး အဖွဲ့ကြီးက လီရှောင်ပို (Liu Xiaobo) ကို သူ၏ တရုတ်ပြည်တွင်းတွင် ကာလရှည်ကြာစွာ နှင့် အကြမ်းမဖတ် လှုပ်ရှားမှုများ ကြောင့် ဆုပေးရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အသက် ၄၅ နှစ်ရှိသော လီရှောင်ပို (Liu Xiaobo) ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တရုတ်ပြည် ချန်ချွမ် (Changchuan) မြို့တော်၊ ကျီလင် (Jilin) ပြည်နယ် တွင် မွေးဖွားခဲ့သည်။
လီရှောင်ပို (Liu Xiaobo) သည် ၁၉၈၂ ခုနှစ်တွင် Jilin တက္ကသိုလ် မှ BA ဘွဲ့ကို Literature ဘာသာရပ်ဖြင့် ရရှိခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် Beijing Normal University မှ MA ဘွဲ့ နှင့် PhD ဘွဲ့ကို ၁၉၈၈ ခုနှစ်တွင် ကိုရခဲ့သည်။ သူသည် Columbia University, the University of Oslo၊ University of Hawaii စသော နိုင်ငံတကာ တက္ကသိုလ်ကြီး များတွင်လည်း Visiting Scholar အဖြစ် လုပ်ခဲ့သည်။

တရုတ်ပြည်တွင် သူသည် လူ့အခွင့်အရေး လှုပ်ရှားသူ၊ ပညာတတ်၊ စာရေးဆရာ အဖြစ် ထင်ရှားသည်။ 


သူသည် လွတ်လပ်သော တရုတ်စာရေးဆရာများ ဗဟိုအဖွဲ့ကြီး (Independence Chinese PEN Center) ၏ ဥက္ကဋ္ဌ အဖြစ် ၂၀၀၃ ခုနှစ်ကတည်းက စတင် ဆောင်ရွတ်ခဲ့သည်။ သူ၏ ငြိမ်ချမ်းသောနည်းဖြင့် လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် တရုတ် အာဏာပိုင်များ၏ မကြာခဏ မတရား ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ထောင်ချခြင်း များကို ခံခဲ့ရသည်။ သူသည် ၁၉၈၉ ခုနှစ် တွင်ပေါ်ပေါက်ခဲ့သော တရုတ်ပြည် တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲကြီး (Tiananmen Square Protests ) တွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ယင်း Tiananmen Square Protests ကို တရုတ် ကျောင်းသားများ နှင့် ပညာတတ်များမှ ဦးဆောင်ခဲ့ပြီး တရုတ် အာဏာပိုင်များမှ ရက်ရက် စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့ သောကြောင့် ကျောင်းသား၊ ပြည်သူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည်။

၁၉၉၁ ခုနှစ်တွင်လည်း Liu Xiaobo ကို “တန်ပြန် တော်လှန်ရေး ဝါဒဖြန့်မှု နှင့် အားပေးလှုံဆော်မှု” (Counter revolutionary propaganda and incitement) စွဲချက်တင်ခဲ့သည်။ ၁၉၉၆ ခုနှစ် အောက်တိုဘာလ တွင်လည်း တရုတ် ကွန်မြူနစ်ပါတီ (Communist Party of China) ကိုဝေဖန်မှုကြောင့် “ပြည်သူ့အာဏာကို နှောက်ယှက်ခြင်း” (disturbing public order) ဟု စွပ်စွဲပြီး တရုတ်ပြည်တွင်း ဥပဒေ စနစ်တခု ဖြစ်သော Re-education through Labor ပုဒ်မဖြင့် ၃ နှစ် ထိန်းသိမ်းခဲ့သည်။

ယင်း “Re-education through Labor” စနစ်သည် တရုတ်ပြည်၏ ခိုးမှု၊ ပြည်တန်ဆာလုပ်မှု နှင့် တရားမဝင် ဆေးဝါးရောင်းဝယ်မှု စသော အငယ်စား ရာဇဝတ်မှု ကျုးလွန်သူများကို ဖမ်းဆီးထိန်းသိမ်းသော ဥပဒေ ဖြစ်သည်။ ယင်းစနစ်ကို ၁၉၅၇ ခုနှစ်တွင် စတင်ကျင့်သုံး ခဲ့သည်။ တရုတ် China Daily သတင်းစာကြီး၏ ခန့်မှန်းချက် အရ တရုတ်ပြည်တွင် Re-education through Labor စခန်းပေါင်း ၃၁၀ လောက်ရှိသည်။

၂၀၀၄ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (Reporters Without Borders) မှ လီရှောင်ပို ကို သူ၏ လူ့အခွင့်အရေး လှုပ်ရှားမှု လုပ်ရပ်များ ကို ဂုဏ်ပြုသော အားဖြင့် Foundation de France Prize ဆုကို ချီးမြှင်ခဲ့သည်။


၂၀၀၇ ခုနှစ်တွင်လည်း တရုတ်ပြည်ပရှိ ဘလော့ခ်များ (Blogs)၊ ဝက်စ်ဆိုက်များ (Websites) များတွင် ရေးသားတင်ပြခဲ့သော သူ၏ ဆောင်းပါးများကြောင့် တရုတ်အာဏာပိုင်များ၏ ထိန်းသိမ်း စစ်ကြောမေးမြန်းခြင်း ခံခဲ့ရသေးသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် ချာတာ ၀၈ (Charter 08) ကမ်ပိန်းတွင် ဦးဆောင် ပါဝင်မှုဖြင့် သူ့ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သူ့ကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။

‘ချာတာ ၀၈’ ( Charter 08 ) ဆိုသည်မှာ ကြေငြာစာတမ်း (Manifesto) တစ်ခုဖြစ်ပြီး တရုတ်ပြည် အတွင်း နိုင်ငံရေး ပြုပြင်မှု (Political reform) နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး (Democratization) မြှင့်တင်ပေးရန် တရုတ် ပညာတတ်များ၊ ရှေ့နေများ နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ၃၀၃ ဦး မှစတင်ကာ လက်မှတ် ရေးထိုး တောင်းဆိုထားခြင်းဖြစ်သည်။ ယင်း Charter 08 ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်း (Universal Declaration of Human Rights) ၏ နှစ် ၆၀ မြောက်နေ့ ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်း “ချာတာ ၀၈” ကို ၂၀၀၉ ခုနှစ် အထိ တရုတ်ပြည်တွင်း ပြည်ပမှ လူပေါင်း ၈၆၀၀ ကျော် တောင်ခံလက်မှတ် ထိုးပြီးဖြစ်သည်။ မူလ လက်မှတ် ထိုးခဲ့သူများတွင် ရှေ့နေများ၊ တိဘတ် ဘလော့ခ်ဂါများ (Tibetan Bloggers)၊ တိဘတ် ကဗျာဆရာမ ဝိုးဆာ (Woeser) နှင့် ကွန်မြူနစ်ပါတီ အကြီးအကဲဟောင်း တစ်ဦးဖြစ်သူ ပေါင်တုန် (Bao Tong) စသူတို့ ပါဝင်ခဲ့ကြပြီး အားလုံးလိုလို ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ကြရသည်။

bullog.cn ကဲ့သို့ အတိုက်အခံ ဘလော့ခ်များ၊ Charter 08 နှင့် ပတ်သတ်သော ဘလော့များ ၊ဝက်ဆိုဒ်များ ကို တရုတ်ပြည်တွင်းတွင် ပိတ်ပင်ခဲ့သည်။
လီရှောင်ပို (Liu Xiaobo) သည် ယင်း Charter 08 ကို ရေးဆွဲရာတွင် ဦီးဆောင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ယင်းချာတာကို အွန်လိုင်းမတင်မီ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။
ယင်း Charter 08 တွင် တောင်းဆိုချက် ၁၉ ချက်ပါဝင်သည်။ ယင်းတို့မှာ

1. Amending the Constitution.
(ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြုပြင်ပေးရေး)
2. Separation of powers.
(အာဏာ ခွဲပေးရေး)
3. Legislative democracy.
(တရားဥပဒေ ပြုပိုင်ခွင့်ရှိသော ဒီမိုကရေစီ)
4. An independent judiciary.
(လွတ်လပ်သော တရားစီရင်မှု)
5. Public control of public servants.
(ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင် ထိန်းချုပ်ပိုင်ခွင့်)
6. Guarantee of human rights.
(လူ့အခွင့်အရေးကို လိုက်နာခြင်း)
7. Election of public officials.
(အရာရှိများကို ပြည်သူများက ရွေးချယ်တင်မြှောက်ခြင်း)
8. Rural–urban equality.
(ကျေးလက်- မြို့ပြ သာတူညီမျှမှု)
9. Freedom of association.
(လွတ်လပ်စွာ အသင်းအပင်း ဖွဲ့ပိုင်ခွင့်)
10. Freedom of assembly.
(လွတ်လပ်စွာ စုဝေးနိုင်ခွင့်)
11. Freedom of expression.
(လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်)
12. Freedom of religion.
(လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်)
13. Civic education.
(ပညာရေး)
14. Protection of private property.
(ပုဂ္ဂလိက ပစ္စည်းဥစ္စာ ကာကွယ်ပိုင်ခွင့်)
15. Financial and tax reform.
(ဘဏာရေး နှင့် အခွန် ပြုပြင်ရေး)
16. Social security.
(လူမှု လုံခြုံရေး)
17. Protection of the environment.
(ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး)
18. A federated republic.
(ပြည်ထောင်စု သမ္မတဖွဲ့ရေး)
19. Truth in reconciliation.
(စစ်မှန်သော ရင်ကြားစေ့ရေး)
တို့ဖြစ်သည်။

ယင်း Charter 08 တွင် တရုတ်အစိုးရကို အလွန်ထိခိုက်စေသော တပါတီ အုပ်ချုပ်ရေး ဖျက်သိမ်းရေး (Elimination of one-party rule) ပါသည်။ ထို့ကြောင့် လီရှောင်ပို Liu Xiaobo ကို ၂၀၀၈ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထိန်းသိမ်းခဲ့ပြီး ၂၀၀၉ ခုနှစ် ဇွန်လ ၂၃ တွင် နီုင်ငံတော်အာဏာကို ပျက်စီးစေရန် ကြံစည်မှုဖြင့် မတရား စွဲချက်တင်ခဲ့သည်။

၂၀၀၉ ခုနှစ် မတ်လတွင် One World Film Festival ကြီးမှ ပေးအပ်သော Homo Homini Award ကို ပေးအပ်ခဲ့သည်။ ယင်းဆုသာ် လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ ဒီမိုကရေစီ မူဝါဒမျာ နှင့် လူ့အခွင့်အရေး မြှင့်တင်ရေး အတွက် ပေးအပ်သော ဆုဖြစ်သည်။

ကမ္ဘာအရပ်ရပ်မှ နိုဗဲလ်ဆုရှင်ကြီးများ နှင့် အစိုးရ များမှလည်း လီ အပေါ် မတရားဖမ်းဆီး မှုအပေါ် ဝေဖန်ခဲ့ပြီး လွှတ်ပေးရန် တရုတ် သမ္မတ ဟူကျင်တောင် (Hu Jintao) ထံစာရေး တောင်းဆိုခဲ့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပ သမဂ္ဂ (European Union) နှင့် အမေရိကန် (United States) မှ လီရှောင်ပို (Liu Xiaobo) ကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် တရုတ် အာဏာပိုင်များက တရုတ်ပြည်၏ ဥပဒေကို လေးစားကြရန် နှင့် ပြည်တွင်းရေးကို ကြားဝင်ခြင်း မပြုရန် တုန့်ပြန်ခဲ့သည်။
ဂျာမဏီ အဓိပတိ Angela Merkel က “တရုတ်ပြည် အစိုးရ အနေနဲ့ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် (Press freedom) ကို အလွန်အမင်း တင်းကြပ်ထားမှု အပေါ် အလွန်စိတ်ပျက်မိကြောင်း” ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထိုင်ဝမ် သမ္မတ မာယင်ကျိုး (Ma- Ying- Jeou) ကလည်း ဘေကျင်း (Beijng) အစိုးရ အနေနဲ့ ‘အတိုက်အခံများအပေါ် သည်းခံခြင်း’ (Tolerate dissident) ကို ကျင့်သုံး သင့်ကြောင်းပြောခဲ့သည်။

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆု အတွက် အမည်တင်သွင်းခြင်းကို နိုဗဲလ်ဆုရှင်ကြီးများ ဖြစ်သော ချက်သမ္မတဟောင်း Václav Havel, တိဘတ် ဘုန်းတော်ကြီးးလိုင်းလားမား (်the 14th Dalai Lama)၊ André Glucksmann, Vartan Gregorian၊ Mike Moore၊ Karel Schwarzenberg၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒစမွန် တူးတူး (Desmond Tutu) နှင့် Grigory Yavlinsky တို့မှ တင်ပေးခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Ma Zhaoxu က လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆု ပေးအပ်ခြင်းသည် “အလွန် မှားယွင်းမှု” (Total wrong) ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့သည်။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် Norwegia TV networks မှ လီရှောင်ပို (Liu Xiaobo) ကို ၂၀၁၀ ငြိမ်းချမ်းရေး နိုဗဲလ်ဆု အတွက် စကာတင် ရွေးချယ်ထားကြောင်း ဖော်ပြခဲ့သည်။ အောက်တိုလ ၈ ရက်နေ့တွင် လီရှောင်ပို (Liu Xiaobo) ကို ၂၀၁၀ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် အဖြစ်ရွေးချယ်လိုက်သည်။

တရုတ်အစိုးရပိုင် ရှင်းဝါ သတင်းဌာန (Xinhua News Agency) မှ လီရှောင်ပို (Liu Xiaobo) ကို နိုဗဲလ်ဆုပေး လိုက်ခြင်းသည် “တရုတ်- နော်ဝေး ဆက်ဆံရေး” (China- Norway relations) ကို ထိခိုက်စေလိမ့်မည်ဟု ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အတွင်းတွင်လည်း လီရှောင်ပို (Liu Xiaobo) ငြိမ်းချမ်းရေး နိုဗဲလ်ဆု ရခြင်း သတင်းကို ဆင်ဆာလုပ်ခြင်း၊ သတင်းအမှောင်ချခြင်းများ ကို ပြုလုပ်ခဲ့သည်။
“တရုတ်ပြည်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို တဖြည်းဖြည်းခြင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်း ဖော်ဆောင်ရမယ်။ စနစ်တကျ နဲ့ ထိန်းထိန်းသိမ်းသိမ်း လည်းဖြစ်သင့်တယ်။ ပြီးတော့ အထက်မှအောက်၊ အောက်မှအထက် အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိသင့်တယ်။ ဒီနည်းလမ်းကသာ အကုန်အကျ အနည်းဆုံးနဲ့ အလွန်ထိရောက်တဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေလိမ့်မယ်။

ကျွန်တော်သိတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံမူဝါဒ ကတော့ ‘စနစ်ကျပြီး ထိန်းချုပ် ကိုင်တွယ်နိုင်သော လူမှုပြောင်းလဲရေး’ (Orderly and controllable social change) ဟာ ‘ကသောင်းကနင်း နိုင်ပြီး ထိန်းမနိုင် သိမ်းမနိုင် အခြေအနေ” (chaotic and out of order) ထက်တော့ ပိုကောင်းတယ်’ ဘဲဖြစ်ပါတယ်။

အစိုးရရဲ့ အမိန်အာဏာဟာ မင်းမဲ့စရိုက် ကသောင်းကနင်း ဖြစ်မှုထက်တော့ ပိုကောင်းပါတယ်။ (The order of a bad government is better than the chaos of anarchy)
ဒါကြောင့်ဘဲ ကျွန်တော့ အနေနဲ့ အာဏာရှင်စနစ် (dictatorship) နဲ့ လက်ဝါးကြီးအုပ်မှု (Monopolize) ကို ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။
နိုင်ငံတော် အာဏာကို ပျက်ဆီးးအောင် လှုံဆော်နေတာ မဟုတ်ပါဘူး။

အတိုက်အခံပြုခြင်းကို အဖျက်လုပ်ခြင်းနဲ့ ထပ်တူပြုလို့မရပါဘူး။ (Opposition is not equivalent to subversion)
(Liu Xiaobo, Guilty of 'crime of speaking', 9 February 2010 မှ ကောက်နုတ်ချက် ဖြစ်သည်။)


အာရှတိုက်မှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိသူ စုစုပေါင်းမှာ လီရှောင်ပို Liu Xiaobo အပါအဝင် ၁၃ ဦးရှိသည်။ ယင်းတို့မှာ…
၁။ ဗီယက်နမ် ငြိမ်းချမ်းရေး လှုပ်ရှားသူ Le Duc Tho (၁၉၇၃)
၂။ ဂျပန် ဝန်ကြီးချုပ်ဟောင်း Eisaku Sato (၁၉၇၄)
၃။ တိဘတ် ဘုန်းတော်ကြီး (The 14th Delai Lama, Tenzin Gyato) (၁၉၈၄)
၎။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် (၁၉၉၁)
၅။ ပါလက်စတိုင်း ခေါင်းဆောင် Yasser Arafat (၁၉၉၄)
၆။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Shinmon Peres (၁၉၉၄)
၇။ အစ္စရေး ဝန်ကြီးချုပ် Yitzhaa Rabin (၁၉၉၄)
၈။ အရှေ့ တီမော ဘုန်းတော်ကြီး Bishop Carlos Filipe Ximenes Belo (၁၉၉၆)
၉။ အရှေ့ တီမော အတိုက်အခံ ခေါင်းဆောင်ကြီး Jose Ramos Horta (၁၉၉၆)
၁၀။ တောင်ကိုရီးယား သမ္မတ Kim Dae-jung (၂၀၀၀)
၁၁။ အီရန် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ Shirin Ebadi (၂၀၀၃)
၁၂။ ဘင်္ဂလားဒေ့ရှ် မှ အတွေးအခေါ် ပညာရှင် Muhanmmad Yunus (၂၀၀၆)
၁၃။ တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူ Liu Xiaobo (၂၀၁၀)
ကမ္ဘာပေါ်တွင် မတရား အကျဉ်းခံနေရသော ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်ကြီးများမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ လီရှောင်ပို Liu Xiaobo တို့နှစ်ဦးသာ ရှိသည်။
ထိုကြောင့် အမေ ဒေါ်အောင်ဆန်းစုကြည် မှာထားသလို..
နိုင်ငံရေးအတွက်
ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွတ်ရတယ်ဆိုတာ
ဒါအင်မတန်မှ သိက္ခာရှိပါတယ်။
အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ။
အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ။
ဆိုတဲ့ စကားကိုဘဲ ထပ်လောင်း ဖော်ပြချင်ပါတော့တယ်…..။ ။



ရေးသားတင်ပြသူ…ဘလော့ခ်ဂါ အလင်းဆက်
အကြံပြုသူများ…….ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ
၉. အောက်တိုဘာလ. ၂၀၁၀

No comments: