ကွန်ဂိုတွင် အမျိုးသမီး ၅၀၀ ကျော် မုဒိမ်းကျင့်ခံခဲ့ရဟု ကုလသမဂ္ဂထုတ်ပြန်

ကုလသမဂ္ဂ အဖွဲ့ကြီးက ကွန်ဂိုတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုများအတွင်း သားကောင်ဖြစ်ခဲ့ရှာသူ အမျိုးသမီး အရေအတွက်သည် (၅၀၀) ကျော်ထိရှိကြောင်း ကြေညာခဲ့သည်။ စက်တင်ဘာ (၇) ရက်နေ့က ကုလသမဂ္ဂ အဖွဲ့ကြီး၏ ထုတ်ပြန်ချက်တွင် ကွန်ဂိုအရှေ့ပိုင်းကို ဇူလိုင်လကတည်းက ထိန်းချုပ်ထားသည့် လက်နက်ကိုင် သူပုန်များ၏ အဖွဲ့လိုက် မုဒိမ်းကျင့်မှုအား ခံရသော အမျိုးသမီး အရေအတွက်သည် ယခင်ခန့်မှန်းမှုထက် နှစ်ဆမျှ ပိုများကြောင်း ဖော်ပြထားသည်။ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး အာတူလ်ခါရေးက လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မူလခန့်မှန်းထားသော မုဒိမ်းကျင့်ခံရသူဦးရေ (၂၄၂)ဦးထက် အနည်းဆုံး (၂၆၇)ဦး ပိုမိုများပြားကြောင်း ပြောဆိုသွားသည်။ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုများသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်စခန်း တည်ရှိရာအရပ်မှ ကီလိုမီတာ (၃၀) အကွာ လူဗွန်ဂီရွာလေးတွင် ပြီးခဲ့သော လပိုင်းက ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ခါရေးက “စစ်တပ်နဲ့ ရဲတွေရဲ့ အဓိက တာဝန်က ပြည်သူတွေကို အကာကွယ်ပေးဖို့ပါ။ ဒါပေမယ့် သူတို့တွေ ပျက်ကွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကုလသမဂ္ဂအနေနဲ့ ကွန်ဂိုပြည်သူတွေရဲ့ လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ အကန့်အသတ်တွေ ရှိနေပါတယ်။ အမျိုးသမီးတစ်ယောက်ကို လူနှစ်ယောက်ကနေ ခြောက်ယောက်လောက် ၀ိုင်းပြီးတော့ အဓမ္မပြုကျင့်တဲ့ ဖြစ်ရပ်ဆိုးကြီးဟာ လက်မခံနိုင်လောက်အောင် ယုတ်မာတဲ့ အပြုအမူပါ”ဟု ပြောဆိုသွားသည်။ ခါရေးက ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များအနေနှင့် ညပိုင်းကင်းလှည့်မှုများ တိုးမြှင့်ခြင်း၊ ပြည်သူလူထုကြား ရှောင်တခင် စစ်ဆေးမှုများ အကြိမ်များများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဟု ကြေညာခဲ့သည်။ အစုလိုက် မုဒိမ်းကျင့်မှု ဖြစ်စဉ်ကြီးသည် အစိုးရစစ်တပ်နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ တပ်စွဲထားရာ နိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့်အတွက် ဆိုးရွားသော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် လက်နက်ကိုင် တပ်ဖွဲ့ဝင် ထောင်ဂဏန်း အနည်းငယ်မျှသော သူပုန်များကို ထိရောက်စွာ မနှိမ်နင်းနိုင်သည့် ကွန်ဂိုအစိုးရ၏ ရပ်တည်မှုအင်အားမဖှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ကွန်ဂိုတွင် (၂၀၀၈)နှင့် (၂၀၀၉) ခုနှစ်များအတွင်း မုဒိမ်းကျင့်မှုပေါင်း (၁၅၀၀၀)ကျော်စီ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ခါရေးက ပြောကြားသွားခဲ့သည်။

Planet Myanmar News 

No comments: