ခင်ဗျားလည်းနာမည်ကြီးပါစေ၊ သူ့နာမည်လေးလည်း လုံခြုံပါစေ။


ကျွန်တော် ဒီနေ့ညနေသတင်းလေးတစ်ခုဖတ်မိ၊ ထိုသတင်းနဲ့ဆက်ဆက် ဗီဒီယိုလင့်လေးတစ်ခုကြည့်မိပြီး စိတ်မကောင်းလို့ ဒီစာကို ရေးတာပါ။ ဒါကြောင့် တုံးတိ၊ ကျပ်ခဲဖြစ်ကောင်းဖြစ်နေမယ်ထင်ပါတယ်။ ဒါပေမယ့် စာဆုံးရင် ကျွန်တော် ဘာပြောချင်လည် စာဖတ် သူအနေနဲ့ သိလာပါလိမ့်မယ်။ သိလာရင် ထိုသို့သော ရည်ညွှန်းပါလူတွေကိုတွေ့ရင် အပြုသဘောအားဖြင့် ၀ိုင်းဝန်းတည့်မတ် ပေးဖို့ ကြိုပြီးမေတ္တာရပ်ခံလိုက်ပါရစေ။
 
လူ့အခွင့်အရေးအတွက်လုပ်နေတဲ့သူတွေအနေနဲ့ အခြားတဖက်မှာ လိုက်နာ စောင့်ထိန်းရမယ့်၊ တာဝန်ယူရမယ့် လူ့ဝတ္တရားတွေ လည်း ရှိတယ်ဆိုတာ လုပ်နေသူတွေအားလုံး သိထားသင့်ပါတယ်။
 
အထူးသဖြင့် ထိခိုက်လွယ်အုပ်စု(vulnerable group)လို့ သတ်မှတ်တဲ့ ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေနဲ့ ပါတ် သက်ရင် သူတို့အခွင့် အရေးအတွက်လုပ်ပေးသည့်တိုင် ကျွန်တော်တို့လိုက်နာစောင့်ထိန်းပေးရတဲ့ လူ့ကျင့်ဝတ်တွေအများကြီး ရှိပါ တယ်။ ဓာတ်ပုံရိုက်တာ၊ အင်တာဗျူးတာ၊ အကူအညီတစ်ခုခုပေးတာတွေမှာ လိုက်နာရတာတွေပေါ့..။
 
ကျွန်တော်တို့ဟာ လူ့အခွင့်အရေးလုပ်ငန်းစဉ်တွေကို လုပ်နေတယ်။ အမှန် တရားကို သိသာထင်ရှားဖို့ လုပ်နေတယ်လို့ ရိုးရိုးသား သား စိတ်ထားပြီး လုပ် နေကြတယ်ဆိုရင် သူ့တို့အတွက် ၀ါ ကျွန်တော်တို့ တိုက်ပွဲဝင်ပေးနေတဲ့ ဦးတည်အုပ်စု(Targeted group)တွေရဲ့ အသက်၊ အရှက်၊ ဂုဏ်သိက္ခာပိုင်းကို ကိုယ့်ကြောင့်၊ ကိုယ်လုပ်ပေးမယ့် အပြုအမူကြောင့် ထိခိုက်မသွားအောင် အလျင်စဉ်း စားပြင်ဆင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။
 
ဥပမာ- ကျေးရွာတစ်ခုအတွင်း ၀င်သွားပြီး လူတစ်ဦးကိုသော်လည်းကောင်း၊ လူတစ်စုတစ်ဖွဲ့ကိုသော်လည်းကောင်း စာရွက်စာ တမ်းများကိုင်ပြီး သို့မဟုတ် ကင်မရာ၊ ဗီဒီယိုကင်မရာ သို့မဟုတ် အသံဖမ်းစက်နဲ့ အကူအညီယူပြီး သူတို့ခံစားနေရတဲ့ အတိဒုက္ခ တွေကို မှတ်တမ်းယူမယ်ဆိုရင် ပထမဦးဆုံးပြောပြ၊ ရှင်းပြရမှာက ကျွန်တော်တို့ မေးတဲ့မေးခွန်းတွေတိုင်းကို ဖြေဖို့ သူတို့မှာတာ ၀န်မရှိဘူး။ မဖြေချင်ဘူး။ မဖြေရဲဘူးဆိုရင် မဖြေခွင့်ရှိကြောင့် သူတို့နားလည်အောင် ရှင်းပြပေးရပါတယ်။(ကျွန်တော်တို့ဟာ သတင်းထောက်တွေမဟုတ်သလို၊ သူတို့ကံကြမ္မာကိုဆုံးဖြတ်စီရင်နိုင်ခွင့်ရှိသူတွေ လုံးဝမဟုတ်ပါ။)
 
နောက်ပြီး သူတို့နာမည်တွေ၊ နေရပ်တွေကိုလည်း လုံခြုံစွာ(မဖော်ပြလိုပါက) အသက်နဲ့လဲပြီးကို ကာကွယ်ပေးထားမယ် ဆိုတာကို လည်း သူတို့စိတ်လုံခြုံဖို့အတွက် ကတိက၀တ်ပေးခဲ့ရမှာဖြစ်သလို တည်အောင်လည်းစောင့်ထိန်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က စေတနာနဲ့ပြုမူသည်ဆိုသော်လည်း ထိခိုက် လွယ်လူတန်းစားအတွက် တစ်ဘ၀လုံးစာ ဘ၀ပျက်သွားနိုင်တယ်ဆိုတာကို သိစေချင်ပါ တယ်။
 
ဥပမာတစ်ခုပေးလိုပါသည်။ တစ်ခါက လက်နက်ကိုင်အဖွဲ့အစည်းများ ပေါင်းစုံလှသောဒေသတစ်ခုတွင် နိုင်ငံတခါအဖွဲ့အစည်း တစ်ခုမှ လူဖြူတစ်ဦးက ကွင်းဆင်းပြီး ဒေသခံလူမှုရေးအဖွဲ့မှ လူတွေကို လူ့အခွင့်အရေးချိုးဖောက်မှု နဲ့ ပတ်သတ်ပြီး သူ့ရုံးနဲ့ သူ့ထံ ကို ဖုန်းနဲ့ဆက်သွယ် သတင်းပေးနိုင်တယ်ဆိုပြီး ပြောခဲ့တယ်။ ဒေသခံဝန်ထမ်းကလည်း သူတို့ဒေသမှာ လက်ချိုးရေလို့လက် တဖက်ပင်မပြည့်သော အများသုံးဖုန်းမှတဆင့် ထိုလူကြီးထံ ဖုန်းဆက်ပြီး ချိုးဖောက်မှုလို့ယူဆရတဲ့ သတင်းအချို့ကို တိုင်ကြား သတင်းပို့ပေးခဲ့ပါတယ်။
 
နောက်ဆက်တွဲအဖြစ်အပျက်ကတော့ သတင်းပေးတဲ့ လူငယ်အဖွဲ့ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးရန်ရှာခဲ့သလို၊ အချို့ ဖောက်ခံလိုက်ရတဲ့လူနဲ့ မိသားစုအားလုံးဟာ ဘယ်ဆီရောက်သွားမှန်းမသိ လုံးဝအစအနပျောက်သွားတော့တာပါဘဲ။ တကယ်တော့ အဲဒီလိုပြသနာတက်လာတော့ ထိုလူဖြူထံ မေးမြန်းစုံစမ်းတဲ့အခါမှာတော့ သူ့ရုံးကလည်း သူ့ကိုအဲလိုအခွင့်အာဏာမပေး လိုက်သ လို၊ သူ့အဖွဲ့အစည်းကလည်း အဲဒီလုပ်ငန်းစဉ်နဲ့လုပ်နေတဲ့အဖွဲ့အစည်းမျိုး မဟုတ်ဘူးဆိုတာသွားတွေ့ရတယ်။ ဒါပေမယ့် လူ့အခွင့် အရေးချိုးဖောက် ခံလိုက်ရတဲ့မိသားစုအချို့ကတော့ လုံးဝအစအနပျောက်သွားရပါတော့တယ်။
 
ကျွန်တော်တို့ဟာ လူမှုဝန်းကျင်တွေမှာ လူ့အခွင့်အရေးဖြစ်ဖြစ်၊ လူမှုဖွံ့ဖြိုးရေးတွေဖြစ်ဖြစ် မည်သည့်လုပ်ငန်းစဉ်ကိုဘဲ လုပ်လုပ် အဲလိုလုပ်မယ်လို့ စေတနာ့ဝန်ထမ်းစိတ်နဲ့ဖြစ်ဖြစ်၊ လခစားဝန်ထမ်းသဘောနဲ့ဖြစ်ဖြစ်လုပ်ကိုင်တော့မယ့် လူဟာ Do No Harm Principleတွေ၊ Code of Conduct Principle တွေကိုလည်း အလျင်းသင့်တိုင်း လေ့လာပြီး လက်တွေ့ကျင့်သုံးဖို့လည်း လိုအပ်လှပါ တယ်။ ဖော်ပြပါ အင်္ဂလိပ်စကားတွေကို ဂူဂဲလ်မှာတင်ပြီးရှာကြည့်လိုက်ပါ။ အများကြီးတွေ့ရပါလိမ့်မယ်။ မြန်မာလိုပြန်ထားတာတွေ လည်း ရှိပါတယ်။
 
ကယ်ဆယ်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေကြတဲ့ ကျွန်တော် တို့တစ်ဦးချင်း သို့မဟုတ် အဖွဲစည်းများအနေနဲ့ မဖြစ်မနေ လိုက်နာရမည့် အခြေခံ ဥပဒေများထဲက တစ်ခုမှာ “မိမိတို့အနေဖြင့် သတင်းအချက် အလက်များပြန်ကြားရာတွင်လည်းကောင်း၊ အများပြည်သူကို အသိပေး အကြောင်းကြားရာတွင်လည်းကောင်း၊ ကြော်ငြာရာတွင်လည်းကောင်း၊ ဘေးအန္တရာယ်သင့်၊ အတိဒုက္ခ ရောက်နေသူများအား မျှော်လင့်ချက်ကင်းမဲ့ နေ သည့်သူများအနေဖြင့် မရှုမြင်မိစေဘဲ၊ ဂုဏ်သိက္ခာရှိသော လူသားများအဖြစ် အသိ အမှတ်ပြုဖော်ပြ နိုင်ရမည်..။” လို့ ရည်ညွှန်းဖော်ပြထားပါတယ်။ သူညွှန်းဆိုတာကို စည်းကမ်းလို့တာင်မသုံးဘဲ လူမှုတာဝန် ထမ်းဆောင်သူ များ လိုက်နာရမည့် အခြေခံ ဥပဒေလို့ အတိအလင်းဖော်ပြထားပါတယ်။
 
Do No Harm Principle များဆိုတာကတော့ ကျွန်တော်တို့ ထောက်ပံ့ပေး မယ့် အထောက်အပံ့အကူအညီ(ငွေကြေး၊ ပစ္စည်းတစ်စုံ တရာ) ကိုအကြောင်းပြုပြီး ဦးတည်အုပ်စု သို့မဟုတ် လူထုကို ထိခိုက်စေနိုင်တယ်ဆိုရင် ဝေခြမ်းထောက်ပံ့မှုကို ပြန်လည်စဉ်းစားဖို့၊ လုံးဝမလုပ်ဖို့လိုတာမျိုးကိုဆိုတာပါ။ မလုပ်ခင်ကကြိုတင် စီစစ်ရပါတယ်။ တခါတလေ ကျွန်တော်တို့ဝေခြမ်းထောက်ပံ့ ပေးလိုက်တဲ့ အထောက်အပံ့ကြောင့် ကျေးရွာဒေသရဲ့ ရှိရင်းစွဲတည်ငြိမ်မှု၊ စည်းလုံးမှု၊ ယဉ်ကျေးမှုကို ထိခိုက်သွားပြီး မူလရှိရင်းစွဲထက် ပိုယုတ် လျော့သွားမယ်ဆိုရင် ကျွန်တော်တို့လုပ်ရပ်ဟာ ၀ါးကူထိုးသလိုဖြစ်သွားပြီး DNH ကို အတိအလင်းချိုးဖောက်လိုက်ပြီဆိုတာ သိရပါမယ်။
 
သတင်းတစ်ခုတင်မယ်။ ဝေငှမယ်။ အစည်းအဝေးမှာတင်ပြမယ်ဆိုရင်တောင် လူနေရပ်တွေကို အထူးလျှို့ဝှက်စောင့်ထိမ်းပြီး case no....တွေပေးပြီးသွားပါတယ်။ အထူးသဖြင့် မုဒိန်းမှု၊ ကလေးစစ်သား၊ မတရားလုပ်အားပေးခိုင်းစေမှုစတဲ့ အာဏာရှိ အသိုင်း အ၀ိုင်းနဲ့ ပါပတ်သတ်ရတဲ့ ပြသနာရပ်မျိုး၊ သတင်းရင်းမြစ်မျိုးတွေမှာဖြစ်ပါတယ်။
 
လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်ကဖြစ်မယ်။ ထိုင်းနိုင်ငံမှာ လူကုန်းကူးပြီးရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးလေးတစ်ဦးကို ထိုင်းရဲနဲ့ တိုင်ပြီး ရဲစခန်းမှာထား စစ်ဆေးနေချိန်မှာ အမျိုးသမီးလေးလုံခြုံရေးကိုသေချာမပေးထားတဲ့အတွက် လူသတ်သမားဟာ ရဲစခန်းထဲ ဆိုက်ကယ်နှင့်ဝင်လာပြီး ထိုအမျိုးသမီးလေးကို ပစ်သတ်သွားတဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ဖူးပါတယ်။
 
ကျေးရွာတွေသွားပြီး ပြသနာအစတွေဆွဲထုတ်လာနိုင်တာဟာ တဖက်က ကောင်းကွက်တွေရှိလာမယ်ဆိုတာ မသေချာပေမယ့် ဆိုး ကွက်အနေနဲ့က မိမိကိုထိုပြသနာကို ၀န်ခံတိုင်ကြားလိုက်သူရဲ့လုံခြုံရေး၊ အရှက်သိက္ခာစတာတွေကို ကျွန်တော်တို့ ဘယ်လို တာဝန်ယူမှာလည်း ဆိုတာကိုလည် အလျင်သုံးသပ်ပြီးမှ အချို့သောသတင်းအချက်အလက်တွေကို လူထုအကြားထုတ်ဖော်ပြော ပြသင့်ပါတယ်။
 
အထူးသဖြင့် ပြသနာမဖြေရှင်းမပြီးသေးမချင်း၊ တရားခံလို့ ယူဆရသူ သို့မဟုတ် တရားခံစစ်ကို ဖော်ထုတ်အရေးယူမပြီးမချင်း ကျွန်တော်တို့ စိတ်လှုပ်ရှားမှုကိုထိန်းသိမ်းနိုင်ရမှာဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး၊ လူမှု့ဖွံ့ဖြိုးရေး လုပ်ကိုင်ဆောင်ရွက်နေသူတွေ အထူးလိုက်နာစောင့်ထိန်းရမယ့် တာဝန်ဝတ္တ ရားတွေပါ။ အခွင့်အရေးမပေါ်ခင် ၀တ္တရားကိုပြည့်အောင်အလျင်ဖြည့်စေချင်ပါတယ်။

အဲဒါတွေကို မစောင့်ထိမ်းနိုင်ရင် သို့တည်းမဟုတ် အကောင်အထည်ဖော်ဖို့ အင်အားမရှိလျှင် သို့တည်းမဟုတ် မလုပ်လိုလျှင် “လူ့အခွင့်အရေး”ဆိုတဲ့ လုပ်ငန်းစဉ်များကို ဦးဆောင်ဦးရွက်ပြုပြီး လူရှေ့သူရှေ့မထွက်စေချင်ပါ။ မထွက်ဖို့လည်းတောင်းပန်ပါတယ်။ နာမည်ကြီးချင်၊ ထင်ပေါ်ချင်လျှင် အခြားနည်းလမ်းတွေအများကြီးရှိပါတယ်။ ကျေးဇူးပြုပြီး ဆင်ခြင်ကြပါလို့ တောင်းပန်ပါတယ်။ လူထုဟာ ပင်ပန်းနာကျင်လှပါပြီ.....။ ။
 
ချစ်ခင်လေးစားစွာဖြင့်

စိမ်းခက်စိုး
(အင်္ဂါ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၃
ည - ၀၉း ၄၁ နာရီ

No comments: