၈၈၈၈ ရုံးခန်းမှာ ညစာစားခဲ့သော ကြောင်စုန်းကြီးများ၊ (သို့) နောက်ဖေး အိမ်မလွယ်ပေါက်မှ လာသောဧည့်သည်များ

ရထားဝန်ကြီး၏ အထူးဧည့်သည်များ

မြန်မာတွေ လိုက်လျှောသည်းခံ အားနာတတ်တဲ့စိတ်က ကမ္ဘာကျော်သည်။ နိုင်ငံများစွာကို သွားနိုင် အောင် ချိတ်ဆက်ထားသော ခရီးရှည် ရထားများကို အစုန်အဆန်စီးပြီး ခရီးသွား ရထားဆောင်းပါး များဖြင့် ကမ္ဘာကျော်ခဲ့သော ပေါလ်သရိုးက သူရောက်ဖူးသမျှ နိုင်ငံတွေ အားလုံးထဲမှာ  မြန်မာပြည်က လူတွေလောက် ဒုက္ခကို ခါးစည်းခံနိုင်တဲ့လူမျိုး မတွေ့ဖူးသေးဟု ပြောဖူးသည်။  ဤဆောင်းပါးသည် ရထားအကြောင်းမဟုတ်။ ရထားတွေ စီးရင်း ဘ၀တက္ကသိုလ် ခရီးသွားတဦးဖြစ်လေသည့် ပေါလ်သရိုး အကြောင်းမဟုတ်။ မြန်မာပြည်က ရထားဝန်ကြီးနှင့် အခါခါလက်ဝါးရိုက်ပြီး ပြည်တွင်းပြန်ရောက် နေသော ကြောင်စုန်းကြီး အချို.က၊ သူတို့နှင့် လားလားမဆိုင်သော ၈၈၈၈ ရုံးခန်းကို အိမ်နောက် ပေါက်က ဝင်ကာ တိုင်းပြည်နှင့် အတိုက်အခံ လောကကို ရည်ရွယ်ချက်ကြီးတွေဖြင့် အကွက်ချ ဆက်ဖျက်ဆီးမည့် လူ့ကပ်ပါး ဖေါက်ပြန်ရေးသမားများတို့ အကြောင်းဖြစ်သည်။

ကိုမိုးသီး၏ ဆန်ဇေးရှင်းနယ်အချိန် ဆိုက်ရောက်ခြင်း Sensational Week

သူကတော့ အများသိပြီးဖြစ်တဲ့အတိုင်း ပွဲဆူစေသည်။  ဆန်ဇေးရှင်းနယ်ဖြစ်စေအောင် နေတတ် ထိုင်တတ် ပြောတတ်ပါသည်။ သူအနေအထိုင်မတတ်၍ ၈၈၈၈ သမိုင်းနှင့် ဝေးသော သူများကပင် သတင်းစောင်ရေများအောင်၊ သူ လက်လှုပ်ခြေလှုပ်လေးတွေကအစ  တခုတ်တရ ဆောင်းပါး ရေးကြ သည်။ (တခါမှ ကြမ်းကြမ်းတမ်းတမ်း မဝေဖန်ဖူးသော သူတွေကပါ ဆွမ်းကြီး ဝင်လောင်းကြသည်) လေသာပြူတင်းမှာ ရပ်၍ မိန့်ခွန်းလည်း ချွေတတ်သည်။ လူတွေက သူ့အကြောင်း လိုက်ကြရေး ကြသည်။ ဒီိတော့ နိုင်အောင်၊ သောင်းထွန်း၊ ဇော်ဦး အညစ်ပတ်ဆုံး ခြေကြီး လက်ကြီးများက ပျောက် နေသည်။


ပိုပြီးညစ်ပတ်လေသည့် လေဘာပြည်သစ်ညွန့်ဝေ (ဝါ) မောင်မောင်ကြီးကလည်း ခပ်ကုတ်ကုတ်နဲ့ ဒီနေ့ ရောက်လာသည်။ မိချောင်းမျက်ရည်လား ဘာလား တစနှစ်စ သောမျက်ရေ သူ့မျက်ဝန်းမှာ တွေ့လိုက်ပါသေးရဲ့။ အို-- ၀ိုင်းတော်သားတို့ စုံကြပြီ။ သူတို့ကလည်း ခေသူတွေမဟုတ်။ ဝူးဝူး ဝါးဝါး အော်ဆဲချင်သူတွေ၊ ဉာဏ်နိမ့်သောသူတွေကို မိုးသီးနှင့် လွှတ်ပေးထားပြီး သူတို့က သီးသန့် ကြံ နေကြသည်။ မီဒီယာကလည်း နိုင်အောင်ကို သက်သာစေသည်မို့ နဲနဲတော့အံ့သြမိသည်။ သတင်း ထောက်ဆိုတာ လူတကာ သိပြီးသားတွေကို စာစီပေဖွဲ့နေမဲ့အစား၊ အဖုံးအုပ်ထားတဲ့ အိုးထဲက အရာ တွေကိုသာ လူတွေတွေးမိအောင် စဉ်းစားမိအောင် ရေးပြသင့်သည်ဟု ယူဆထားပါသည်။ ပြည်တွင်း မှာ ဘယ်တုန်းကမှ ပရိတ်သတ်မရှိသူတို့က သူတို့ ခြေရွှေ့ကွက်တွေကို အထူးညက်ညော စွာ ဆင် ထားနိုင်ကြသည်။ အချောင်သမားတစုက ၈၈၈၈ အားလုံးကို တလွှာစီ တစစီ ဖျက်စီးဖို့ အိမ်နောက် ဖေးမှာ ဈေးဆိုင်တည်လေမည့် အကြံကြီးဖြစ်သည်။ အန္တရာယ်အစစ်ကို ပြည်သူတွေကို ပြောမှ ဖြစ် မည်ဟု ယူဆသောကြောင့် ဒီစာရေးဖြစ်သည်။

အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်၊ ကြောင်စုန်းကြီးတို့ ခြေဖျောက်ဝင်

အေဘီ မြောက်ပိုင်းစခန်း လူသတ်မှုများအကြောင်း စုံလင်စွာ ထွက်လာသည့် အချိန်က စလျှင် ခု ၉ လ နီးပါးရှိပြီ။ လူသတ်သမားတွေ၏ လက်တွေခြေတွေကို ခိုင်ခိုင်တုပ်နိုင်သော အခြေအနေသည် ရာသီရောက်၍ ပေါ်လာသည့် အခွင့်အရေးမဟုတ်။ ရာဇဝတ်မှုကြီးများကို စိမ်ပြေနပြေ ကျူးလွန်ထား ပြီးလျှင်၊  ရာဇ၀တ်မှုမြောက်ပြီးသား ဖြစ်နေပြီး၊ ရင်မဆိုင်လိုသော ရာဇဝတ်သားက တွန့်ဆုတ် ရှောင် ပြေး၊ ပတ်လည်ပြေး တပြေးထဲ ပြေးနေရသရွေ့ မှန်ကန်သောသူတွေဖက်က စိတ်ဓါတ် အရနိုင်ပြီးသား ဖြစ်သည်ဟု တွက်လို့ရသည်။ သို့သော်- ရာဇဝတ်သားက သူဆက်ပြေးလို့ မရတော့ဘူးလို့ သိသွား လျှင် လိုက်သောသူတွေဖက် ကလည်း မြေခွေးလိုက်ပွဲကို မရပ်သေးဖူးဆို လျင်၊ မျက်နှာချင်းဆိုင် ဆုံရမဲ့ အချိန်တခု မကြာခင်ကြုံရတော့မည်ဟု ထင်မိသည်။ ဤအချိန်၊ နေရာကို ရောက်လျှင် သစ္စာ သမားတွေကို တနည်းနည်းဖြင့် တရားစောင့်သောနတ်က ကူညီလိမ့်မည် ယုံဆဲဖြစ်သည်။

သူတို့ကို မရသေးတာက အချိန်မသင့်သေးတဲ့ အပိုင်းကတပိုင်း၊ သူတို့မှာ အကာအကွယ်တခုခု ရထား လေသလားဆိုတဲ့ အပိုင်းကတပိုင်း ဖြစ်နိုင်သည်။  ပြောင်းမရတဲ့ ခိုင်မြဲနေမဲ့ အမှန်တရားကို အခွင့် အရေး အခွင့်အလန်းလို့ မြင်လို့မဖြစ်။ ခု အခွင့်ရှိရှိ မရှိရှိ အမှန်က အမှန်အတိုင်းပဲ သမိုင်းမှာ တည်နေ မှာဖြစ်သည်။ ဒါကြောင့်ပဲ- လူ့ကပ်ပါး။ လူသတ်သမားတို့သည် ၈၈၈၈ ရုံခန်းအတွင်းကို နောက်ဖေး ပေါက်က ဝင်သွားခြင်းဖြစ်သည်။ မည်သည့်သတင်းထောက်က ဒီအိမ်နောက်ဖေးမှာ ဈေးဆိုင်တည် မည့်သူတွေအကြောင်း ရီရအာင်ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြော၍ နဲနဲ အံ့အားသင့်မိသည်။

လူတွေအများကြီးသတ်ခဲ့သော အေဘီ ဥက္ကဌဟောင်း နိုင်အောင်က က ၈၈၈၈ ရုံးခန်းကို နောက်ဖေး ပေါက်က တက်သည်။ အကြံပေး သောင်းထွန်းက ကိုမင်းကိုနိုင်အတွက် ဆုတခုယူလာပြီး ပီအာ လုပ် ပြသွားသည်။ ဦးကိုကိုကြီး၊ ကိုမင်းကိုနိုင်တို့က သောင်းထွန်း၊ နိုင်အောင်နဲ့အတူ မနေ့က ၈၈၈၈ ရုံးခန်း မှာ  ညစာတူတူစားကြသည်ဟု ကြားလိုက်ရသည်။ သူတို့ထိုင်သွားတဲ့နေရာကို နို့နဲ့တောင် ဆေးချင် တယ်လို့ လူငယ်လေးတယောက်က သူ့ခံစားချက်တွေကို သူ့အီးမေးထဲမှာ ပြောသည်။ ၈၈၈၈ ရုံးခန်း နောက်မှာ ခိုးချောင်ခိုးဝှက် ဈေးဆိုင်တည်မဲ့ သူတွေမို့ သူတို့က အကြိမ်ကြိမ်လာမှာ။ ဒီ့တော့ ခဏခဏ နို့တွေနဲ့ ဆေးနေရမှာပေါ့လို့ ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်သည်။

ဤသို့ဖြင့် ကြောင်စုန်းကြီးများသည် ၈၈၈၈ အိမ်နောက်ဖေးက ဝင်ခဲ့သည်။ ပြီးတော့ ခြေဖျား ထောက် ပြီး သားကောင်ရှာသကဲ့သို့  ညင်ညင်သာသာလေး ဝပ်ဝပ်လေး ဂုတ်ရှိုး မျက်လုံးဒေါင့်ကပ် ကြည့်ပြီး ဝင်သွားကြတော့သည်။ (ကြောင်စုန်းကြီးတွေ အဝင်ကျွမ်းလေ၍  ဟိုတယောက် ကိုမိုးသီး လိုလည်း အဆဲမခံရ။) ကံက ကောင်းလေတော့ ကြောင်စုန်း နိုင်အောင်၊ သောင်းထွန်းတို့က မီဒီယာစက်ကွင်းမှာ လုံးဝ အဆဲမခံရပဲ၊ ၈၈၈၈ ထိပ်သီးတွေနဲ့ ညစာတောင်တူတူ စားလိုက်ရ သေးသည်။  အမေရိကက လာတာချင်းအတူတူ ဟိုအုပ်စုနဲ့ တမူထူးကာ သူတို့က ရောင်းစရာ အိုင်ဒီယာ တွေကို လူမမြင်ရတဲ့ အိတ်မဲကြီးထဲ ထည့်ယူလာပုံရသည်။  အမြတ်ထွက် နိုင်ငံရေး ဈေးကွက် အစီအစဉ်တွေကို ဒီိကြောင် စုန်း ၂ ကောင်က အကွက်တွေ ဇယားတွေနဲ့ ချပြရန်ရှိသည်။ ကိုမင်းကိုနိုင်တို့ သဘောကောင်းပုံက တော့ စာဖွဲ့လောက်ပါသည်။ လူသတ်သမားတွေနဲ့ တွဲထိုင်ရသည်။ သူတို့က နိုင်ငံခြားပြန် ဆရာကြီး တွေဆိုတော့ ပွင့်လင်း အဖွဲ့အစည်းတွေအတွက် နိုင်ငံခြားက ငွေရမဲ့ နေရာတွေကို သောင်းထွန်းနဲ့ လူသတ်သမားနိုင်အောင်က ကြိုးကိုင်ပြီး ၈၈၈၈ ကို အကူအညီပေးမယ်ဆိုပဲ။ ဤသို့ကြားနာလိုက်ရ ပါသည်။

အစိုးရထက်တောင် ကွက်ကျော်ရိုက်နိုင်၍ ဗူးတလုံးဆောင် အိုအောင်မဆင်းရဲ၊ အပြစ်မရှိချင် ယောင် ဆောင်နေသော  လူသတ်သမားနိုင်အောင်၊ အခါပေး ဦးပုံည သောင်းထွန်း၊ ကပ်ပါးဇော်ဦးတို့ ရောင်း ဝယ်မည့် ပစ္စည်းက အထူးအဆန်းမဟုတ်။ ပွဲဦးထွက် မားကက်တင်းန် marketing လုပ်သွားသော နေရာနှင့် အချိန်ကိုက်မှုကိုသာ နဲနဲ အံ့သြမိသည်။  

ပြတ်သားသော၊ ကိုကိုကြီး

ရခိုင်ကိစ္စ ဦးကိုကိုကြီး ဘယ်လိုပြောခဲ့တယ်ဆိုတာ မှတ်မိနေပါသေးသည်။ ရခိုင်အရေးမှာ ပြည်သူ လူထု နှလုံးသည်းပွတ်ထိအောင် စိတ်ဆင်းရဲခဲ့ရသည်။ ထိုအချိန်မျိုးတွင် ဦးကိုကိုကြီးက ပြည်သူလူထု အတွက် အားကြီးသော အသံတခုပေးခဲ့သည်။

ကိုမိုးသီး လာမဲ့နေ့မှာ စီနီယာ ၈၈၈၈ များက ကြိုသင့်မကြိုသင့် အလွတ်ပြောပြောကြရင်း အချင်းချင်း ဆွေးနွေးကြသောအခါ ဦးကိုကိုကြီး၏ စကားသံက အလွန်ပြတ်သားလှပါသည်။ ဦးမင်းဇေယျာကြီးက ကိုမိုးသီးကို ပုဂ္ဂိုလ်ရေး သံယောဇဉ်ဖြင့် သွားကြိုရင် ကောင်းမလားဆိုပြီး အလွတ်ပြော၊ ပြောခဲ့ဖူး သည်။ ဦးကိုကိုကြီး၏ ပြတ်သားသော စကားတခွန်းကြောင့် ဘယ်သူမှ သွားမကြိုရဲကြ။ (နိုင်အောင့်မှာ ပြည်တွင်းပရိသတ်မရှိ။ နိုင်အောင်ကို ကြိုသင့်မကြိုသင့် ဘယ်သူမှ စကားထဲ ထည့်ပြောစရာ မလို။) ဒါပေမဲ့ ဦးကိုကိုကြီး ပြတ်သားလိုက်ပုံများ၊ ကိုမိုးသီး သူငယ်ချင်းတောင် မချန်ထား၊ ဤသို့ဆိုခဲ့သည်။ မိုးသီး ထွက်သွားတုန်းက သူ့သဘောနဲ့သူ ငါတို့အားလုံးက ဝမ်းနည်းပေးခဲ့ရတယ်။ ခု ပြန်လာပြန်တော့ လည်း သူသဘောနဲ့သူ။ ဒီတော့ သူ့အတွက် ငါတို့တွေ ဝိုင်းပြီးဝမ်းသာပေးဖို့ အချိန်မရှိဘူး…လို့ ဆိုခဲ့ သည်။ ဒီိလို ပြတ်သားခဲ့တဲ့ ကိုကိုကြီးက serial killer စီရီရယ် ကေးလာ နိုင်အောင်၊ သူ့အကြံပေး သောင်းထွန်းတို့နဲ့ ညစာတူတူစားတာ ကြားရတော့ နဲနဲတော့ အံ့သြမိပါသည်။

နိုင်အောင့်မိန်းမ ပို့ထားသော သိန်း ၆၀၀

ပွင့်လင်းရုံးထူထောင်ရေး အစမှာ နိုင်အောင်က သူ့မိန်းမကတဆင့် သိန်း ၆၀၀ ကို ၈၈၈၈ တွေအား လှူသတဲ့။ ထိုပမာဏအတွက်တော့-- ပြည်တွင်းက ၈၈၈၈ စိနီယာအုပ်စုသည် သူတို့မူကို တော်ရုံနဲ့ ပြောင်းရန် အကြောင်းမရှိ။ ပွင့်လင်းကာလဆိုတော့ ပွင့်လင်း ရပေမဲ့၊ သူတို့ ရပ်တည်နေရသော အနေ အထားအရ  ဘယ်လိုနည်းနဲ့မှ ၈၈၈၈ စိနီယာအုပ်စုသည် လာတွေ့သောသူတွေကို နှင်ချလို့ မရ။ ထူးဆန်းတာက ကြောင်စုန်းကြီး ၂ ကောင်က သူတို့ကြောင်စုန်းဆိုတာကို မေ့မေ့လျော့လျော့ ဖြစ်နေ သောသူတွေကြားမှာ They were having a good time. ဆိုတာပဲ ဖြစ်သည်။

ပရိတ်သတ်က နဲနဲ စိတ်ရှုတ်ထွေး နားမလည်နေတဲ့ အချိန်မှာ ကြောင်စုန်းကြီး ၂ ကောင်က ပြုံးနေ သည်။ ဥရောပနှင့် အမေရိကန် အစိုးရစီက တရားဝင် ထောက်ပံ့ကူညီ ငွေတွေအတွက် ဦးသောင်း ထွန်းက တာဝန်ယူမည်။ နိုင်ငံတကာကလာမယ့် အန်ဂျီအိုတွေ ဒေါက်တာနိုင်အောင်က ဦးစီးမည်။ ဗဟုကတဆင့် နေပြည်တော်ကို ဇော်ဦး ပဉ္စမံခံတပ်ဖြင့် ဝင်စီးထားပြီးသား။ ရန်ကုန်က ၈၈၈၈ စီနီယာ ကြီးတွေကို ရလျှင် ပွဲပြတ်ပြီလို့ အချင်းချင်း အီးမေးပို့ ကြွားနေကြသည်။ ၈၈၈၈ အချင်းချင်းကြားမှာ တောင်  ကိုမိုးသီးကို အရူးဆိုပြီး ဇော်ဦးလို ကီးမာစတာက  ဖြုတ်ထားပြီးသားဆိုပြီး၊ ဝင့်ဝါနေကြသည်။ အလွန်ညစ်ပတ်သော ခြေထိုးပွဲတွေ မစခင်မှာကို ဇော်ဦးက အချိန်မစိသေးပဲ ကြိုအောင်ပွဲခံချင်နေတဲ့ အသွင်ဆောင်တဲ့ အီးမေးတွေက ၀င်နေသည်။ ကိုမင်းကိုနိုင်ကတော့ အသံ တိတ်နေလေတော့၏။

(စိတ်ပူရန် စောလွန်းပါသေးသည်။ ဦးကိုကိုကြီး၊ ကိုမင်းကိုနိုင် ၂ ယောက်လုံး ဒီလောက် စိတ်ဓါတ် မပျော့လောက်တန်ရာ။ သောင်းထွန်းနဲ့ နိုင်အောင် ပြောချင်တဲ့သူက အတင်းကြီးပြောလေတော့ နိုင်ငံတကာက အန်ဂျီအိုတွေ ခေါ်လာပေးမယ်ဆိုတဲ့ စကားနဲ့ ဘယ်လောက်ပဲ ဝေဝေဆာဆောတွေ မက်လောက်အောင် ပြောနေသည့်တိုင်၊ ထိုင် နားထောင်နေရေးသည် အစားအစာပါသော ညစာ စကားဝိုင်းတွင် သိပ် ခက်ခဲလှတာမဟုတ်၊ ဒေါက်တာနိုင်အောင်၏ တို့ဆေးမှာ ၈၈၈၈ စီနီနိယာကြီး တွေက မတိုးနိုင်လောက်အောင်  ဆေးပြီးပြီးသားဟု စာရေးသူက တွက်ထားပြီးသားဖြစ်ပါသည်။)

ငမိုးရိပ်မြေကွက်ကြီးမှာ လူစုံပြီ

သင်ကန်းကျွန်းငမိုးရိပ်က မြေကွက်ကြီးကို ၁၉၉၁ ကတည်းက စစ်တပ်လည်းမဟုတ်။ စည်ပင် သာယာကလည်းမဟုတ်။ မီးရထားဌာနက သိမ်းထားတာ ခု ၂၁ နှစ် ရှိပြီဟု ကြားသိရသည်။ အသိမ်းခံ မြေကွက်ကြီးသည် ဟာလာဟင်းလင်း၊  ဒီမြေဆုံး၍ ဘဝပျက်ခဲ့သူတိုင်း ဒီမြေကွက်ကြီးနားမှာ ရင်ကွဲ ပက်လက်ဖြစ်ကြသည်။ စစ်ဖိနပ်အောက်မှာ စုန်းစုန်းမြှပ်နေသော ဆင်းရဲသားတွေက ကိုမင်းကိုနိုင် ကိုမိုးသီးတို့ကို သူတို့အဖြစ်တွေ ပြောပြလို၍ အသိမ်းခံ ငမိုးရိပ် မြေကွက်ကြီးနား စုရုံးရောက်လာ ကြသည်။ လူ ၃၀၀၊ ၄၀၀ လောက်ဖြစ်နိုင်သည်။ အားလုံးက သူတို့ကို မျှော်လင့်ကြသည်။ သူတို့မြေ သူတို့ပြန်လိုချင်ပါတယ်လို့ မျှော်လင့်တကြီး ဝိုင်းပြောကြလေသည်။

ကိုမိုးသီးကတော့ ထုံးစံအတိုင်း သူနဲ့ဘာမှလည်း မဆိုင်ပဲ၊ သူလည်းဘာမှ လုပ်မပေးနိုင်ပဲ ကတိတွေ ပေးပါတော့သည်။ နောက်တခေါက်ပြန်လာရင် အတတ်နိုင်ဆုံး လုပ်ပေး ကူညီိပေးပါ့မယ်လို့ လူတွေကို နှစ်သိမ့် ကတိပေးခဲ့သည်ဟု ကြားသည်။ မီးရထားဌာနက သိမ်းတယ်ဆိုတော့ သူ့ခမြာ ဦးအောင်မင်း ကို ပြောကြည့်ရင် ရမလားလို့ အထင်နဲ့ လွယ်လွယ်ကတိပေးတာလည်း ဖြစ်နိုင်သည်။  ကိုမင်းကိုနိုင် ကတော့ ဆိတ်ဆိတ်သာ နေတော့သည်။ သူမျက်လုံးတွေက မြေကွက်ကြီးကို ငေးရင်း၊ ကွင်းပြင် ကျယ်ကြီးကို ကျော်ကြည့်ရင်း၊ လူတွေကိုလည်း နားစွင့်နေရင်း၊ ပြုံးလို့သာနေတော့သည်ဟု နောက် ဆုံးကြားသိရပါသည်။


စာရေးသူ၏ အတွေး

ကိုမိုးသီးကို စောလူးမင်းဟု ပြောခဲ့ဖူးသည်။ သို့သော် သူသည် သူများသတ်လို့ သေမဲ့သူတော့မဟုတ်။ အေဘီ မြောက်ပိုင်းစခန်းပြန်တွေကို အပါယ်ခံ အနှိမ်ခံ မျက်နှာမွဲတွေလို့ ကျမ သိထားသည်။ ရေများ ရာ မိုးမရွာရဆိုတာလည်း ကျင့်ဝတ်တခုဖြစ်သည်ဟု ဆက်စဉ်းးစားသည်။ ကိုမင်းကိုနိုင်နှင့် ဦးကိုကိုကြီ တို့သည်လည်း ကြောင်စုန်ကြီးများ အစားခံမည့် မွေးကင်းစ လှုပ်လိလှုပ်လှည့် ကြောင် ပေါက်သား ငယ်လေးများ မဟုတ်ကြ။ အဖြူနဲ့အမဲက တွဲလို့မဖြစ်နိုင်တဲ့အကြောင်း၊ စဉ်းစားသည်။ အိမ်နောက်ဖေး မှာ ဈေးဆိုင်တည်မည့်သူများဖြစ်သည့် ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဇော်ဦး သူတို့ စိတ်မှာတော့ ငါတို့က လမ်းဖေါက်ပြီးသားပဲလို့ တလွဲယုံကြည်နေပုံရှိသည်။ သူတို့ခမြာ အမှောင်မှာ ထိုင်နေကြသူများပေမို့ လက်ဖျောက်ခြေဖျောက် လိပ်ပြာမရှိ မာန်မာနမရှိ ဂုဏ်သိက္ခာမရှိ၊ ဒါတွေ အပေါ်မှာသာ ထိုင်ကျေနပ်နေသူများ ဖြစ်ခဲ့လျှင်ဆိုတဲ့ အတွေးတွေ ဆက်ပေါ်လာတော့သည်။ ဒန်တေ ၏ အင်ဖာနိုကို နဲနဲ ပြန်မှတ်မိနေသေးသည်။ ဤလိုလူစားတွေ၏ ယုံကြည်မှု အကြောင်းကိုသာ (စိတ်မသက်မသာမဖြစ်ပဲ)  အကြောင်းအကျိုး သဘောကို အနည်းငယ်  စဉ်းစားဖြစ်သည်။  သူတို့ လျောက်သော လမ်းကျဉ်း၏ လွတ်လပ်မှု ပမာဏကိုသာ အလွတ်တွေး တွေးနေတော့သည်။  သစ္စာ သမားတွေကို တနည်းနည်းဖြင့် တရားစောင့်သောနတ်တွေက ကူညီလိမ့်မည်ဟု သေချာပေါက်ယုံ၏။


ကျေးဇူးပါ။
အေးအေးစိုးဝင်း
စက်တင်ဘာ ၅-၂၀၁၂

No comments: