ကျားဆိုးနှင့် ဗျိုးဆရာ

ကျားငြိုးအောင် လင့်မထိုးနဲ့- တဲ့
ဆိုရိုး ရှေးစကားနဲ့
တရားပြတဲ့ ဆရာရေ…။

ကျားဆိုးတွေ
ဓားမိုး မွှေလွန်းလို့
မနေသာ မထိုင်သာ
လင့်စင်မှာ တက်စောင့်
မြားတတောင့် အသင့်ပြင်ပြီး
ပတ်ဝန်းကျင် ဘယ်ညာရှု
ပြုမိတယ် အဆွေ။

တို့ရွာမှာ အန္တရာယ်ပေး
ပြေးရလွှားရ ပုန်းရရှောင်ရ
စိတ်ချချ မအိပ်ရဘူး
ညည နွားတွေကွဲတော့
ကျားဆွဲဖို့ ချောင်းလျက်နေ
လူသေနွားသေ များချေပကော။

ကြာရင် ဒို့ရွာပျက်ချေရဲ့
လက်နက်တွေစု လူတွေစု
မောင်းထုပြီး နှိုးဆော်
ရှေ့တခေါ် မျှော်ရပြန်
နောက်တလံ ပြန်ကြည့်
သတိ ကိုယ်မကွာ
ရွာကို ညီစေဖို့အကျိုး
ဗျိုးဟစ် ဆော်သြ။

ကျား ငစဉ်းလဲကြောင့်
အများ ဆင်းရဲမှာမို့
နွားသင်း မကွဲအောင်
အားခဲလို့ ဟော။      ။

(ဆရာအောင်သင်း သို့)
တင်မိုး
၁၉၊ မေ၊ ၁၉၉၉
ဗုဒ္ဓဟူးနေ့ နံနက်ခင်း

No comments: