နောင်မှ နောင်တမရစေချင် (ဘလော့ဂ်အာဘော်)

ရွေးကောက်ပွဲဟူသည်မှာ ဒီမိုကရေစီမဟုတ်။ ဒီမိုကရေစီ၏ အစိတ်အပိုင်းတခုမျှသာဖြစ်သည်။ ရရင်ရ မရင်ချဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပေါ်လာမှုဟာ တရားမျှတခြင်း လွတ်လပ်ခြင်းကို ရရှိလိုမှုကြောင့်သာဖြစ်တယ်။ ဒီမိုကရေစီမှ တရားမျှတ လွတ်လပ်သည်မဟုတ်။ တရားမျှတ လွတ်လပ်မှုရှိရင် ဘယ်လိုဆိုင်းဘုတ်ပင် တပ်တပ် တပ်နိုင်ပါတယ်။ ဒီမိုကရေစီတပ်မလား၊ ကွန်မြူနစ်တပ်မလား၊ ဆိုရှယ်လစ်တပ်မလား။ ဘယ်ဟာ တပ်တပ် အရေးမကြီး။

အရေးကြီးသည်မှာ
အရေးကြီးသည်မှာကား တရားမျှ လွတ်လပ်မှုပင်ဖြစ်သည်။ ယနေ့ပြည်သူတို့ တောင်းဆိုနေကြသည့် လျှပ်စစ်မီး တောင်ပေါ်မြေပြန့် အထက်အအောက် အပြည့်အဝ ရရှိရမည်။ အလုပ်သမား များ တောင်းဆိုနေသည့် လစာတိုးမြင့်ရေး ကိစ္စကို မှန်မှန်ကန်ကန် ဖြေရှင်းပေးရမည်။ တောင်သူ လယ်သမားများ လယ်၊ ယာ၊ ဥယဉ်၊ ခြံမြေများ သိမ်းခံရသည့် ကိစ္စများကို မှန်မှန် ကန်ကန် ဖြေရှင်းပေးရမည်။ 

သတင်းလွတ်လပ်ခွင့်၊ စာပေထုတ်ဝေခွင့်၊ ဆန္ဒပြထုတ်ဖော်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ တရားစွဲဆိုခွင့်၊ အယူခံဝင်ခွင့် စသည်စသည် များရှိလျှင် ငွေများ တရားနိုင်စံနစ်များ မရှိတော့လျှင်၊ အကျင့်ပျက်ချစားမှု မရှိတော့လျှင်၊ မတော်မတရား ညှင်းပမ်းနှိပ်စက်မှုများ၊ အဓမ္မပြုကျင့်မှုများ မီးထွန်းရှာလျှင်ပင် မတွေ့နိုင်အောင် အစိုးရမှ အစိုးရပီပီ ပြုလုပ်လျှင် ဘယ်လိုဆိုင်းဘုတ်တပ်တပ် ကိစ္စမရှိ။

ပြည်သူ့ဆန္ဒ
ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံတော်အလံကိစ္စသည် ပြည်သူ့တို့၏ ဆန္ဒအရ ဖြစ်ပေါ်လာသည် မဟုတ်သည့်အတွက် ပြည်သူများက ထိုအလံကို အလေးအမြတ်ပြုမည်မဟုတ်။ ထို့ပြင် အခြေခံဥပဒေသည် လည်း ပြည်သူ့ဆန္ဒအရ ဖြစ်ပေါ်လာသည် မဟုတ်သည်ကြောင့် ပြည်သူများမှ လေးစား လိုက်နာကြမဟုတ်။ တဖန် ယနေ့ အစိုးရအဖွဲ့ဟူသည်မှာလည်း ပြည်သူ့ဆန္ဒအရ ဖြစ်ပေါ်လာသည် မဟုတ်သဖြင့် ပြည်သူများကလည်း ထိုအစိုးရအဖွဲ့အား အသိအမှတ် ပြုမည်မဟုတ်။ ထိုအရေးရာ အားလုံးတို့သည် ပြည်သူ့ဆန္ဒကို ပြည်လည်ရယူကြရမည်ဖြစ်သည်။

ပြည်သူသည်သာ အမိ/ အဘ
မိဘကို မိဘဟု အသိအမှတ်ပြုရမည်မှာ မည်သည့် နတ်ဘုရား သိကြားဗြဟ္မာများက ချမှတ်ပေးခဲ့သည် မဟုတ်။ လူသားတို့သည် လူသားကို လူသားဟု အသိအမှတ်ပြုသူတိုင်း မိဘကို မိဘဟု အသိ အမှတ် ပြုပြီးသား။ ထို့ကြောင့် နိုင်ငံအတွင်းရှိ လူသားအားလုံးတို့သည် ယဉ်ကျေးပြီး သူများ ဖြစ်သည်ကြောင့် ပြည်သူသည်သာ အမိအဘဟူသည့် သဘောသကာယကို နားလည် ထားကြပြီဖြစ်သည်။ ပြည်သူမည်သော မိဘတို့က မိဘတို့၏ အကျင့်အဝတ်ကို ပြုကျင့်မည်သာဖြစ်သည်။ အစိုးရမည်သော သားဖြစ်သူများက မိဘများ အလိုကျ လိုက်နာကြရမည်သာဖြစ်သည်။

မိဘကို လိမ်လို့မရ
မိဘမှ ပေါက်ဖွားရသည့် သားသည် မည်၍ မည်မျှ လိမ်ညာပါစေ။ မိဘ သိပြီး သား၊ နောကျေပြီးသား ဖြစ်နေသည်။ ရံခါတွင် ခွင့်လွှတ်ပေးလိမ့်မည်၊ သက်ညှာပေးလိမ့်မည်။ လွန်စွာ ဆိုးရွားလာလျှင် မိဘက မိဘပီပီ ဆုံးမမည်သာဖြစ်သည်။ မည်သို့မျှ ဆုံးမ၍ မရလျှင် မိဘတို့၏ လစ်လျှူရှုမှုကို ခံရမည်သာဖြစ်သည်။ မိဘတို့၏ လစ်လျှူရှုမှုကို ခံရသည့် သားသည် သားကောင်း ရတနာလည်း ဖြစ်လာနိုင်စရာအကြောင်း မရှိတော့ပေ။ 

နောင်မှ နောင်တမရနှင့်
လိမ်ညာ ဆိုးမိုက်၍ ပေတေသည်က ထားဦး ပြန်လည်၍ မိဘကို အပြစ်မှား စော်ကားမိလျှင်တော့ ငရဲကို မလွဲဧကန်ပင် သက်ဆင်းကြရလိမ့်မည်။ နောင်မှ နောင်တရခြင်းသည် ဘာအကျိုးမျှ မရှိ။ ငရဲမပြောနှင့် တိရစ္ဆာန်ဘဝကို ရောက်သည်ပင်လျှင် လွတ်လမ်းမမြင်၊ ကျွတ်လမ်းမမြင်နိုင်တော့ပါ။ ဘုရား၊ သိကြား၊ ဗြဟ္မာ၊ ဗိဿနိုးလည်း မကယ်တင်ပါ။ ဒီတော့ မိဘက မီးဆိုလျှင် မီး၊ ရေဆိုလျှင် ရေ လိုလေသေးမရှိ တောင်းလျှင် ပေးလိုက်ကြစမ်းပါ။ အမှန်ဆိုလျှင် တောင်းခံစရာပင်မလို မိဘကို သားကောင်းရတနာပီသလျှင် ရေပူရေချမ်း မလွတ်တမ်း ကမ်းလှမ်း ဆက်သရမည်သာတည်း။

No comments: