တို့ဗိုလ်ချုပ်ရဲ့ ထမင်းဝိုင်းလေး


မိုးတွေရွာနေတဲ့ တနေ့မှာပေါ့ ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ၀န်ကြီးများရုံးထဲသို့ ဝင်လာခဲ့ပါသည်။

ရုံးသို့ရောက်သည်နှင့်တပြိုင်နက် စားပွဲပေါ်တွင်ပုံနေသော အလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျ ပဲပြုတ်နဲ့ နံပြားလေးကို စားပြီး ရုံးတက်ခဲ့ရပါသည်။

“ဗိုလ်ချုပ် နေ့လည်ထမင်းစားဖို့ တော်တော်လေး အချိန်လွန်နေပါပြီ စားပြီးမှပဲ ဆက်လက်လုပ်ဆောင်ပါလား ဗိုလ်ချုပ်ရယ်” ဟု မောင်နေဝင်းက စိုးရိမ်တကြီး ပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်း စားဖို့ သတိရပြီး...

“ဟေ ဟုတ်လား။ ဒါဆိုလဲ အိမ်ပြန်စားတာပေါ့။”

“အပြင်မှာ မိုးတွေ အရမ်းရွာနေပါတယ် ဗိုလ်ချုပ်။ ကျွန်တော် ဆိုင်တဆိုင်ကို တယ်လီဖုန်းဆက်ပြီး မှာပေး ပါ့မယ် ဧည့်ခန်းထဲမှာ ပဲ သုံးဆောင်လိုက်ပါလား။”

“ဆိုင်ကို မှာစားရင် ငါပိုက်ဆံကုန်မှာပေါ့။ ဒီလအတွက် ငါပြတ်တော့မယ်၊ မဖြစ်ပါဘူး အကြည် လက်ရာ လေးပဲ အိမ်ပြန်လွေးလိုက်ပါတော့မယ်ကွာ”
 ဟု ပြောပြောဆိုဆိုနဲ့ ထထွက်လာခဲ့ပါသည်။

ဒီလိုနဲ့ပဲ မိုးရွာကြီးထဲ မောမောပန်းပန်းနဲ့ အိမ်ပြန်လာခဲ့ပါသည်။ အိမ်ပြန်ရောက်တော့ သားသမီး သုံး ယောက်ရဲ့ မျက်နှာလေးတွေ မြင်တော့လဲ နွမ်းခဲ့သမျှ လန်းလာပါတော့သည်။

“အကြည်ရေ၊ ထမင်းစားဖို့ ပြင်ပါဦးကွာ”

“အဆင်သင့်ပါပဲရှင်၊ ကိုအောင်သန်းလဲ ရောက်နေတယ်”

ကိုအောင်သန်းအနေနှင့် ဗိုလ်ချုပ်ထမင်းစားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်နေတော့ ဗိုလ်ချုပ်စားမည့် ထမင်းဝိုင်းကို ကြည့်လိုက်မိပါသည်။ ဗိုလ်ချုပ်အနေနှင့် ဤထမင်းဝိုင်း ပြင်ဆင်ထားပုံမှာ မထူးဆန်းလှပါ။ သို့သော်လဲ ကိုအောင်သန်းအတွက်မူ တော်တော်လေးကို မှင်သက် အံ့သြမိသွားပြီး ရင်ထဲမှာ စို့ခနဲ ဖြစ်သွားကာ ဗိုလ်ချုပ်အား တော်တော်လေး သနားသွားမိကာ ပိုပြီးတော့လဲ လေးစားသွားပါတော့သည်။

ဗိုလ်ချုပ်စားမယ့် ထမင်းဝိုင်းမှာ ထမင်းတပန်းကန်နှင့် ဟင်းတခွက်သာ ပါပါသည်။ ထိုဟင်းမှာလဲ ဖွယ်ဖွယ် ရာရာ မဟုတ်၊ လက်တစ်ဆစ် မရှိတရှိ ဝက်အူချောင်းကြော်ကလေး ငါးဖတ်သာဖြစ်ပါသည်။

အချိန်ရှိသရွေ့ နိုင်ငံတာဝန် ထမ်းဆောင်နေရသည်မို့ မိသားစုနှင့် အတူနေရသည်ဆိုသည်မှာ တော်တော် လေးကို ရှားပါသည်။ ဤကဲ့သို့ ထမင်းစားချိန်တွင်သာ ဖခင်အနားကပ်ရရှာသော သားနှစ်ယောက်နှင့် သမီးလေးခမျာ တီတီတာတာနှင့် ထမင်းဝိုင်းနားတွင် ရှိနေပါသည်။ ဒီလိုနဲ့ စ စားတော့မည် ဟန်ပြင်လိုက် သည်တွင် သမီးလေး အောင်ဆန်းဆုကြည်က “သမီးကိုတခုလောက်” ဒီလိုနဲ့ တဖတ်ရော့သွားပြန်ပါကော။ ကဲ၊ သမီးလေးကိုကျွေးလိုက်တော့ အောင်ဆန်းလင်းကလဲ “သားကိုလဲ ကျွေးပါဦး” ကဲဝက်အူချောင်းလေး သုံးဖတ်သာ ကျန်ပါတော့သည်။ “သားကိုကော မကျွေးတော့ဘူးလားဖေဖေ” ကဲ ဒီလိုဆိုတော့ နှစ်ဖတ်ပဲ ကျန်တော့တာပေါ့။

ဒီဝက်အူချောင်းလေး နှစ်ချောင်းထဲ ကျန်တော့တာတောင် “အစ်ကို ကျွန်တော်နဲ့ အတူလက်ဆုံ နွဲသွားပါဦး လား” တဲ့ဗျာ။ ကဲ၊ ဒါကတော့ ဗိုလ်ချုပ်ရဲ့ ထမင်းတနပ်ပါပဲ။

ကိုအောင်သန်းခမျာ သူ့အိမ်ပြန်ရောက်တော့ သူ့ဇနီးသည်ကို “တို့တွေပိုက်ဆံပိုရင် ငါ့ညီအောင်ဆန်းတို့ အိမ်ကို မျှပေးလိုက်ပါဦးကွာ။ ငါ့ညီက ဒီနိုင်ငံမှာ ဘုရင်ခံပြီးရင်သူက အာဏာအရှိဆုံး ပုဂ္ဂိုလ်တယောက် ပါကွာ။ သူ့ထမင်းဝိုင်းကို ကြည့်ပြီး ငါစိတ်တွေ မကောင်းလွန်းလို့ပါ” ဟု ဆို၍ ဗိုလ်ချုပ်ထမင်းဝိုင်းကလေးကို ပြန်မြင် ယောင်ကာ ပြောပြနေရင်း မျက်ရည်ပင်ဝဲမိပါသည်။

ဗိုလ်ချုပ်ပြောဖူးတဲ့ စကားလေးတစ်ခွန်းကို ပြန်မျှဝေပေးလိုက်ပါဦးမယ်။

“နိုင်ငံ့အကျိုးကို ဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာ မွဲသထက်မွဲဖို့ပဲရှိတယ်၊ ချမ်းသာသထက် ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ ပြည်သူကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့ အောက်တန်းကျ စိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ..

ဗိုလ်ချုပ် အောင်ဆန်း.

မျိုးချစ်သူ ဧဒင်ဥယျာဉ်

No comments: