အဆုံးမရှိသေးတဲ့ ပုံပြင်

မြန်မာပြည် မြေပုံလေး ရှေ့မှာချပြီး ကျွန်မ ရွာရှိမယ့် တည်နေရာ လေးကို စိတ်မှန်းနဲ့ လှမ်းကြည့် လိုက်မိတယ်။
မြန်မာပြည် အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းလေးရဲ့ ထောင့်ချိုး တစ်နေရာဟာ ၀ါးတောမဆိုတဲ့ ရွာလေးတဲ့လား။ ဖုန်ငွေ့လုံးလုံး၊ ကုန်းခေါင်ခေါင် ကျွန်မတို့ အညာ၊ မုံရွာ၊ အရာတော် ပတ်ဝန်းကျင်ရဲ့ ပူအိုက်ခြင်းမျိုး ဘယ်ဒေသမှ လိုက်မီမယ် မထင်ဘူး။ နေပူပူ မြေပူပူမှာ ခေါင်လိုက်တဲ့ မိုးကလည်း လွန်ရော ကျွံရော။ အိုင်တီခေတ်နဲ့ အမီ ရွာမှာ စလောင်းတွေ ဒယ်အိုးတွေ၊ မုန့်စုံရတဲ့ လက်ဖက်ရည်ဆိုင်တွေ တိုးပြီးရင်း တိုးလာတာတောင် တန်ခူး၊ ကဆုန် ရောက်လာပြီဟဲ့ ဆိုရင် မိုးခေါ်လွန်ဆွဲ၊ ကန်တူး ပွဲတွေကတော့ ရိုးရာ မပျက်သေးပါဘူး။ မိုးနတ်မင်းကို အပြစ်ဖို့ကြပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင် သူနဲ့ လားလားမှ ဆိုင်တာ ဟုတ်ဘူးရယ်။ လူတွေကလည်း ကြည့်ဦး။ နွေဆိုလည်း နွေမို့၊ မိုးဆိုလည်း မိုးမို့ တစ်နှစ်ပတ်လုံး ရွာထဲကို ၀င်လာမစဲ တသဲသဲက ထင်းလှည်းကြီးတွေ။ ၀ယ်တဲ့ လူတွေလည်း ၀ယ်ရဲ့။ ရောင်းတဲ့လူကလည်း ရောင်းရဲ့။ ဘယ်လောက်မှလည်း စီးပွားဖြစ်ကြတာ မဟုတ်ဘူး။

ရောင်းသူက တစ်စီးလုံး ပေးမှ ငါးထောင်လောက်ပဲ ရသလို ၀ယ်ကြတဲ့ အကြော်သည်၊ အထက်မီး အောက်မီးသည်၊ တိုလီမုတ်စသည်တွေလည်း ၀မ်းမ၀တ၀ အဆင့်ကနေ ဘာအမြတ်မှ သိသိသာသာ ကျန်တာ မဟုတ်ဘူးရယ်။ တောတွေပြုန်းပြီး တောင်တွေ သင်္ကန်း မဆီးရဘဲ ခေါင်းတုံး ကျသွားတာက လွဲရင် ရောင်း ကောင်းကြတုန်း။ ၀ယ်ကောင်းကြတုန်း။ မွဲကောင်း ကြတုန်း။


“အောင်မယ် ကောင်မ။ ညည်း သည်လိုတော့ လာမပြောနဲ့ အေဟဲ့။ ထမင်းချက် တာ ထင်းနဲ့မချက်လို့ ငါက ဘာနဲ့ ချက်ရမှာတုံး။ ညည်း မမွေးခင်ကတည်းက ငါသည်လို ချက်လာတာ ပညာတတ် မကြီးရဲ့။ ဘီအီးဒီ အောင်သိုက် ပြဇာတ်ထဲက ဘွဲ့ရအလုပ် လက်မဲ့ကြီးရဲ့”

ဒေါ်တင်မြ ထင်းသုံး ကြမ်းတယ်လို့ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး ပါးစပ်သရမ်းမိ လိုက်ပါတယ်။ ကြားကြတဲ့ အတိုင်း ကျွန်မမှာ ကက်ကက်လန် ရန်အတွေ့တောင်ခံလိုက် ရသေး။ တကယ်တော့ သူတို့ကိုလည်း အပြစ် မဆိုသာပါဘူး။ ခေတ်ကြီးကိုက လိုက် မမီအောင် ပြောင်းလဲ နေတဲ့ဟာ။ ကျွန်မတို့ တောသူ တောင်သားတွေက ဘာများ တတ်နိုင်မှာတဲ့တုံး။

ရှေးရှေးတုန်းကတော့ “၀ါးတောမ”ဆိုတာ အရာ တော်၊ မုံရွာနယ် တစ်ကြောမှာ နာမည် တစ်လုံးနဲ့။ အထည်ဆိုလည်း အထည်မို့၊ ထန်း လျက်ဆိုလည်း ထန်းလျက်မို့ နာမည် အကြီးသား။ အခုများတော့ လာကြည့်စေချင်တယ်။ ၀တ်ရတာက တရုတ်ထည်၊ စားရတာက ဟင်းချိုမှုန့်၊ စီးရတာက ထော်လာဂျီ။ အခု ၀ါးတောက အပျိုချော မမတွေ သွားကုန်ကြပြီ။ ရှမ်းပြည် နယ်လက်ဖက်ခူး၊ မြစ်ကြီးနား ထမင်းချက်တဲ့။ ရွာမှာ ဘာအလုပ်မှ မဖြစ်တော့ဘူး။

ဗမာချည်ကို အတိုင်ရော အဖောက်ပါ ဆေးကောင်းကောင်းနဲ့ ရက်ထားတဲ့ ဖျင်ကြမ်း လုံချည် တစ်ကွင်းဆို လေးထောင်ကျော်မှ ရတော့တာ။ တရုတ်ထည် က သုံးကွင်းမှ ငါးထောင်။ ဘယ်အပျိုက လက်ထွက်လုံ ချည်ကို ဖင်ပူခံရက်တော့မှာတုံး။ ကိုယ်တောင် မ၀တ်တာ သူများနယ်ကရော အမြတ် ပေးပြီး လာဝယ်ပါဦးမလား။ ခေတ်ကလည်း ခေတ်ပဲကိုး။ ရွာသူတွေကိုလည်း အပြစ် မတင်ရက်ပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်၊ တရုတ်ထည်တွေ ၀င်မလာ ခင်တုန်းကတော့ ရွာမှာအလုပ် ဖြစ်ကြသား။ ၀ါးတောမရွာ ထွက် ရွှေဖလာ အဆင်စောင် အုပ်၊ နှပ်လေးလွှာ ရွက်စောင်၊ အပြာဖြတ်၊ အနီဖြတ်တွေဆို တာ တစ်နယ်တစ်ကျေးက ကုန်သည်တွေ လုဝယ်ရတဲ့ အထိ။ မန္တလေး၊ တောင်ကြီးက ဖျင်(အကြမ်းထည်)ပွဲစား တွေဆိုတာလည်း လိုချင် လိုက်ကြတာမှငမ်းငမ်းတက်။ တကယ့်ကို ရွှေရောင် အတိတ်ကြီးပါတော်။

ဟော အခုတော့ မကြုံ စဖူး အကြုံထူးလို့ ထန်းသ မားကရှုံး၊ ဖျင်ကပျက်။ ဖျင် ကပျက်တော့ ချည်မထွက်၊ ချည်မထွက်တော့ ဂွမ်းသမား တွေ ငုတ်တုတ်၊ ၀ါသမား တွေဗိုက်မှောက်။ အတိုးတွေ တနင့်တပိုး ယူပြီး မလေးရှား ပြေးသူလည်း ပြေးရဲ့။ ဒါပေ မယ့် ကံကောင်းမှ ဖားလောင်း ဖားဖြစ် ဆိုတဲ့ စကားအတိုင်း ဆယ်ယောက် သွားလို့မှ တစ်ယောက်သေချာတာ မဟုတ်ဘူးရယ်။

“တူမကြီး၊ ချည်လဲချင် လို့ပါကွယ် အမေကြီး”

ဟော ပြောလို့မှမဆုံး သေးဘူး။ ရောက်လာပြန်ပြီ တစ်ယောက်။ အသက် ၇၀ ကျော် အဘွားကြီး။ မြေးလေး လက်တစ်ဖက်က ဆွဲလို့ အိမ်တံခါးဝမှာ မတ်တတ်။
“အမေကြီးရေ ဖျင်တွေ အလုပ် မဖြစ်လို့ နားထားတာ သုံးလလောက် ရှိပြီ အမေကြီး ရဲ့။ တခြား သွားလဲလိုက်ပါ နော် အမေကြီး”

တကယ်တော့ သူတို့ လေးတွေက ဟိုးအောက်ဆုံး အဆင့် လက်လုပ်လက်စား လေးတွေရယ်။ ငွေ ၁၆၀၀ လောက် ရှိတဲ့ အရင်းနဲ့ ဗိုင်း တစ်ပိဿာဝယ်၊ ချည်ငင်ပြီး ဗိုင်းနဲ့ပြန်လဲတော့ တစ်ပိဿာ ငင်ခ ၆၀၀ လောက်ရ။ အဲဒါလေးကိုပဲ ဆန်ကွဲ၊ ငရုတ်ဖြစ် အောင် ဖန်တီးပြီး သုံးရက်လောက် အသက်ဆက်ရရှာ တာ။

“တူမကြီးရယ် လဲပါကွယ်။ အမေကြီးက လာနေကျပါ။ တခြားလည်း မသွား ချင်တော့တာနဲ့”

အဲဒါက ချည်သမားတိုင်း မကျက်ရဘဲ အလွတ် ပြောနိုင်တဲ့ ဈေးခေါ်စကား။ အစကတော့ ကျွန်မလည်း သနားတာနဲ့ အလုပ် မဖြစ်တောင် တတ်နိုင်သလောက် တော့ ငွေအောင်းခံပြီး ကုသိုလ် ဖြစ်လဲပေးပါသေးတယ်။ အခုတော့ ကျွန်မဆီမှာလည်း ငွေဖြစ်မလာတဲ့ ချည်ပုံ၊ အထည်ပုံကြီးက ဆယ်ပေ လောက်မြင့်နေပြီ။
“ဗိုင်း ကုန်နေလို့ပါ အမေကြီးရယ်”

မတတ်နိုင်ဘူး။ လက်ကျန်ဗိုင်းလေး အချိန် တစ်ဆယ်လောက်ကို အိမ်ထဲ သွင်းထားပြီး မုသာဝါဒ ဆိုတဲ့ မမှန်သော စကားကို မျက်စိ စုံမှိတ်ပြီး လှိုင်လှိုင်ကြီး သုံးနေရတာက နေ့တိုင်း။
“အမေကြီး ဗိုက်ဆာတယ်”

ရေမချိုးတာ ကြာနေပြီလို့ ထင်ရတဲ့ ချဉ်တူးတူး၊ စုတ်ပြတ်ပြတ် ကောင်လေးရဲ့ မျက်လုံး တစ်စုံက ကျွန်မ လက်ထဲရှိ ခွဲရင်းတန်းလန်း စိန်တစ်လုံး သရက်သီးကြီးဆီ ကို အကြည့်တွေ ရဲရဲကြီးပို့ လွှတ်လို့။
“စားမလားဟင် ကောင်လေး”

“ဟုတ်”

“အမေကြီးကိုလည်း တစ်စိတ်လောက် ကျွေးပါ တူမကြီးရယ်။ အမေကြီး ခံတွင်း မလိုက်လို့ အစားပျက် နေတာကြာပြီ”

ကျွန်မလည်း နေပူပူ၊ အိုက်စပ်စပ်မှာ ဘာအလုပ်မှ မရှိတဲ့ အတူတူ ကြောင်ရေချိုး ခွေးသန်းရှာပဲ ပြောပြော၊ မြေး အဘွား နှစ်ယောက်ကို အိမ်ထဲ ခေါ်ပြီး တောင်ရောက်မြောက် ရောက်စပ်စု၊ လေကန်လုပ် နေမိပါတော့တယ်။ အဲဒါကြောင့် ထင်ရဲ့။ အဖေက ကျွန်မကို ခဏခဏကြည့်ပြီး ရွတ်တတ်တာ။ “ခေတ်ပညာ တတ်မကြီး၊ ဘာစီးပွားရေး အကွက်မှ မမြင်ဘူး”တဲ့။ စီးပွားတွက် တွက်မယ် ဆိုရင် တော့ ဟောသလို အလုပ် မဖြစ်တဲ့ ကာလကြီးမှာ ကျွန်မ ရှေ့ထိုင်နေတဲ့ မြေးအဘွား နှစ်ယောက်က ကျွန်မအတွက် ရွှေခဲကြီး မဟုတ်သလို ငွေတွင်းကြီးလည်း ဖြစ်မလာနိုင်ပါဘူး။ မဆိုင်တဲ့ ကိစ္စကို မဆိုင်သလို နေလိုက်လည်း ပြီးတာပေါ့နော်။ ဒါပေမယ့် ကျွန်မကလည်း ကျွန်မလေ၊ တခြားသူမှ မဟုတ်တာ။ နတ်ကရာ ကျီးမောလို့ပဲ ပြောပြော၊ လှံဖျားပုစဉ်းနား၊ ကျီးကန်းချေးပါလို့ပဲ ဆိုဆို မဆိုင်သလို မနေမိတာကတော့ ကျွန်မရဲ့မွေးရာပါ မဟာ အားနည်းချက် အစစ်။ ကျွန်မ ကျီးများ ၀င်စားလေရော့ သလား။

“တူမကြီးပဲ စဉ်းစား ကြည့်။ အလုပ်ဖြစ်တုန်းက ကုန်ဈေးနှုန်းကို လိုက်မမီဘူး။ ဟော ကုန်ဈေးနှုန်းလေး သင့်တော့ အလုပ်ကမရှိ။ ကျော်ခန့်တို့တော့ ဖုန်တောက မတက်တော့ပါဘူးကွယ်”

တစ်ခါတုန်းက ၀ါးတောမ ဆိုတဲ့ ကျွန်မတို့ ရွာ မှာ ကျော်ခန့်ဆိုတဲ့ လူရိုး တစ်ယောက်ရှိခဲ့သတဲ့။ ရွာနီးချုပ်စပ် ပွဲကနား ရှိလို့ ရွာသားတွေ လှည်းယဉ်ကိုယ်စီနဲ့ ထွက်ကြပြီဆိုရင် ကျော်ခန့် တစ်ယောက်ကတော့ ဖုန်ထူ တဲ့ လမ်းလေးထဲမှာ ခြေကျင်ပဲ လျှောက်သတဲ့။ “ကျော်ခန့် လှည်းပေါ်တက်လေ”လို့ပြော ရင် သူက “ငါ ကိုယ်ပိုင် လှည်း မ၀ယ်နိုင်မချင်း ဖုန်တောက မတက်ဘူးကွ” လို့ ပြန်ပြောသတဲ့။ နှစ်တွေကြာလို့ ကျော်ခန့်တို့ ရွယ်တူတွေ ဆံဖြူ သွားကျိုးဖြစ်သွားတာ တောင် ကျော်ခန့်တစ်ယောက် ဖုန်တောက တက်မလာနိုင် တော့ဘူးတဲ့။

အခုလည်း အဘွားကြီးက သူ့ဘ၀လည်း ကျော်ခန့် လို့ပါပဲ ဆိုတဲ့ သဘောနဲ့ ကျွန်မ ရှေ့မှာ ပုံခိုင်းပြရှာတာ။ ရုတ်တရက်ဆိုတော့ သတိလက် လွတ်ဖြစ်ပြီး အော်ရယ်မိလိုက် သေး။ နောက်တော့မှ ပြန်တွေးမိပြီး အဘွားကြီးကို ကျွန်မဖြင့် အားနာလိုက်တာ ဘယ်လို ပြောရမှန်းတောင် မသိဘူး။
“ဟောဒီ မြေးလေးကို သင်္ကန်း ဆီးပေးချင်သေးတာကွယ့်။ သင်္ကန်း မ၀ယ်နိုင်လို့ သာပါ။ မြေးလေး သာသနာဘောင် ရောက်သွားတာနဲ့ အမေကြီးတော့ သေဆိုရင် တောင် သေနိုင်ပါပြီကွယ်”

“အမေကြီး သားသမီး တွေကရော”

“သားနဲ့ချွေးမပဲ ရှိတာကွယ်။ မနှစ်က ရွှေတော အသွား ငှက်ဖျားမိလို့ နှစ်ယောက်စလုံး ဆုံးရှာကြပါ ပေါ့လား”

“သြော် ဖြစ်ရလေ မေကြီးရယ်”

အခုမှ အမေကြီး ပါးစပ် ဖျားက မချတဲ့ မြေးအနှစ် လေးကို အသေအချာကြည့် မိတယ်။ မျက်လုံးတောက် တောက်၊ မျက်ဖန်ကောင်း ကောင်းနဲ့ နှာတံပေါ်ပေါ်မှာ နှုတ်ခမ်းလေးက ဖူးလို့။ တကယ့်ကို ပညာရှိဖြစ်မယ့် ဥပဓိ ရုပ်ကလေး။
“ကလေး မင်းကရော ဆရာတော်ကြီး ဖြစ်ချင်ရဲ့လား”

ချာတိတ်လေးက ကျွန်မကို တည်တည်လေးနဲ့ မျက်လုံး လှန်ကြည့်တယ်။ မျက်လွှာလေး ချလိုက်၊ မျက်ခုံးလေး ပင့်လိုက်နဲ့ သူ့မှာ အတော့် ကို အဖြေရ ကျပ်နေတဲ့ပုံ။ သူ ဘယ်တော့မှ သင်္ကန်းဆီးခွင့် မရတော့ဘူးလို့များ အပိုင် တွက်ထားလေရော့သလား။ ကလေးတစ်ယောက် ရဲ့ရင်ထဲ တစ်ဘ၀လုံး အညွန့် ကျိုးသွားစေမယ့် သိမ်ငယ်တဲ့ ခံစားချက်မျိုး ကိန်းအောင်း မသွားစေချင် မိတာတော့ အမှန်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ရည်မှန်းချက် တစ်ခုနဲ့ စုထားတဲ့ ငွေလေးထဲက သုံးထောင်ကျော်တန် သင်္ကန်း တစ်စုံ ဖိုးလောက်တော့ ကုသိုလ် ပြုလိုက်ဖို့ ဆုံးဖြတ်ချက်ချမိ တော့တယ်။

မလေးရှား သွားတဲ့ မောင်ရေ။ မောင့်ရဲ့ခင်လေး ရွာမှာ မြင်မြင်သမျှပေးကမ်း လှူဒါန်းမိလို့ တူနှစ်ကိုယ်နီးတဲ့ အခါ စီးပွားလုပ်ဖို့ စုထား တဲ့ ငွေလေးတွေ တတိတိနဲ့ ပြောင်တော့မယ်။ ကြိုးစားပါ မောင်ရေ။ မလေးရှားမှာ အလုပ်ရှင်နဲ့လည်း တည့် အောင်ပေါင်း။ သည်တစ်ခါ စာရေးရင် သေသေချာချာ ထည့်ပြောရမယ်။

“အစ်မကြီး ကျုပ်က လေ”

“အင်း ပြော”

“ကျုပ်က”

ကောင်လေးရဲ့ မျက် လုံးလေးတွေ အရောင်လက် ပြန်တယ်။ သူ ဘယ်လိုများ ဖြေမှာပါလိမ့်။ ကျွန်မကို ကယ်တင်ရှင်ကြီးလို့များ ထင်ရော့သလား မသိ။ ရွှန်းရွှန်း ကြီးကြည့်လို့။ ကျွန်မ လက်ထဲမှာလည်း ငွေ ၃၀၀၀ကျော် က အဆင်သင့်။
“ကျုပ် ဆရာဝန်ကြီး ဖြစ်ချင်တာ။ ဘုန်းကြီး မ၀တ်ချင်ဘူး။ ငှက်ဖျား ရောဂါကို အထူး ကုပေးနိုင်တဲ့ ဆရာဝန်ကြီး ဖြစ်ချင်တာ”

“ဗုဒ္ဓေါ”

ကျွန်မလက်ထဲက တစ်ထောင်တန်လေး သုံးရွက် အောက်ကို လွတ်ကျသွား တယ်။ ကောင်လေးအဖြေ စကားက ကျွန်မ ခေါင်းကို ဖောက်ပြီး သံရည်ပူတွေ လောင်း ထည့်ခံလိုက်ရသလို ပဲ။ ကျွန်မ နားကြား လွဲသွား တာတော့ မဟုတ်တန်ပါဘူး နော်။
“ဒါပေမယ့် ကိုရင်ဝတ် ရမယ်ဆိုလည်း ကျုပ် ကျေနပ် ပါတယ်”

ကျွန်မဆီက ငွေ သုံး ထောင်ကျော်ကို မရတော့မှာ ကြောက်လို့ ပြောလေသလား။ တကယ်ပဲ ကိုရင်လေး ဘ၀ကို ကျေနပ်သလား ဆိုတာတော့ ကောင်လေးသာ အသိဆုံးဖြစ် တော့မှာပေါ့။ ကျွန်မ သိချင် ပေမယ့် မမေးရက်ဘူး။ ဘာ ကြောင့်မှန်း မသိ၊ ကောင်လေး တို့မြေးအဘွားကို အားနာနေ မိတယ်။
သည်အကြောင်း အဖေ့ ကို ပြောပြရင် “သတ္တ၀ါ တစ်ခု ကံတစ်ခု” လို့များပြော လေမလား။ “ဘယ်သူမပြု မိမိမှု” လို့များဆိုလေမလား။“တောင်မင်း မြောက်မင်း မကယ်နိုင်” ဘ၀တွေကရော၊ ဘယ်တော့များမှ လွတ် မြောက်နိုင်မှာပါလိမ့်။ ကျွန်မ ငိုမိတယ်။

မြေးအဘွားတို့ လာသွားတဲ့ ညက မိုးတွေမှရွာလိုက် တာတအား။ ခေါင်မိုးသွပ်ချပ် ပေါ် မိုးပေါက်ကျတဲ့ အသံ တွေများ တဗြောင်းဗြောင်းကို မြည်လို့။ ဖားတွေ အော်နေ လိုက်ကြတာလည်း “အုံးအင် အုံးအင်” သံချင်းကို ထွေးလို့။ မိုးရွာပါစေ။ မိုးရွာပါ စေ။ သီးနှံတွေလည်း ကောင်းပါစေ။ လူတွေလည်း ကျန်း မာပါစေ။ ၀က်၊ ကြက်၊ တိရစ္ဆာန်တွေလည်း ကျန်းမာ ပါစေ။ ကမ္ဘာကြီးလည်း ကျန်းမာပါစေ။

ကျွန်မ မေတ္တာပို့က အဆီ အငေါ် မတည့်ပေမယ့် ပြန်တွေးရင်း ကြည်နူးရတာတော့ အမှန်။
ကျွန်မ မေတ္တာအပို့ ကောင်းလို့လားတော့ မသိ။ မနက်လင်းတော့ စာတစ် စောင် ရောက်လာတယ်။ ဖျင်(အထည်ကြမ်း)အလုပ်ပြန် ဖြစ်တော့မယ်တဲ့။ ၀မ်းနည်း ရမှာလား။ ၀မ်းသာရမှာလား မိသိန်းကြည်။ ကျွန်မတို့ ဖျင်သွား လမ်းကြောင်းရဲ့ ဂိတ်ဆုံး က ထိုင်းနိုင်ငံလေ။ မန္တလေး ပွဲစားလက်ပဲ ရောက်ရောက် တောင်ကြီးပွဲစား လက်ပဲ ရောက်ရောက် ထိုင်းမှာပဲ ဇာတ်သိမ်းရတာ ဆိုတော့ သိ ကြတဲ့အတိုင်း အလုပ်ကဖြစ် လိုက်၊ ပျက်လိုက်နဲ့ တကယ့် ကို တရားဓမ္မ အတိုင်း။

ရက်ကန်းသမ တချို့ကတော့ လန့်ကြတယ်။ ဖျင်တွေ ပိတ်သွားလို့ အလုပ် မဖြစ် ရင် လက်ကျန် အထည်တွေ ဆက်သိမ်းပေးမှာတဲ့လား။ အကြွေးနဲ့ ချည်အရင် ထုတ်ပေးတဲ့။ အရင်းလည်း အစိုက် ငြိမ်းအောင် ကျွန်မကပဲ ချည်ထုတ်ပေးပြီး အထည်ပြတ် ရက်ခနဲ့ ရက်ကန်း ငှားမယ်ဆိုတော့ လိုချင်တဲ့သူတွေများ လွန်းလို့ အိမ်တံခါးတောင် ပိတ်ထားရမလို ဖြစ်သွား သေး။ ပွဲစားတွေကတော့ မော့ မော့ပဲ။ အလိုချင်ကြီးမဟုတ် သေးဘူးလေ။ ငွေကိုတစ်လ ဆိုင်းစောင့်တဲ့။ ကျွန်မ သီလရှင် ၀တ်ချင်စိတ်တောင် ပေါက်သွားတယ်။ အဟုတ်။ဟိုတစ် လောက ဆရာလေးဆီက ငှားထားတဲ့ ၀ိနည်းစာအုပ် လေး ဘယ်နားထားမိပါ လိမ့်။ ပြန်ဖတ်ထားဦးမှ။ အဆင်ပြေရင် ခေါင်းတုံးတုံးပြီး ဘ၀ ပြောင်းပစ်ရအောင် လို့လေ။

မိုးထက်စံ။

ရွှေအမြုတေမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။

No comments: