ဧရာဝတီ၊ မြန်မာပြည်နဲ့ လိမ်ညာနေတဲ့ နဂါးအနီ


စက်တင်ဘာ ၂၂၊ ၂၀၁၁
ရေးသူ။ အောင်ဒင်

မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်က ဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည် ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက် ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီ မြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ် စစ်ဓာတ် တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည် ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ် စေမှာပါ၊ အခုအချိန် ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲတခုဆီ ရွေ့လျားရမည့် အချိန် ပါပဲ၊ သူတို့ဘယ်လို ရပ် တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလက်ခံပြီး ဒီမကောင်းဆိုးဝါး စီမံ ကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက် ဆောက်စေမှာလား? ပြည်သူ လူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန်တရားကို ပို၍ ပို၍သိချင်နေချိန်မှာ တွေ့နေရတာ ကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များရဲ့ မစားရ ဝခမန်းပြောနေတဲ့ ဆည်ကြီးကြောင့်ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတဦးသိန်း စိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်စေတော့မှာလား?

(၁) အစော်ကားခံရတဲ့ ကချင်ပြည်သူများ
ကချင်ပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်း ထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့် တရုတ်အာဏာပိုင်တွေက ကချင် ပြည်သူများက မြစ်ဆုံဆည်နဲ့ အခြားဆည်ကြီးများ ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို ကျယ် ကျယ်ပြန့်ပြန့် ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်။

ဟိုးဝါးဒူးဝါး ဇော်ဂမ် ဆိုတာ မြစ်ကြီးနားမှာနေတဲ့ အများကြည်ညိုလေးစားတဲ့ ကချင်ခေါင်းဆောင်တ ယောက်ပါ၊ သူက တရုတ်အစိုးရက ဒီဆည်ကြီးတွေ ဆောက်တာမှာ ရယ်ရွယ်ချက်နှစ်ခုရှိတယ်လို့ အခိုင် အမာ ယုံကြည်ပါ တယ်၊ သူက ဒီလိုပြောပါတယ်၊ "ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင် တယ်။ ပထမ ရည်ရွယ် ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာ ပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကို ကြောက်တဲ့ ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက် တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးကများနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။" ဒူးဝါးဇော်ဂမ်ဟာ သူ့ဘဝသက် တမ်းမှာ ဆည်တွေကျိုးပေါက်လို့ မြစ်ကြီးနားမြို့ကြီး ရေလွှမ်းခံရတာ အကြိမ်ကြိမ်ကြုံဖူးခဲ့သူပါ၊ သူအတွက်တော့ မြစ်ကြီးနားမြို့နဲ့ ၁၈ မိုင်လောက်အကွာမှာ တည်ရှိမည့် အထပ် ၅၀ အဆောက်အအုံ တခုလောက်မြင့်မားမည့် မြစ်ဆုံဆည်ကြီးဟာ အချိန်မရွေး ပေါက်ကွဲမည့် ဗုံးအကြီးကြီးတခုပါပဲ၊ ကချင်ပြည်သူတွေဟာ ဒီဆည်ကြီးတွေ ငလျင်နဲ့ မိုးသည်းထန်ခြင်း စတဲ့သဘာဝဘေးရန်ကြောင့်ဖြစ်စေ၊ လူသားရဲ့အမှား ချို့ရွင်းချက်ကြောင့်ဖြစ်စေ၊ ပြိုကျပျက်စီးပြီး သူတို့ရဲ့ မြို့၊ ရွာတွေ ရေလွှမ်းဖျက်ဆီးခံရမှာကို ကြောက်ရွံ့စိတ်နဲ့ ရှင်သန်နေကြရမှာပါ၊ ဒါကြောင့်လဲ ၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရတို့ ကချင်ပြည် နယ်အတွင်းမှာ ဆည်ကြီး ၇ ခု ဆောက်ဖို့ သဘောတူလိုက်ကြတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ဒူးဝါးဇော်ဂမ်နဲ့ ကခြားကချင် ခေါင်းဆောင် ၁၁ ဦးဟာ မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာတစောင် လက်မှတ်ရေး ထိုးပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်၊ သူတို့ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး၊ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ်နဲ့ မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့၊ တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်က တဲကပါ၊ ဒါပေမည့် တရုတ်အစိုးရကတော့ ဒီအသံတွေကို လုံးလုံးလျားလျားမျက်ကွယ်ပြုပြီး ဆည်တည် ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်။

စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၁ မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ ပါတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၁)ကို နေပြည်တော်မှာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ပြီး ဒီစီမံ ကိန်းနဲ့ ပါတ်သက်နေတဲ့ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ တရုတ်အစိုးရ ကုမ္ပဏီကိုယ်စားလှယ်များက မြစ်ဆုံ ဆည်တည် ဆောက်ရေးနဲ့ ပါတ်သက်ပြီး စာတမ်းတွေ တင်သွင်းခဲ့ကြပါတယ်၊ အဲဒီဆွေးနွေးပွဲမှာ တရုတ် အစိုးရဘက်က CPI Yunnan International Power Investment Co., Ltd (CPIYN) ရဲ့ ဥက္ကဌ မစ္စတာလီ (Mr. Li Guanghua) တက်ရောက်ပြီး "ဧရာဝတီမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက် ခြင်းသည် မြန်မာနိုင်ငံလျှပ် စစ်စွမ်းအားလုပ်ငန်းများအတွက် မဟာဗျူဟာကျသော ရွေးချယ်မှုဖြစ်သည်" (Ayeyawady Basin Hydro power Projects are Strategic Selection for Myanmar Electric Power Industry) လို့ ခေါင်းစဉ် တပ်ထားတဲ့ စာမျက်နှာ ၃ဝ ရှိတဲ့ စာတမ်းတစောင်ကို တင်သွင်းခဲ့ပါတယ်၊ အဲဒီစာတမ်းမှာ မစ္စတာလီက "ကချင်လူမျိုးများသည် မြစ်ဆုံဆည်ဆောက်လုပ်ရေးလုပ်ငန်းကို ထောက်ခံကြ သည်" လို့ တင်ပြသွားပါတယ်၊ သူက ဒီလိုပြောပါတယ်၊ စီမံကိန်းနဲ့ပါတ်သက်ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့ အစည်းတွေဟာ မတူညီတဲ့ ဘာသာ တရား၊ ဘဝ၊ လူမျိုးစု၊ ပညာရေး နောက်ခံအသီးသီးက ဒေသခံပြည်သူ တွေကို သူတို့ရဲ့ သဘောထားစစ်တမ်း တွေကို ကောက်ခံခဲ့ပါတယ်တဲ့၊ အဲဒီစစ်တမ်းတွေအရ သဘောထား ပေးသူပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ရေ အားလျှပ်စစ်စီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ် အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေမြင့်မားမှုတွေ ဖန်တီးပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ၆၂ ရာခိုင်နှုန်း ကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသတခုလုံး ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေးကို သိသိသာသာ မြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ပြီးတော့ သဘော ထားပေးသူအများစုက နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ စီမံကိန်းဆောင်ရွက်မှုများကို ထောက်ခံကြပါသတဲ့၊ မလွဲမ ရှောင်သာ ၁၄ ရာခိုင်နှုံးလောက်က မထောက်ခံကြောင်းပြောရာမှာတောင်မှ မစ္စတာလီက အဲဒီလူတွေဟာ စီမံ ကိန်းဒေသ မြစ်ဆုံကနေ ပထမ ဆုံး ရွှေ့ပြောင်းပေးရမည့် တန်ဖဲကျေးရွာကဖြစ်ပြီး ဒီစီမံကိန်း ကောင်းကြောင်းကို အသေအချာ နားမလည် ကြလို့ဖြစ်တယ်လို့ ဆင်ခြေပေးပါသေးတယ်။

အဲဒီ စစ်တမ်းတွေကို ဘယ်တုံးက၊ ဘယ်သူတွေက၊ ဘယ်သူတွေကို၊ ဘယ်မှာ၊ ဘယ်လိုရှင်းပြပြီး ကောက်ယူ ခဲ့တယ်ဆိုတာတော့ သူက ရှင်းမပြပါဘူး၊ ကချင်လူမျိုးများက ဆည်တည်ဆောက်ရေးစီမံကိန်းများကို ထောက်ခံ ကြတယ်လို့ သူ အရှင်းဆုံးနဲ့ မောက်မောက်မာမာ ကြွေးကြော်လိုက်တာကတော့ ဒီမြစ်ဆုံဆည် ဆောက်လုပ် ရေးကို ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံနဲ့ တစိုက်မတ်မတ်တောင်းဆိုနေကြတဲ့ ကချင်ပြည်သူများ ကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။

(၂) မြန်မာပညာရှင်များ၏ကန့်ကွက်ချက်ကို မျက်ကွယ်ပြုခြင်း
မစ္စတာလီက ပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရု စိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမံ ကိန်းကို မထောက်ခံတဲ့၊ မြန်မာပညာရှင်များတင်ပြတဲ့၊ ပါတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ ကို လုံးဝလှစ်လျူရှူထားတာ တွေ့ရပါတယ်၊သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာ ပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံနေရာ တဝိုက်မှာ ကွင်းဆင်းစစ် ဆေးမှုတွေ ၆ လကျော် ဆောင်ရွက်ခဲ့ပါတယ် တဲ့၊ မြန်မာပညာရှင်တွေက BANCA လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာရှင်တွေကတော့ CISPDR လို့ အတိုကောက် ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research ကဖြစ်ပါတယ်၊ အဲဒီပညာရှင် တွေဟာ ကွင်းဆင်းစစ်ဆေးမှုတွေပြီးတဲ့နောက် အပြန်အလှန် ဆွေးနွေးမှုတွေကို ၂၀၀၉ ခု ဇွန်လ နဲ့ စက်တင် ဘာလအတွင်း မြစ်ကြီးနား၊ ဝူဟန် နဲ့ အခြားနေရာတွေမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ် တဲ့၊ အဲဒီနောက် ၂၀၁၀ ခုနှစ် မတ်လမှာ CISPDR က ဧရာဝတီမြစ်ဖျားက ဆည်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ပါတ်ဝန်းကျင် ထိခိုက်မှု လေ့လာသုံးသပ်ချက်အစီရင်ခံစာ (Environmental Impact Assessment) (EIA) ကို CPI ထံ တင်ပြပါတယ် တဲ့၊ အဲဒီ CISPDR ကတင်သွင်းတဲ့ EIA က ဆည်တည်ဆောက်ရေးလုပ်ငန်းကို ပါတ်ဝန်းကျင်ထိ ခိုက်မှု အနည်းအကျဉ်းသာ ရှိလို့ လုပ်သင့်ကြောင်း ထောက်ခံတင်ပြပါသတဲ့၊ ဒါပေမည့် မစ္စတာ လီ က မြစ်ဆုံ ဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့အကြံပြုတဲ့ မြန်မာပညာရှင်များ BANCA ကတင်ပြတဲ့ EIA ကိုတော့ လုံးဝကိုးကားခြင်းမရှိခဲ့ပါ။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာပဲ BANCA ရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာထင်လှကလဲ စာတမ်းတစောင် တင်သွင်း ပါတယ်၊ သူ့စာတမ်းကနေ မစ္စတာလီနဲ့ မတူတဲ့၊ ပိုပြီးမှန်တဲ့ အချက်အလက်တွေကို သိခွင့်ရလိုက်ပါတယ်၊ ကွင်းဆင်းစစ်ဆေးတဲ့ ပညာရှင် ၁၀၀ ကျော်ဆိုပေမည့် BANCA က မြန်မာပညာရှင်ပေါင်းက ၈၄ ယောက် ပါဝင်တာမို့ တရုတ်ပညာရှင်များရဲ့ အရေအတွက်က ၃၀ ကျော် ၄၀ လောက်ပဲရှိမယ်လို့ နားလည်ရပါတယ်၊ မြစ်ကြီးနားတဝိုက်က ဆည်ဆောက်ဖို့ ရည်ရွယ်တဲ့ နေရာများမှာ စုံစမ်းစစ်ဆေးဖို့ အချိန် ၇ လ သတ်မှတ် ထားပေမည့် တရုတ်ပညာရှင်များဘက်က အကန့်အသတ်တွေကြောင့် ၂၀၀၉ ခု ဇန္နဝါရီ လလယ်ကနေ ဇွန်လအထိ ၅ လပဲ စစ်ဆေးချိန်ရပါသတဲ့၊ ပြီးတော့ BANCA က မြန်မာပညာရှင်များဟာ မြန်မာနဲ့ တရုတ် အစိုးရအကြား ချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများကိုလဲ လေ့လာခွင့် မရရှိခဲ့ပါတဲ့၊ ပူးတွဲကွင်းဆင်း စစ်ဆေးမှု ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ မြန်မာပညာရှင် များက EIA အစီရင်ခံစာမူကြမ်းကို CPI ထံ တင်ပြခဲ့ပြီး ၂၀၁၀ ခု၊ မတ်လမှာ အပြီးသတ်အစီရင်ခံစာကို CPI ထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

BANCA ရဲ့အစီရင်ခံစာထဲမှာ မြန်မာပညာရှင်များက တရုတ်အာဏာပိုင်များကို "မြစ်ဆုံဟာ ကချင်တိုင်းရင်း သား များအတွက်ရော၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ အင်မတန်ကြီးမားလှတဲ့ ယဉ်ကျေးမှုအမွေ အနှစ်ကြီး ဖြစ်တာမို့ မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့" အကြံပြုထားပါတယ်၊ ပြီးတော့လဲ ရေအား လျှပ်စစ် ဓာတ်ထုတ်လုပ်ဖို့အတွက် ကချင်ပြည်နယ်အတွင်းမှာ အဆင့်ဆင့်ထပ်ပြီးတည်ဆောက်မည့် အကြီး စားနဲ့ အလတ်စား ဆည်ကြီးများဟာ ဧရာဝတီ မြစ်ကြီးရဲ့ ဖွဲ့စည်းမှု၊ ရေနေသတ္တဝါများ၊ ဇီဝဗေဒနဲ့ စိုက်ပျိုးမြေများအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံသားများအားလုံးရဲ့ ဘဝ တွေကို ကြီးမားစွာ ထိခိုက်စေမှာ သေချာသလောက် ရှိပါတယ်" လို့ ရှင်းပြထားပါတယ်၊ ဒါကြောင့်လဲ BANCA ပညာရှင်များက CPI ကို "မြစ်ဆုံဆည်ဆောက်လုပ်ရေးကို စွန့်လွှတ်ပြီး ယင်းဆည်ကြီးအစား မြစ်ဆုံရဲ့ အထက်ဖက် မေခနဲ့ မလိခ မြစ်နှစ်စင်းပေါ်က သင့်တော်မည့် နေရာ ၂ ခုမှာ အသေးစားဆည် နှစ်ခုအစားထိုးဆောက်လုပ်ဖို့" အကြံပြုထား ပါတယ်။

မြန်မာပညာရှင်များရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တရုတ်အာဏာပိုင်များ စိတ်ကြိုက်မတွေ့တာ ထင်ရှား ပါတယ်၊ BANCA က အာဏာပိုင်များကို ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများကို အတည်ပြုကြောင်း မဆုံးဖြတ်ခင် သိပံ္ပနည်းကျ လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ် ချက်တွေကို အရည် အချင်းပြည့်ဝတဲ့ လူမှုရေးသိပံ္ပပညာရှင်များနဲ့ ဆောင်ရွက်သင့်ကြောင်း အကြံပြုသလို ဆည်များ ဆောက်လုပ် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး အလားအလာတွေကို စီမံကိန်းတွေကို အတည်မပြုခင် သေသေချာချာ မျှမျှတတ သုံးသပ်ဖို့ အလေးအနက်တိုက်တွန်း ထားပါ သေးတယ်၊ ဒါပေမည့်လဲ မြန်မာပညာရှင် များရဲ့ တာဝန်သိသိတင်ပြမှုတွေကို တရုတ်အာဏာပိုင်များက အလွယ်တကူပဲ အမှိုက်ပုံထဲ လွှတ်ပစ်လိုက်ကြ ပါတယ်၊ အဲဒီနောက် သူတို့ရဲ့ တရုတ်ပညာရှင်များက တင်သွင်းတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ထောက်ခံ တဲ့ EIA အစီရင်ခံစာကိုသာ မြန်မာအာဏာပိုင် များထံ တရုတ်ပညာရှင်များနဲ့ မြန်မာပညာရှင်များ ပူးတွဲ ရေးသားတဲ့ အစီရင်ခံစာအဖြစ် တင်ပြပြီး ဆောက် လုပ်ခွင့်ရယူခဲ့တယ်လို့ ယူဆရပါတယ်၊ ဒီလိုနဲ့ မြစ်ဆုံဆည်နဲ့တကွ အခြားဆည်ကြီးများကို ကချင်ပြည်နယ် အတွင်းမှာ ၂၀၁၀ ခုနှစ်က စပြီး ဆောက်လုပ်နေပါပြီ။

အလုပ်ရှင်ဖြစ်တဲ့ CPI နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရ BANCA ဟာ သူ့ EIA အစီရင်ခံစာကို အများပြည်သူထံ ချပြခွင့်မရှိဘူးလို့ ဒေါက်တာထင်လှ ကပြောပါတယ်၊ ဒါပေမည့်လဲ သူကပဲ ပါတ်ဝန်းကျင် ထိခိုက်မှု လေ့လာသုံးသပ်ချက်ဆိုတာ တကြိမ်တခါထဲ လုပ်ပြီး ကျေနပ်ရမည့် ကိစ္စမဟုတ်ပဲ အကြိမ်များစွာ လုပ်ဖို့၊ ပြည် သူလူထု သိနားလည်မှုနဲ့ ပါဝင်မှု၊ လူထုရဲ့ အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်လို့ ဆွေးနွေးသွားပါတယ်၊ သူ့ရဲ့ အထင်ရှားဆုံး တိုက်တွန်းချက်ကတော့ အာဏာ ပိုင်တွေအနေနဲ့ နောက်ထပ်ကျန်ရှိနေသေးတဲ့ လေ့လာသုံးသပ်မှုတွေကို ဆက်လက်ဆောင်ရွက်ဖို့ပါ။

(၃) မသေချာတဲ့ အကျိုးအမြတ်များနဲ့ သေချာတဲ့ ဆုံးရှုံးမှုများ
တရုတ်၊ မြန်မာ အာဏာပိုင်များက ဆည်ကြီးတွေ တည်ဆောက်ပြီးစီးရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ် တွေ အများကြီးရရှိလာလိမ့်မယ် ဆိုပြီး ချဲ့ကားပြောနေကြပါတယ်၊ အဲဒီလို မသေချာတဲ့ အကျိုးအမြတ်တွေ ကို ထပ်ခါထပ်ခါပြောပြီး လူထုကို စည်းရုံးနေပေမည့် သေချာလှတဲ့ ဆုံးရှုံးမှုတွေကိုတော့ မသိချင်ယောင် ဆောင် နေကြပါတယ်၊ မစ္စတာလီက ဒီရေအားလျှပ်စစ်စီမံကိန်းကြီးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ တဟုန်ထိုး ထိုးတက်လာမယ်၊ စီမံကိန်းကြီးတခုလုံးက အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းကျော်ကုန်ကျ မှာမို့ ဒီစီမံကိန်းကြီး ပြီးသွားရင် မြန်မာနိုင်ငံရဲ့ ပုံသေပိုင်ဆိုင်မှု (Fixed Assets) ထဲမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း နှစ်သောင်း တိုးလာလိမ့်မယ်လို့ ဆိုပါတယ်၊ ဒီစီမံကိန်းကြီးများပြီးရင် မြန်မာနိုင်ငံ က နှစ်စဉ်ထုတ်လုပ်မည့် လျှပ်စစ် ဓာတ်အား မီဂါဝတ် ၂၀၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း၊ မီဂါဝတ် ၂၀၀၀ ကို အလကားရမယ်၊ လုပ်ငန်းလည်ပတ်နေတဲ့ အနှစ် ၅၀ အတွင်းမှာ မြန်မာအစိုးရအတွက် နိုင်ငံခြားငွေ အကျိုး အမြတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ငါး သောင်းလေးထောင် ရမယ်၊ လမ်းတွေ၊ တံတားတွေ၊ ငလျင် တိုင်းတာရေးစခန်းတွေအများကြီးလဲ တရုတ်အစိုးရက အခမဲ့ ဆောက်ပေးဦးမယ်၊ အလုပ်အကိုင်တွေ အများ ကြီးလဲ ဖန်တီးပေးမယ်၊ ပြီးတော့ ကန်ထရိုက်စာချုပ်ပါ သဘောတူညီချက်အရ ဒီဆည်ကြီးတွေကို ဆောက် လုပ်ပြီး အနှစ် ၅၀ လည်ပါတ်ပြီးရင် မြန်မာအစိုးရကို အခမဲ့ လွှဲပြောင်းပေးမှာဖြစ်လို့ ကျနော်တို့ နိုင်ငံက ဒီဆည်ကြီးတွေကို အခမဲ့ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်၊ သူ ပြောသမျှ တွေက မြန်မာနိုင်ငံအတွက် အကောင်းတွေချည်းပါပဲ။

ဒါပေမည့် အဲဒီ အကျိုးအမြတ်တွေဟာ တကယ်ဖြစ်လာဖို့ အတော့်ကို အခွင့်အလမ်းနည်းပါတယ်၊ လက်တွေ့ ဘဝမှာ ဒီလောက်ကြီးမားတဲ့ ဆည်ကြီးတွေ ဆောက်ရာမှာ ကုန်ကျစားရိတ်က ခန့်မှန်းတာထက်ပိုများတတ်၊ ဆောက်လုပ်ရေးကာလက ခန့်မှန်းတာထက် ပိုကြာမြင့်တတ်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကလဲ မျှော်လင့် တာထက် ပိုနည်းတတ်တယ် ဆိုတာ နိုင်ငံတကာ ဆည်များရဲ့ အတွေ့အကြုံအရ သိနေရပါတယ်၊ လက်တင် အမေရိကတိုက်က အာဂျင်တီးနား နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နှစ်ခုကြားမှာ ဆောက်ထားတဲ့ ရေခရီတာဆည်ကြီး (The Yacyreta Dam) ကို နမူနာပေးချင်ပါတယ်၊ အဲဒီဆည်ကြီးကို အာဂျင်တီးနား သမ္မတဟောင်း ကာလို့စ် မီနန် (Carlos Menem) က "အလွဲသုံးစားလုပ်မှုများ၏ အထိန်းအမှတ် မှတ်တိုင်ကြီး" (Monument to Corruption) လို့ အမည်ပေးခဲ့ပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က မူလခန့်မှန်းထားတဲ့ ဒေါ်လာ သန်း ပေါင်း နှစ်ထောင့်ခုနှစ်ရာ ထက်အဆများစွာပိုပြီး ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင့်ငါးရာ ကုန်ကျခဲ့ ပါတယ်၊ ဆောက်လုပ်ချိန်ကာလကလဲ သတ်မှတ်ထားတာထက် ပိုကြာပြီး ၁၉၈၃ က စတာ ၁၉၉၄ ကျမှပြီးပါ တယ်၊ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝတ် ၃၁၀၀ ထုတ်ဖို့ ရည်ရွယ်ထားတာမို့ မြစ်ဆုံဆည်ရဲ့ တဝက်လောက် ပဲ ရှိပါတယ်၊ ဒါပေမည့် လုပ်ငန်းစတင်လည်ပါတ်တဲ့ ၁၉၉၄ ကစပြီး ဒီနှစ် ၂၀၁၁ ခုနှစ်အထိ မျှော်လင့်ထားတဲ့ လျှပ်စစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းပဲ နှစ်စဉ် ထုတ်လုပ်နိုင်ပါတယ်၊ နောက်လဲ တိုးလာနိုင်စရာမရှိပဲ ဆက်ပြီး လျော့သွားဖို့ပဲ ရှိပါတယ်၊ ဒါဟာဖြင့် မှန်းချေ နဲ့ မကိုက်တတ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကြီးများရဲ့ ထင်ရှားတဲ့ နမူနာတခုပါ။

ဒီဥပမာနဲ့ အခြားသော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေပိုများတာက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည် နယ်မှာ ဆောက်နေတဲ့ ဆည်ကြီးများဟာ ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်တယ်၊ ဆောက်လုပ်ချိန်ကာလလဲ ပိုကြာ နိုင်တယ်၊ ပြီးတော့ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏကလဲ ခန့်မှန်းတာထက် နည်းနိုင်ပါတယ်၊ ဒါကြောင့် မစ္စတာလီ ပြောနေတဲ့ အကျိုးအမြတ်တွေဟာ အပြည့်အဝတကယ်ဖြစ်လာဖို့ မသေချာလှပါ၊ နောက်တချက်က ဆည်တွေရဲ့ သက်တမ်းပါ၊ ဆည်တွေအားလုံးမှာ အလုပ်လုပ်နိုင်စွမ်း (လျှပ်စစ်ဓာတ်အား ထုတ်နိုင်စွမ်း) သက် တမ်းရှိပြီး အဲဒီသက်တမ်းဟာ အနှစ် ၅၀ ထက်မပိုနိုင်ပါ၊မြစ်ရဲ့ အဖျားကနေ စီးလာတဲ့ ရေတွေကို ဆည်ကြီးနဲ့ ပိတ်ဆို့ဟန့်တားပြီး ရေလှောင်ကန်ကြီးထဲမှာ စုစည်းထိန်းသိမ်းလိုက်တဲ့အချိန်မှာ ရေတွေမက ရေနဲ့အတူမျောပါ လာတဲ့ နုံးတွေ၊ ရွှံ့တွေပါ ရေလှောင်ကန်ကြီးထဲ ပိတ်မိနေကြတာပါ၊ အဲဒီ နုံးတွေ၊ ရွှံ့တွေက ရေလှောင်ကန် ကြီးရဲ့ ကြမ်းပြင်မှာ သွားစုပုံကြပါတယ်၊ ရေလှောင်ကန်ရဲ့ ကြမ်းပြင်က ရေထုတ်တံခါးကြီးများရှိတဲ့ အမြင့်ထက် ထက် အများကြီး ပိုနက်တာမို့ ဒီနုံးတွေဟာ ရေတွေလို ရေထုတ် ပေါက်ကနေ မြစ်အောက်ပိုင်းကို စီးမျောနိုင်စွမ်း မရှိပါ၊ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့ အမျှ ရေလှောင်ကန် ကြမ်းပြင်ဟာ နှစ်ပေါင်းများစွာစုပုံလာတဲ့ နုံးများကြောင့် မြင့်တက်လာပြီး ကန်ထဲမှာ လှောင်ထားနိုင်တဲ့ ရေပမာဏက ပိုနည်းလာပါတယ်၊ ရေလှောင်ကန်ထဲမှာ ရေနည်း တဲ့ အတွက် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ပမာဏ လျော့နည်းလာပြီး လုံးဝ ဒါမှမဟုတ် စီးပွါးရေးအရ အကျိုး အမြတ်ရှိအောင် မထုတ်နိုင်တဲ့အချိန်မှာ အဲဒီ ဆည်ရဲ့ သက်တမ်းကုန်ပါတယ်၊ ဒီတော့ မစ္စတာလီ ပြောသလို အနှစ် ၅၀ ပြီးလို့ တရုတ်အစိုးရက အဲဒီ ဆည်ကြီးတွေကို မြန်မာနိုင်ငံကို အခမဲ့ လွှဲပေးတဲ့အခါမှာ ကျနော်တို့ ရမှာက နုံးတွေ၊ ခြင်တွေပြည့်နေတဲ့ လူလုပ်အမှိုက်ကန်ကြီးတွေပဲ ဖြစ်နေပါလိမ့်မယ်။

မစ္စတာလီက ပြောပါသေးတယ်၊ အခုလက်ရှိမှာ ကချင်ပြည်နယ်က ဆည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အလုပ်သမားပေါင်း ၄၈၁၉ ယောက် လုပ်ကိုင်နေကြပြီး အဲဒီအထဲက ၁၄၄၀ ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်၊ ဒါပေမည့် ကျနော်တို့မြန်မာနိုင်ငံသားတွေ ဘယ်လိုအလုပ်မျိုးလုပ်ကိုင်နေရတယ် ဆို တာတော့ သူကမပြောပါ၊ သူမပြောပေမည့်လဲ အလွယ်တကူမှန်းဆနိုင်ပါတယ်၊ မြေကျင်းတူး၊ ကျောက်ထု၊ အမှိုက်သိမ်း၊ စတဲ့ အခြေခံအလုပ်ကြမ်းတွေပဲ ဖြစ်ပြီး ရမည့်လုပ်အားခကလဲ တရုပ်အလုပ်သမားများထက် အဆမတန်နည်းပါလိမ့်မယ်၊ သူပြောမှပဲ သိရတာက အခုအချိန်မှာ တရုတ်အလုပ်သမားပေါင်း သုံးထောင် ကျော်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး အဲဒီအရေအတွက်ဟာ လေးသောင်း အထိ လာမည့်နှစ်များမှာ တိုးလာမယ်လို့ သိရပါတယ်၊ ဒေသခံပြည်သူတွေရဲ့ စကား၊ ယဉ်ကျေးမှုကို နားမ လည်တဲ့ နိုင်ငံခြားသားတွေ သောင်းနဲ့ချီပြီး ကချင်ပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ကချင်လူမျိုး များရဲ့ အမြတ်တနိုးထားရာ မြစ်ဆုံ၊ အမြဲစိမ်းသစ်တောကြီးတွေ၊ အဘိုးတန် တောင်မြင့်မားကြီးတွေ၊ လှပတဲ့ လွင်ပြင် ကျယ်ကြီးတွေကို ဖျက်ဆီးနေကြတာဟာဖြင့် ဒေသခံ ကချင်ပြည်သူများအတွက် ကြီးမားတဲ့ သက် ရောက်မှုကြီး ဖြစ်ပါလိမ့်မယ်။

(၄) မတူညီသော စံနှုန်းများ
မစ္စတာလီက ပြောပါတယ်၊ သူတို့ တရုတ်အစိုးရက ပြဋ္ဌာန်းထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး လုပ် ငန်းများဆိုင်ရာ စံချိန်စံညွှန်းတွေဟာ (The Chinese Standards) ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ အဆင့် အတန်းအမြင့်ဆုံး စံချိန်စံညွှန်းများ ဖြစ်တယ်လို့ ဝင့်ကြွားပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်အစိုးရဆောင်ရွက် နေတဲ့ ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ စီမံကိန်းရေးဆွဲတာ၊ ဒီဇိုင်းရေးဆွဲတာကစလို့ တည် ဆောက်ရေးလုပ်ငန်းများအထိ တရုတ်နိုင်ငံရဲ့ (The Chinese Standards) စံချိန်စံညွှန်းများအတိုင်း အတိအကျ ကျင့်သုံးနေပါတယ်လို့ ပြောပါတယ်၊ ဒီတော့ သူပြောသလို တကယ်ဟုတ်၊ မဟုတ် ဆန်းစစ် ကြည့်ကြရအောင်ပါ။

၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွှတ်တော်ကနေ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့ လာ သုံးသပ်ရေး ဥပဒေ (The Environmental Impact Assessment Law) ကို ပြဋ္ဌာန်းခဲ့ပါတယ်၊အဲဒီ ဥပဒေအရ တရုတ်အစိုးရရဲ့ စီးပွါးရေးအဖွဲ့အစည်း အားလုံးဟာ ရည်ရွယ်ထားတဲ့ စီမံကိန်းလုပ်ငန်းကြီးများကို အကောင် အထည်မဖော်မီ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ခြင်း (Environmental Impact Assess ment) ကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်၊ ပြီးရင် အဲဒီ သုံးသပ်ချက်အစီရင်ခံစာ (EIA) ကို သဘာဝ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (Ministry of Environmental Protection) (MEP) ကိုတင်ပြပြီး ဝန်ကြီးဌာနက လက်ခံအတည်ပြုမှ လုပ်ငန်းများစတင်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်၊
တခါ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ MEP ဝန်ကြီးဌာနက သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာ သုံးသပ် ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အတွက်လမ်းညွှန်ချက်များ (Provisional Measures for Public Participation in Environmental Impact Assessment) ကိုထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်၊ အဲဒီညွှန်ကြား ချက်တွေထဲမှာ EIA အတွက် စုံစမ်းစစ်ဆေးမှုများလုပ်ရာမှာ လုပ်ငန်းသဘာဝကို လူထုကို အသိပေးရှင်းပြဖို့၊ လူထုရဲ့ အကြံပြုချက် တွေကို ဖိတ်ခေါ်ဖို့၊ ဘယ်သူတွေပါဝင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး လူထု ထံရောက်အောင် ဆောင် ရွက်ရမယ် (လူထုကြားနာပွဲများ၊ အကြံပြုချက်တောင်းခံခြင်းများ၊ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများပါဝင်တဲ့ စာ တမ်းဖတ်ပွဲများ)၊ နဲ့ လူထုရဲ့ အကြံပြုချက်၊ တင်ပြချက်၊ စိုးရိမ်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဘယ်လိုပေါင်းစပ် ဖော်ပြရမည် ဆိုတာတွေကို အသေးစိတ်ညွှန်ကြားထားပါတယ်။

ဆိုတော့ ဒီစံချိန်စံညွှန်း (The Chinese Standards) တွေဟာ မဆိုးဘူးလို့ ယူဆရမှာပါ၊ ဒါပေမည့် အဲဒီ စံချိန်စံ ညွှန်းတွေကို မြန်မာနိုင်ငံတွင်းက တရုတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျင့်သုံးခဲ့တယ် ဆိုတဲ့ အထောက်အထား တခုမှမတွေ့ရပါဘူး၊ မြန်မာပညာရှင်တွေရဲ့ EIA ကို တရုတ်အစိုးရက ချောင်ထိုး ထားခဲ့ပြီး မြန်မာပညာရှင်များရဲ့ အကြံပြုချက်တွေကိုလဲ ဥပေက္ခာပြုခဲ့ပါတယ်၊ BANCA ရဲ့ EIA အစီရင်ခံစာ တင်မက မြန်မာ အစိုးရနဲ့ တရုတ်အစိုးရကြားချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ အကျိုးစီးပွါးခွဲဝေရေး သဘောတူညီချက်တွေ၊ စီမံကိန်း အသေးစိတ် တွေကိုလဲ အများပြည်သူမသိရှိအောင် လုပ်ငန်းလျှို့ဝှက်ချက် (Trade Secrets) များ အဖြစ်ဖုံးကွယ်ထားကြပါတယ်၊ ဆည်ဆောက်လုပ်ရေး စီမံကိန်းကြီးများအကြောင်း လူထုကို ကြိုတင်ရှင်းပြတာ၊ လူထုရဲ့အကြံပြုချက်တွေတောင်းခံတာ၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပါတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ တိုင်းရင်း သားအရေး ကျွမ်းကျင်သူပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်တာတွေအားလုံး လုပ်ငန်းမစခင်မှာ ဆောင်ရွက်ခြင်း မရှိခဲ့ပါ၊ မြန်မာပြည်သူတွေက ကချင်ပြည်နယ်မှာ တရုတ်ဆည်ကြီးတွေ ဆောက်မည့်အကြောင်းကို အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာက ၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ တရုတ်၊မြန်မာ ကိုယ်စားလှယ်များ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးတဲ့ သတင်းကို ဖော်ပြတော့မှ ပဲ ဝိုးတိုးဝါးတား သိကြရတာပါ။

မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) ကသတ်မှတ်ထားပါတယ်၊ ပြီးပြည့်စုံတဲ့ Environ mental Impact Assessment (EIA) မှာပါတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာသုံးသပ်ချက် ၁၀ ခုရှိရပါမယ်၊ အဲဒါတွေက (၁) မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှု ဆိုင်ရာ လေ့လာသုံး သပ်ချက် (Basin and Catchment Ecosystems and Habitats); (၂) မြစ်ရေ စီးဆင်းမှုနှင့် ရေအနက် တိုင်းတာသုံးသပ်ချက် (River Flows and Water Levels); (၃) ရေလွှမ်းမိုးမှု သဘာဝ သုံးသပ်ချက်၊(Flooding Patterns) ;(၄) အနိမ့်ပိုင်း ရေမြုတ်ဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံး သပ်ချက်၊(Wetlands Ecosystems and Habitats); (၅) ဆည်မြောင်းရေသွင်းစနစ် စိုက်ပျိုးရေးလုပ်ငန်းများ ဆိုင်ရာ သုံးသပ်ချက်၊(Irrigated Agriculture); (၆) အိမ်နှင့် စက်မှုလုပ်ငန်းများတွင် မြစ်ရေသုံးစွဲမှုနှင့် ဆက်နွယ်သော လူဦးရေ တိုးတက်မှုဆိုင်ရာ လေ့လာ သုံးသပ်ချက်၊(Population Growth in Relation to Domestic and Industrial Water Use); (၇) ရေ၏အရည်အသွေးဆိုင်ရာ လေ့လာသုံးသပ်ချက် (နုံးမြေ လျော့နည်းမှုအပါအဝင်)၊ (Water Quality, including Suspended Sediments); (၈) မြစ်ဝကျွန်းပေါ်တွင် ဆားငံရေဝင်ရောက်မှုဆိုင်ရာ လေ့လာ သုံးသပ်ချက်၊ (Saline Intrusion in River Delta); (၉) မြစ်ကမ်းပါးများ ပြိုကျခြင်းနှင့် နုံးများပို့ချခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Riverbank Erosion and Sedimentation/ Channel Erosion); နဲ့ (၁၀) မြစ်ဝှမ်းအနိမ့်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှု စီမံခံ့ခွဲခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Flood Management in the Lower Basin and Delta); များဖြစ်ကြပါတယ်၊ BANCA နဲ့ တရုတ်ပညာရှင်များ စုံစမ်းတင်ပြခဲ့တဲ့ EIA ဟာ အထက်ဖော်ပြပါ အဆင့်တွေထဲက ပထအဆင့် မြစ်ကြီး နားမြို့အထက် မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံး သပ်ချက် သာဖြစ်ပါ တယ်၊ နောက်ထပ်ဆောင်ရွက်ရမည့် လေ့လာသုံးသပ်မှုတွေ အများကြီးကျန်နေပါ သေး တယ်။

မစ္စတာလီက ပြောပါတယ်၊ အခုဆိုရင် CPIYN က ဧရာဝတီ မြစ်အောက်ပိုင်းမှာ အထူးလေ့လာမှုတွေ စတင် ဆောင်ရွက်နေပါပြီ တဲ့၊ သူပြောတဲ့ လေ့လာမှုတွေက မြစ်အောက်ပိုင်းဒေသမှာ မြစ်ရေစီးဆင်းမှု၊ သုံးစွဲမှု အပေါ် သက်ရောက်မှု၊ မြစ်ခွဲ၊ မြစ်လက်တက်များ၏ ဖွဲ့စည်းဖြစ်ပေါ်မှုအပေါ်သက်ရောက်မှု၊ မြစ်အောက်ပိုင်း မှာ တည်ရှိတဲ့ သက်ရှိ၊ သက်မဲ့များရဲ့ တည်ရှိမှုအပေါ်သက်ရောက်မှု၊ နဲ့မြစ်အောက်ပိုင်း ရေအရင်းအမြစ်ခွဲဝေ သုံးစွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်၊ နောက်ကျနေပါပြီ၊ ဒီလေ့လာမှုတွေကို ဆည်ကြီးမဆောက်ခင် ကထဲက လုပ်ရ မှာပါ၊ ဒီလေ့လာမှုတွေအားလုံးကို ပေါင်းခြုံပြီး၊ လူထုရဲ့ အသံတွေနဲ့ ပေါင်းစပ်၊ မျှမျှတတ စဉ်းစားပြီးမှ ဆည်ကြီး ဆောက်သင့်၊ မဆောက်သင့် ဆုံးဖြတ်ရမှာပါ။

(၇) အဆုံးအဖြတ်ပေးရမည့် အချိန်ရောက်ပြီ
မြန်မာပြည်သူတွေဟာ အရင်ကလို အမှောင်ထဲမှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာ ကချင်ပြည်နယ်အတွင်းမှာ မြစ်ဆုံဆည်အပါအဝင် တရုတ်ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို ကောင်းကောင်းသိမြင်လာကြပါပြီ၊ ဒူးဝါး ဇော်ဂမ်အပါအဝင် ကချင်ပြည်သူတွေဟာလဲ သူတို့ ယဉ်ကျေးမှု အမွေ အနှစ်တွေကို ကျူးကျော်သူ နိုင်ငံခြားသားတွေ ဖျက်ဆီးမည့် ရန်က ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြ သူတွေပါ၊ မြန်မာပြည်သူတရပ်လုံးက သူတို့ နိုးနိုးကြားကြား၊ သတိရှိရှိနဲ့ မကန့်ကွက် မတားဆီးကြရင် သူတို့ ချစ်တဲ့ ဧရာဝတီမြစ်ကြီးကို ထာဝရဆုံးရှုံးရလိမ့်မယ်ဆိုတာ သဘောပေါက်နေကြပါပြီ။

ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့၊ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးက မြန်မာပြည်သူတွေရဲ့ အသက်သွေးကြောကြီးပါ၊ အမေရိကန်နိုင်ငံက နယူးယောက်မြို့တော်ကြီးလောက် ပမာဏရှိတဲ့ ဆည်ကြီးကို ဧရာဝတီရဲ့ မူလအစမှာ တည်ဆောက်ပြီး ဧရာဝတီမြစ်ရေကို ထိန်းချုပ်ကန့်သတ်ခြင်းဟာ မိုင် ၁၃၀၀ ကျော် ရှည်လျားတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး၊ ကုန်းစည်ပို့ဆောင်ရေး၊ စိုက် ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ရှိသက်မဲ့ တို့ရဲ့ တည်ရှိမှု၊ ရာသီဥတု၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပါတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အားလုံးအပေါ်မှာ ဆိုးဝါးပြင်းထန်တဲ့ သက် ရောက်မှုကြီးတွေ ဖြစ်ပေါ်စေမှာပါ၊ ကျနော်တို့ အချိန်မီမတားဆီးနိုင်ခဲ့ရင် နောက်အနှစ် ၂၀ လောက်မှာ ဧရာဝတီမြစ်ကြီး ဟာ မြန်မာနိုင်ငံရဲ့ မြေပုံပေါ်က ပျောက်ကွယ်သွားနိုင်ပါတယ်၊ မြန်မာပြည်သူအားလုံးက ဧရာဝတီကို ကာကွယ် ရေးဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ကြီးတရပ်အဖြစ် သဘော ပေါက်နေကြပါပြီ၊ သူတို့အားလုံး အစွမ်းကုန်ကြိုးစားပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားအထိန်းအမှတ်၊ အမျိုးသား အမွေအနှစ်၊ အမျိုးသားရတနာ မိခင် ဧရာဝတီကို ကာကွယ်ကြ၊ ကယ်တင်ကြပါလိမ့်မယ်။

အခုအချိန်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အဆုံးအဖြတ်တခု ပြတ်ပြတ်သားသားချမှတ်ရမည့် အချိန်ပါ၊ လူထုရဲ့ မြစ်ဆုံဆည်ကြီးဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး အင်အားပြင်းထန်တဲ့ မကျေနပ်မှု၊ ကန့် ကွက်မှုတွေကို သူတို့ နေ့စဉ်ကြားနေရပါပြီ၊ မြန်မာလူထုရဲ့ တရုတ်အစိုးရအပေါ် မုန်းတီးမှုတွေ၊ တရုတ်ဆန့် ကျင်ရေး စိတ်ဓာတ်တွေက တနေ့တခြားပိုကြီးမားလာနေတယ် ဆိုတာကိုလဲ သူတို့ သဘောပေါက်နေကြ ပါပြီ၊ အစိုးရ အဖွဲ့ထဲက ဝန်ကြီးအချို့က သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်များဖြစ်တာကြောင့်၊ ပြည် သူတွေရဲ့ ဆန္ဒကို လက်ခံမယ်လို့ အရိပ်အယောင်ပြတာတွေလဲ တွေ့နေရပါပြီ၊ တချိန်ထဲမှာ အစိုးရခေါင်း ဆောင်အချို့က လူထု အသံကို အရင်ကလိုပဲ မျက်ကွယ်ပြုပြီး ဘယ်သူတွေက ဘယ်လိုပဲ ကန့်ကွက်ပစေ၊ မြစ်ဆုံဆည်ကြီးကိုပြီး အောင်ဆက်ဆောက်မယ်လို့ ကြုံးဝါးနေတာလဲ ကြားနေရပါတယ်၊ အဲဒီ ဝန်ကြီးတွေ ကတော့ တရုတ်အစိုးရ ငြိုငြင်မှာကို အကြီးအကျယ်စိုးရိမ်တဲ့၊ ဒီစီမံကိန်းကြီးကနေ သူတို့ခံစားနေရတဲ့ ပုဂ္ဂလိ ကအကျိုးစီးပွါးတွေကို မစွန့်လွှတ်နိုင်ကြတဲ့ လူတွေဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရ အနေနဲ့ လူထုအကျိုးစီးပွါးကို ငဲ့ပြီး၊ လူထုအသံကို နားထောင်ပြီး မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းကြီး ကို ရပ်တန့်ဖျက်သိမ်းမလား၊ ဒါမှမ ဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ဦးထိပ်ပန်ဆင်ပြီး၊ တရုတ်အစိုးရရဲ့ လက်အောက်ခံဘဝမှာ ဆက်လက် ပျော်မွေ့ပြီး မြစ်ဆုံဆည်ကြီးကို ဆက်ဆောက်မှာလား၊ ဆုံးဖြတ်ချက် တခုကို ပြတ်ပြတ်သားသားချရမည့် အချိန်ကို ရောက်နေပါပြီ၊ လူထုရဲ့ အကျိုးစီးပွါးကို ဆန့်ကျင်နေသမျှ၊ လူထုရဲ့ ဆန္ဒကို မလေးစားသမျှ၊ လူထုရဲ့ ဒေါသနဲ့ တုန့်ပြန်မှု၊ စိမ်ခေါ်မှုကို သူတို့ရင်ဆိုင်ရမှာပါ၊ ဧရာဝတီ တော်လှန်ရေး စနေပါပြီ။

လေးစားစွာ
အောင်ဒင်
စက်တင်ဘာ ၂၂၊ ၂၀၁၁
 This e-mail address is being protected from spambots. You need JavaScript enabled to view it
ဒီဆောင်းပါးအတွက် အောက်ပါစာတမ်း၊ စာအုပ်များကို ကိုးကားပါတယ်၊
(၁) Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry, by Mr. Li Guanghau, CPI Yunnan Intenational Power Investment Co., Ltd (CPIYN), September 2011
(၂) သဘာဝပါတ်ဝန်းကျင်နှင့် လူမှုပါတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု၊ ဒေါက်တာထင်လှ၊ ဥက္ကဌ၊ Biodiversity and Nature Conservation Association (BANCA), September 2011
(၃) Environmental Impact Assessment (Special Investigation) On Hydropower Development of Ayeyawady River Basin above Myitkyina, Kachin State, Myanmar, by Biodiversity And Nature Conservation Association (BANCA), October 2009
(၄) The New Great Wall, A Guide to China’s Overseas Dam Industry, by International Rivers Network, July 2008
(၅) ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌကြီး လရော်ဇောင်ဟရာ မှ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဟူဂျင်တောင် ထံပေးသောစာနှင့် ပူးတွဲပါ အထောက်အထားများ၊ မတ် ၁၆၊ ၂၀၁၁

No comments: