စိတ်ဒဏ်ရာများကို ဘုရားမှာ မလှူခဲ့ကြဘူး...။
လောဘတက်သူများကြောင့်
သောကတွေ တွယ်ဖက်ပြီး
ဒေါသများထွက်မယ်ဆိုရင်တောင်
ထွက်ပေါက်ရှာတဲ့ အနေနဲ့
မတရား အကြောင်းအကျိုးတွေ ကြာကြာမဆိုးရအောင်
ဘုရား ခေါင်းလောင်းကိုပဲ နာနာထိုးနေကြတယ်...။
သစ္စာတရားက ဓားသွားလိုထက်မယ်ဆိုရင်လည်း
အပြစ်အနာများကို မခုတ်ထစ်ပဲ
အမှန်တရားအား တူးဖော်ခဲ့ကြတယ်....။
ပင်လယ် မရှိရင်တောင်မှ ကမ်းတက်တိုက်ပွဲ လေ့ကျင့်ရသလိုမျိုး
ရင်ဝယ် မချိရင်လည်း၊ လက်တဖက်က မျက်ရည်သုတ်ပြီး
တခြားလက်တဖက်နဲ့ ခွင့်လွှတ် ဆုတောင်းတတ်တဲ့ လူမျိုးကိုမှ
ကြမ္မာဆိုးက တည့်တည့်လာတိုးပြီး....
အဖြစ်ဆိုးများ မဖိတ်ခေါ်ပဲ ဧည့်စာရင်း လာလာစစ်တယ်....။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ ငါးများလွှတ်ပေမဲ့
ရိက္ခာပြတ် စစ်သားတွေက စစ်ပိုက်ကွန်နဲ့ ငါးဖမ်းနေကြတယ်...။
မေတ္တာတရား အရာအားလုံးနဲ့ ရှတတ ငြိမ်းချမ်းရေးစကားလုံးတွေဟာ
လှလှပပ သံစဉ်တခုဖြစ်မလာပဲ
မမျှမတ ဆင်ဆာထိမှန်ပြီး ပွဲချင်းပြီး ကျဆုံးခဲ့ကြတယ်...။
ဖိနှိပ်ခြင်း အရိပ်မိုးလို့
အနာဂတ်ပန်းပွင့်များ ညှိုးခဲ့ရတယ်....။
အကြင်နာ ချစ်သူ ပခုံးကိုကိုင်ပြီး အပြုံးတွေ လှိုင်ရမဲ့အစား
မိဘမဲ့ ရင်နာကမ္ဘာက လက်နက်ကိုင်ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျနေတယ်.....။
ဒုက္ခတွေ တံခါးမရှိ ဓားမရှိ ၀င်ထွက်နေတဲ့ခေတ်မှာ
ရင့်ကျက်လာခဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းကိုက
တဆင့်တက်ပြီး ပေါက်ကွဲ ထွက်ဖို့ ခြေလှမ်း အစပဲ ...။
အဆင်းအလှ အပြည့်နဲ့ ချစ်မေတ္တာတရားတွေ ပွင့်လန်းတဲ့မြေမှာ
အတင်းအဓမ္မ ဓလေ့နဲ့ စစ်ဝါဒများထွန်းကားနေတယ်....။
အောင်ခိုင်မြင့်
No comments:
Post a Comment