နိုင်ငံတခုရဲ့ စတုတ္ထမဏ္ဍိုင်လို့ တင်စားကြသည့် သတင်းမီဒီယာများမှ ကြီးကြီးကျယ်ကျယ် အရေးအရာများနှင့် ခမ်းနားမှုများကိုသာ အာရုံစိုက်နေကြသည့် တချိန်တည်းတွင် ပဉ္စမဏ္ဍိုင်ဟု အမည်ပေးရမည့် စာမျက်နှာ လေးမျက်နှာပါပြီး ကလေးအလုပ်သမားများ၏ အရေးကို ဖော်ပြသည့် ကလေးများကိုယ်တိုင် ရေးသားတည်းဖြတ်သော ကိုယ်ပိုင်သတင်းစာလေးတခုကို ဒေလီလမ်းမများပေါ်မှ ကလေးသူငယ်များက စုပေါင်းထုတ်ဝေနေကြသည်။ ဆိုပါ သတင်းစာ သည် ဟန္ဒီဘာသာနှင့် ထုတ်ဝေပြီး အမည်အားဖြင့် ဗလနာမ (Balaknama) ဟု ခေါ်သည်။ သတင်းစာကို ပတ်စဉ်အဖြစ် ထုတ်ဝေသည်။
ထုတ်ဝေသူများမှာ ဒေလီလမ်းမများပေါ်တွင် နေထိုင်ကြသည့် အိမ်ခြေယာခြေမဲ့ ကလေးသူ ငယ်များ၊ ကလေးသူငယ် အလုပ်သမားများ စုပေါင်းဖွဲ့စည်းထားသည့် ပဒေးခဒန်း (Badhte Kadam) ဆိုသည့် အဖွဲ့အစည်းလေးမှ ၂၀၀၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ ထုတ်ဝေခဲ့သည်။ ထိုသို့ ထုတ်ဝေနိုင်ရန်အတွက် အမှန်တကယ် စေတနာ့ဝန်ထမ်းစိတ်ဖြင့် ဆောင်ရွက်နေသည့် အင်န်ဂျီအို အဖွဲ့တခုဖြစ်သော စေတနာ (Chetna) ဖောင်ဒေးရှင်းမှ ကူညီပံ့ပိုးခဲ့သည်။ ဤ သတင်းစာလေးနှင့် ပတ်သက်၍ အသက် ၁၈ နှစ်အရွယ် ပဒေးခဒန်းအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည့် ဗီဂျေး (Vijay) က “တီဗွီသတင်းဌာနတွေ၊ ပုံနှိပ်သတင်းဌာနတွေက ကျွန်တော်တို့ လမ်းပေါ်က အလုပ်လုပ်နေတဲ့ ကလေးသူငယ်တွေ အကြောင်းနဲ့ ဒီလိုကလေးငယ်များ သိသင့် တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးခြင်း မရှိခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ လမ်းပေါ်က ကလေးတွေအတွက် သိသင့်သိထိုက်တာတွေ၊ အခွင့်အရေး တွေ၊ အရေးကိစ္စတွေကို ဖော် ထုတ်ဖို့ ရည်ရွယ်ပြီး ဒီသတင်းစာကို ထုတ်ဝေခဲ့ရခြင်း ဖြစ်ပါတယ်။” သတင်းစာရဲ့ အမည်ကို ဗလနာမလို့ အမည်ပေးဖို့ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရပါတယ်။ ဗီဂျေးဟာ ဒေလီရှိ ကွန်ပြူတာစီဒီများ ထည့်သိုရန် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတွင် လုပ်ကိုင်နေသည့် ကလေးသူငယ် အလုပ်သမားတဦး ဖြစ်သည်။ ဒေလီတမြို့တည်း၌ ကလေးအလုပ်သမား ပေါင်း (၅) သိန်းခန့် ရှိသည်ဟု သိရသည်။ အများစုမှာ လမ်းမပေါ် နေထိုင်ကြသည်။ ကိုယ်ပိုင် သတင်းစာတွင် ထိုကလေးသူငယ်များ၏ အကြောင်းကို အဓိကထား၍ ရေးသားဖော်ပြသည်။
၎င်းသတင်းစာ ပုံမှန် ထုတ်ဝေနိုင်ရေးအတွက် ဒေလီတဝှမ်းမှ ကလေးအလုပ်သမားများနှင့် ဆက်ဆံခြင်း၊ ရေးသားခြင်း၊ တီးဖြတ်ခြင်း၊ ထုတ်ဝေခြင်းများကို ဗီဂျေးနှင့် ၎င်း၏ သူငယ်ချင်း (၅) ဦးမှ အဓိကထား ဆောင်ရွက်ကြသည်။ ၎င်းတို့မှ တဦးဖြစ်သည့် ၁၇ နှစ်အရွယ် သျှန်နူး (Shanno) က “ဒီသတင်းစာဟာ ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ သတင်းစာဖြစ်တယ်၊ ကျွန်မတို့ ကိုယ်တိုင်ပဲ သတင်းစာမှာ ထည့်သွင်းမယ့် အကြောင်းအရာတွေကို ဆုံးဖြတ်တယ်၊ တည်းဖြတ် တယ်။ ဒေလီတမြို့လုံးမှာရှိတဲ့ ကျွန်မတို့ အဖွဲ့ဝင်များနဲ့ တနေရာရာမှာ သတင်းစာမှာ ထည့် သွင်းမယ့် အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ကြပါတယ်” ဟုဆိုသည်။ သျှန်နူးသည် ဆီမာပူရီ (Seemapuri) ရပ်ကွက်တွင် အိမ်ဖော်အဖြစ် လုပ်ကိုင်နေသည်။ ပဒေးခဒန်း အဖွဲ့ အစည်းအား ၂၀၀၂ ခုနှစ်တွင် ကလေးသူငယ် (၃၅) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ဒေလီအပြင် အခြားပြည်နယ်များသို့ပါ တိုးချဲ့စည်းရုံးနိုင်ခဲ့ပြီး အဖွဲ့ဝင်တသောင်းကျော် ရှိနေပြီ ဖြစ်သည်။ ဒီအဖွဲ့ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ “ရဲတွေ၊ သာမန်လူတွေ၊ လူအားလုံးက ကျွန်တော်တို့ကို မနှစ်မြို့သလို ရှိကြတယ်။ မတော်တရော် ဆက်ဆံခံရတယ်၊ ဒီအခြေအနေ တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အခန်းကဏ္ဍကို ဖော်ထုတ်ဖို့ ဒီအဖွဲ့လေးကို ဖွဲ့စည်းခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ အသံတွေကို ဖော်ထုတ်ဖို့ တနှစ်အကြာမှာ ဒီသတင်းစာကို ထူထောင်ခဲ့ကြတယ်” ဟု ဗီဂျေးက ဆိုသည်။
၎င်းသတင်းစာကို အပတ်စဉ်ထုတ်ဝေပြီး စောင်ရေ (၃၅၀၀) ထုတ်ဝေသည်။ တစောင်လျှင် တရူပီးဖြင့် ရောင်းချပြီး အများစုကို ဒေလီတဝှမ်းရှိ အင်န်ဂျီအိုများက ဝယ်ယူကြသည်။ စေတနာအဖွဲ့၏ ဒါရိုက်တာ ဆန်းဂျေးဂူတာကတော့ “ဒီသတင်းစာလေးဟာ လူထုလက်ခံဖို့ အများကြီးရှိပါတယ်။ အင်န်ဂျီအိုအများစုက ပုံမှန်ဝယ်ယူပြီး သာမာန်လူတွေကို အခမဲ့ ဖြန့်ဝေ ပေးကြတယ်။ လောလောဆယ်မှာတော့ ပုံမှန် လစဉ်ယူမည့် လူအများတိုးပွားရေးနဲ့ သတင်း စာကို တရားဝင် မှတ်ပုံတင်နိုင်ဖို့အတွက် ကြိုးစားနေသလို ကလေးသူငယ်အလုပ်သမားများ အပေါ် အမြတ်ထုတ်မှုများနှင့် ၎င်းတို့၏ အခက်အခဲများကို လူအများသိအောင် ကြိုးပမ်း နေတယ်” ဟု ဆိုပါသည်။
သတင်းရင်းမြစ်
အိန္ဒိယအင်ဂျင်စီသတင်းဌာန- Source: IANS
No comments:
Post a Comment