အတွေးများ၊ လူများ၊ သမိုင်းစာမျက်နှာများ ၂၃ နှစ်

“ ဦးနု ၀န်ကြီးချုပ် ပြန်မဖြစ်တာ၊ သူ့ အစိုးရ အာဏာပြန်မရတာ ဒေါ်စုနဲ့ ကျောင်းသားတွေ မထောက်ခံလို့ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဦးနုကို မထောက်ခံလို့။ မြစ်တမြစ်မှာ နှစ်ခါ ရေချိုးလို့ မရဘူး ဆိုတဲ့စကား ရှိတယ်မလား”

(၁)
        ၈၈ အရေးတော်ပုံကြီးတွင် ပြည်သူတယောက်အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းပေါ်ပေါက်လာသည့်အခါ လူ့ဘောင်သစ် ဒီမိုရက်တစ် ပါတီတွင် ပါဝင်လှုပ်ရှားခဲ့သည်။ မြို့နယ် စည်းရုံးရေး ကော်မတီတွင် ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ အောက်တိုဘာလထဲတွင် ဖမ်းဆီးခံရကာ ထောင်ကျခဲ့သည်။ မအူပင် အကျဉ်းထောင်၊ ရွှေသဌေး ရဲဘက်စခန်းမှ သည် အင်းစိန်ထောင်သို့ …။
          ကိုထက်မိုး (နယ်စပ် ကျဆုံး)၊ ရွှေဘုန်းလူ (တာရာမင်းဝေ မဖြစ်သေး၊ ယခု ကွယ်လွန်) တို့ နှင့် ( ၃ ) ဆောင်တွင် အတူနေရသည်။ ၁၉၉၀-ခု မေဒေး ထောင်တွင်း လှုပ်ရှားမှု ဖြစ်သည်။ မြအေး (ယခု ထောင်တွင်းအကျဉ်းကျနေသူ) တို့က ကမကထပြု လှုပ်ရှားရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ ထောင်ပိုင် ဘိုကြည်က မာဖီ (အရပ် ၀တ်စုံ) ဖြင့် ကိုမြအေးကို အဆောင်ထဲ ၀င်ရောက်လာကာ လက်သီးနှင့် ထိုးသည်ဟု ကြားရသည်။ နောက်တနေ့တွင် (၅)တိုက်ထဲသို့ အမှုတွဲနှင့်အတူ ရောက်သွားသည်။
          ဖထီးမန်းဒါဝိတ် (ထောင်တွင်း ကျဆုံး) က သူ့ဆေးရုံစာ ငါးကြော်ကလေး တတုံးကို ပေးရှာသည်။ အရိုင်း (အောင်သန်းဦး) ကလည်း ပေးသည်။ နယ်မှဆိုတော့ ထောင်ဝင်စာသည် ကိုယ်နှင့် ဘာမျှ မဆိုင်သလိုဖြစ်နေသည်။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးသွားသည်။ ၀န်ထမ်း (ထောင်ဝါဒါ) အချို့က “ ခမောက်၊ ခမောက် အပြတ်အသတ် နိုင်တယ်” ဟု တိုးတိုး ပြောသွားသည်။ လူထုက မပြီးဆုံးသေးသည့် အရေးတော်ပုံကြီးကို ထပ်မံ တိုက်ပွဲဝင် အနိုင်ယူလိုက် ပြန်လေသည်။ ပီတိ မဆုံးသေးခင် ညနေစောင်းကြီး တိုက်ထဲမှ နိုင်ငံရေး အကျဉ်းသား အချို့ကို လာထုတ် ခေါ်ဆောင်သွားသည်။ ခြေကျင်းရိုက်သည်။ ညတွင် ထောင်အသီးသီး သို့ ပြောင်းရွေ့မည်ကို သိလိုက်ရသည်။ အောင်ဒင် (ဒတ္ထ) က BAD SIGN (မကောင်းတဲ့ လက္ခဏာ) လို့ ပြောလိုက်သည်။ တချို့က မြင်းခြံ၊ တချို့ မန္တလေး၊ တချို့ကား သာယာဝတီ …….။
          “၈၈၈၈ တုန်းက ဦးနုရဲ့ အစိုးရ တိုက်ကွက်ကို ဒေါ်စုတို့ နဲ့ ကျောင်းသားတွေ အားလုံး ၀ိုင်းထောက်ခံလိုက်ရင် ပွဲပြီးသွားပြီဗျ။ ခုတော့ဗျာ”
          ကျူရှင်ဆရာ ဂျိုးဖြူ ကိုသိန်းဟန်က သူ့အမြင်ကို ယတိပြတ်ပြောသည်။ သူ့အမှုတွဲ ဖြစ်သည့် (မြန်ညီဒီ) ကိုဇော်ဖေ၀င်း (သူလည်း ကျူရှင်ဆရာ) က ထောက်ခံသည်။ ဒေါက်တာ ခင်ဇော်ဝင်းကလည်း သဘောတူသည်။ ကျနော်က ကျနော့်အမြင်ကို ပြောခွင့်ပြုပါဟု တောင်းဆိုလိုက်သည်။
          “ ဦးနု ၀န်ကြီးချုပ်ပြန်မဖြစ်တာ၊ သူ့ အစိုးရ အာဏာပြန်မရတာ ဒေါ်စုနဲ့ ကျောင်းသားတွေ မထောက်ခံလို့ မဟုတ်ဘူးဗျ။ ပြည်သူလူထုက ဦးနုကို မထောက်ခံလို့။ မြစ်တမြစ်မှာ နှစ်ခါ ရေချိုးလို့ မရဘူး ဆိုတဲ့စကား ရှိတယ်မလား”
          စကားဝိုင်းက တိတ်သွားသည်။
(၂)
ဖဆပလ ခေတ်က ၀န်ကြီးချုပ် ဦးနုသည် လူရှေ့၊ သူရှေ့တွင် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးဟု အော်ဟစ်ကာ လွှတ်တော်တွင် အပြုတ်တိုက် ရေး မူကို မကျကျအောင် ချဖို့လုပ်နေခဲ့သည်။ ဗိုလ်နေ၀င်း၏ တပည့်များဖြစ်သော ဗိုလ်အောင်ကြီး တို့ အာဏာကို လာရောက်ခြိမ်းခြောက် တောင်းဆိုသည့်အခါ ၁၉၅၈ တွင် အသာတကြည် လွှဲပေးလိုက်သည်။ ဗိုလ်နေ၀င်းက သူတော်ယောင်ဆောင်ကာ ကတိစကားအတိုင်း လုပ်သလိုလို ရွေးကောက်ပွဲ ပြန်ကျင်းပပေးသည်။ တည်မြဲ ဖဆပလ ကို သန့်ရှင်း ဖဆပလ (ဦးနု) အနေနှင့် ယှဉ်ပြိုင် အနိုင်ယူဖို့ရာမှာ မလွယ်ကြောင်းကို သိသည်။ ပမညတ က သန့်ရှင်းနှင့် မဟာမိတ်ပြုလိုက်သည်။ သန့်ရှင်း အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ပါသည်။ သို့သော် ဦးနုသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နှာစေးနေခဲ့သည်။ ၁၉၆၂ - ရောက်တော့ ဗိုလ်နေ၀င်းက အစိုးရ အဖွဲ့ကို ဖျက်သိမ်းကာ စစ်တပ်ဖြင့် အာဏာသိမ်းလိုက်သည်။
          ဦးနုသည် တောခိုကာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည်။ ထိုင်း- ဗမာ နယ်စပ် တကြောတွင်အများဆုံး ဖြစ်သည်။ ဘယ်သူက ကူညီလို့၊ ဘယ်လောက် အောင်မြင်ကာ၊ ဘယ်သို့ လုပ်ခဲ့ကြသည်ကို သက်ရှိထင်ရှားရှိနေသူ ပြည်ချစ် ရဲဘော်ဟောင်းကြီးများ ပြောပြ၍ အတော်အတန် သိခဲ့ရသည်။
တရုပ်ပြည်သစ် ခေါင်းဆောင်ကြီးထံ အမေရိကန် သမတ နစ်ဆင်နှင့် လွန်းပျံ ခရီးသည်ကြီး ဒီပလိုမေစီ ကစ်ဆင်းဂျား (နိုင်ငံခြားရေး ၀န်ကြီး) တို့ ရောက်လာကြသည်။ သူတို့၏ တံခါးပိတ်ဆွေးနွေးပွဲများမှ “ထာဝရ ရန်သူမရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိ” ဖြစ်ခဲ့သည်။ သူတို့၏ ဘုံရန်သူကား ဆိုရှယ် နယ်ချဲ့ ဟူသတည်း။
ဦးနု အိန္ဒိယ ကိုသွားသည်။ ဟိုမှာ တရားအားထုတ်နေသည်။ ဗိုလ်နေ၀င်းက “စိတ်ကောက်ပြီး ထွက်သွားကြတဲ့ ညီအကိုတွေ ပြန်လာချိန်တန်ပါပြီ” ဟု လှိုက်လှဲစွာ ကြိုဆိုလိုက်သည်။ ကိုကြီးနု အိန္ဒိယမှ ရန်ကုန်ပြန်ကာ တရားအားထုတ်ခဲ့ပြန်သည်။
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နယ်စပ်တကြောမှ ဦးနုကို ယုံကြည်ပုံအပ် လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့သည့် အညတရ ရဲဘော်များသည်ကား အမိမဲ့သား ရေနည်းငါးသဖွယ်…။ အသိုက်ပျက် ငှက်ကလေးများလို ဘ၀ပျက်ခဲ့ရသည်။ ကိုကြီးနုသည် ဆရာဒဂုန်တာရာ၏ စကားဖြင့် ပြောရမည်ဆိုလျင် “မုန်တိုင်းထဲမှ သစ်ရွက် တရွက်” ပင် ဖြစ်နေလေရော့သလား။ သို့သော် သူတရွက်တည်းကား မဟုတ်ပေ … ။

(၃)
          ကိုဘဆွေနှင့် ကိုကျော်ငြိမ်းကား ရှင်းပါသည်။ ဘာမှ ငြိမ်းချမ်းရေးတွေ လုပ်မနေနဲ့ လာ လက်နက်ချကြ ဖြစ်သည်။ မချလျင် အပြုတ်တိုက်မည်။ သူတို့ တပည့် ဗိုလ်နေ၀င်းက သူတို့ ခြေရာကို တထပ်တည်း နင်းသည်။ သူအာဏာရလာတော့ ဒီအဖိုးကြီးတွေကိုပါ နိုင်ငံရေးလောကမှ အပြတ်ရှင်းပြစ်သည်။ နေ တစင်းပဲရှိရမည်။ နှစ်စင်း၊ သုံးစင်း မရှိစေရ။
          ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်း ခွေးကတက် ရောက်သွားသည့် ရဲရဲတောက် ခေါင်းဆောင်ကြီးတွေ ရှိခဲ့သည်။ သို့သော် မြေအောက်လှုပ်ရှားမှုမှ တဆင့် ဗမာပြည်လမ်းမထိုထိုတွင် ကျောင်းသားများ၊ အလုပ်သမားများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် နှစ်ကာလအလိုက် စဉ်ဆက်မပြတ် လှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြသည်။
၈၈၈၈ အရေးတော်ပုံကြီးသည် သူ့ အလိုလိုဖြစ်လာသည်မဟုတ်။ ထိုထိုသော တိုက်ပွဲဝင် လှုပ်ရှားမှုများ၏ ရင့်မှည့် အမြုတေ အရေးတော်ပုံကြီးပင် ဖြစ်သည်။ လူတန်းစားပေါင်းစုံ၊ လူ့အလွှာပေါင်းစုံ ပါဝင်သဖြင့် အရေးတော်ပုံကြီး ဟု တိုက်ပွဲတန်ဖိုး သတ်မှတ်ခံရခြင်း ဖြစ်သည်။ မိခင် နေမကောင်း၍ ဗမာပြည်ရောက်နေသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်အောင်ဆန်း၏ သမီးကို ကျောင်းသားများက တိုက်ပွဲကို ဦးဆောင် ပေးရန် အိမ်တိုင်ယာရောက် သွားရောက် တောင်းဆိုခဲ့သည်။ ဖအေ့သွေးပါသူ သမီးသည် တိုက်ပွဲအတွင်း ပါဝင်လာခဲ့သည်။ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်။ သူကား ……..
          “ ဒေါ်အောင်ဆန်းစုကြည်”
 (၄)
          ဗိုလ်နေ၀င်းမှ ဗိုလ်စောမောင်အား အာဏာသိမ်းစေခဲ့သည်။ ပါတီများ ဖွဲ့စည်း တည်ထောင်မှုပေးခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ်လာသည်။ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ကြသည်။
ဗိုလ်အောင်ကြီးကို ကြာကြာ မစောင့်လိုက်ရ။ မင်းသားခေါင်းပြုတ်ကျကာ သူ့မူရင်း ဘီလူးခေါင်းပေါ်လာသည်။ ဒီချုပ် အတွင်း ညီညွတ်ရေး ဖြိုခွဲမှုကို စတင်ခဲ့သည်။ ကိုင်သည့် ပြဿနာ အချက်အလက်ကား “ ဘုမသိ၊ ဘမသိ၊ သမိုင်းမသိသူများ အကြိုက် ကွန်မြူနစ် ဆန့်ကျင်ရေး” ဖြစ်သည်။ သို့သော် သူ ဗိုလ်အောင်ကြီးသာ လွင့်သွားသည်။ ပါတီခွဲထောင်သည်။ ဦးတင်ဦးနှင့် ဒေါ်စုတွင် ဘုံရန်သူကို မျက်ခြေမပြတ်သည့် ရပ်တည်ချက်ကို တွေ့ရသည်။ တိုင်းပြည်၏ ဘုံရန်သူကား စစ်အာဏာရှင်စနစ်သာ ဖြစ်သည်ကို သူတို့ရပ်တည်ချက်က ပြခဲ့သည်။
          ဒီချုပ်အတွင်း တပ်မှုးဟောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်။ ဒေါ်စုက ဘဘတို့ “ဗိုလ်အောင်ဆန်း လမ်းစဉ်လိုက်မှာလား၊ ဗိုလ်နေ၀င်း လမ်းစဉ်လိုက်မှာလား”ဟု တည်မြဲတပ်မှူးဟောင်းများကို မေးခွန်းထုတ်ခဲ့ သည်။
မကြာမီ ၁၉၈၉ ဇူလိုင် ၁၉ ချီတက်ပွဲပျက်သည်။ အာဇာနည်ကုန်းကို ချီတက်ရန် တိုက်ပွဲခေါ်ခဲ့ပြီးမှ ဒေါ်စုက လက်ရှိ စစ်အာဏာရှင်၊ စစ်အုပ်စုသည် ဖက်ဆစ်ဆန်သည်ဟု ဆိုကာ ချီတက်ပွဲကိုဖျက်လိုက်သည်။ ချီတက်သွားကြသော ကျောင်းသားအချို့ အရိုက်ခံရ၊ အဖမ်းခံလိုက်ရသည်။ နောက်တနေ့ ဖြစ်မည်ထင်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံလိုက်ရသည်။
          ဒီချုပ် ခေါင်းဆောင်ပိုင်းကို တည်မြဲတပ်မှူးဟောင်းများ ဦးစီးကာ ပြုပြင်လိုက်ကြ သည်။ သည့်အပြင် ရန်သူ့အလိုကျ ဗိုလ်အောင်ရွှေ ဦးစီးကာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီချုပ်မှ မဲပေးထုတ်ပယ်လိုက်လေသည်။ ၁၉၉၅ ဂျွန် ၁၀ ရက်နေ့ ဖြစ်မည် ထင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်သည်။
ဒေါ်စု လွတ်သည့် နေ့တွင်ပင် တိုက်ပွဲတောင်းဆိုချက်မှာ “ဒိုင်ယာလော့” ဖြစ်နေသည်။ ဒေါ်စုကလည်း လွတ် လွတ်ချင်း ဒိုင်ယာလော့ လုပ်ရန် စစ်အုပ်စုကို တောင်းဆိုသည်။ ပြီးတော့ သူမ လုပ်စရာ ရှိတာကို လုပ်သည်။ ဒီချုပ်အတွင်း ညီညွတ်ရေးအတွက် ပြန်လည်ရင်ကြားစေ့စေခဲ့သည်။
ဘဘဗိုလ်အောင်ရွှေ (တည်မြဲတပ်မှူး ဟောင်းကြီး)ကို ဥက္ကဌနေရာမှာပဲထားသည်။ ဦးတင်ဦးက သဘောထားကြီးစွာ ဒုဥက္ကဌနေရာမှာပဲနေသည်။ ဒေါ်စု လူထုထဲဆင်းသည်။ လူထုနှင့် တွေ့သည်။ အင်းယားလမ်းတွင် ဒေါ်စုတို့ကားတန်း အကြမ်းဖက်ခံရသည်။ ဦးတင်ဦး ဒဏ်ရာရသည်။ မကြာခင် “ဒီပဲယင်း လူ အစုအပြုံ သတ်ပွဲ” ဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံခံရသည်။
          ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ စီးလာသည့်ကား လွတ်သွားသည်။ နေအိမ် အကျယ်ချုပ်ခံကြရသည်။
 (၅)
အများသိပြီး သမိုင်းအဖြစ်အပျက်တွေကို လူတတ်ကြီးလုပ် ရေးနေခြင်းမဟုတ်ပါ။ ဖေါ်ပြပါ အဖြစ်အပျက်တို့မှ အတွေးစများကို တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ ဗိုလ်အောင်ဆန်း မဖြစ်နိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည် ဗမာပြည်နိုင်ငံရေးလောကထဲ စ၀င်ကတည်းက ချောချောမွေ့မွေ့ လျှောက်ခဲ့ရသည်မဟုတ်ပါ။ တိုက်ပွဲကြမ်းများဖြင့်သာ အတိပြီးခဲ့သည်။ နိုင်ငံရေးဘ၀ နုနယ်သော ဒေါ်စုသည် လူထုဘက်က ရိုးရိုးသားသား၊ သတ္တိရှိရှိ ရပ်တည် ခဲ့သည်သာဖြစ်သည်။ သူ၏ နိုင်ငံရေး အတွေ့အကြုံ မပြည့်အိုးကို လက်တွေ့တိုက်ပွဲ အတွေ့အကြုံများဖြင့် ဖြည့်ဆည်းသည်။
သူသည် နိုင်ငံရေး ဖန်ဆင်းရှင်ကြီး (Master Creator) မဟုတ် လူထုက တင်မြောက်ထားသော လူထုခေါင်းဆောင်တယောက်ပင် ဖြစ်သည်။ ထာဝရ ခေါင်းဆောင်လား၊ တခဏ ခေါင်းဆောင်လား ဆိုသည်မှာ လူထုက ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။
          ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်လာသည်။ သူမလွတ်ခင် ၂၀၀၈ အခြေခံဥပဒေ ကို စစ်အုပ်စုက အဓမ္မ အတည်ပြုခဲ့သည်။ သူက နေအိမ်အကျယ်ချုပ်၊ ကျနော်တို့က လွတ်လွတ်လပ်လပ် အပြင်မှာ။
ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့ပါသနည်း။
စစ်အုပ်စုက ရွေးကောင်ပွဲအတွက် အသေအချာ ပြင်ဆင်သည်။ မတရားသည့် နည်းလမ်းပေါင်းစုံကို အာဏာဖြင့် အကောင်အထည်ဖေါ်သည်။ ဖဲစကားဖြင့် ပြောမည်ဆိုလျင် ရှိုးဝိုင်းတွင် စပိတ်(တစ်) လေးလုံးကို သေနတ်ထောက်ကာ လုယူထားသည်။ ပြီး ၀ိုင်းထဲမှလူအားလုံး ရှိသမျှပိုက်ဆံ အကုန်ထုတ်ရိုက်ရမည်ဟု သေနတ်နှင့်ချိန်ကာ ရိုက်ခိုင်းသည်။
ကျနော်တို့ ဘာများ လုပ်နိုင်ခဲ့၊ လုပ်ခဲ့ပါသနည်း။
ဒေါ်အောင်ဆန်းစုကြည်က မလွတ်ခင်ကပင် ရွေးကောက်ပွဲကို မ၀င်ဘူးဟု သပိတ်မှောက် ခဲ့သေးသည်။
(၆)
          သူလွတ်လာသောအခါ အခြေအနေ တစုံလုံးသည် တစ်ကပြန်စရမည့် အခြေအနေ ဖြစ်နေသည်။ လွတ်လွတ်လပ်လပ်မဟုတ်။ ရန်သူကို ရင်ဆိုင်နေရချိန်မှာ ပါတီတွင်းကို လည်း သန့်ရှင်းအောင် မည်သို့လုပ်ကြမည်နည်း။
သူမ၏ အတ္တဘာဝ အင်အားများကို ဘယ်လိုတည်ဆောက်ရမည်နည်း။
          ဒီမှာ တခုတင်ပြချင်ပါသည်။ နိုင်ငံရေးနှင့် တော်လှန်ရေးတွင် နည်းပရိယာယ်အရ “ရန်သူ့လူ ကိုယ့်ဘက်ပါရေး” ဖြစ်သည်။ ကျနော်တို့တိုက်နေသည်မှာ စစ်အာဏာရှင် စနစ်ကိုသာဖြစ်သည်။ ဒါသည်ပင် မဟာဗျူဟာခေါ်ခေါ် သေနင်္ဂဗျူဟာ ဖြစ်သည်။
ကျနော် တို့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရနေသူတွေ ဘာတွေများ ဘယ်လောက် လုပ်နိုင်ခဲ့ ပါသနည်း။
          လွတ်မြောက်လာသူ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ နိုင်ငံရေး လှုပ်ရှားမှုများကို အားမလို၊ အားမရဖြစ်ကြသည်။ ဘယ်အခြေခံပေါ်မှာ ဖြစ်နေကြ ပါသနည်း။ ဒေါ်စု လွဲသွားပြီဟု မြင်ကြသည်။
ဘယ် အထိလွဲသွားနိုင်ပါသနည်း။
ကျနော်တို့ က တိုက်ပွဲအတွက် ဘာတွေများ ပြင်ဆင်ထားပြီးကြပါသနည်း။
ဗိုလ်အောင်ဆန်း ဂျပန်ခေါ်လာသည်။ ဖက်ဆစ်ဂျပန်ကို တိုက်ဖို့လိုအပ်လာမည်။ တိုက်ရန် ဗိုလ်အောင်ဆန်း ၏ ခေတ်ပြိုင် ခေါင်းဆောင်တွေက မြေအောက်တွင် စနစ်တကျ ပြင်ဆင်ထားနိုင်ခဲ့သည်။ ဗိုလ်အောင်ဆန်းကလည်း ဖက်ဆစ်ဂျပန်ကို တိုက်ရန် လက်ခံခဲ့သည်။ သူပင် ဦးဆောင်သူထဲ ပါလာခဲ့သည်။
ယခု ဒေါ်စုတွင် ဗိုလ်အောင်ဆန်းလို အတ္တဘာဝ အင်အား များ ရှိနေပါရဲ့လား။
ကျနော်တို့ ဘာတွေများ ပြင်ဆင်ဆောင်ရွက်နိုင် ခဲ့ပါသနည်း။
သမိုင်းက အညှာအတာ ကင်းသည်။ သမိုင်း၏ ကရုဏာသက်မှုကို မည်သူ တဦး တယောက်ကမျှ မခံစားရနိုင်ပါ။
(၇)
             အနှစ် နှစ်ဆယ်နီးပါး ထောင်ကျခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြန်လွတ်လာခဲ့သည်။ ၂၀၀၇ မတိုင်မီဖြစ်သည်။ တည်ငြိမ်သည်။ အမြော် အမြင်ရှိသည်။ “၈၈ မျိုးဆက်ကျောင်းသားများ” ကိုစည်းရုံးဖွဲ့စည်းနိုင်ခဲ့သည်။ ခု နှစ်ရှည် ထောင်ချခံထားရပြန်သည်။
သူသည် သူလုပ်စရာရှိသည်ကို ရိုးရိုးသားသားလုပ်သည်။ ရိုးရိုး တွေးသည်။ ဘုံရန်သူကို သိသည်။ လေလုံးမကြီး။ သူလုပ်နိုင်သည်ကို စည်းရုံးရေး ရှိရှိ နိုင်ငံရေး အသိ၊ သတိဖြင့် လုပ်ခဲ့သည်။
ရန်သူက သိသည်။ သွား ထောင်ထဲမှာနေ …..။
သူကား လက်ရှိ ၈၈၈၈ မျိုးဆက်တွေထဲတွင် နှိုင်းယှဉ်မှုအရ ကျောင်းသား ခေါင်းဆောင် စစ်စစ်တယောက်ပင် ဖြစ်သည်။

ကမာပုလဲ
(ဧပြီ ၂၃၊ ၂၀၁၁)      







No comments: