ပြည်သူချစ်သော အနုပညာရှင်


 ပြည်သူချစ်သော အနုပညာရှင်
မောင်မောင်ဝင်း

ဒီနေ့ သတင်းတွေထဲမှာ အနုပညာရှင် ( ၄ ) ဦးကို အနုပညာလုပ်ဆောင်ခွင့်တွေ ပိတ်လိုက်တယ်လို့ သတင်းကြားလိုက်ရတော့ စိတ်မကောင်းတဲ့ကြားကပဲ ဂုဏ်ပြုချီးကျူး ထောမနာ ပြုလိုက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ အခုလိုအပိတ်ခံလိုက်ရတာဟာ သူတို့ ကိုယ်ကျိုးအတွက်ကြောင့်မဟုတ်ပဲ ပြည်သူချစ်သော အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုကျော်သူကိုသွားကူလို့တဲ့၊ ကိုကျော်သူ ဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်း လူသား အကျိုးပြုလုပ်ငန်းတွေကို လက်တွေ့ကျကျ ကိုယ်ကျိုးစွန့်လုပ်ကိုင် ဆောင်ရွှက်နေတဲ့သူ မဟုတ်လား၊ လူသားအကျိုးပြု လုပ်ငန်းတွေကို ဘယ်လောက်ပဲလုပ်လုပ် နအဖ အလိုကျ လက်အောက်ခံမလုပ်မိလေတော့ ကိုကျော်သူခမျာလည်း လူးလိမ့်နေအောင်ခံရမယ်ဆိုတာ ပြေးမကြည့်ပေမဲ့လည်း တွေးကြည့်ယုံနဲ့သိနိုင်ပါတယ်လေ၊ စိတ်ထဲမတော့ သြော် လုပ်ရက် ပါပေ့လို့ တွေးမိပေမဲ့လည်း နည်းနည်းလေးမှ ဆတ်ဆတ်ထိမခံတဲ့ နအဖနဲ့ လက်ကိုင် ပုဆိန်ရိုးတွေ လုပ်နေကြအလုပ်မို့ သိပ်လည်းထူးဆန်းတယ်လို့မထင်မိတော့ပါဘူး။ စစ်အာဏာ ရှင်တွေ အကြောင်းပြောရတာလည်း သူတို့တော့ဘယ်လိုနေမလည်းမသိဘူး ကျွှန်တော် ကတော့ ရှက်လွန်းလို့ကို မပြောနိုင်တော့ပါဘူး။ ကျွန်တော့်တို့ငယ်ငယ်က အဖွားပြောတာကို သွားသတိရလို့ပါ။ အရပ်ထဲမှာ ခိုး၊ ဆိုး၊
မူးယစ်၊ သောင်းကျန်းနေတဲ့ ကိုစံမောင်းဆိုတဲ့ လူအကြောင်း ကျွန်တော်က အမေ့ကိုပြောပြတော့ အဖွားက “မင်းမပြောလည်း တစ်လောက လုံးက စံမောင်းဘာကောင်လည်းဆိုတာ သိပါတယ်ဟယ် ရိုးမယ်ဖွဲ့ ပြောမနေပါနဲ့တော့တဲ့ နင်မို့လို့ မရှက်တယ် ငါဖြင့် သူ့အကြောင်းပြောရမှာ ရှက်လွန်လွန်းလို့တဲ့” ကျွန်တော်လည်း အဖွားပြောာသလိုဖြစ်နေတာပေါ့နော။ အဲလိုအပ်လာတော့လည်း ရှက်ရှက်နဲ့ပဲ နှစ် ၂၀ ကျော်လုံးလုံး အပ်ကြောင်းထပ်အောင်ပြောလာခဲ့တဲ့ အရာတွေကိုပဲ ပြန်သုံးရတော့မပ။

ကျွန်တော်စဉ်းစားမိတာရှိတယ်။ အခုတစ်လော အမေရိကားမှာရှိတဲ့မြို့ တစ်ချို့မှာ နအဖ ရဲ့ပေါ်လစီကားမှာ ပါဝင်ရိုက်ကူးလို့ဆိုပြီး သရုပ်ဆောင်မင်းသမီးတစ်လက်ကို ဒီမိုက ရေစီဝိုင်းတော်သားများက ပြင်းပြင်းထန်ထန် ရှုတ်ချ။ ဆန္ဒပြတာနဲ့ကလည်း တိုက်ဆိုင်ဆိုတော့ အခုလိုလုပ်လိုက်တဲ့ လုပ်ရပ်ဟာ လက်တုန့်ပြန်မှုတစ်ခုလို့ ယုံကြည်မိတယ်။ ဒါနဲ့ပါတ်သက်လို့ ကလည်း ၀ိဝါဒကွဲပြားမှု အဖုံဖုံနဲ့ပေါ့။ သေချာတာတစ်ခုကတော့ နအဖဟာ သူတို့ကို ဆန့်ကျင်ရေးနဲ့ ပါတ်သက်လာရင် ဘုန်းကြီးတောင် ချမ်းသာမပေးတဲ့ အမျိုးဆိုတော့ လူဆိုရင်တော့ မပြောပါနဲ့ ဖြစ်နိုင်ရင် အမှုန့်တောင် ချေပစ်လိုက်ခြင်တာ။ အဲဒါကို သိသိကြီးနဲ့ အမေရိကားမှာရှိတဲ့ ဒီမိုကရေစီအင်အားစုများက အဲဒီသရုပ်ဆောင်မင်းသမီးကို ဆန္ဒပြရ ကောင်းမလားဆိုပြီး လူ ၂ယောက် ၃ယောက်လောက် ( သူတို့ကိုယ်သူတို့တော့ ဒီမိုကရေစီ ဘက်တော်သားလို့ခံယူထားပုံရပါတယ် ) စွာကျယ်၊ စွာကျယ်နဲ့တုန့်ပြန်လာတာ နအဖက ရှေ့နေငှားလွှတ်လိုက်သလား အောင်းမေ့ရတယ်။ တစ်ယောက်များဆို နိုင်ငံရေးသမားများ ဆိုပြီး ခြုံပြီးတော့ တောင်စော်ကားလိုက်သေးတယ်။ ကျွန်တော်က face book ထဲမှာ ဝေဖန်တဲ့မှတ်ချက်ပေးမိတာတောင် ကျွန်တော့် list ကို သူ့အကောင့်ကနေ ဖြုတ်ချပစ် လိုက်တယ်။ ပြီးတော့ အခုဖြစ်သွားတဲ့ ရုပ်ရှင်သရုပ်ဆောင် ၄ ဦးနဲ့ပါတ်သက်ပြီး ပြည်ပရောက် နိုင်ငံရေးသမားများ ဘာလုပ်ပေးနိုင်ပါသလည်းတဲ့။ သူ့ဆိုလိုချက်ကို ကျွန်တော်နားလည်လိုက် တာ အခုသရုပ်ဆောင် ၄ဦး ရုပ်ရှင်။ ဗွီဒီယိုရိုက်ကူးခွင့်ပိတ်လိုက်ပြီဗျာ အဲဒီတော့ သူတို့မှာဝင်ငွေ စီးပွားရေးပိတ်သွားပြီ ခင်ဗျားတို့ဘာများ လုပ်ပေးနိုင်မလည်းဆို ပြောလိုက် သလိုပဲ။ သူဆိုလိုချက်မှာ ငွေကြေးဓနကို ဦးတည်ဟန်တူပါရဲ့၊ ကျွန်တော် ၈၈ အုပ်စုမေးလ် ထဲက မိုးကြိုးသွားဆိုသူ ရေးသွားတာလေးနဲ့တုန့်ပြန်န်လိုက်ခြင်င်တယ် လူထုရဲ့ထောက်ခံ အားပေးမှုက ငွေကြေးထက် တန်ဘိုးရှိတယ်ဆိုတာပါပဲ။ ဟုတ်တယ် ဒီနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံးက သိမ့်သိမ့်တုန် ချစ်ခင်လေးစားကြကတာဟာ ငွေကြေးနဲ့တိုင်းတာလို့ရမလား။ 

လောကမှာ ငွေကြေးဓနထက် တန်ဘိုးရှိတာတွေ အများကြီး ရှိပါသေးတယ်။ လူထုဆိုတာ ချစ်ရင် ချီးကျူးထောမနာသံတွေနဲ့ ကြိုဆိုကြသလို။ မုန်းရင် ရတဲ့နည်းနဲ့ ဆန့်ကျင်ကြမှာပဲ။ ဒါ သဘာဝပဲ။ အခုဆို ဘာပဲဖြစ်ဖြစ် ကိုညီဂျော်တို့ မသန်းသန်းစိုး။ ဂွမ်းပုံ၊ ဆုရွှန်းလဲ့တို့ကို လူထုကအရင်ထက်ပိုလို့ ချစ်ကြမှာမြေကြီး လက်ခပ်မလွဲပါပဲ။ တစ်ဘက်မှာ နအဖရဲ့ပေါ်လစီ ဇာတ်ကားမှာပါဝင်ရိုက်ကူးသူများ အတွက်ကတော့ အဆိုးဆုံးမှသည် အနည်းဆုံးအဆင့်ထိတော့ အမုန်းခံရမှာ။ဆန့်ကျင်ခံရမှာ အသေအချာပါ။ ဒီနေရာမှာ အကြောင်းပြချက်တွေ မပေးပါနဲ့တော့ဗျာ။ ဖြစ်ရပ်တိုင်းမှာ အကြောင်းပြချက်ဆိုတာ ပြလို့ရတာချည်းပါပဲ။ နစ်နာဆုံးရှုံးမှုအတွက် ဆိုတာနဲ့ မှတ်ချက်ပေးလာခဲ့မယ်ဆိုရင် ဒီနေ့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ။ တောထဲမှာ လက်နှက်ကိုင်အင်အားစုတွေ သူတို့ လောက် အနစ်နာခံနေရတာ ရှိနိုင်ပါဦးမလား။ ဒီနေ့ ဒီမိုကရေစီ တော်လှန်ရေးဟာ လူတိုင်းမှာ တာဝန်ရှိပါတယ်။

ဒီနေရာမှာကြုံတုန်း ကျွန်တော့် တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်မှန်လေးတစ်ခု ကိုမှတ်တမ်းတင် ပါရစေ။ လူတွေမသိလိုက်တဲ့ ကိစ္စပါ။ ကျွန်တော် ပထမအကြိမ် ထောင်ကလွတ်လာပြီး သိပ်မကြာခင်ပဲ ကျောင်းသားလှုတ်ရှားမှုတွေ ပြန်လုပ်ဖြစ်တယ်။ အဲဒီကာလမှာ ဒေါ်အောင် ဆန်းစုကြည်ကလည်း မရှေးမနှောင်းဆို အကျယ်ချုပ်ကလွတ်လာတဲ့ အချိန်ပေါ့။ ကျွန်တော်တို့ တကသ ( တက္ကသိုလ်ကျောင်းသားသမဂ္ဂ ) ကို နိုင်ငံရေးယုံကြည်သူ ကျောင်းသားများနဲ့ ဖွဲ့စည်းပြီး လှုပ်ရှားခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ တကသကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့ပြီး နိုင်ငံရေးလုပ်ဆောင်မှုများကို သူနဲ့အတူ လက်တွဲလုပ်ဆောင်ခွင့် ပါရခဲ့ပါတယ်။ အဲဒီအချိန်ကာလက  ကျွန်တော်တို့ တကသဟာ အန်တီစုအိမ်ကို ချောင်းပေါက် မတတ် ၀င်ထွက်ခွင့် ရခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးလှုပ်ရှားမှုများကို အသာထားပြီး ပုဂ္ဂိုလ်ရေးရာ ကိစ္စလေးတစ်ခုကို ပြောပြခြင်လို့ပါ။ တစ်နေ့မှာ အန်ကယ်ဦးသိန်းရွှေ (စာရေး ဆရာမ- မမေငြိမ်းရဲ့ဖခင်) နဲ့ဆက်စပ်ခွင့် ရခဲ့တယ်။ သူက ကျွန်တော်တို့ ကျောင်းသားတွေကို တက်တက်ကြွကြွအားပေး ထောက်ခံခဲ့ သူတစ်ဦးပါ။ အန်ကယ်နဲ့ စကားလက်ဆုံကြရင်းကနေ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခြင်တဲ့အကြောင်း ပြောလာပါတယ်။ ကျွန်တော်က စီစဉ်ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ် ဒီလိုနဲ့ အန်ကယ် ဦးသိန်းရွှေ တွေ့မယ့်အတူတူ ကျန်တဲ့တွေ့ခြင်တဲ့သူတွေလည်း ရှိသေးတယ်ဆိုပြီး ကျွန်တော်စီစဉ်ခဲ့တယ်။ နောက်တွေ့ ခြင်တဲ့သူက ကျူရှင်ဆရာ ဆရာဦးဌေးလှိုင် (ယခု ထိုင်းနိုင်ငံမဲဆောက်) နိုင်ငံရေးအကျဉ်းသား ဟောင်းလည်းဖြစ်တယ်။ နောက်တစ်ယောက်ကတော့ နိုင်ငံကျော် အဆိုတော် ကိုတင်လှိုင်ပါ။ သူက ကျွန်တော့်ဇာတိ (ရေနံချောင်းသား) ကျွန်တော်နဲ့က အရွယ်အားဖြင့် ဦးလေးအရွယ် ရှိပေမဲ့ ကျွန်တော်က သူ့ကို အစ်ကိုကြီးလို့ပဲခေါ်တယ်။ သူ့ကို ကျွန်တော့်ဇာတိ ရေနံချောင်း မြို့သူမြို့သားများက အရမ်းချစ်ကြတယ်။ အခုကျွန်တော်တင်ပြခြင်တဲ့ ပြည်သူချစ်သော အနုပညာရှင်ဆိုတဲ့ အကြောင်းအရာမှာ လူမသိသူမသိခဲ့ရတဲ့ အရာကို ဖေါ်ထုတ် ပြောပြ ခြင်တာပါ။ အစ်ကိုကြီး (ကိုတင်လှိုင်) က ဒီမိုကရေစီစနစ်ကို အလွန်ယုံကြည်သူ တစ်ယောက် ဖြစ်ပြီး စစ်အာဏာရှင်တွေကို အလွန်မုန်းတီးသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ကျွန်တော် မှတ်မိနေပါသေးတယ် ၁၉၉၀ ရွေးကောက်ပွဲကာလက ရေနံချောင်းက မဲဆန္ဒနယ်တစ်နယ်မှာ သခင်ခင်ညွန့် (စာပေလောက စာအုပ်တိုင်ပိုင်ရှင်- ယခု ကွယ်လွန်) က NLD ကနေ၀င် အရွေးခံပါတယ်။ အဲဒီတုန်းက ကိုတင်လှိုင်၊ စန္ဒယား တင်ဝင်းလှိုင်။ စာရေးဆရာ ဆရာဖေမြင့်၊ ကဗျာဆရာ မောင်သွေးသစ်။ နောက် ကိုမြတ်ခိုင်တို့ ရောက်လာပြီး အနုပညာနဲ့ ဒီမိုကရေစီ တရားတွေဟောကြ၊ ဖျော်ဖြေကြနဲ့ပေါ့၊ လူထုကလည်း အားပေးလိုက်ကြတာ ၀က်ဝက်ကွဲပါပဲ။ အရမ်းကိုအောင်မြင်ခဲ့တဲ့ အဖြစ်ပါ။ အစ်ကိုကြီးက အဲဒီတုန်းက စန္ဒယားတင်ဝင်းလှိုင်နဲ့ တွဲဖက်ပြီးတော့ သူနံမည်ကြီးခဲ့တဲ့ ဘကြီးအောင်ညာတယ် ဆိုတဲ့သီချင်းကို ဘကြီးမောင် ညာတယ်ဆိုပြီးဆိုခဲ့တယ် ( ၁၉၉၀ ကာလ န၀တ ခေါင်းဆောင်က ဗိုလ်ချုပ်မှုးကြီးစောမောင်) အဲဒါကိုလူထုက သဘောကျလိုက်တာ လက်ခုတ်သံတစ်ဖြောင်းဖြောင်းနဲ့။ ဒီလိုနဲ့ ကျွန်တော်က ထောင်ထဲရောက်သွားတော့ သူနဲ့ဝေးသွားခဲ့တယ်။ ဆုံမယ့်ဆုံတော့ သူက အန်တီစုနဲ့ တွေ့ခြင် လှချည်ရဲ့ဆိုတဲ့ အချိန်မှာလာဆုံတယ်လေ ဒါနဲ့ပဲသူ့ကိုပါ ခေါ်သွားခဲ့တယ်။ အန်တီစုနဲ့ တွေ့ကြတော့ အန်တီက သူတို့ကို နွေးနွေးထွေးထွေး၊ လေးလေးစားစားနဲ့ ကြိုဆိုစကားတွေ ပြောဖြစ်ခဲ့ကြတယ်။  ကျွန်တော်တို့ကျောင်းသားအဖွဲ့က ၇ ယောက်လောက်ပါတယ်။ အဲဒီ အချိန်မှာပဲ ကိုတင်လှိုင်က သူ့လွယ်အိပ်လေးထဲက တိတ်ခွေလေးတစ်ခွေကို ထုတ်လိုက်ရင်းနဲ့ အန်တီစုကိုပြောလိုက်တယ် “မစု ကျွန်တော်တစ်သက်မှာ ဒီတိတ်ခွေလေးကို မစုလက်ထဲ အရောက်ပို့နိုင်ရင် သေပျော်ပါပြီဆိုပြီး စိတ်ကူးထားတာ အခု ကျွှန်တော့်စိတ်ကူးအိပ်မက်တွေ ပြည့်သွားလို့ ကျွန်တော်အရမ်းကို စိတ်ချမ်းမြေ့သွားပါပြီဆို ပြောလိုက်တော့ အန်တီစုက “ ဒါပေမဲ့ ဆရာဦးတင်လှိုင်ရယ် သေတော့မသေလိုက်ပါနဲ့ဦး အနုပညာနဲ့ပြည်သူတွေကို အလုပ် အကြွေးဆက်ပြုပါဦးဆိုတော့ အားလုံးကရီကြတယ်။ နောက် ကိုတင်လှိုင်ကဆက်ပြောတယ် ဒီသီချင်းခွေရဲ့ခေါင်းစဉ်က ထာဝရနှင်းဆီတဲ့ အဲဒါ မစုကို ကျွန်တော်ဂုဏ်ပြု သီဆိုထားတဲ့ သီချင်းခွေပါ။ ဒါဆို အဲဒီအခွေ အပိတ်မခံရတာ ကံကောင်းတာပေါ့နော် ဆိုပြီး အန်တီက ပြောတော့ အဖွဲ့အနွဲ့ အလင်္ကာတွေနဲ့ ရေးထားတော့ စီစစ်ရေးက သဘောမပေါက်လို့ လွှတ်ပေးလိုက်တာပါ ဆိုပြီး ကိုတင်လှိုင်က ပြုံးပြုံးကြီးပြန်ဖြေခဲ့တယ်။ အန်တီနဲ့တွေ့ အပြီးအပြန်မှာ အစ်ကိုကြီးကိုတင်လှိုင်ဟာ အရမ်းကိုပီတိတွေ ဖြစ်ပျော်လာပုံရပါတယ်။ ကျွန်တော် သူ့ရဲ့သီချင်းခွေ ထာဝရနှင်းဆီကို ခဏခဏနားထောင်ခဲ့ဘူးတယ် ဒါပေမဲ့ အဲဒီ သီချင်းက အန်တီစုအတွက် ရည်ရွယ်ပြီး ဂုဏ်ပြုသီဆိုခဲ့တာဆိုတာကို မသိခဲ့တာအမှန်ပါ။ အစ်ကိုကြီးကိုတင်လှိုင်ရဲ့ ပျော်ရွှင်မှုတွေဟာ မကြာလိုက်ပါဘူး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အရည်ပျော်သွားခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့သွားတွေ့စဉ် အချိန်က ကျွန်တော်တို့ အုပ်စုထဲမှာ သတင်းပေးပါလာတယ်ဗျာ။ ကျွန်တော်တို့မသိခဲ့တာ ကြီးစွာသော အမှားကြီးတစ်ခုပါ။ ညံ့တယ်ပြောရင်လည်း ခံဘို့အသင့်ပါပဲ။ အဲဒီသတင်းပေးကတဆင့် ထောက်လှမ်းရေးဆီ သတင်းပေါက်သွားတယ်လေ၊ အဲဒီအချိန်ကစလို့ အစ်ကိုကြီးကိုတင်လှိုင် ကိုသီချင်းသီဆိုခွင့် ပိတ်လိုက်တယ်။ အခွေထုတ်ခွင့် မရတော့ဘူး။ စင်ပေါ်တက်ဖျော်ဖြေ ခွင့်တောင် မပေးတော့ဘူး၊ မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်နေတဲ့ သူ့သီချင်းတွေကိုလည်း ပိတ်ပစ်လိုက်တယ်။ တဆက်ထဲမှာပဲ ဆရာမ မမေငြိမ်းရဲ့ဖခင် အန်ကယ် ဦးသိန်းရွှေက အဲဒီအချိန်က Free bird tour ဆိုတဲ့ ခရီးသွားလုပ်ငန်း ကုမဏ္ဍီထောင်ထားတာ တော်တော် အောင်မြင်ခဲ့ပါတယ်။ အဲဒီမှာ အန်ကယ်က မန်နေဂျင်းဒါရိုက်တာ တာဝန်ယူထားတယ်။ အန်ကယ်ကိုလည်း အဲဒီ ကုမဏ္ဍီကနေ ထုတ်ပစ်ဘို့ ဒါရိုက်တာအဖွဲ့ကိုထောက်လှမ်းရေးက ဖိအားပေးခဲ့တယ်။ နောက်သတင်းကြားရတာကတော့ အန်ကယ် ထွက်လိုက်ရတယ်လို့ ကြားခဲ့ပါတယ်။ အစ်ကိုကြီးကိုတင်လှိုင်က စိတ်ပျက် စိတ်ဓါတ်ကျမသွားပါဘူး။ ကျွန်တော့် ဇာတိမြို့ပြန်လာတော့ အစ်ကိုကြီးလည်း လိုက်လာတယ်။ တစ်နေ့ အစ်ကိုကြီးက သောက် ထားတော့ နည်းနည်းလေးထွေနေတယ်။ ည၈ နာရီလောက်လို့ထင်တယ်။ ဆိုင်ကပြန်လာပြီး လမ်းဆုံတစ်ခု ရောက်တော့ မီးသတ်ရေကန် တစ်ခုရှိတယ်။ မပြောမဆို အဲဒီကန်ပေါ်တင် ပလ္လင်ခွေထိုင်တဲ့ပြီး၊ ပုဆိုးကဒူးပေါ်ထိ မတင်ထားတယ်။ အခုချိန်ကစပြီး တင်လှို်င်ရဲ့ စင်တင်သီဆိုမှု အစီအစဉ်စပါတော့မယ်ခင်ဗျား။ ဆိုပြီး ကြေငြာလိုက်တယ်။ လူကလည်း များများစားစားဘယ်သူမှ ရှိတာမဟုတ်ပါဘူး မှတ်မိသလောက် ၄ ယောက်လောက်ပဲရှိမယ်။ သူကဆက်ပြောသေးတယ်။ စစ်အာဏာရှင်တွေက တင်လှိုင်ရဲ့ အနုပညာလုပ်ဆောင် ခွင့်တွေကို ပိတ်လိုက်ပေမဲ့ တင်လှိုင်ရဲ့ နှလုံးသားကိုတော့ ပိတ်လို့မရဘူး တင်လှိုင်သီချင်းတွေ ဆိုမယ် အခုစဆိုပါတော့မယ်ဆိုပြီး တစ်ပိုဒ်ပြီးတစ်ပိုဒ်ဆိုတော့တာပဲ ထူးခြားတာက သူ့ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပိုဒ်ကို သီဆိုပြီးတိုင်း ထာဝရနှင်းဆီဆိုတဲ့ သီချင်းကို ထပ်ခါထပ်ခါဆိုတယ်။ ရင်ထဲ ခံစားမှုအပြည့်နဲ့ ဆိုတယ်။ လမ်းပေါ်မှာ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ လူတစ်ချို့ကပါ မနေနိုင်တော့ဘူးထင်ပါရဲ့ သူသီဆိုတာကို ရပ်နားထောင်ကြတာ ၁၀ ယောက်လာဖြစ်လာတယ်။ သူသီချင်းဆိုအပြီး ခနလေးနားတဲ့ အချိန်မှာပဲ သီဆိုမှု့ကို သဘောကြလို့ ရပ်နားထောင်နေတဲ့ အထဲက တစ်ယောက်က “အစ်ကိုကြီး သီချင်းဆိုတာ သိပ်ကောင်းတာပဲဗျာ- အသံကလည်း တကယ့် အဆိုတော် ကိုတင်လှိုင်မှ ကိုတင်လှိုင်ပဲ အဆိုတော် ကိုတင်လှိုင်အစစ်တောင် အခုအစ်ကိုကြီး သီဆိုတာ ကိုမှီမယ်မထင်ဘူး လို့ဝင် ပြောလိုက်တော့ ကျွန်တော်တို့မှာ ရီလိုက်ရတာဗျာ။ အော်… နောက်တစ်ခုက ညဘက်လည်း ဖြစ်ပြန် မှောင်ကလည်း မှောင်နေတော့ သိပ်လည်း သဲသဲကွဲကွဲမမြင်ရဘူးလေ။ ကိုတင်လှိုင်ရဲ့ အနုပညာကို ပိတ်ပင်ခံလိုက်ရတာ ပြန်လုပ်ခွင့်ရမရ ကျွန်တော်မသိတော့ဘူး။ နောက်လူ တွေဆို ကိုတင်လှိုင်ဆိုတာ ကြားတောင်မကြားဘူးတော့ပါဘူး။ စစ်အာဏာရှင်တွေ လက်အောက်မှ မိမိယုံကြည်တဲ့ ဒီမိုကရေစီအတွက် ပေးဆပ်ခဲ့ရတဲ့ နိုင်ငံကျော် အဆိုတော် ကိုတင်လှိုင်ပါ။ နောက်တစ်ယောက်က မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်တွေမှာ တစ်ခါက နံမည်ကျော်ခဲ့တဲ့ ရွှေသံစဉ်တီးဝိုင်းရဲ့ ဂီတမှုး ကိုဝင်းမော် ( အခုလက်ရှိ နိုင်ငံရေး အကျဉ်းသား ဘ၀နဲ့ ထောင်ထဲမှာပါ ) ထောင်ကျတာ (၂) ခါရှိပါပြီ၊ လူငယ်တွေကြားမှာ ယခုထက်တိုင် ရေပန်းစားစဲ နိုင်ငံကျော် စတီရီယိုအဆိုတော်တစ်ယောက်ဆို ၁၉၉၅ ၀န်းကျင်လောက်က အန်တီစုရဲ့ ဟောပြောပွဲ အခွေတွေကို သူ့စရိတ်နဲ့သူ ကူးပြီး လူထုဆီပို့ပေးတဲ့အလုပ်ကို တာဝန်ယူလုပ်ခဲ့တာပါ။ သူဟာ ယနေ့ထက်တိုင် ပေါ်လစီသီချင်းသီဆိုခဲ့တယ်လို့ မကြားမိ ပါဘူး၊ ဒီလိုလူတွေ အများကြီးရှိပါတယ်။
အချုပ်ပြောရရင် လူထုဟာ အချဉ်မဟုတ်ဘူး။ ဘယ်သူဟာ လူထုအတွက် ရပ်တည်သလည်း ဘယ်သူဟာ စစ်အာဏာရှင်လက်ကိုင်တုတ်လည်းဆိုတာ ခွဲခြားသိမြင် တတ်ပါတယ်။ အခုမှ သရုပ်ဆောင်လောကမှာ စတက်လာပြီး အရှိန်ရခါစ မင်းသမီးပေါက်စ မပြောနဲ့ အနုပညာသြဇာကြီးခဲ့တဲ့ ရုပ်ရှင်မင်းသားကျော်ဟိန်း ( အဲဒီကာလက သူ့ကိုမလို သူတွေက- တစညအတွက်စည်းရုံးရေး လုပ်ပေးနေပါတယ်ဆို လုပ်ကြံဝါဒဖြန့်ခဲ့လို့ ) ပြည်သူရဲ့ မုန်းတီးခြင်းဒဏ် ခံခဲ့ရတယ်။ နောက်မှ သတင်းစာထဲကနေ ရှင်းလင်းချက်နဲ့ မနည်းထုတ် ရှင်းလင်းခဲ့ရလို့ သက်သာရာရသွားတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ပြည်သူဟာ သူတို့ ပြောခွင့်လုပ်ခွင့် မသာရင်သာငြိမ်နေမယ်။ အခွင့်သာတာနဲ့ တုန့်ပြန်ကြမှာပါပဲ။ အခုဖြစ်သွားတဲ့ အနုပညာရှင် (၄) ဦးဆို ကိုကျော်သူနဲ့ပဲပါတ်သက်လို့ အနုပညာလုပ်ကိုင်ခွင့်ပဲ ရပ်ဆိုင်း ခံလိုက် ရတာတော်သေးတယ်လို့ မှတ်ယူရမှာပါပဲ။ ကိုဝင်းမော်လို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ် သက်ရင် ထောင်ထဲတောင် ထည့်မှာမလွဲပါဘူး။ ဒီလောက်ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ စစ်အာဏာရှင်တွေထက်စာရင် အမေရိကားမှာ ဆန္ဒပြကြတဲ့ ဒီမိုကရေစီအင်အားစုများရဲ့ လုပ်ရပ်ဟာတရားပါတယ်။ သိပ်ကိုတရားပါတယ်။ ပြည်သူအတွက်ရပ်တည်ရင်း အစတေးခံ လိုက်ရတဲ့ အနုပညာရှင် ကိုညီဂျော်။ မသန်းသန်းစိုး။ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့အပါဝင် အားလုံးသော ပြည်သူဘက်ကရပ်တည်တဲ့ ပြည်သူချစ်သော အနုပညာရှင်အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။

မောင်မောင်ဝင်း

No comments: