အနေရခက်အောင် ဖန်တီးကြသူများ


အနောက်တိုင်းက ဒဿနပညာရှင်ကြီး တွေ၊ ဒဿနပါမောက္ခကြီးတွေရဲ့ အတွေး အခေါ်တွေကို သာမန်လူတွေအနေနဲ့ နားမလည် နိုင်ဘူး။ အဲဒီ ပညာရှင်တွေရဲ့ အမူအကျင့်တွေကို ကြည့်တဲ့အခါမှာလည်း သာမန်လူတွေနဲ့ မတူဘဲ ခပ်ကြောင်ကြောင် ဖြစ်နေတတ်တာတွေ၊ ဒိဋ္ဌဘဝတွေကို မေ့မေ့လျော့လျော့ ဖြစ်နေတတ် တာတွေကို တွေ့ရတတ်တယ်။ ဒါကြောင့် ထင်ပါတယ်။ အဲဒီဒဿနပညာရှင်ဆိုသူတွေကို အမျိုးမျိုး ပြက်ရယ်ပြောင်လှောင်မှုတွေ လုပ်ခဲ့ကြတယ်။ လုပ်လည်းလုပ်ချင်စရာပဲပေါ့။

ဆရာဝန်..ဘာလုပ်သလဲ၊ ဘာလုပ်စား သလဲလို့မေးရင် ဆေးကုတဲ့အလုပ်လုပ် တယ်၊ ဆေးကုခြင်းဖြင့် အသက်မွေးမြူတယ်လို့ ဖြေနိုင် တယ်။ အလားတူပဲ။ အင်ဂျင်နီယာ ဘာလုပ် သလဲ၊ အင်ဂျင်နီယာရဲ့ အသက်မွေးဝမ်းကျောင်း က ဘာလဲဆိုရင် အင်ဂျင် နီယာ...။ တံတား ဆောက်တယ်၊ အဆောက်အအုံဆောက်တယ် စသဖြင့် ဖြေနိုင်တယ်။ တခြားပညာရှင်တွေကလည်း သူတို့ရဲ့ ပညာအလျောက် ဘာလုပ် တယ်ဆိုတာကို ပေါ်လွင်အောင် ပြောနိုင်ကြမှာ လဲ။ ဒါပေမဲ့... ဒဿနပညာရှင်ဘာလုပ်သလဲ၊ သူ့အသက်မွေးဝမ်းကျောင်းကဘာလဲလို့ မေးတဲ့ အခါမှာ ရုတ်တရက် မဖြေတတ်ကြဘူး ဖြစ်နေ တယ်တဲ့။ ဟုတ်မှာပဲ။

ဒဿနပညာရှင်... ဘာလုပ်သလဲ၊ ဘယ်လိုအသက်မွေးဝမ်း ကျောင်းလဲဆိုရင်ဖြေဖို့ခက်မှာပဲ။ တွေးတယ်၊ တွေးတဲ့ အလုပ်ကိုလုပ်တယ်လို့ ဖြေမလား။ တွေးပြီး အသက်မွေးဝမ်းကျောင်းလုပ်တယ် လို့ဖြေရင်လည်း အဖြေကတစ်မျိုးကြီးပဲ။ တွေးတယ်... ဆိုတာကို မြင်လို့လည်းမရဘူး။ အတွေးတွေကို ပြဖို့လည်းမလွယ်ဘူး။ အတွေး ဆိုတာတွေကို စားလို့သောက်လို့ရတာလည်း မဟုတ်ဘူး။
တက္ကသိုလ်ကြီးတွေမှာ ဒဿနပညာရှင် ဆိုသူတွေဟာ အတွေးအခေါ်ပညာရှင် တွေ သင်စားတဲ့ ပါမောက္ခအလုပ်ကိုတော့ လုပ် တယ်။ ဒါပေမဲ့ သင်ယူလာတဲ့အတွေး အခေါ် တွေနဲ့ဘာလုပ်စားမလဲ၊ အင်ဂျင်နီယာလို၊ ဆရာဝန်လို တံတားဆောက်၊ ဆေးကုလုပ်စား လို့ မရပြန်ဘူး။ ဒါကြောင့် `ဒဿနပညာရှင် ပေါင်မုန့်ဖုတ်မရဘူး’ လို့ ပြောတာ ဖြစ်မှာပဲ။

ဒဿနပညာရပ်ကို သင်ပေးတဲ့ ဒဿန ပါမောက္ခတွေဟာလည်း တော်တော် ကြောင်တယ်လို့ ဆိုရမယ်။ ဂျာမန်ဒဿနပါမောက္ခ အင်မယ်နျူရယ်ကန့် (Immanuel Kant) (၁၇၄၂-၁၈၄၀) ဟာ သိပ်ကို လေးနက်ခက်ခဲတဲ့ လူ့အသိဥာဏ်ဆိုင်ရာ ဒဿနအမြင်တွေကို ပြောဟောရေးသားသူဖြစ်တယ်။ ဒါပေမဲ့ သူ့အမူ အကျင့်တွေဟာ ပုံမှန်ဟုတ်ပုံမပေါ်ဘူး။ ကန့်ဟာ အိမ်ထောင်ပြုရေးကိစ္စကို သူ့ဘဝမှာ နှစ်ခါစဉ်းစား ဖူးတယ်တဲ့။ စဉ်းစားတာကြာလွန်းတာနဲ့ ပထမအမျိုးသမီးက သူ့ကို မစောင့်နိုင်တော့လို့ တခြားယောကျာ်းနဲ့ အိမ်ထောင်ပြုသွားတယ်။ နောက်အမျိုးသမီးတစ်ယောက်ကို အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ချက်ချပြီးလို့ သွားတွေ့တဲ့အခါ အဲဒီအမျိုးသမီးက တစ်နယ် တစ်ကျေးကို ပြောင်းသွားတာကြာပြီလို့ ပြောလိုက်လို့ ကန့်ကပြန်လာခဲ့ရတယ်။ ဆုံးဖြတ် ချက်ချဖို့ ဘယ်လောက်ကြာ တွေးနေခဲ့လဲမှ မသိပဲ။

တကယ်တော့ အိမ်ထောင်ပြုရမှာ ကြောက် လို့ ချီတုံချတုံတွေဖြစ်နေတာနဲ့ တူပါတယ်။ ကန့်က အိမ်ထောင်ပြုရင်၊ ကာမဂုဏ်မှုတွေကို ပြုရင် မောပန်းပြီးသေနိုင် တယ်လို့ တွေးပြီး ကြောက်တာတဲ့။ လမ်းလျှောက်ရင်လည်း ကန့်က သူ့ပါးစပ်ကို ဘယ်တော့မှမဟဘူး။ တွေ့တဲ့သူတွေနဲ့လည်း စကားမပြောဘူးပေါ့။ ပါးစပ်ဟရင် ပိုးတွေ ပြင်ပကနေဝင်ပြီး သူ့ကို ရောဂါရစေနိုင်တယ်လို့ ထင်နေလို့ ဆိုတာပဲ။

ကန့်ဟာ အချိန်သိပ်တိကျတယ်လို့ ပြောတာပဲ။ သူလမ်းလျှောက်ထွက်လာတာမြင်ရင် လူတွေ နာရီတိုက်လို့ရတယ်တဲ့။ လမ်းလျှောက် ချိန်၊ ဧည့်သည်နဲ့တွေ့ဆုံချိန်စတာတွေကို ကန့်က အတိအကျ လုပ်လေ့ရှိတယ်။ ဒါပေမဲ့ ကန့်ဟာ အလွန်သတိမေ့တတ်တယ်။ တစ်ခါမှာ စာသင် ခန်းထဲမှာ စာသင်နေရင်း ကျောင်းသား တစ်ယောက်ရဲ့ အင်္ကျီမှာ ကြယ်သီးတစ်လုံး မတပ်မိဘဲ ဖြစ်နေတာကို သတိပြုလိုက်မိတယ်။ အာရုံပြောင်းသွားတဲ့အတွက် ကန့်ဟာ သူ့ဟာသူ ဘာအကြောင်းကို သင်နေမိမှန်းမသိတော့ဘူး။ ဘာဆက်သင်ရမှန်းလဲမသိဘူး ဖြစ်သွားလို့ အတန်းဖြုတ် လိုက်ရတယ်လို့ မှတ်တမ်းတင်ထားတယ်။ ကန့်ဟာ ဘဝဇာတ်သိမ်းလည်း မကောင်းဘူးလို့ ပြောကြတယ်။ သိပ်တွေးလွန်း လို့ ထင်ပါတယ်။ ကန့်မှာ အိပ်မပျော်တဲ့ ရောဂါ၊ စိတ်ပျံ့လွင့်မှုတွေနဲ့ ဂယောင်ချောက်ချား ဖြစ်တဲ့ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ကြားရ ဖူးပါတယ်။

ဂျာမန်ဒဿနပညာဖြစ်တဲ့ ဟေဂယ် (George Wilhelm Friedrich Hegel (၁၇၇၀-၁၈၃၁))ဟာလည်း အလွန်အတွေးနက်ပြီး အလွန်မေ့တတ်သူထဲမှာပါတယ်။ သူ့ အတွေးအခေါ်က သိပ်ကိုစိတ္တဇဆန်တယ်။ နားလည်ရခက်တယ်။ ဒါကို ကားလ်မတ်စ် (ုမေူ မြေထ(၁၈၁၈-၁၈၈၃)) `ဟေဂေဟာ သူ့ အတွေးအခေါ်ကို သူကိုယ်တိုင်လည်း နားလည် ပုံမပေါ်ပါဘူး’ လို့ သရော်ဖူးတယ်။ ဟေဂယ်ဟာလည်း ကန့်လိုပဲ တစ်နေ့မှာ စာသင်ခန်းထဲ ရောက်လာတယ်။ သူ့ခြေထောက်တစ်ဖက်မှာပဲ ဖိနပ်ပါလာတယ်။ ဖိနပ်တစ်ဖက်က ရွှံ့ထဲမှာ နစ်ကျန်၊ ကျွတ်ကျကျန်ရစ်ခဲ့တာကို သူ သတိ မထားမိဘူး။ သိပ်ကို အတွေး နယ်ချဲ့လာခဲ့လို့နဲ့ တူပါတယ်။

နောက် ဂျာမန်ဒဿနပညာရှင်တစ်ဦးဖြစ် တဲ့ ရှိုပင်ဟောင်ဝါ(Arithur Schopenhauer (၁၇၈၈-၁၈၆၀))ရဲ့ အမူအကျင့်တွေဟာလည်း နားလည်ရခက်တယ်။ ရှိုပင်ဟောင်ဝါက ဟေဂယ်လို တက္ကသိုလ်မှာ ပါမောက္ခတော့ ဖြစ် မလာခဲ့ဘူး။ ပါမောက္ခ ခန့်ဖို့ ဟေဂယ်နဲ့ ရှိုပင် ဟောင်ဝါကို ဒဿနဆိုင်ရာလက်ချာတွေ (Lectures) ပေးခိုင်း တယ်။ ရှိုပင်ဟောင်ဝါ ပြောဟောပို့ချနေတဲ့ အခန်းထဲကနေပြီး နားထောင်နေတဲ့သူတွေဟာ နားထောင်ချင်စိတ် ကုန်လို့ထင်ပါရဲ့။ တစ်ယောက်ပြီးတစ်ယောက် ထွက် သွားလိုက် ကြတာ နောက်ဆုံးခုံလွတ် တွေနဲ့ ရှိုပင်ဟောင်ဝါပဲ ကျန်ရစ်တော့တယ်တဲ့။ ဒါနဲ့ ရှိုပင်ဟောင်ဝါဟာ ပါမောက္ခရာထူးနဲ့ လွဲချော်သွားခဲ့တယ်။

ရှိုပင်ဟောင်ဝါရေးတဲ့ The World is Will and Idea ဆိုတဲ့ စာအုပ်ကြီး ထွက်လာ တော့လည်း မအောင်မြင်ရှာဘူး။ ဒီစာအုပ်က ဆင်းရဲဒုက္ခတွေအကြောင်းကို အမွှမ်းတင်ရေး ထားတဲ့စာအုပ်ဖြစ်တယ်။ ရှိုပင်ဟောင်ဝါခမျာ စာမူခတစ်ပြားတစ်ချပ်မှ မရဘူး။ စာအုပ်တွေ ရောင်းမကုန်နိုင်လို့ နောက်ဆုံးမှာ ကုန်ထုပ်စက္ကူ အဖြစ်ရောင်းလိုက်ရတယ်တဲ့။

ရှိုပင်ဟောင်ဝါဟာ သူ့ဘဝကိုသူ စိတ်ချ လုံခြုံမှုမရှိသလို ခံစားရပုံပေါ်တယ်။ သူ သောက် တဲ့ ဆေးတံကို ညအိပ်ခါနီးမှာ သော့ခတ်ပြီး သိမ်းတယ်။ ယမ်းအသင့်ထိုးပြီး သေနတ်ကို လည်း အိပ်ရာနားထားပြီးမှ အိပ်တယ်။ ဆူညံသံ နဲ့ မိန်းမတွေကိုလည်း သူက မုန်းတယ်။ ရှိုပင် ဟောင်ဝါဟာ ခွေးတစ်ကောင်ကို အဖော်ပြုပြီး တိတ်တိတ်ဆိတ်ဆိတ် ပဲနေတယ်။ မိန်းမတွေ ဟာ အောက်ပိုင်းကြီးတယ်၊ အချိုးမကျဘူးလို့ မြင်တယ်။ ဒီအမြင် ရှိနေလို့ ရှိုပင်ဟောင်ဝါ မိန်းမ မယူတာလို့ ဝေဖန်ချက်တွေ ပေးကြတယ်။ ဒဿနသမိုင်း ကိုကြည့်ရင် ဒဿနပညာရှင် ကြီးတွေဟာ အိမ်ထောင်မပြုကြဘူး။ လူပျို ကြီးတွေအဖြစ် နေနေကြတယ်။ ဒါကြောင့် ဒဿနပညာရှင်ဆိုတာ အိမ်ထောင်မပြုဘူး။ မိန်းမမယူဘူး လို့တော့ ယူဆလို့မရပါဘူး။ ဒဿနပညာရှင်ကြီး ဘာထရန်ရပ်ဆယ် (၁၈၇၂-၁၉၇၀) ကတော့ မိန်းမလေးကြိမ်၊ လေးယောက်ယူတယ်။

ဒဿနပညာရှင်တွေဟာ ဘဝမှာ ဘယ်လို အသက်ရှင်သင့်တယ်၊ ဘယ်လို နေထိုင်သင့် တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး အမျိုးမျိုးတွေး၊ အမျိုးမျိုးပြောကြတယ်။ ဂရိက ဒဿနပညာရှင် ဒိုင်အိုဂျီးနီးစ်(ီငသါနညနျ)ကတော့ စည်ပိုင်းထဲ ဝင်နေတယ်။ ဒဿနပညာရှင် စပီနိုဇာ (၁၆၃၂-၁၆၇၇)ကတော့ အိမ်အပေါ်ထပ် ထပ်ခိုးက ပင့်ကူ အိမ်တွေကြားမှာနေတယ်။ ပင့်ကူတွေ အိမ်ဆောက်တာကို စိတ်ဝင်စားစွာ ကြည့်တယ်။ စပီနိုဇာက ပင့်ကူတွေ အိမ်ဆောက်တာကို ကြည့်ပြီး ဝမ်းနည်းဝမ်းသာ ဖြစ်နေတတ်တယ်။ ပင့်ကူတွေနဲ့ သူ့ဘဝ တစ်သားတည်းဖြစ်နေပုံရ တယ်။ တစ်ယောက်ယောက်က စေတနာ ကောင်းကောင်းနဲ့ သူ့အခန်းကို ရှင်းလင်းပေး တယ်။ ပင့်ကူအိမ်တွေကို ဖယ်ရှားပေးတယ်။ အိမ်ကို ပြန်လာလို့၊ သူနေထိုင်ရာ ထပ်ခိုးလေး ကို ရောက်လို့ ပင့်ကူအိမ်တွေမရှိတော့တာ တွေ့တဲ့အခါမှာ စပီနိုဇာက အကြီးအကျယ် စိတ်ဆိုးဒေါသတွေဖြစ်တယ်လို့ အဆိုရှိ ပါတယ်။

ဒဿနပညာရှင်တွေ တွေးတဲ့အခါမှာလည်း သိပ်ပုံမှန် Normalူ ဖြစ်ပုံမရဘူး။ ဆော့ခရတ္တိ (ဘီစီ ၄၇၀-၃၉၉)ဟာ ဈေးထဲ တစ်နေရာမှာ နှင်းတွေထဲမှာ တစ်ညလုံး မတ်တတ်ကြီးရပ်ပြီး တွေးနေတယ်ဆိုပဲ။ ပြင်သစ်ဒဿနပညာရှင် ရယ်နီဒေးကား(Rene Descartes(၁၅၉၆-၁၆၅၀))ကတော့ မီးငြိမ်းသွားလို့ ခပ်နွေးနွေးဖြစ် နေတဲ့ မီးလင်းဖိုထဲ ဝင်ပြီး တွေးတယ်။ ဒီလို တွေးရင်းက `ငါ တွေးတယ်၊ ဒါကြောင့် ငါရှိ တယ်။ (I think, therefore I am)}ဆိုတဲ့ အက်စီယမ်(Axiom) ကိုရခဲ့တယ်လို့ဆိုကြတာပဲ။

ဒီဒဿနပညာရှင်တွေရဲ့ ခပ်ကြောင်ကြောင် အမူအကျင့်တွေကြောင့် သူတို့ကို ပြောင်လှောင်မှု တွေ အမျိုးမျိုး၊ ဟာသကွက်တွေအမျိုးမျိုး လုပ်ခဲ့ ကြတယ်။ ဖြစ်တည်မှုဝါဒ (Existentialism) ကို လေ့လာရင် ချန်ထားလို့မဖြစ်တဲ့ ပုဂ္ဂိုလ်က တော့ ဒိန်းမတ်လူမျိုး ဒဿနပညာရှင်ဆိုရင် ကဲကီဂတ် (Soren Kierkeggar(၁၈၁၃-၁၈၅၅)) ပါပဲ။ သိပ္ပံပညာရှင်တွေဟာ တီထွင်မှု အမျိုးမျိုးတွေ၊ အင်ဂျင်နီယာတွေက တည်ဆောက်မှုအမျိုးမျိုးတွေနဲ့ လူသတ္တဝါတွေ သက်သာလွယ်ကူစွာ နေနိုင်အောင် အကျိုးပြုခဲ့ကြတယ်။ လူတွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းနိုင်ခဲ့တယ်။ ငါကရော တွေးခေါ်ရှင် တစ်ယောက်အနေနဲ့ လူသားတွေကို ဘာများ ကူညီဖြည့်စွမ်းဆောင်ရွက် ပေးနိုင်မှာလဲလို့ ကဲကီဂတ်က တွေးတယ်။ ဆေးပြင်းလိပ်ကြီး တစ်လိပ်ကုန်အောင် သောက်ပြီးတွေးတာတဲ့။ ဆေးလိပ်လည်းကုန်ပြီ။ ငါ လူသားတွေအတွက် ဘာမှ လုပ်မပေးနိုင်ပါလားဆိုတဲ့အဖြေပဲ ရတယ် တဲ့။ ဒါပေမဲ့ ခဏအကြာမှာ သူ့စိတ်ထဲမှာ ဥာဏ် အလင်းရောင်တစ်ခုပေါ်လာတယ်တဲ့။ ဘယ်လို ဥာဏ်အလင်းရောင်ဝင်လာတာလဲဆိုတော့ `ဒဿနပညာရှင်တစ်ဦးအနေနဲ့ လူသတ္တဝါ တွေ သက်သာလွယ်ကူစွာ နေထိုင်နိုင်ရေး အတွက် ဘာဆိုဘာမှ စွမ်းဆောင်မပေးနိုင်တာ အမှန်ပဲ။ ဒါပေမဲ့ ဒဿနပညာရှင်အနေနဲ့ ဝမ်းနည်းစိတ်ပျက်စရာ မရှိပါဘူး။ ဘာကြောင့် ဆိုတော့ ဒဿနပညာရှင်မှာ လူတွေအတွက် လုပ်ပေးနိုင်တာတစ်ခုတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ လူတွေ လူ့ဘဝမှာ အနေ ပိုခက်ခဲ သွားအောင် ကူညီပေးခြင်း ပဲဖြစ်တယ်’ ဆိုတဲ့ ဥာဏ်အလင်းရောင် သူ့စိတ်ထဲ လင်းလက်သွားတာတဲ့။

ဖြစ်ရလေ...ဒဿနပညာရှင်ရဲ့ လုပ်နိုင်တဲ့ အလုပ်က လူတွေ ပိုအနေခက်သွား အောင် ကူညီ ပေးမယ့်အလုပ်တဲ့။ ကဲကီဂတ်ရဲ့အတွေးအမြင် ဟာ တော်တော်ကြောင် တဲ့ အတွေးအမြင် ဖြစ်တယ်လို့ ထင်စရာရှိပါတယ်။

ဒါပေမဲ့ စဉ်းစားကြည့်...

လူတွေဟာ အိပ်ဖို့၊ စားဖို့၊ ကာမဂုဏ် မှီဝဲဖို့ဆိုတာလောက်နဲ့ အသက်ရှင်နေရင် အဲဒီလို အသက်ရှင်နေတဲ့ဘဝမျိုးဟာ တန်ဖိုးရှိရဲ့လား။ ကောင်းကောင်းစားနိုင်ရေး၊ ကောင်းကောင်းဝတ် နိုင်ရေး၊ ကောင်းကောင်းကာမဂုဏ်ခံစား သုံးဆောင်နိုင်ရေး၊ ဂုဏ်ပကာသနတွေ တိုးတက် ရေးအတွက်ပဲ လုပ်ကိုင်ဆောင်ရွက်ရင်း အသက်ရှင် နေတဲ့ဘဝကရော အဓိပ္ပာယ်ရှိတဲ့ ဘဝမျိုးလား။

ဆော့ခရတ္တိက သူ့ကို သေဒဏ်ချမှတ်တဲ့ ဂျူရီအဖွဲ့ကို ရည်ညွှန်းပြီး `သင်တို့ဟာ အသိ ပညာရရှိရေး၊ အမှန်တရားကို သိမြင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ်စင်ကြယ် တိုးတက် ရေးအတွက် အားမထုတ်ကြဘဲ တစ်နေ့ပြီး တစ်နေ့ ပစ္စည်းဥစ္စာတိုးတက်ရေး၊ ဂုဏ်သိက္ခာ မြင့်မားရေး၊ ထင်ပေါ်ကျော်စောရေးတွေအတွက် ပဲ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြ သလော’လို့ မေးဖူးပါတယ်။ `ဘဝကို မစူးစမ်း မလေ့လာဘဲ ဘဝမှာ နေနေခြင်းဟာ အချည်းနှီးသော နေခြင်းဖြစ်တယ်။ (Unexamined Life is not worth Living)’လို့လည်း ဆော့ခရတ္တိက ပြောလေ့ရှိတယ်။

ဘဝမှာ ဘယ်လိုနေခြင်းဟာ အကောင်းဆုံးလဲ၊ ဘယ်လိုနေမှ အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်ခြင်းမျိုးလဲ၊ ဘယ်လိုတန်ဖိုးရှိတဲ့ ဘဝမျိုးကို ရွေးချယ်နေထိုင်ရမလဲ စတဲ့ မေးခွန်းတွေနဲ့ ကြုံလာတဲ့အခါမှာ ဘဝမှာ အကောင်းဆုံးအရာဟာ ဘာလဲလို့ တွေးလာရတဲ့အခါမှာ...ဪသာ် ဘဝအကြောင်းသိဖို့က ခက်ခဲပါလားလို့တွေးမိ လာတယ်။ အကောင်းဆုံးဘဝကို ရွေးချယ်ပြီး အဲဒီလို ရွေးချယ်တဲ့အတိုင်း တကယ် လက်တွေ့ ကျင့်သုံးနေထိုင်ဖို့ဆိုတာလည်း ခက်မှခက်... ဆိုရင် ကဲကီဂတ်က ...အဲဒီလို ဘဝနဲ့ ပတ်သက်တဲ့ အတွေးတွေ တွေးမိအောင် ကူညီ မယ်လို့ ဆိုလိုဟန်ရှိပါတယ်။

ဒီအတွေးတွေနဲ့ ဘဝမှာ နေဖို့ခက်တယ်။ နေဖို့ခက်နေသူဟာ လေးနက်တဲ့ အတွေးအမြင်တွေ၊ ကျယ်ပြန့်တဲ့ ဘဝဆိုင်ရာ လေ့လာမှုတွေ ရှိလာလို့ပါပဲ။ ဒါကို ရည်ရွယ်ပြီး ဒဿနပညာရှင်ဟာ လူတွေကို အနေရ ပိုခက်အောင် ကူညီပေးမယ်လို့ ကဲကီဂတ်က ဆိုလိုဟန်တူပါတယ်။

ကဲကီဂတ်ရဲ့ အရေးအသားတွေဟာ နားလည်ရခက်တယ်။ `နောက်တစ်နေ့၌ ကိုယ့်ဟာကိုယ် သေနေတာကို ကိုယ်တိုင်တွေ့ရတယ်’ ဆိုတဲ့ အရေးအသားမျိုးဆိုပါတော့။ သေသွားပြီဆိုမှတော့ သေသူဟာ သူ့ဟာသူ သေနေမှန်းကို ဘယ်လိုလုပ်တွေ့သိနိုင် မှာလဲ။ အဓိပ္ပာယ်မရှိတဲ့ အရေးအသားမျိုးလို့ ပြောမှာပဲ။ ကဲကီဂတ်ဆိုလိုချင်တာက တစ်မျိုးဖြစ်ပါလိမ့် မယ်။ ဒီလိုရေးတတ်တဲ့ ကဲကီဂတ်ကို ရည်ရွယ်ပြီး ခပ်ကြောင်ကြောင် အတွေးအခေါ် ပါမောက္ခ တွေ၊ ပညာရှင်တွေအကြောင်း ပြုံးစရာဇာတ်လမ်းလေးတွေ အများကြီးပဲ ထွင်ရေးကြတယ်။

တစ်ခါမှာ ဒဿနပညာရှင်ကြီးတစ်ဦးဟာ လူ့အသိဥာဏ်အကြောင်းကို ရှင်းပြတဲ့ ကျမ်း တစ်ကျမ်းကို ပြုနေတယ်တဲ့။ ဒီဒဿနပညာရှင် ကြီးဟာ စနစ်တကျတွေးတတ် သလို တိတိကျကျ လုပ်တတ်တဲ့ အကျင့်လည်းရှိတယ်တဲ့။ တစ်ညမှာ ရေးလက်စကျမ်းကို အရေးရပ်ပြီး အိပ်ရာဝင်ဖို့ စိတ်ကူးတယ်။ တိကျစွာ ဆောင်ရွက်တတ်သူဆိုတော့ အိပ်ရာဝင်ခါနီးမှာ စနစ်တကျနဲ့ တိတိကျကျ အလုပ်သိမ်းတဲ့အနေ နဲ့ စာရင်းလုပ်တယ်။ သူရေးသားနေတာကို ဘယ်လိုအဆုံးသတ်ထားတယ်၊ ကိုးကားကျမ်း ရဲ့ ကိုးကားဆဲ စာမျက်နှာက ဘယ်လောက်၊ နောက်တစ်နေ့ ဆက်လက်ကိုးကားမယ့်ကျမ်းရဲ့ အမည် ကဘာ စသဖြင့် နံပါတ်ထိုးပြီး စာရင်း တိတိကျကျလုပ်တယ်၊ စာရေးစာဖတ်တဲ့အခါ တပ်တဲ့မျက်မှန်ကို ဘယ်မှာ ချထားတယ်ဆိုတာ ကိုလည်း စာရင်းထဲ ထည့်တယ်။ ကျမ်းပြုနေတဲ့ ဒဿနဆရာ မိမိကိုယ်တိုင်က အိပ်ရာပေါ်မှာလို့ နောက်ဆုံးနံပါတ်နဲ့ စာရင်းပိတ်ပြီး အိပ်သွားတယ်တဲ့။

နောက်နေ့ နံနက် ဒီဒဿနဆရာကြီး နိုးလာတဲ့အခါမှာ သူ ညက လုပ်ခဲ့တဲ့ စာရင်းထဲ က နံပါတ်စဉ်နဲ့ ညွှန်းထားတာတွေကို ရှာ တယ်။ နောက်ဆုံးနံပါတ်က ညွှန်ထားတာက လွဲရင် အကုန်တွေ့တယ်တဲ့။ နောက်ဆုံးနံပါတ် က ညွှန်းထားတဲ့ ဒဿနဆရာ မိမိကိုယ်တိုင် ကို ရှာလို့မတွေ့ဘူးဖြစ်နေတယ်တဲ့။

ဒဿနဆရာဟာ ကိုယ့်ကိုယ်ကိုယ်တောင် ရှာမတွေ့တဲ့၊ မသိတော့တဲ့သူပဲလို့ လှောင်ပြောင်တာ ဖြစ်မှာပေါ့။ တစ်ညနေမှာလည်း ပန်းခြံထဲမှာ ဒဿန ဆရာကြီးတစ်ဦးက ထိုင်နေတယ်။ ပန်းခြံပိတ်ချိန် ရောက်ပေမဲ့လည်း ဆက်ထိုင်နေတယ်။ ပန်းခြံစောင့်က သူ့ဆီသွားပြီး ပန်းခြံပိတ်တော့မှာ ဖြစ်ကြောင်း၊ ဒါကြောင့် ပန်းခြံထဲက ထွက်ပေးပါလို့ ပြောတယ်။ ဒါပေမဲ့ ဒဿနဆရာက မကြားသလိုလို၊ ဂရုမစိုက်သလိုလို လုပ်နေ တယ်။ ဒါကြောင့် ပန်းခြံစောင့် က ထွက်ပေးပါလို့ ထပ်ပြောတယ်။ ဒဿနဆရာကလည်း ထိုင်ရာကနေမထဘူး။ ပန်းခြံစောင့်က ဒေါသ ဖြစ်လာပြီးတော့ `ခင်ဗျားဘယ်လူလဲ’ လို့ အော်ငေါက်မေးတယ်။

`ငါဘယ်သူလဲ..ဟုတ်လား။ ငါမသိဘူး’ လို့ ဒဿနဆရာက ဖြေတယ်တဲ့။

ဒီဒဿနဆရာရဲ့ အဖြေစကားဟာ ကြောင်တောင်တောင်နဲ့ ဖြေလိုက်တာလို့ ပြောလို့လည်း ရတယ်။ သူ့အဖြေဟာ မှန်တယ်လို့လည်း ပြောနိုင်တယ်။ ဗောဓိဓမ္မ(အေဒီ ၆ ရာစု)ဟာလည်း အထက်ပါ ဒဿနဆရာဖြေသလို ဖြေခဲ့ဖူး တယ်။ဲ့။

ဗောဓိဓမ္မဆိုတာ အိန္ဒိယတောင်ပိုင်းက နေပြီး တရုတ်ပြည်ကို ဗုဒ္ဓသာသနာပြုဖို့ ရောက်သွားခဲ့တဲ့ ရဟန်းတော်တစ်ပါးဖြစ်ခဲ့ တယ်။ တရုတ်ပြည်က ဘုရင်ဧကရာဇ် Emteror Wu အေဒီ ၅၂၀(ဗီ ၅၂၀)နဲ့ သူ တွေ့တယ်။ ဘုရင်ဧကရာဇ်က ဗုဒ္ဓဝါဒသဘော တရားတွေကို မေးတယ်။ ဗောဓိဓမ္မကလည်း ရှင်းပြတယ်။ ဒါပေမဲ့ ဘုရင်ဧကရာဇ် ဟာလည်း နားလည်သဘောကျပုံမပေါ်ဘူး။ ဗောဓိဓမ္မရဲ့ ဟောပြောပုံကို မကျေမနပ် တွေတောင် ဖြစ်တယ်။ ဒါနဲ့ ဘုရင်က `သင် ဘယ်သူလဲ’ လို့ မေးတော့ ဗောဓိဓမ္မက `မသိဘူး’ လို့ ဖြေတယ်။ ကိုယ့် ကိုယ်ကိုယ်တောင် ဘယ်သူမှန်းမသိတဲ ရဟန်း ပဲလို့ အဲဒီဘုရင်ဧကရာဇ်က ထင်ချင်ထင်မှာပဲ။ စောစောက ဒဿနဆရာကို ထင်နည်းကားပဲ ဖြစ်မှာပေါ့။

တကယ်တော့ ဗောဓိဓမ္မရဲ့ အဖြေက မှန်တဲ့အဖြေပဲ။

သိပ္ပံပညာရှင်တွေက ပြောကြတယ်။ တစ် စက္ကန့်ကို အပုံသန်းတစ်ထောင်ပုံတစ်ပုံ ဆိုရင် သိပ်ကိုတိုတောင်းမှာပဲ။ အဲဒီလောက် တိုတောင်း တဲ့ အချိန်လေးအတွင်းမှာပဲ လူ့ခန္ဓာကိုယ်က ကလာပ်စည်းဆဲလ်တွေဟာ အသစ်အသစ်ဖြစ် နေတာတဲ့။ ခန္ဓာကိုယ်မှာ တခဏလေးမှ မြဲနေတဲ့ အရာရယ်လို့ မရှိဘူး။ သိတတ်တဲ့ စိတ်ကလည်း အမြဲပြောင်းလဲ နေတယ်။ စိတ်ရဲ့ပြောင်းလဲမှုက ရုပ်ရဲ့ ပြောင်းလဲမှုထက်မြန်တယ်။ ဒီတော့ ခန္ဓာတစ်ခုလုံး ဟာ အမြဲပြောင်းလဲနေတဲ့ ပျက်အစဉ်ကြီး ဖြစ်နေတယ်။

အဲဒီပျက်အစဉ်ကြီးမှာ သက်ဆိုင်ရာအခြေ အနေ၊ အကြောင်းတရားတွေကြောင့် မိန်းမ၊ ယောကျာ်းစတဲ့ပုံတွေ၊ အသွင်သဏ္ဌာန်တွေ ဖြစ်နေတာ။ အဲဒီလိုဖြစ်နေတဲ့ မိန်းမ ယောကျာ်း စတဲ့အသွင်သဏ္ဌာန်တွေကိုပဲ သူ...ငါ၊ သူပဲ ...ငါပဲလို့ ထင်မှတ်ပြောဆို နေကြတာ။ တကယ် က အဲဒီပြောင်းနေတဲ့ အစဉ်ကြီးမှာ သူ၊ ငါ၊ ဘယ်သူ၊ ဘယ်ဝါရယ်လို့ ရှိမှမရှိဘဲ။ ဘယ်သူ ဘယ်ဝါရယ်လို့ ပြောလို့မှ မရဘဲ။ ဒါကြောင့် ဗောဓိဓမ္မကို `သင်ဘယ်သူလဲ’ လို့ မေးတဲ့အခါမှာ `မသိဘူး’ လို့ ဖြေလိုက်တာဟာ မှန်သောဖြေခြင်း ပါပဲ။

ဗုဒ္ဓစာပေမှာ လူ့စိတ်၊ လူ့ရုပ်ခန္ဓာရဲ့ ပြောင်းလဲနေမှုကို အလေးအနက်ဖော်ပြထား တယ်။ စိတ်ရုပ်ဆိုတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရား တွေဟာ အလွန်လျင်မြန်စွာနဲ့ ပြောင်းနေကြ တယ်။ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်းမှာပဲ စိတ်(နာမ်တရား)တွေဟာ ခဏ ပေါင်းကုဋေတစ်သိန်းမက ရုပ်ကလည်း ခဏပေါင်း ကုဋေငါးထောင်မက ပြောင်းနေကြ တာတဲ့။

စိတ်စေတသိက်တရားတစ်စုတစ်စု၊ တစ်ခု တစ်ခုမှာ ဥပါဒ်ခဏ၊ ဋ္ဌီခဏ၊ ဘင်ခဏ ဆိုပြီး ခဏငယ် သုံးချက်စီ အသက်ရှည်တယ်။ အဲဒီ ခဏငယ်သုံးချက်အချိန်ပိုင်းကို `စိတ္တက္ခကြီး တစ်ချက်’ လို့ ခေါ်တယ်။ မျက်စိကတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာပဲ အဲဒီစိတ္တက္ခဏပေါင်း ကုဋေတစ်သိမ်းကျော်ကျော် ဖြစ်ချုပ်သွားကြ တယ်။ ဗုဒ္ဓအဘိဓမ္မာအလိုအရ (လက္ခဏာရုပ် လေးခု၊ ဝိညတ်ရုပ်နှစ်ခုကို ဖယ်လိုက်ရင်) ရုပ် အမျိုးအစား ၂၂ မျိုး ရှိသေးတယ်။ အဲဒီ ၂၂ မျိုးသော ရုပ်တွေဟာ စိတ္တက္ခဏပေါင်း ၁၇ ချက်လောက်စီ အသက်ရှည်ကြာကြတယ်တဲ့။ စောစောက ဖယ်ထားခဲ့တဲ့ ဝိညတ်ရုပ်နှစ်ခု ကတော့ စိတ်ဖြစ်လျှင်ဖြစ်၊ စိတ်ချုပ်လျှင် ချုပ်ကြ တယ်။ လက္ခဏရုပ်လေးပါးမှာလည်း ဥပစရနဲ့ သန္တတိဆိုတဲ့ ရုပ်တွေဟာ ရုပ်ရဲ့ဥပါဒ်ခဏပိုင်း ဖြစ်ပြီးတော့ ခဏငယ် တစ်ချက်ခန့်စီလောက် အသက်ရှည်ကြာတယ်။ ဇာရတာဆိုတဲ့ ရုပ်က ရုပ်ရဲ့ဋ္ဌီခဏပိုင်း ဖြစ်ပြီးတော့ ခဏငယ် ၄၉ ချက် လောက် အသက်ရှိတယ်။ အနိစ္စတာရုပ်က ရုပ်ရဲ့ ဘင်ခဏပိုင်းဖြစ်ပြီးတော့ ခဏငယ် တစ်ချက်ခန့် အသက်ရှည်ကြာတယ်တဲ့။ ဒါကို ကြည့်ရင် ရုပ်နာမ်ဓမ္မသင်္ခါရတွေဟာ မိမိတို့ရဲ့ `ဘင်ခဏ’ ကို ရောက်ရောက်ပြီး ချုပ်ပျောက် သေဆုံးနေတယ်လို့ ဆိုရမယ်။

ဒီလိုချုပ်ပျောက်သေဆုံးနေတာကိုပဲ `ခဏိကမရဏ’ လို့ ခေါ်တယ်တဲ့။ ခဏတိုင်း သေနေတယ်ပေါ့။ လူတိုင်းလူတိုင်းဟာ မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် အချိန်ပိုင်း ကာလလေး အတွင်းမှာ ခဏိကမရဏသေခြင်းမျိုးနဲ့ အကြိမ် ပေါင်း ကုဋေတစ်သိန်းကျော် သေဆုံးနေတယ် လို့ ပြောနိုင်တယ်တဲ့။

ဒါဆိုရင် နောက်တစ်နေ့မနက်မှာ ကိုယ့် ကိုယ်ကိုယ်ရှာမတွေ့ဘဲ ပျောက်နေတဲ့ ဒဿန ဆရာကြီးဟာဆိုရင် ကဲကီဂတ်ရဲ့ နောက်တစ်နေ့ ၌ ကိုယ့်ဟာကိုယ် သေနေတာ ကို ကိုယ်တိုင် တွေ့ရတယ်’ဆိုတဲ့ အရေးအသား၊ အဆိုအမိန့် ဟာ မှားတဲ့အရေးအသား၊ အဆိုအမိန့်တော့ မဟုတ်ဘူး။

အရှေ့တိုင်း ဗုဒ္ဓဒဿနနယ်ပယ်မှာရှိတဲ့ ကျင့်စဉ်ကို ကိုယ်တိုင်တကယ်အားထုတ် လို့ လုံလောက်တဲ့ ခဏိကသမာဓိရရင်... ကိုယ် တိုင်... သေတာကို တကယ်ပဲတွေ့နိုင် တယ်လို့ ဆိုရမယ်။ မိမိဘဝမိမိခန္ဓာကိုယ်ဟာ ခဏတိုင်း ပျက်နေတယ်။ ခဏတိုင်း ပြောင်းနေတယ်။ ခဏတိုင်း သေနေတယ်လို့ လုံလောက်တဲ့ သမာဓိ၊ လုံလောက်တဲ့ဥာဏ်နဲ့ မြင်သိရင် အဲဒီဘဝ၊ အဲဒီခန္ဓာကိုယ်ကို စွဲလမ်းကပ်ငြိမ်မှု တွေ ကင်းသွားတယ်။ အဲဒီဘဝ၊ အဲဒီခန္ဓာနဲ့ ပတ်သက်နေတယ်တဲ့ စိတ်ညစ်စရာ စိတ်ပျက် စရာ၊ အလိုမကျစရာ၊ မကျေနပ်စရာ၊ ဖြစ်ချင် တာ မဖြစ်ရလို့ စိတ်မချမ်းသာတာ၊ မဖြစ်ချင်တာ တွေနဲ့ ကြုံရလို့ စိတ်မသက်သာတာ၊ သောကရောက်ရတာတွေ၊ ပူဆွေးငိုကြွေးရတာ တွေစတဲ့ အနိဋ္ဌာရုံတွေ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ပတ်သက်မှုမှ မရှိတော့ဘဲကိုး။

တစ်နေ့မှာ ဂေါတမဗုဒ္ဓဟာ `ကပ္ပါသိက’ လို့ခေါ်တဲ့ တောအုပ်အတွင်းက သစ်ပင်တစ်ပင်ရဲ့ ခြေရင်းမှာ တစ်ပါးတည်းထိုင်နေတော်မူတယ်။ တကယ်တော့ ဂေါတမမြတ်စွာဘုရားဟာ ဥရုဝေလတောရှိရာကိုြွကလာခဲ့တာတဲ့။ အခု ထိုင်နေတော်မူတဲ့ နေရာက ဥရုဝေလတော ကို မရောက်ခင် လမ်းခရီးအကြားက တောအုပ်ငယ်ဖြစ်ပါ လိမ့်မယ်။

ဂေါတမမြတ်စွာဘုရားထိုင်နေချိန် အဲဒီ ကပ္ပာသိက တောအုပ်ထဲမှာပဲ ဘဒ္ဒဝဂ္ဂီလို့ခေါ်တဲ့ မင်းသားညီနောင် သုံးကျိပ်(သုံးဆယ်)ဟာ သူတို့ ရဲ့ မယားတွေနဲ့ ပျော်ပါးစားသောက်နေကြ တယ်တဲ့။ အဲဒီညီနောင်တွေဟာ တပူးတွဲတွဲနဲ့ အသင်းလိုက် အဖွဲ့လိုက် ဆိုပါတော့။ သွားကြ လာကြ ပျော်မြူးကြတယ်။ ဒါကိုအစွဲပြုပြီး သူတို့ကို ဘဒ္ဒဝဂ္ဂီညီနောင်တွေလို့ ခေါ်တာတဲ့။ ပြီးတော့လည်း ဒီမင်းသားတွေဟာ ကောသလ မင်းကြီးနဲ့ ဖတူမိကွဲ ညီအစ်ကိုတော်စပ်ကြသူ တွေဖြစ်တယ်။

အဲဒီဆိုခဲ့တဲ့တောအုပ်မှာ မင်းသားတွေ ပျော် နေကြတုန်း ပြဿနာတစ်ခု ဖြစ်ခဲ့တယ်။ ဘာလဲဆိုတော့ သူတို့ထဲမှာ မယားမပါတဲ့ မင်းသား တစ်ပါးပါတယ်။ သူ့မှာ မယားမပါလို့ ခေတ္တ မယားအဖြစ်နဲ့ မိန်းမတစ်ယောက်ကို အခပေးပြီး ငှားပေးကြတယ်။ အဲဒီမိန်းမက မင်းသားတွေ သောက်စားမူးယစ် မေ့လျော့နေချိန်မှာ မင်းသားတွေဆီက အဖိုးထိုက်တန်တဲ့ပစ္စည်းတွေကို ခိုးပြီး ထွက်ပြေးသွားတယ်။ ဒီလိုထွက်ပြေးတာကို သိတဲ့အချိန်မှာ မင်းသားတွေက အဲဒီ ထွက်ပြေးတဲ့ မိန်းမကို လိုက်ရှာကြတယ်။ ဒီလို ရှာဖွေရင်းက စောစောက သစ်ပင်ရင်းမှာ ထိုင်ပြီး သတင်းသုံးနေတဲ့ ဂေါတမမြတ်စွာဘုရား ကို မြင်တွေ့ကြတယ်။ သူတို့က ဂေါတမမြတ်စွာ ဘုရားကို မိန်းမတစ်ယောက်ကို မြင်မိပါ သလား လို့ မေးကြတယ်။ ဂေါတမမြတ်စွာဘုရားက မြင်တယ် မမြင်ဘူး ဘာမှမဖြေဘဲနဲ့ `ဒီမိန်းမကို ဘာလို့ရှာတာလဲ’ လို့ပဲ ပြန်မေးတယ်။ အဲဒီအခါ မှာ မင်းသားတွေက မိန်းမကိုရှာရခြင်း အကြောင်းစုံကို ပြောကြားကြတယ်။ ဒီအခါ မှာ ဂေါတမမြတ်စွာဘုရား က...

“မင်းသားတို့...သင်တို့အဖို့ရာ မိန်းမ ပျောက်ကို ရှာခြင်းနှင့် မိမိကိုယ်ကိုရှာခြင်း နှစ်မျိုးတို့တွင် အဘယ်ရှာခြင်းက မြတ်သည်ဟု သဘောကျကြကုန်သနည်း”လို့ မေးတယ်။

ဂေါတမဗုဒ္ဓရဲ့ အထက်က အမေးစကားကို ကြည့်ရင် ဘဝကို အနေခက်အောင် ဖန်တီး ပေးတဲ့အမေးစကားဖြစ်တယ်ဆိုတာ တွေ့ရ မယ်။ ဇနီးမယားတွေ၊ အဖျော်ယမကာ တွေနဲ့ ဘဝမှာ နေရတာဟာ မင်းသားတွေအတွက် လွယ်ကူတယ်။ မိန်းမပျောက်တာ ရှာရတာဟာလည်း တကယ်တော့ လွယ်ကူပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ရှာဖို့ဆိုတာ ခက်ခဲတယ်။ ကိုယ့်ကိုယ်ကိုယ်ရှာရင်း ဘဝမှာ နေဖို့ဆိုတာ သိပ်ကို ခက်ခဲသွားတယ်လို့ထင်တယ်။ ဟုတ်မှာပါပဲ။ ဘဝမှာ အကုသိုလ်ဆိုတာကို မကြောက်ဘဲထင်သလိုနေရတာဟာ လွယ် တယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး နေရတာဟာ လွယ်ကူတယ်။ မကောင်းတဲ့အကျင့်စရိုက်ဆိုး တွေကိုရဖို့လည်း လွယ်တယ်။ မကောင်းတာ တွေပြောရင်း၊ ဆဲဆိုတိုင်းထွာရင်း၊ အတင်း အဖျင်းပြောရင်း ဘဝမှာနေရတာ လွယ်ကူ တယ်။ ပေါ့ပါးတယ်။ အပျင်းပြေတယ်လို့ တောင် ထင်ရတယ်။ ဒါကြောင့် ... `အပြစ် ဖြစ်အောင်နေဖို့နဲ့ မကောင်းတာတွေ လုပ်ပြီး ငရဲသွားဖို့ဆိုတာလွယ်တယ်’ ပြောကြတာ ဖြစ်မှာပဲ။ အကုသိုလ်တွေ မဖြစ်အောင်နေဖို့၊ သိက္ခာသမာဓိရှိအောင် နေထိုင်ဖို့ဆိုတာကျတော့ ခက်တယ်။ ဒီဘဝမှာပဲ အမြိုက်နိဗ္ဗာန်ကို သိမြင်အောင် ကြိုးစားပြီး အသက်ရှင်နေထိုင်မယ် ဆိုတာမျိုးကတော့ ခက်လိုက်မည့် ဖြစ်ခြင်း...။

ဂေါတမဗုဒ္ဓရဲ့အထက်က အမေးစကား ကိုသာ သာမန်လူတွေအနေနဲ့တော့ ဘယ်လို စကားကြီးပါလိမ့်၊ ငါ့ကိုယ်နဲ့ငါသွားလာ လုပ်ကိုင်စားသောက်နေတာပဲဟာ၊ ဘယ့်နှယ် ကိုယ့်ကိုယ်ကိုယ် ရှာနေရဦးမှာလဲလို့ ပြောစရာ ဖြစ်မှာပဲ။ ဟုတ်ပါတယ်။ လူသတ္တဝါ တွေဟာ လူ့ဘဝရောက်လာရင် ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ပဲ နေရင်း အချိန်ကုန်သွားကြတာ။ ပြောခဲ့တဲ့အတိုင်းပဲ စားရင်းသောက်ရင်း၊ ကာမဂုဏ်ခံစားရင်း၊ အဲဒီကာမဂုဏ်တွေအတွက် လုပ်ကိုင် ဆောင်ရွက်ရင်းနဲ့ပဲ ဘဝမှာ အချိန်တွေ ကုန်သွား ကြတာများပါတယ်။ ဘဝနဲ့ပတ်သက်လို့ ဘာမှ လေးလေးနက်နက် နားလည်မသွားကြဘူး။ လေးလေးနက်နက် ဘဝကို လေ့လာစူးစမ်းရ ကောင်းမှန်းလည်း မသိကြဘူး။

ဆိုခဲ့တဲ့ ဗုဒ္ဓရဲ့အမေးစကားဟာလည်း လူ သတ္တဝါတွေကို ဘဝမှာ လေးလေး နက်နက် နေတတ်အောင် ကူညီပေးတဲ့စကားဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ပေါ့ပေါ့ တန်တန်မဟုတ်ဘဲ ဘဝကို လေးလေးနက်နက်နေရင် အနေရမလွယ် တော့ဘူး။ အနေရခက်သွားပြီ။

လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ရှိတယ်ပဲ ထင်နေကြတာ။ ဒီလိုထင်ပြီး ကိုယ့်ကိုယ် ကိုယ် စွဲလမ်းလိုက်ကြတာမှ ကိုယ့်ကိုများ တစ်ပါးသူ တွေကလာပြီး ထိပါးစော်ကားမယ် ဆိုရင် အသေခံပြီးတောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ် တာပဲ။ ငါ ဆိုတဲ့ ငါ့ဘဝနဲ့ ငါ့ကိုယ် ဆိုတာ ရှိတယ်လို့ ထင်နေတော့ ငါပျော်တယ်။ ငါ စိတ်ညစ်တယ်၊ ငါတော်တယ်၊ ငါ ညံ့တယ်၊ ငါ့မှာမှ ဒီဒုက္ခတွေ ဒီပြဿနာတွေ ဖြစ်ရပါမို့လား ဆိုပြီးလည်း ဒေါသတွေ ဖြစ်တယ်။ ငါ့ကို စော်ကားရကောင်းလား၊ သိစေမယ်ဆိုပြီး ရန်ငြှိုးတွေထားတယ်။ ငါ ချမ်းသာသည်ထက် ချမ်းသာရမယ်ဆိုတဲ့ လောဘတွေလည်း ဖြစ် တယ်။ ဒါတွေအားလုံး ဟာ ငါဆိုတဲ့၊ ငါ့ဘဝ ဆိုတဲ့၊ မိမိကိုယ်ဆိုတဲ့အရာ ရှိတယ်လို့ ထင်နေရာကနေ ဖြစ်ပေါ် လာတာချည်းပဲ။

ဂေါတမဗုဒ္ဓက ဘဒ္ဒဝဂ္ဂီညီနောင်တွေကို အဲဒီ ငါဆိုတဲ့၊ မိမိကိုယ်ဆိုတဲ့ အရာဟာ ရှိသလား ဆိုတာ ရှာ...လို့ ပြောတာပဲ။ ရှာဖွေနည်းကို လည်း ဂေါတမဗုဒ္ဓက အကျယ်တဝင့်ဟောပြခဲ့တယ်။ဗုဒ္ဓဝါဒအလိုကတော့ သတိ၊ ဝီရိယ၊ သမာဓိ ညီညွတ်လို့ရှိရင် `ခဏိကသမာဓိ’ လို့ ခေါ်တဲ့ စိတ်ရဲ့စွမ်းအင်ကိုရတယ်။ ဒီစိတ် စွမ်းအင်နဲ့ မိမိကိုယ်ဆိုတဲ့၊ ငါဆိုတဲ့၊ အတ္တဆိုတဲ့ အရာကို ရှာကြည့်တဲ့အခါ... ရှေ့မှာပြောခဲ့တဲ့ အတိုင်းပါပဲ။ ရုပ်က ခဏပေါင်း ကုဋေ ငါးထောင်မက၊ နာမ်က ခဏပေါင်း ကုဋေ တစ်သိန်းမက ပြောင်းနေတဲ့ အစဉ်ကြီးထဲမှာ ငါ့ကိုယ်၊ မိမိကိုယ်၊ ငါ၊ အတ္တဆိုတာ လုံးဝ ရှိတဲ့ အရာမဟုတ်ကြောင်း၊ မရှိတရားသာဖြစ်တဲ့ အကြောင်း သိမြင်တယ်။ ဒီလိုသိမြင်ဖို့အတွက် `ခဏိကသမာဓိ’ စွမ်းအင် အလုံအလောက် ရ အောင် လုပ်ရတာဟာ အင်မတန်ခက်ခဲပါလိမ့်မယ်။ တစ်နည်းပြောရရင်တော့ အမှန် တကယ် မရှိတဲ့ မိမိကိုယ်ကိုယ် အမှန်တကယ်မရှိဘူးလို့ သိအောင် လုပ်ရတဲ့အလုပ်၊ မိမိကိုယ်... မိမိ အတ္တ... ငါဆိုတာ အမှန်တရားမဟုတ်ဘူးလို့ သိအောင် လုပ်ရတဲ့အလုပ် ဟာ ခက်ခဲပါလိမ့် မယ်။ နောက်တစ်နည်းပြောရရင်တော့ မရှိတာကို မရှိမှန်းသိအောင်၊ မဟုတ်တာကို မဟုတ် မှန်းသိအောင် လုပ်ရတဲ့အလုပ်ဟာ ခက်ခဲပါလိမ့်မယ်။ သီရိလင်္ကာက မဟာသီဝဆိုတဲ့ မထေရ် ကြီးဟာ နှစ်ပေါင်း ၃၀ လောက် ကြာအောင် မိမိကိုယ်ကို ရှာတဲ့အလုပ် လုပ်ခဲ့ရတယ်။

အမှန်တရားကို ရှာလို့ မတွေ့တဲ့ အနောက်တိုင်းက ဒဿနအတွေးအခေါ်တွေကို သရော် တာရှိသေးတယ်။ ဘာလဲဆိုတော့ `ဒဿနရဲ့ အလုပ်က ဘာလဲဆိုရင် ညသန်းခေါင် အမှောင် ထုပြည့်နေတဲ့အခန်းထဲမှာ မရှိတဲ့ ကြောင်နက် ကို ရှာဖွေတာ’ တဲ့။ မရှိတဲ့ကြောင်ကို ရှာသလို ပဲ မရှိတဲ့အမှန်တရားကို ရှာတဲ့အလုပ်ဟာ ဒဿန ရဲ့ အလုပ် function ဖြစ်တယ်လို့ သရော်တဲ့ သဘောပါပဲ။ အရှေ့တိုင်း ဒဿနအချို့ရဲ့ အလို ကတော့ မရှိတာကို တကယ်မရှိမှန်းသိအောင် ရှာရတယ်။ ဒါဟာ ဒဿနရဲ့ အလုပ်ပါပဲ။

သူမရှိ၊ ငါမရှိ၊ မိမိကိုယ်ဆိုတာ မရှိ၊ ပုဂ္ဂိုလ် သတ္တဝါဆိုတာ မရှိ...၊ ဒီလိုမရှိတာကို မရှိပါ လားလို့ သိအောင် လုပ်တာဟာ ဒဿနရဲ့ အရေးကြီးတဲ့ အလုပ်ပါပဲ။ အရှေ့နဲ့အနောက် ဒဿနမှာ သုံးတဲ့ နည်းချင်းကတော့ ကွာခြားမှာ ပဲ။ ဗုဒ္ဓဒဿနမှာတော့ စောစောက ပြောခဲ့တဲ့ အတိုင်း လုံလောက်တဲ့ ခဏိကသမာဓိရအောင် မူလမဂ္ဂင်၊ ပုဗ္ဗဘာဂမဂ္ဂင်တွေအရ အားထုတ် ကျင့်ဆောင်ပြီး မိမိကိုယ်ကို ရှာဖွေကြည့်တာပဲ။ မိမိကိုယ်ဆိုတာ၊ အတ္တဆိုတာ၊ ငါဆိုတာ မရှိဘူးလို့ အမှန်အကန် မြင်ရင် ဘဝမှာ ဘာမှ အရေးကြီးတာရယ်လို့ မရှိတော့ပါဘူး။ ဘာမှ အရေးကြီးတာ မရှိတဲ့သူဟာ လောကမှာ အေးဆေးတည်ကြည်စွာ နေနိုင်သူပါပဲ။

ဒီအချက်ကို ထောက်ပြီး ပြောရရင်တော့ ဂေါတမမြတ်စွာဘုရားဟာ သံသရာမှာ တွေ့နိုင် တဲ့ ဘေးရန်အန္တရာယ်ဟူသမျှက လွတ်မြောက် ပြီး ဘဝမှာ အေးချမ်းစွာ နေနိုင်သူဖြစ်အောင် လူသတ္တဝါတွေကို ကူညီသူဖြစ်တယ်လို့ ပြောရ ပါလိမ့်မယ်။

နန္ဒသိန်းဇံ

Perfect Magazine

No comments: