စစ်တွေ၌ ဘင်္ဂါလီများက အကွက်ချ လုပ်ဆောင်နေသည်ဟု ထင်မြင်မှုများရှိနေ

စစ်တွေမြို့တွင်း လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများအရ ဘင်္ဂါလီများက အကွက်ချ လုပ်ဆောင်နေသည်ဟု ထင်မြင်ကြောင်း စစ်တွေ ဒေသခံများက ပြောကြားခဲ့ပါသည်။

"အခု သူတို့လုပ်နေပုံတွေ ကြည့်ရင် အကွက်ချပြီး လုပ်နေတယ်လို့
ထင်တယ်။ မနေ့က မင်းဂံရပ်ကွက်တွေကို ၀င်ဖို့ ကြိုးစားတယ်။ မီးရှို့တယ်။ သူတို့ အိမ်တွေကိုလည်း သူတို့ မီးရှို့ပြီး ရခိုင် အိမ်တွေ ကူးအောင်၊ ရခိုင်တွေ ရှို့တယ်လို့ ပြောလို့ရအောင် လုပ်တယ်။ ဒီနေ့တော့ မင်းဂံဘက်မှာ လုံခြုံရေးက လုံထိန်းရော၊ တပ်ရော ချထားတယ်။ အဲဒီအချိန်မှာ မနက်ပိုင်းတစ်ပိုင်းလုံး ငြိမ်နေတယ်။ မွန်းလွဲပိုင်းက စပြီး ဓည၀တီ၊ နာဇီ၊ သံတော်လီ၊ ဗျိုင်းဖြူ၊ မကျည်းမြိုင် နေရာတွေကို မီးရှို့တယ်။ အဲဒီနေရာတွေမှာက လုံခြုံရေး အားနည်းနေတယ်။ အဲတာကို သိတဲ့အတွက် ဒါကို အခွင့်ကောင်းယူပြီး မီးရှို့မှုတွေ လုပ်တယ်”ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောပါသည်။

ယနေ့(ဇွန်လ ၁၁ ရက်) တွင် နာဇီကျေးရွာဘက်မှ ဘင်္ဂါလီအုပ်စု၊ သံတော်လီကျေးရွာမှ ဘင်္ဂါလီအုပ်စု ထိုအုပ်စုနှစ်စု အဓိက ထကြွခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ကမူ ဘုမင်ရွာရှိ ဘင်္ဂါလီအုပ်စုက ထကြွခဲ့ခြင်း ဖြစ်ပါသည်။


“စစ်တွေမြို့ထဲမှာသာ ဘဂါင်္လီက အင်အားက နည်းတယ်။ အမ်ဘာရီအုပ်စု၊ နာဇီအုပ်စု၊ ဘုမေ အုပ်စုကတော့ ဘင်္ဂါလီတွေများတယ်။ ဒါတွေက စစ်တွေမြို့နဲ့ နီးတယ်။ သူတို့က မြို့ကို ပတ်ဝိုင်းပြီး နေတဲ့ သဘောရှိတယ်။ မြို့တွင်းမှာ နေတဲ့ ဘင်္ဂါလီတွေကတော့ သူတို့ရဲ့ နေအိမ်တွေကို စွန့်သွားပါပြီ။ ဒီရက်ပိုင်းမှာ ဖြစ်နေတာက စစ်တွေမြို့ပတ်လည်မှာ ၀ိုင်းနေတဲ့ ဘင်္ဂါလီအုပ်စုတွေက အလှည့်ကျ ထကြွနေတဲ့ သဘောရှိတယ်။ လုံခြုံရေးက တစ်ဖက်မှာ အားစိုက်နေရင် ကျန်တဲ့တစ်ဖက် ထကြွတဲ့ သဘောဖြစ်နေတယ်။ လုံခြုံရေး အင်အားကလည်း တစ်မြို့လုံး အတိုင်းအတာအရ လုံလောက်မှု မရှိသေးဘူး။ အဲဒီတော့ စစ်တွေဒေသခံတွေကပဲ ကိုယ်လက်နက် ကိုယ်ရှာပြီး ကာကွယ်နေရတဲ့ သဘော ရှိနေတယ်။ စစ်တွေ မြို့ပြင် ကမ်းနားပတ်လည် တစ်ကြောမှာလည်း ဘင်္ဂါလီ ရွာတွေ များတယ်။ သူတို့တွေနဲ့ နီးနေတဲ့ ဥပမာ ဗျိုင်းဖြူ လို ရွာမျိုးဆိုရင် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ လုံခြုံရေးကလည်း အဲဒီအထိ မရောက်သေးဘူး။ ထင်ထားတဲ့ အတိုင်းပဲ ဒီနေ့မှာတော့ ဗျိုင်းဖြူရွာနားက သံတော်လီ ဘင်္ဂါလီအုပ်စုက ထကြွတယ်။ လုံခြုံရေးကတော်တော်လေး နောက်ကျပြီးမှ ရောက်တယ်” ဟု စစ်တွေ ဒေသခံက ပြောပါသည်။

စစ်တွေ၌ ဘင်္ဂါလီများ ထကြွမှု ဆက်တိုက်ဖြစ်နေခြင်းမှာ ထွက်ပြေးလိုသည့် အတွက် ယခုကဲ့သို့ အကွက်ချ လုပ်ဆောင်မှုများ ဖြစ်နိုင်သည်ဟူသော ယူဆမှုများလည်း ရှိပါသည်။

“ကျွန်တော်ထင်တာကတော့ စစ်တွေမှာ ရှိနေတဲ့ ဘင်္ဂါလီတွေက သူတို့ စခဲ့တဲ့ ဇာတ်လမ်းမှာပဲ သူတို့ ထွက်ပေါက် ပိတ်နေတယ်။ သူတို့က ရခိုင်တိုင်းရင်းသားတွေ အိမ်ကို မီးစရှို့၊ ရခိုင်တွေကို စပြီး ရန်စတယ်။ ဒီမတိုင်ခင် အချိန်က သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ့်ဖာသာ နေ နေတဲ့ အချိန်မှာကတည်း သူတို့ဘက်က ရန်စမှုတွေ ရှိခဲ့တယ်။ အခုတော့ သူတို့က ရခိုင်တိုင်းရင်းသားတွေ နေတဲ့ နေရာကို မီးရှို့တော့ ဒီဘက်က လုံခြုံရေးအရ ကာကွယ်ရတာတွေ ရှိလာတယ်။ ဒီအခါမှာ ရခိုင်တိုင်းရင်းသားတွေလည်း ဘာအလုပ်မှ မလုပ်နိုင်ပဲ သူတို့ရန်ကို ကာကွယ်နေရတယ်။ သူတို့လည်း ရွာပြင် ထွက်လို့ မရနိုင်ဘူး ဖြစ်တယ်။ ဒီအခါမှာ ရခိုင်တိုင်းရင်းသား အိမ်တွေနဲ့နီးတဲ့ သူတို့အိမ်တွေကို ကိုယ်တိုင် မီးပြန်ရှို့တယ်။ နောက်တော့ ရခိုင်အိမ်တွေကို မီးကူးအောင်လုပ်တယ်။ ရခိုင်တွေက မီးဝိုင်းသတ်တဲ့အချိန်မှာ ထွက်ပြေးမယ်ဆိုတဲ့ အကြံနဲ့ လုပ်ပုံရတယ်။ အခု ဖြစ်နေတာတွေကို ကြည့်ရင် ဒီလို ပြေးနိုင်ဖို့ အကွက်ချ လုပ်နေတယ်လို့ မြင်တယ်” ဟု စစ်တွေ ဒေသခံက ပြောပြခဲ့သည်။

"သူတို့ ပြေးနိုင်တာ ပင်လယ်ထွက်ပေါက်ဘက်ပဲ ရှိတယ်။ သူတို့က ရေကို ရခိုင်တိုင်းရင်းသားတွေ ထက် ကျွမ်းကျင်မှုရှိတယ်။ ပင်လယ်ဝကို စီးတဲ့ ချောင်းတွေက တစ်ဆင့် သူတို့ ထွက်ပြေးဖို့ ကြံပုံရတယ်။ စစ်တွေမြို့ ဆိုတာကလည်း ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းစု သဘောဖြစ်နေတယ်။ ဘုမေဘက်ကနေ ဆိုရင် တောက်လျှောက် ဘင်္ဂါလီရွာတွေချည်းပဲ ဖြစ်တဲ့ အပြင် ပင်လယ်ဝနဲ့ နီးတဲ့အတွက် သူတို့ ၀င်ထွက်ဖို့ ပိုလွယ်တယ်။ တစ်ကယ်တန်း တွေးကြည့်မယ်ဆိုရင် စစ်တွေမြို့ထဲက ဘင်္ဂါလီတွေက ပြေးဖို့ မလွယ်ဘူး။ မြို့ပြင်က ဘင်္ဂါလီတွေကတော့ ပြေးလို့ ရတယ်။ ဒါပေမဲ့ မြို့တွင်းနဲ့ နီးတဲ့ ဘင်္ဂါလီအုပ်စုတွေကို ငဲ့ပြီး မြို့ပြင်က ဘင်္ဂါလီတွေက ထကြွနေတဲ့ သဘောရှိတယ်။ အခုချိန်မှာ သူတို့ ဆုပ်လည်းစူး၊ စားလည်း ရူးဖြစ်နေပြီ။ သူတို့ အဲလိုဖြစ်တာနဲ့ပဲ ရခိုင်တိုင်းရင်းသားတွေ ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံနေတယ်လို့ ထင်တယ်” ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိအနေအထားတွင် ဘင်္ဂါလီများ၏ ထကြွမှုမှာ ဆက်လက်ဖြစ်ပေါ်နေပါသည်။

“ပစ်မိန့်လည်း ပေးထားပြီးပြီ။ မပစ်သေးပါဘူး။ မိုးပေါ်ထောင်ခြောက်လှန့် ပစ်ခတ်တာတွေပဲ ရှိနေတာပါ။ ဒီနေ့ကြားနေတဲ့ အသံတွေက ရွာတွေမှာ မီးလောင်လို့ ၀ါးပိုးဝါးတွေ ကွဲတဲ့အသံက ပိုများနေပါတယ်။ မီးရှိုတဲ့ ဘင်္ဂါလီတစ်ချို့ကို ဖမ်းမိထားတယ်တော့ ကြားတယ်။ ဘယ်လောက် ဖမ်းမိထားတယ် ဆိုတာတော မသိသေးဘူး။ လုံခြုံရေးအင်အားအတွက် တပ်တွေတော့ ရောက်နေပါပြီ။ ကျွန်တော်တွေ့ရသလောက်တော့ ထောက်ပို့၊ ဒကစ ၊ BEMP ၊ GE၊ ခမရ ၃၅၄ တပ်တွေ ရောက်နေပါပြီ။ အတိအကျတော့ မသိရသေးပါဘူး။ လုံခြုံရေးအင်အားက မလောက်တော့ ဘင်္ဂါလီရန်က ကာကွယ်ဖို့ ရခိုင်တိုင်းရင်းသားတွေက ရရာလက်နက်တွေ ကိုင်ပြီ ကိုယ့်ဒေသ ကိုယ်လုံခြုံအောင် လုပ်နေရတာပေါ့။ သူတို့ကလည်း တပ်လာမှ ကြောက်တယ် ထင်တယ်။ တပ်တို့၊ လုံထိန်းတို့ မရှိဘူးဆိုရင် ရခိုင်တိုင်းရင်းသားရွာတွေကို မီးရှို့ဖို့ ကြိုးစားပြီး တပ်လာရင်တော့ နောက်ပြန်ဆုတ်သွားတယ်။ တပ်မရှိတော့ ပြန်ထွက်လာတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေက ကိုယ့်ရပ်ကွက် အပိုင်းအလိုက် လုံခြုံရေးကို ဂရုစိုက်နေရတယ်” ဟု ရခိုင်တိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါသည်။

လက်ရှိအချိန်တွင် ဘင်္ဂါလီများက စစ်တွေမြို့ပတ်လည်ရှိ ရခိုင်းတိုင်းရင်းသားများ၏ ရပ်ကွက်များအပါအ၀င် ၄င်းတို့၏ နေအိမ်များကို မီးရှို့ထားခဲ့ပြီး ဖြစ်ပါသည်။ ရွှေပြားရပ်ကွက်ရှိ ဘင်္ဂါလီနေအိမ်အချို့မှာမူ ရခိုင်တိုင်းရင်းသားများ၏ မီးရှို့ဖျက်ဆီးမှုကို ခံထားရပါသည်။ ရခိုင်တိုင်းရင်းသားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဘဂါင်္နေအိမ်များမှာ စွန့်ခွာထွက်ပြေးသွားပြီး ဖြစ်သော လူမနေသည့် အိမ်များကို မီးရှို့ခဲ့ခြင်းသာ ဖြစ်ပြီး ဘင်္ဂါလီတို့ ထပ်မံလာရောက် နေထိုင်နိုင်ခြင်း မရှိစေရန် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ထကြွသော နာဇီ ဘင်္ဂါလီ အုပ်စုသည် နာဇီရွာအတွင်း၌ ရှိနေသော မြန်မာဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့သည်သာ မကဘဲ အာကျိတ်တော်ကုန်း အနီးတွင် ရှိနေသော ရွှေဗိမာန်တောရကျောင်း၊ သောင်ဒရာကျောင်းနှင့် ယသဓမ္မကျောင်း အစရှိသည့် ဘုန်းတော်ကြီးကျောင်းများကို စီးနင်းထားပါသည်။ စီးနင်းခံခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်းများမှာ သံဃာတော်များမှာမူ အာကျိတ်တော် ကုန်းဘက်သို့ ထွက်ပြေး လွတ်မြောက်ခဲ့ပါသည်။ ထိုဘုန်းတော်ကြီး ကျောင်းများမှာ နာဇီရွာနှင့် ကပ်လျက်တွင် ရှိနေသော ကျောင်းများ ဖြစ်ပါသည်။ ထို့အပြင် အာကျိတ်တော်ကုန်းဘက်ရှိ မြန်မာဘုန်းကြီးကျောင်းများကို စီးနင်းရန်အတွက် လူအင်အား ရာဂဏန်းကျော်ရှိသော ဘင်္ဂါလီများက ယနေ့မွန်းလွဲပိုင်းတွင် ကြိုးပမ်းခဲ့သဖြင့် ရဟန်းတော်များနှင့် အနီးအနားကျေးရွာများမှ ရခိုင်တိုင်းရင်းသားများက စုပေါင်း ကာကွယ်ခဲ့ပါသည်။

အလားတူပင် ယနေ့ မွန်းလွဲပိုင်းတွင် သံတော်လီ ဘင်္ဂါလီအုပ်စုနှင့် ဗျိုင်းဖြူရွာမှာ ရခိုင်တိုင်းရင်းသားတို့ ထိပ်တိုက်တွေ့မှု ဖြစ်ပါသည်။ ထိုထိပ်တိုက်တွေ့မှုသည် သံတော်လီရွာမှ ဘင်္ဂါလီများက ဗျိုင်းဖြူရွာအတွင်း ၀င်ရောက်ဖျက်ဆီးရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ထိပ်တိုက် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အဆိုပါ ထိပ်တိုက်တွေ့မှုတွင် ရခိုင်တိုင်းရင်းသား ၄ ဦး သေဆုံးခဲ့ပြီး မူလက သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အလောင်းကို မြင်တွေ့ရချိန်တွင် ဓားဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း သိရပါသည်။ 


သို့သော် သေဆုံးသူ ၄ ဦးအနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက ၄င်းတို့ရွာအတွင်း ယူဆောင်သွားသဖြင့် ရခိုင်တိုင်းရင်းသားများက သံတော်လီရွာအတွင်း ၀င်ရောက်ပြီး အလောင်းပြန်ယူရန် ကြိုးပမ်းမှု ဖြစ်ခဲ့ပါသည်။ သို့ရာတွင် စစ်တပ်နှင့် လုံထိန်းများ ရောက်ရှိလာခဲ့ပြီး နောက် အဆိုပါ တပ်ဖွဲ့ဝင်များမှ သံတော်လီရွာသို့ ၀င်ရောက်ပြီး အလောင်းပြန်တောင်း သဖြင့် ပြန်လည် ရရှိခဲ့ကြောင်း သိရပါသည်။

"စစ်တွေက ဘင်္ဂါလီတွေရဲ့ ဒီလုပ်ရပ်တွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာကို လိုချင်လို့ ဒီလို လုပ်နေသလဲဆိုတာ အခုထိ စဉ်းစားလို့ မရသေးဘူး။ သူတို့ ဘက်က အေးအေးချမ်းချမ်းနေရင် ကျွန်တော်တို့ကလည်း အေးအေးချမ်းချမ်းပဲ ဆက်ဆံမှာပါ။ အခုတော့ သူတို့လည်း ချောင်ပိတ်နေတယ်။ ကျွန်တော်တို့လည်း အလုပ်ပျက်၊ အကိုင်ပျက်နဲ့ ရရာလက်နက်စွဲပြီး ကိုယ့်နေရပ် ကိုယ့် လုံခြုံရေး ကိုယ်လုပ်နေရတယ်။ ဒီအတိုင်းဆက်သွားနေရင် သူတို့လည်း ရိက္ခာပြတ်တော့မယ်။ ကျွန်တော်တို့ ဘက်မှာလည်း အခက်အခဲ ရှိလာနိုင်တယ်။ အခုတောင် ကယ်ဆယ်ရေးစခန်းတွေမှာ ရိက္ခာမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရ
တယ်။ ဘာလို့များ ပြဿနာတွေ ဖြစ်စေနိုင်မယ့် ဖန်တီးမှုတွေကို ဘင်္ဂလီတွေ လုပ်နေကြတာလဲ" ဟု စစ်တွေ မြို့ခံလူငယ်တစ်ဦးက ပြောပါသည်။

ယနေ့နံနက်ပိုင်းတွင် မီးလောင်ကျွမ်းထားသော ဘင်္ဂါလီ အလောင်း ၅ လောင်းခန့်ကို စစ်တွေမြို့ မြို့သူကြီး ရပ်ကွက် ပင်လယ်ကမ်းစပ်တွင် တွေ့ရှိခဲ့/သည်ဟု သိရပါသည်။ ယနေ့ ညနေက ဖြစ်ပွားခဲ့သော ဗျိုင်းဖြူရွာမှ ရခိုင်တိုင်းရင်းသားများနှင့် သံတော်လီရွာ ဘင်္ဂလီအုပ်စုများ ထိပ်တိုက်တွေ့မှုတွင် လူ ၆ ဦးသေဆုံးခဲ့ပြီး ၄ ဦးမှာ ရခိုင်တိုင်းရင်းသားများ ဖြစ်ကာ ၂ ဦးမှာ ဘင်္ဂလီများ ဖြစ်ပါသည်။

Eleven Media Group

No comments: