ပျိုလေးတို့ အိမ်ခေါင်မိုး

သာလိုက်သည့် လဟု လူတိုင်း၏ ပါးစပ်ဖျား၌ ပြောကြရသော ညဖြစ်၏။ ခုတင်ပေါ်၌ လဲလျောင်းနေသော အ၀င်း၏ ကိုယ်ပေါ်၌ လရောင်သည် ရွှန်းစိုလျက် ရှိနေ၏။
လရောင်ဆမ်း ထားသော အ၀င်း၏ အသည်းနှလုံး တို့သည် ဆီထဲတွင် နှစ်စိမ်ထားသော ဂွမ်းပုံကဲ့သို့ အတိုင်းမသိ နူးညံ့ပျောင်းအိ နေလေသည်။ ငွေလရောင် ထဲ၌ မိန်းမောကြည်နူး နေစဉ်တွင်း အဝေးမှ လွင့်လာသော တယောသံကို သဲ့သဲ့ကြားရ စပြုသည်။ အ၀င်းသည် ရင်ထဲ၌ သိမ့်ခနဲ နေအောင် ဖိုသွားသည်။ လှိုက်ဖိုကာ အသက်ရှူ မမှန်ခြင်းကို သတိရ တစ်ချက် မရ တစ်ချက်ဖြင့် တယောသံမှာ နီးကပ် လာလေသည်။ လက်မောင်းပေါ်၌ တယောကို တင်လျက် ခေါင်းငိုက်ငိုက် ထား၍ ဆွဲငင် ထိုးနေဟန်ကို ဒက်ခနဲ မြင်လိုက်ရသည်။

တယော ထိုးသူ၏ ပုံပန်း သဏ္ဌာန်မှာ အ၀င်းစိတ်ကြိုက် အတိုင်း ရုပ်ရှင် မင်းသားနှင့် တူလေသည်။ အ၀င်း၏ မျက်လုံးထဲတွင် သူ့လောက်ချောသူ မရှိဟု ထင်လေသည်။ ဗိုလ်ကေ ဖြီးပုံမှာ ဘယ်ကာလသား နှင့်မှ ပုံစံ မတူအောင် ဖြီးသည်။ ရှေ့က အမောက်ကလေး ထောင်ထားကာ နောက်လှန်၍ ဖြီးချ ထားပုံသည် ချပ်ချပ်ရပ်ရပ် ရှိလွန်းသဖြင့် မျက်လုံးထဲ၌ ဗိုလ်ဆံတောက် ပုံစံကို စွဲနေသည်။ မျက်လုံးမျက်ဖန် ကောင်းသည်မှာ အထူး ပြောစရာ မရှိ။ အမှန်မှာ  ခပ်ညုညုနှင့် ကြာပေး၍ ကြည့်လေ့ရှိသော အကြည့်ကို  စွဲမက် နေခြင်းဖြင့် မျက်လုံးမျက်ဖန် ကောင်းလှသည်ဟု ထင်မှတ် နှစ်သက်နေခြင်း ဖြစ်သည်။ ရှေ့တည့်တည့်က ကြည့်ရသည်ထက် ဘေးစောင်း ကြည့်ရသော သူ့နှာခေါင်းက ပို၍ ပေါ်လှသည်။
အချိုးကျကျ ချွန်၍နေသော နှာခေါင်းသည် အ၀င်း စိတ်ကြိုက်နှင့် အတွေ့ဆုံး ဖြစ်သည်။ ရယ်လိုက်လျှင် သူ့ နှုတ်ခမ်း ပါးကလေး ပင့်သွားကာ ရွှေသွားများ ပေါ်သွားတတ်သည်။ အ၀င်းမှာ ရွှေသွားကို ကြိုက်လှသည်တော့ မဟုတ်၊ ဇာတ်မင်းသား ဆန်သလိုလို ထင်မိသည်။ ရွှေသွားတွေ မပေါ်အောင် ပြုံးရုံပဲ ပြုံးခိုင်းမည်ဟု အလို မကျသော စိတ်ကို ဖြေဖျောက်ပစ်၏။ အရပ် အမောင်းနှင့် ပတ်သက်၍ သူလိုငါလို မနိမ့်မမြင့် ထဲက ဖြစ်သည့်အတွက် ထူးထူးခြားခြား အမှတ် မထားမိချေ။ ပိုးပုဆိုး တစ်ပတ်ရစ်ကို အမြဲ ၀တ်တတ်လျက် လက်ကိုင်ပ၀ါ ဖြူကို လည်ပင်း ချည်တတ်သော အလေ့ ရှိသဖြင့် သည်ဟာကိုတော့ ထူးထူးခြားခြား အမှတ် ထားခဲ့သည်။

အ၀င်းသည် ခုတင်ပေါ်မှ ထ၍ မကြည့်သော်လည်း ပိုးပုဆိုး တစ်ပတ်ရစ်နှင့် လက်ကိုင်ပ၀ါ လည်ပင်းချည်၍ တယော ထိုးလာသည့် ပုံပန်း သဏ္ဌာန်ကို ကွင်းခနဲ ကွက်ခနဲ မြင်နေရသည်။
“ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး”

အိမ်ရှေ့နား ရောက်ခါနီးမှ တယောသံနှင့် အတူ သူ့အသံ ထွက်ပေါ်လာသည်။ အ၀င်းမှာ သူ့အသံကို ကြားလိုက်ရုံနှင့် တစ်ကိုယ်လုံး သိမ့်သိမ့်တုန် သွားလေသည်။ လက်ဖျား ခြေဖျားတွေ အေးစက်သွားလျက် ရင်ထဲတွင် တလှပ်လှပ် ဖြစ်လာသည်။ စောစောက ငွေလရောင် ပက်ဆမ်းထားသော အသည်း နှလုံးတို့သည် သီချင်းသံ လွှမ်းဖုံးသွား၍ သိမ်းကျုံးဆွဲငင် ထားသလို ဖိန်းခနဲ ရှိန်းခနဲနှင့် မပြောတတ်သော ဝေဒနာ တစ်မျိုး ဖြစ်ပေါ်လာသည်။ ဘယ်သူ့ အသံနှင့်မှ မတူအောင် သူ့အသံ ထဲတွင် ထူးခြားသော အဆွဲအငင် ဓာတ်တစ်မျိုး ရှိသည်ဟု ယူဆမိသည်။ အသံကို တွန့်ကာတွန့်ကာ ဆွဲငင် ဆိုလိုက်သည့် အခါများ ဆိုလျှင် အ၀င်းမှာ နားဝင်စိမ့် သလောက် အသည်းခိုက်အောင် ဖိန်းခနဲ ရှိန်းခနဲ ဝေဒနာ ရစမြဲ ဖြစ်သည်။

အ၀င်းသည် သီချင်းသံကို နားစိုက်ထားလျက် အကြည်ဆိုက်ကာ ဖိန်းခနဲ ရှိန်းခနဲ ဖြစ်နေရင်းမှ ဒီနေ့ည သူ့နောက်သို့ လိုက်ပြေးတော့မည့် အချိန်း အချက်ကိုလည်း သတိရှိ နေသည်။ ငွေလရောင် ထဲတွင် တစ်ဦးကို တစ်ဦး တင်းတင်းဖက်ကာ ပြေးကြမည့် ပုံကို မြင်ယောင် ကြည့်လိုက်သည်။ ခေါင်းလိမ်းဆီ နံ့လိုလို၊ ရေမွှေးနံ့ လိုလို ပြေးရင်းလွှားရင်း မွှေးကြိုင်နေမည့် သူ့ကိုယ်နံ့ကို ရှူရှိုက် ကြည့်မိသည်။ အ၀င်းမှာ ရင်ခုန်လာသည်။ တအား ဖက်ထားသော သူ့လက်မောင်း၏ အထိ အတွေ့ကို ခံစား ကြည့်မိသည်။ ယခုပင် လာ၍ ဖက်ထားသလို အောက်မေ့ရလျက် ပခုံး ကလေးကို ကျုံ့ထားလေသည်။ အ၀င်းသည် ရှက်သွေးဝင်ကာ ရုန်းကြည့်လိုက်သည်။ ရုန်းခါမှ အတင်း လိုက်ဖက်ကာ ပြုံးစိစိနှင့် မျက်နှာချင်းအပ် ကြည့်နေတော့သည်။ ပြုံးစိစိ အကြည့်တွင် ခံတွင်းထဲမှ ရွှေရောင်လက် နေသဖြင့် အ၀င်းသည် ကြာရှည်စွာ ဆက်မတွေး ချင်တော့ဘဲ တယောသံ ဆီသို့ အာရုံပြောင်း ပစ်လိုက်သည်။

တယောသံမှာ လှမ်းသွားလေသည်။ သီချင်းသံမှာ နားထဲတွင် ကျန်ရစ်လေသည်။ အေးမြနေသော ကိုယ်လက်တို့သည် ချက်ချင်း ပူတက်လာသည်။ ရင်ထဲ၌လည်း တထိတ်ထိတ် ပိုခုန်သည်။ အသက်ရှူရ ကျပ်သလိုလို ပို၍ သက်ပြင်းချ လိုက်လေသည်။ သက်ပြင်း ချသည့်အခါ တစ်ဖက်၌ အိပ်နေသော အဒေါ် နိုးသွားမှာ ကြောက်သဖြင့် ရဲရဲပင် မချဝံ့ဘဲ မျှင်မျှင်ကလေး ချနေ ရလေသည်။

တယောသံ ဝေးသွား၍ သီချင်းသံ ပျောက်သွားသည့် အခါ အ၀င်းသည် ဘော်လီ အိတ်ထဲမှ စာခေါက်တွင် ပါသော အချက် အလက်များကို ပြန်စဉ်းစား လိုက်သည်။ ညဦးယံက အခေါက်ပေါင်း များစွာ ဖတ်ခဲ့သော စာမှာ ဘယ်အခေါက်မှ အေးအေးဆေးဆေး မဖတ်ရချေ။ လူကြီးတွေ အလစ် ခိုးကြောင်ခိုးဝှက် အပြေး အလွှားသာ ဖတ်ခဲ့ရ သဖြင့် တချို့ဟာ တွေကို မှတ်မိ သလိုလို မမှတ်မိ သလိုလို ဇဝေဇ၀ါ ဖြစ်လာပြန်သည်။

နံနက် ၄ နာရီ တိတိ နောက်ဖေးပေါက်က စောင့်နေမည်။ ဆင်းလာခဲ့ပါ။ မြစ်ဆိပ်မှာ သမ္ဗန်ငှားပြီး စောင့်ခိုင်းထားမယ်။ အ၀င်းသည် စာကို ပြန်စဉ်းစား၍ မြစ်ဆိပ်ဆိုတာ ဘယ်မြစ်ဆိပ်ပါလိမ့်။ မြို့စွန်က ဆိပ်လား၊ သင်္ဘောကပ်သည့် ဆိပ်လားဟု မသဲမကွဲ ဇဝေဇ၀ါ ဖြစ်နေသည်။ နံဘေးတွင် အဒေါ် အိပ်နေသဖြင့် မီးဖွင့်ကာ စာကိုလည်း ထမဖတ် ရဲချေ။ တောင်တွေး မြောက်တွေးနှင့် မရေ မရာသော မြစ်ဆိပ် အကြောင်းကို မေ့ပျောက်သွားကာ သမ္ဗန်ထဲသို့ နှစ်ယောက်အတူ ရောက်သွားပြန်သည်။

အ၀င်း၏ ကိုယ်ထဲမှ လိပ်ပြာလွင့်သွား လေသည်။ ပန်းမျိုး စုံဖူးပွင့် နေသော ပန်းဥယျာဉ် ကြီးထဲဝယ် ကြိုင်လှိုင်ထုံသင်း နေသော ပန်းရနံ့ မျိုးစုံတို့ဖြင့် ကြည်နူး၍ မဆုံးနိုင်သည့် အ၀င်း လိပ်ပြာသည် ဟိုမှာ သည်မှာ ကူးလူး ပျံသန်း၍ ပျော်မြူးနေ လေဘိ၏။

ရုတ်တရက် အဒေါ်က ချောင်းဆိုးလိုက်သည်။ အ၀င်းသည် ဖျတ်ခနဲ လန့်သွားလေသည်။ သမ္ဗန်ထဲ၌ ကြောက်အားပို၍ ဖိုနေသော ရင်ကို ယောင်ယမ်း၍ ဖိမိလျက် အတန်ကြာ အသက်ရှူမှား နေလေသည်။ အသက်ကို မှန်အောင် ပြန်ရှူရင်း တစ်ချက် စဉ်းစား မိသည်မှာ သမ္ဗန်နှင့် တစ်ဖက်ကမ်းက ရွာကို ရောက်ကြပြီးနောက် ရှေ့လျှောက်ဘယ်လို နေကြထိုင်ကြ ပါမည်နည်း။ အ၀င်းသည် သည်နေရာတွင် ရပ်တန့်သွားသည်။ ရှေ့ဆက်၍ စဉ်းစားထားခြင်း ဘာမျှ မရှိသဖြင့် ရှေ့ဆက်၍ စဉ်းစားစရာ ရှာမတွေ့ဘဲ ယောင်လည်လည် ဖြစ်နေလေသည်။

မောင်မောင်လေး ဆိုလျှင် တစ်မြို့လုံးက သိကြသည်။ ဦးလေး လုပ်သူက သားအဖြစ် မွေးစားကာ ရန်ကုန်ကျောင်းတွင် သွားထားသည်။ ၁၀ တန်း သုံးနှစ်ကျ၍ ပြန်ခေါ် ထားရသည်။ ဦးလေးမှာ စီးပွားပျက်ကာ ဆန်စက်ပိုင်ရှင် ဘ၀မှ စပါးပွဲစား လုပ်နေရသည်။ ကျောင်းလည်းမနေ၊ အိမ်လည်း အဖော်မရ၊ တစ်နေ့တစ်နေ့ ပိုးပုဆိုး တစ်ပတ်ရစ် ၀တ်လျက် လက်ကိုင်ပ၀ါ လည်ပင်းချည်ကာ လတ်လျားလတ်လျား သွားနေသော လူမှန်းအ၀င်း မသိ၍တော့ မဟုတ်။ ဖဲဝိုင်းကောင်းလျှင် ဖဲဝင်ရိုက်သည်။ တီးဝိုင်းတွေ့လျှင် တယောကောက်ထိုး တတ်သော မောင်မောင်လေး အကြောင်းကို ကောင်းကောင်းသိသည်။

အ၀င်းသည် တစ်ဖက်ကမ်း ရောက်သွားပြီးနောက် ရှေ့ဆက်၍ မစဉ်းစား တတ်ဘဲ ယောင်လည်လည် ဖြစ်နေရင်း ဗြုန်းခနဲ အကြံတစ်ခု ပေါ်လာသည်။ စုံမှိတ်ထားသော မျက်လုံးကို မဖွင့်ဘဲ မျက်ခုံး နှစ်ဖက်ကို အထက်သို့ ပင့်၍တင်ကာ သက်ပြင်းကို မျှဉ်းချလျက် ပြုံးလိုက်လေသည်။ လက်ဝတ်လက်စား တွေ ရှိသားပဲ။

အ၀င်းကိုယ်တွင် ၀တ်ဆင်ထားသော လက်ဝတ်လက်စား များသည် ကာလတန်ဖိုး ငါးထောင်လောက် တန်သည်။ စိန်နားကပ်၊ စိန်လက်စွပ်၊ စိန်ကြိုးနှင့် ရွှေလက်ကောက် ခုနစ်ကွင်းသည် အ၀င်းကို စိတ်သက်သာရာ ရအောင် အားသွင်းပေး နေကြသည်။ စိန်နားကပ် ရောင်းလိုက်မည်။ စိန်ကြိုး ရောင်းလိုက်မည်။ မရောက်ဖူးသော မန္တလေးကို လေယာဉ်ပျံ နှင့် သွားတောင် လည်နိုင်သည်။ အ၀င်းသည် လေယာဉ်ပျံ နှင့် ခရီးသွားအံ့ ဆဲဆဲ ဂတ်တဲမှ သံချောင်းခေါက်သံ ကြားလိုက်ရသည်။ သံချောင်းသံကို နားစိုက်ကာ ရေမှတ်ကြည့်သည်။ ဆယ့်တစ်ချက် ခေါက်သွားပြီး သံချောင်းသံ ပျောက်သွားသည်။ အ၀င်းမှာ နောက်ထပ် အသံလာ နိုးနိုးနှင့် စောင့်ဆိုင်းနေရင်း သံချောင်းသံ ထွက်ပေါ်လာသော ဂတ်တဲကို မျက်စိထဲ ၌ မြင်ယောင်သွားသည်။ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွား လေ၏။ လက်ဝတ်လက်စားများယူသွား၍ မိဘတွေက ဘယ်နည်းနှင့်မျှ ကြည့်နေကြမည် မဟုတ်။ အလိုလိုကမှ သူနှင့်လိုက် ပြေး၍ သဘောမတူ ရသည့်အထဲ လက်ဝတ်လက် စားတွေပါ ယူပြေးလျှင် လူကြီးတွေက ဂတ်ကို သွားတိုင်ကြမှာ သေချာသည်။ အသက် ၁၇ နှစ်ရှိ၍ ဥပဒေ ကြောင်းနှင့် လွတ်သော်လည်း လက်ဝတ် လက်စားတွေက ဒုက္ခ ပေးနိုင်သည်။ ပိုးပုဆိုး တစ်ပတ်ရစ်နှင့် လက်ကိုင်ပ၀ါ လည်ပင်းစည်း ထားသော မောင်မောင်လေး၏ ရုပ်ပုံမှာ လက်ထိတ် ကားရားနှင့် ဖြစ်သွားလေ၏။ အ၀င်းမှာ ခေါင်းနားပန်း ကြီးသွားလေသည်။ ဒါတွေ ထားခဲ့မှ ထားခဲ့မှဟု စိတ်ထဲမှ ရေရွတ်လျက် စိန်ဆွဲကြိုးကို ဆုပ်ကိုင်ရာ ရင်ထဲ တထိတ်ထိတ် ခုန်နေခြင်းကို သတိထား မိလေသည်။

လရောင်မှာ သာချင်တိုင်း သာနေတော့သည်။ ညဥ့်နက် လေပို၍ သာလာလေသည်။ အိပ်ခန်း တစ်ခန်းလုံး လင်းထိန်လျက် ရှိ၏။ တစ်အိမ်လုံး အပ်ကျသည်ကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေ၏။ အ၀င်းသည် အခန်းကို ပတ်ချာလှည့်၍ ကြည့်ကာ ဤအိမ်ကြီးနှင့် ခွဲခွာ၍ သွားရတော့မည့် အသိကို ခံစားမိသည်။ အထူးသဖြင့် သူ့အိပ်ခန်းမှာ အမှတ် ရစရာ ဖြစ်နေသည်။ ငယ်စဉ် ကတည်းက သည်အိပ်ခန်း ထဲတွင် သည်အဒေါ်နှင့် အတူတူ အိပ်ခဲ့သည်။ အဒေါ်ကိုလည်း ချစ်သည်။ မောင်မောင်လေး ပေးသောစာကို အဒေါ် မိသွားစဉ်က “ရေထမ်း သမားနဲ့ ယူရင် နင့်ကို ရေထမ်းကျွေး လိမ့်ဦးမယ်။ ဒီလို လတ်လျားလတ်လျား ပေါ်ကြော့ လုပ်နေတဲ့ အကောင်က နင့်ကို ထမင်းတစ်လုတ် ကျွေးနိုင်လိမ့်မယ် ထင်လို့လား” ဟု လက်ညှိုး ငေါက်ငေါက်ထိုးကာ ပြောဆိုသည်ကို အမှတ်ရ မိသည်။ အ၀င်းသည် အဒေါ့်ဘက်သို့ အသာ လှည့်ကြည့်လိုက် ၏။ ယောက်ျားနှင့် ပတ်သက်လျှင် အရှက်အကြောက် ကြီးသော အဒေါ် အပျိုကြီး၏ ဘ၀ကို စဉ်းစား ကြည့်လေသည်။ တစ်ဆိတ် ရှိ “မိန်းမဆိုတာ အရှက်နဲ့ လူလုပ်တာ၊ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး”ဟု ဗျစ်တောက်ဗျစ်တောက် ပြောတတ်သော အဒေါ်ကို ပြုံးကြည့် လိုက်လေသည်။ “နက်ဖြန် ငါမရှိရင် ငါ့အစား သူဘယ်လောက် ရှက်လိုက်မလဲ”ဟု တွေးနေခိုက် အဝေးမှ တယောသံ တစ်ပတ်ကျော့ လာပြန်သည်။

အ၀င်းသည် ဆတ်ခနဲ အောက်နှုတ်ခမ်းကို ကိုက်လိုက်လေသည်။ ဒီတစ်ချီ တယောသံမှာ နားထဲတွင် ခါးသွားလေသည်။
ဘာဖြစ်လို့များ တစ်ခေါက် ပြန်လာရ ပါလိမ့်။ သူလုပ်တာနဲ့ လူကြီးတွေ ရိပ်မိ ကုန်တော့မယ်။ အ၀င်းသည် မောင်မောင်လေးကို စိတ်ဆိုးသွားသည်။ သူ လုပ်လိုက်မှဖြင့် သည်လိုချည်းပဲဟု စိတ်ပေါက်လာသည်။ စိတ်ပေါက်သွား၍ စိတ်နှင့် မတွေ့ခဲ့သော အချက် ကလေးတွေမှာ အလျှိုလျှို ပေါ်လာလေသည်။ အ၀င်း ကျောင်းတက်လျှင် နောက်က တကောက်ကောက် လိုက်တတ်သည်။ ဈေးသွား လျှင်လည်း နောက်က လိုက်လာကာ မြင်နိုင်လောက်သော လက်ဖက်ရည် ဆိုင်မှ ကိုယ်ယောင်ပြ နေတတ်သည်။ အဒေါ် ပါလာမှန်း သိလျက် လူကို အငမ်းမရ ကြည့်ကာ လစ်လျှင် လစ်သလို ပြုံးစိစိနှင့် လျှာထုတ်၍ ပြတတ်သည်။ အ၀င်းမှာ ရုပ်ကလေးကိုသာ စွဲ၍ သဘောကျ နေကာ သူ့ အမူအရာ တွေကိုတော့ စိတ်နှင့် မတွေ့ရိုး အမှန်ဖြစ်သည်။

တယောသံမှာ အိမ်နားသို့ နီးကပ်လာသည်။ အိမ်ရှေ့ ရောက်ခါမှ သူ့သီချင်းသံ ထွက်ပေါ်လာသည်။
“ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး”

သူ့ သီချင်းသံ နှင့်အတူ ခေါင်းရင်းခန်းမှ ဖခင်၏ ချောင်းသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်။ အစ်ကိုနှစ်ယောက် အိပ်နေသော အလယ်ခန်းမှ လှုပ်လှုပ်ရှားရှား အသံများ ထွက်လာကြသည်။ အပြင်ဘက်မှ တယောသံ စီစီညံညံနှင့် အိမ်ထဲမှ အသံဗလံများ လုံးထွေးသွားကာ သူ့နားထဲသို့ ၀ရုန်းသုန်းကား ၀င်ရောက်လာသည်။ အ၀င်းမှာ အသက်ရှူမှား သွားလေသည်။

စိတ်မရှည် နိုင်တော့သည့် အလား တယောသံတွေ မြန်မြန် ဝေးသွား စေချင်သည်။ တယောသံ ဝေးသွားရန် အကြာကြီး စောင့်ရသည်ဟု ထင်မိသည်။ အကြာကြီး စောင့်နေရခိုက် တယောသံကို ကြားနေရ သည်မှာ မခံမရပ် နိုင်အောင်ပင် ဖြစ်လာလေသည်။ နားတစ်ဖက်က အဖေတို့ အခန်းနှင့် အစ်ကိုများ ရှိရာ အခန်းမှ ဘာသံ ကြားရ မလဲဟု စွင့်ထားစဉ် ချွေးပြန် လာလေသည်။ လမ်းပေါ်က အသံနှင့် အိမ်ပေါ်က အသံများ ထွေးလုံးရစ်ပတ် ဖြစ်သွားစဉ်က တစ်ဦးတစ်ယောက် ထလာကာ အခန်း တံခါးကို လာတွန်း သလိုလိုပင် စိတ်ထဲ၌ ထင်ယောင် ထင်မှား ဖြစ်မိသေးသည်။

တယောသံ လည်းပျောက် အိမ်ထဲကလည်း ဘာသံ ညာသံမှ မကြားရမှ အ၀င်းသည် အသက်ဖြောင့်ဖြောင့် ရှူနိုင်သွား တော့သည်။ တယောသံ ပျောက်သွားသော်လည်း နားထဲတွင် ဖခင်၏ ချောင်းဆိုးသံကြီး မပျောက်နိုင်ဘဲ စွဲကျန်ရစ် ပြန်၏။
မျက်ထောင့် နီကြီးနှင့် မျက်မှောင်ကြုတ်၍ ထားသော ဖခင်ကြီးသည် စိတ်ဆိုး မာန်ဆိုးနှင့် စိုက်ကြည့်နေသည်။ အ၀င်းမှာ နေစရာ မရှိအောင် ဖြစ်သွားလေသည်။ အမေ ဆယ်ခါကြိမ်း သည်ထက် အဖေ တစ်ကြိမ်တစ်ခါ မျက်နှာထား တင်းသည်ကို ပိုကြောက်ရသည်။ အဖေသာ မဟုတ် အစ်ကို နှစ်ယောက်ကပါ စားမတတ် ၀ါးမတတ် ဒေါသတကြီး ကြည့်နေကြသည်။ အ၀င်းမှာ ဒေါသချောင်းချောင်း ထွက်နေကြသော မျက်လုံးဒဏ်ကို မခံနိုင် ရကား မျက်စိထဲက မြန်မြန် ပျောက်ကုန်အောင် ဖျောက်ဖျက်ပစ် ယူရသည်။

နံနက် မိုးသောက်စ ဤအိမ်တွင် သူမရှိမှန်း သိသိချင်း တစ်အိမ်သားလုံး ယောက်ယက်ခတ် နေကြမည့် ပုံသဏ္ဌာန်သည် ပေါ်လာ ပြန်လေသည်။ လူစေ့တက်စေ့ ဒေါသ ထွက်နေကြသော မျက်နှာ အသီးသီးတွင် မျက်ရည် စက်လက်နှင့် ကရုဏာ ဒေါသော ဖြစ်နေသော အဒေါ်၏ မျက်နှာမှာ စိတ်ထိ ခိုက်စရာ ကောင်းနေသည်။ အ၀င်း ခေါင်းထဲတွင် ဗြုန်းခနဲ မဆီမဆိုင် အတွေးတစ်ခု ရောက်လာသည်။ အိမ်ရှိ လူထဲမှ တစ်ဦးတစ်ယောက် အသက်ပျောက် သွားသဖြင့် အပူမီး ကပ်ကြကာ နံနက်စောစော ဒေါင်းတောက်ဗျာများ နေကြသော မသာအိမ်ကို သွားတွေး နေမိသည်။ ဒီလိုပဲ နေမှာလားဟု ထင်မြင် ကြည့်မိသည်။

အ၀င်းလင်နောက် လိုက်သွား၍ အိမ်သားတစ်ယောက် လျော့သွားသော အိမ်ကြီးမှာ ညှိုးမှိုင် ခြောက်ကပ်သွားကာ မသာမယာ ဖြစ်နေသည်။ စောစောပိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသလောက် အသံများ တစ်စတစ်စ ငြိမ်သက်သွားကာ မျက်စိမျက်နှာ ပျက်လျက် ငိုင်မှိုင် နေကြပုံကို တွေးကြည့်မိသည်။ အ၀င်းသည် ချက်ချင်း စိတ်မကောင်း ဖြစ်သွားကာ သနားသွား လေသည်။ လမ်းမှ မထွက်ရဲအောင် ဖြစ်ကြမည့် အစ်ကို နှစ်ယောက်၏ မျက်နှာကို မကြည့်ဝံ့ သလောက်ပင် မျက်နှာပူ လာသည်။ အမေကသာ မိုးမွှန်အောင် ဒေါသကြီး နေလျက် အဖေမှာ တောက်တ ခေါက်ခေါက်နှင့် မျက်နှာကြီး ပုပ်သိုးထားကာ အိမ်ထဲတွင် နေစရာ ထိုင်စရာ မရှိအောင် ဖြစ်နေရှာ မှာကိုတော့ အတပ်သိ နေသည်။

အ၀င်းသည် မျက်လုံး ဖွင့်လိုက်ကာ အိမ်ကြီးကို တွယ်တွယ်တာတာ ကြည့်လိုက်မိသည်။ သူ့မျက်လုံး ထဲတွင် မျက်ရည်များ လည်နေလျက် လှိုက်ဖို လာလေသည်။ အ၀င်း မျက်ရည်လည် နေသလို မျက်ရည် စမ်းစမ်းနှင့် ညှိုးမှိုင်နေသော မောင်မောင်လေး၏ မျက်နှာသည် ပေါ်လာပြန်သည်။ မောင်မောင်လေး၏ မေတ္တာစာ များထဲတွင် သတ်သေ ရပါလိမ့်မည် ဟူသော စကားလုံး များမှာ အစောင်တိုင်း ထပ်နေရာ သူဆင်း မလိုက်လျှင် သူ့ကိုယ်သူများ သတ်သေ မလားဟု ပူပန်သောက ရောက်သွားရ ပြန်သည်။

ဂတ်တဲမှ သံချောင်း ခေါက်လိုက်လေသည်။ အ၀င်းမှာ အချိန်နီး ပြီဟု ရင်ထဲတွင် ဒိန်းခနဲ ဆောင့်သွားသည်။ တုန်ရီ သောလက်များဖြင့် နားကပ်ကို ချွတ်ယူသည်။ ဆွဲကြိုးကို ဖြုတ်သည်။ လက်စွပ်ကို ချွတ်ယူလိုက်သည်။ ချွတ်ပြီးသော ပစ္စည်းများကို ခေါင်းအုံးအောက်သို့ အသာထိုး သွင်းသည်။ လက်ကောက် ခုနစ်ကွင်းကို ချွတ်သည့် အခါတွင် အသံထွက် သွားသဖြင့် အဒေါ်သည် လူးလွန့်ကာ သူ့ဘက်သို့ စောင်းလိုက်သည်။ အ၀င်းသည် အသက်ပင် မရှူဝံ့ဘဲ အသာကုပ် နေလေသည်။ လူကြီးတွေ အလစ် ခက်ခက်ခဲခဲ ထုပ်ပိုး ထားရသော အ၀တ်ထုပ် ကြီးမှာ ခုတင်အောက် ချောင်ထဲတွင် ရှိသည်။ လေးနာရီ မထိုးမီ သည်အထုပ်ကြီး ဆွဲထုတ်ကာ အိမ်အောက် မီးဖိုထဲ၌ ဆင်းစောင့် နေမှဟု တွက်ကိန်းချ နေသည်။
အစီ အစဉ်များ ပြင်ဆင်တွက်ကိန်း ချနေခိုက်မှ အိမ်ကြီးက ချော့မော့နေသည်။

“မသွားပါနဲ့ အ၀င်းရယ်၊ နင်သွားရင်တော့ ဒီအိမ်ကြီးပေါ် ပြန်တက်ရမှာ မဟုတ်ဘူး”
အ၀င်းမှာ စိတ်တင်း၍ မရနိုင်အောင် ရင်ထဲ၌ ရှိုက်နေလေသည်။ တအားလျော့သွားသော စိတ်များမှာ ချောက်ချား ပူပန်လာသည်။

“ပြန်မလာရ ဘူးဆိုတာ သိပါတယ် အိမ်ကြီးရယ်၊ သိပါတယ်”ဟု ၀မ်းပန်းတနည်း ပြန်ပြောမိသည်။ ပြောပြီး မျက်ရည်များ စီးကျလာသည်။

အချိန် နီးကပ်လေလေ လူကြီးတွေ မျက်နှာကို အိုးမဲသုတ်ကာ ထွက်သွားရမှာ သွေးလန့်လာသည်။ တစ်ဦးတည်းသော သမီးဖြစ်၍ အားလုံးထက် အဖေက သေခန်း ဖြတ်မှာကို အသေအချာ တွက်မိသည်။ ဖြတ်ပေစေဟု စိတ်ကိုတင်းသည်။ စိတ်တင်းသည့် ကြားထဲက တကယ် ဖြတ်မှာကို ကြောက်ဆုတ် ကြောက်ဆုတ် ဖြစ်လာသည်။

အ၀င်းသည် စက်သူဌေး သမီး မအေးကြည်ကို သတိရ လိုက်သည်။ လင့်နောက် လိုက်သွားပြီး လူကြီးတွေက ပြန်လက် မခံဘဲ ပစ်ထားသည်။ မအေးကြည် ယောက်ျား ဂတ်စာရေး ကလေး ကိုသန်းမောင်သည် ရသည့်လခ အကုန်လုံး သောက်ပစ်ကာ မယားကို တဖုန်းဖုန်း ရိုက်တတ်သည်။ ဂတ်တဲဆီက လင်မယား ရန်ဖြစ်ပြီး မအေးကြည် အော်ဟစ်ငိုသော အသံများကို တစ်ခါတစ်ခါ ကြားရသည်။ ပါသမျှ ပစ္စည်းများ ဖဲရိုက်ပစ်ကာ ကလေး တစ်ယောက်နှင့် ရုပ်မပေါ်အောင် ဖြစ်နေသော မအေးကြည်ကို မြင်တိုင်းမြင်တိုင်း သူကဲ့ရဲ့ခဲ့သည်။ အ၀င်းသည် မအေးကြည် အကြောင်းကို ရှေ့ဆက် မတွေးမိရန် ရပ်ပစ်သည်။

မအေးကြည် အကြောင်း ရပ်ပစ်ပြီးမှ သူတို့သူတို့ အလျှိုအလျှို ပေါ်လာကြ ပြန်သည်။ သူနှင့် ရွယ်တူတန်းတူ ဖြစ်ကြသည့် တစ်တန်းတည်းနေ ကျောင်းသူ အဖော် တစ်စုထဲတွင် ယစ်မျိုးဝန်ထောက် သမီးနှစ်ယောက် သူ့ကို မဲ့ရွဲ့ကဲ့ရဲ့ နေကြသည်။ သူတို့နှင့် ပွဲလမ်း သဘင်သွားလျှင် ဂုဏ်တုဂုဏ်ပြိုင် ဖြစ်သည်။ သူတို့ အကဲ့ အရဲ့ကို ခံနေရသည်။ အ၀င်းသည် သူတို့နှင့် ဝေးရာထွက်ပြေး ကြည့်သည်။ သူတို့နှင့် လွတ်အောင် ရှောင်ကြည့်သည်။ ဘယ်ပြေးပြေး၊ ဘယ်ရှောင်ရှောင် ညီအစ်မ နှစ်ယောက်မှာ မဲ့ကာရွဲ့ကာ မေးထိုးကာနှင့် ပြောင်လှောင်ရှုတ်ချ နေကြသည်။ အ၀င်းမှာ ရှက်လွန်း၍ လဲသေလိုက် ချင်သည်။ မင်္ဂလသုတ် ဆုရသော အချစ်ဆုံး သူငယ်ချင်း မချစ်ရီ ကလည်း အဖက် မလုပ်တော့ဘဲ လူမြင်လျက်နှင့် ရှက်ကိုး ရှက်ကန်းဖြင့် ချာခနဲ လှည့်သွားသည်။ မချစ်ရီမှာ အမေ မရှိဘဲ အဖေ အုပ်ထိန်းကာ ကြီးပြင်း လာခဲ့ရသော ရိုးရိုးသားသား နေထိုင်တတ် သူကလေး ဖြစ်သည်။ အသင့် အတင့်သာ ၀တ်စားနိုင်သူ ဖြစ်သဖြင့် သူငယ်ချင်း အားလုံးထဲတွင် သူ့ကို သနားကာ ပို၍ ခင်မင်မိသည်။ မချစ်ရီ လေးက မခေါ်ချင် သလိုလို၊ မပြောချင် သလိုလို ကျောခိုင်းသွား ပုံမှာ အသည်း အနာဆုံး ဖြစ်တော့သည်။

နက်ဖြန်ည ယစ်မျိုးဝန်ထောက် သမီး နှစ်ယောက်က ဘုရား ကိုးဆူကပ်၍ အိမ်သို့လာရန် ဖိတ်ထားသည်ကို သွားစဉ်းစားမိ လေသည်။ အ၀င်းသည် ဆန်းပေ့ လှပေ့ဆိုသော အ၀တ်များ ရွေးဝတ်ကာ သွားစရာ ရှိလျှင် အဒေါ်နှင့် သွားနေကျ ဖြစ်သည်။ နက်ဖြန်ညတော့ ဘယ်နည်းနဲ့မှ သွားနိုင်တော့ မည်မဟုတ်။ ဘုရားကိုးဆူ အိမ်တွင် သူ့အကြောင်းကို မဲ့ကာရွဲ့ကာ ပြောဆိုကဲ့ရဲ့နေကြမည့် အသံများသည် သူ့နားဝတွင် ညံစီနေသည်။ သူ့အမေ မိတ်ဆွေများ ထဲမှ သမီးရှင် တစ်စု နှုတ်ခမ်းတလန် ပန်းတလန်နှင့် အ၀င်းအကြောင်း အတင်းပြော နေကြသည်။

ခုတင်ပေါ်၌ လဲလျောင်းနေသော အ၀င်းသည် လူးလွန့် လှုပ်ရှားနေသည်။ မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်သည်။ လက်ဝါးနှင့် အုပ်ထားရာက ဆတ်ခနဲ လက်ကို ရုပ်လျက် နားနှစ်ဖက် ပေါ်တွင် အုပ်လိုက်ကာ မျက်လုံးကို တင်းတင်းကြီး မှိတ်ထားလေသည်။ ပက်လက် နေရာမှ စောင်းသွားပြန်၏။ တစ်ဖက် စောင်းရာက တစ်ဖက်သို့ ပြန်ပြောင်း စောင်းပြန်၏။ နားပိတ်ထားသော လက်နှစ်ဖက်ကို နားမှ မခွာရဲဘဲ အုပ်မြဲ အုပ်ထားလေသည်။ အိပ်ရာပေါ်၌ ငါးဖယ်ပြန်သလို လူးလှိမ့် နေရင်း နောက်ဆုံး ခေါင်းအုံးပေါ်၌ မျက်နှာမှောက်ကာ အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက် ရှူရှိုက်နေစဉ် ဂတ်တဲဆီမှ သံချောင်းသုံးချက် ခေါက်လိုက်သည်။

အ၀င်းသည် ငြိမ်ကျသွားလျက် နာရီဝက်ခန့် မလှုပ်မယှက် ငြိမ်သက်နေသည်။ အိပ်ရာနံဘေး စားပွဲ ကလေးပေါ်မှ စားပွဲတင် နာရီ၏ တချက်ချက် မြည်နေသော အသံမှ တစ်ပါး ဘာသံကိုမျှ မကြားရချေ။ ခေါင်းရင်းခန်းမှ အိမ်မြှောင် စုတ်ထိုးသံ ပေါ်လာ၏။ အ၀င်း၏ ရင်ခုန်သံမှာ လျော့သွားလျက် အ၀င်း၏ မျက်နှာပေါ်တွင် မျက်ရည်စများ စီးကျနေသည်။
လမ်းထိပ်မှ မြည်လွင့်လာသော အသံ ကလေးကို သဲ့သဲ့ ကြားလိုက်ရသည်။ ဤအသံမှာ ကြေးစည်သံ ကလေး ဖြစ်ပေသည်။ လေးနာရီ အရုဏ်တက် ဆွမ်းထ ချက်ကြရန် နိဗ္ဗာန် ဆော်တစ်သိုက်၏ ရှေ့ပြေး နှိုးဆော်သံ ဖြစ်သည်။ ကြေးစည် ရိုက်ခတ်သံ ကလေးသည် လေထဲတွင် တဝေ့ဝေ့ ပျောက်ကွယ် သွားသလို အ၀င်း၏ နှလုံးခုန်ခြင်း သည်လည်း တဖြည်းဖြည်း ငြိမ်သက် ကျသွားသည်။

“ဘွန္တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့....” နိဗ္ဗာန်ဆော် များ၏ အသံသည် အိမ်ရှေ့သို့ ရောက်လာသည်။ ဤအသံနှင့် ရောလျက် “ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ဘာစာတဲ့လေး” ဟူသော တေးသံမှာ အ၀င်း နားထဲ၌ သဲ့သဲ့ ကလေးမျှ ကြားယောင် မိတော့သည်။ အ၀င်းသည် မလှုပ်တော့ချေ။

မည်မျှ အချိန်ကြာ သွားသည်မသိ။ အလင်းရောင် သန်းကာနေသည်။ အတန်ကြာ တစ်ခဲနက် ငြိမ်သက်လျက် ရှိနေစဉ် ချောက်ခနဲ အသံကို ကြားလိုက်ရ၏။ အ၀င်းသည် ငြိမ်သက် နေရာမှ ထိတ်ခနဲ ဖြစ်သွားသည်။ အသံမှာ ပိတ်ထားသော အိပ်ခန်း တံခါးဆီက လာသော အသံဖြစ်သည်။

ချောက်ခနဲ မြည်သော အသံနှင့် ဆက်လျက် တချွင်ချွင် ထွက်သွားသော သော့တွဲသံကို ကြားလိုက်ရသည်။ အ၀င်းမှာ မျက်လုံးကို စင်းလျက် ပါစပ်ကလေး ဟကာ ငေးကြည့်နေသည်။ သန်းခေါင်ကျော် လောက်က “ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ” သီချင်းသံက တစ်ပတ် ပြန်ကျော့လာစဉ် သူ့အမေက မသင်္ကာဘဲ အပြင်ဘက်မှ သော့ခတ်ထားမှန်း အခုမှ ရိပ်မိလေသည်။

ပါးစပ်ကလေး ဟထားကာ တံခါးပေါက်သို့ ငေးစိုက် နေသော အ၀င်းသည် အသာတိတ်တိတ် သော့လာဖွင့်၍ တချွင်ချွင်ထွက်သွားသော သော့တွဲသံလေးကို သူ့ အသက် ထက်ဆုံး အမှတ်ရနေလိမ့်မည်သာ ဖြစ်ပေတော့သည်။

ဂျာနယ်ကျော်မမလေး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)

No comments: