အန်နာဟာဇာရီကာ၏ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး အကြမ်းမဖက်တိုက်ပွဲ အောင်မြင်၊ အစာငတ်ခံ ဆန္ဒပြမှုအဆုံးသတ်

အကျင့်ပျက်ချစားမှု ထူပြောလှတဲ့ အိန္ဒိယအုပ် ချုပ်ရေး ယန္တရားကြီးကို တိုက်ဖျက်ရန် အစာ ငတ်ခံ တိုက်ပွဲဝင်ခဲ့သည့် ဂန္ဒီဝါဒီ အန်နာဟာဇာ ရီကာ အောင်ပွဲခံ၍ အစာငတ်ခံ ဆန္ဒပြမှုကို ယနေ့ ၁၀ နာရီ ၂၀ တွင် အဆုံးသတ်လိုက် သည်။ အသက် ၇၄ နှစ်ရှိ အန်နာသည် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ဥပဒေအား အိန္ဒိယပါလီမန်မှ အမြန်ဆုံး အတည်ပြုပေးရန် သြဂုတ်လ (၁၆) ရက်နေ့မှ စတင်၍ အစာငတ်ခံ တိုက်ပွဲဆင်ခဲ့ရာ နောက်ဆုံး နာရီပေါင်း ၂၈၈ အကြာတွင် အစိုးရမှ ၎င်း၏တောင်းဆိုချက်ကို သဘောတူ လိုက်လျောခဲ့သဖြင့် တိုက်ပွဲကို အဆုံးသတ် ခဲ့သည်။ အထက်တန်းကျောင်းမှ ကျောင်းထုတ်ခံခဲ့ရပြီး ၁၉၆၂ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲတွင် ပါဝင်ခဲ့သည့် ဂန္ဒီဝါဒီ စစ်သားဟောင်းတဦး၏ တန်ခိုးအာဏာကြီးလှသည့် အုပ်ချုပ်ရေးအာဏာပိုင်များ အပေါ် အောင်ပွဲခံခဲ့သည့် စစ်ပွဲတခုဖြစ်သည်။ အိန္ဒိယ ပါလီမန်က ဂျန်လော့ပါးခေါ် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး ဥပဒေအား အတည်ပြုရန် အနှစ် ၄၀ ကျော် ရွေ့ဆိုင်း အချိန်ဆွဲရာမှ အန်နာ၏ တိုက်ပွဲကြောင့် ယခုကဲ့သို့ အဆုံးသတ်သွားခဲ့ခြင်းဖြစ်သည်။ 

ထောင်ပေါင်းများစွာသော အားပေးထောက်ခံသူများ၏ လက်ခုပ်သြဘာသံများအကြား၌ သမီးငယ်လေးနှစ်ဦး ကမ်းလှမ်းလာသည့် ရေကို စတင်သုံးဆောင်ခြင်းဖြင့် သူရဲ့ အစာငတ်ခံတိုက်ပွဲကို အသုံးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အသုံးသတ် အပြီးမှာတော့ အန်နာက ထောက်ခံသူ ပရိတ်အပေါင်းကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ အန်နာက “အားလုံးကို ကျေှးဇူးတင်ပါတယ်။ ဒါဟာ ခင်ဗျားတို့ ကျနော်တို့ အောင်ပွဲဖြစ်ပါတယ်။ ပြီးတော့ သတင်းမီဒီယာတွေရဲ့ အောင်ပွဲလည်းဖြစ်လို့ သတင်းမီဒီယာတွေကို ကျေးဇူးတင်ပါတယ်။ သတင်းမီဒီယာတွေရဲ့ ကျေးဇူးကြောင့် အိန္ဒိပြည်တဝှန်းက ပြည်သူတွေ နိုးထအုံကြွ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုလူတန်းစား အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါဟာ အဟိံသတရား အကြမ်းမဖက်လမ်းစဉ်နဲ့ ဘာကိုမဆို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ ဂန္ဒီဝါဒလမ်းစဉ်ကို ကမ္ဘာကို ထပ်ပြီး သက်သေပြလိုက်တာ ဖြစ်ပါတယ်။” ၎င်းက ဆက်လက်ပြီး “အထူးသဖြင့် အုံနဲ့ကျင်းနဲ့ အားပြည့်အင်ပြည့် ထောက်ခံပူးပေါင်းခဲ့ကြတဲ့ လူငယ်အများကို ကျေးဇူးတင်ပါတယ်။ ဒီလူငယ်တွေရဲ့ အားကို အခြေခံတဲ့ ဂျန်ဆန်ဆခေါ် လူထုပါလီမန်က အစိုးရ ပါလီမန်ထက် အာဏာပိုထက်ကြောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။”
 
အန်နာက သူ့အနေနဲ့ လူထုကိုယ်စားလှယ်များအဖြစ် ရွေးချယ် အပ်နှင်းထားသည့် ပါလီမန်အမတ်များကို ပြန်ခေါ် ရုတ်သိမ်းခွင့် ရရှိဖို့ လက်ဆက် တိုက်ပွဲဝင်သွားဦးမယ်လို့ ဆိုပါတယ်။ အန်နာ တောင်းဆိုခဲ့သည့် ဥပဒေကျမ်းကို လွတ်တော်မှ အတည်ပြု ဆုံးဖြတ်ပြီးသည့်အကြောင်း ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီး မစ္စတာပရာနတ် ပူခါဂျီ ပါလီမန်မှာ ကြေငြာခဲ့ပါတယ်။ ဝန်ကြီးချုပ်မှ အန်နာတောင်းဆိုသည့် တောင်းဆိုချက်နှင့် အညီ ပါလီမန်က အတည်ပြုလိုက်ပြီ ဖြစ်လို့ အန်နာရဲ့ အစာငတ်ခံ ဆန္ဒပြမှုကို ရပ်ဆိုင်းရန် မေတ္တာရပ်ခံ အကြောင်းကြားစာကို ရရှိခဲ့သည့် ယနေ့ မနက် ၁၀ နာရီ ၂၀ တွင် အန်နာ၏ အကြမ်းမဖက်တိုက်ပွဲကို အောင်မြင်စွာ အဆုံးသတ်လိုက်ခြင်းဖြစ်သည်။

No comments: