ခင်..... သို့


“ခင်.... သို့”
ထွန်းထွန်း (မုံရွာ)


အလွမ်းပေဖူးလွှာ
စခန်းမြေကူးကာပါး
ငယ်ချစ်ဦးစကားနားထောင်
‘တော်လှန်ရေးအောင်မြင်အောင်သာ
မောင် ဆောင်ရွက်ပါ...’ တဲ့လားခင်...။
ခင့်စကား အားရှိ
သိစေချင်တယ်ခင်...
လူသားကလက်မခံရင်
အာဏာရှင်ဆိုတာ
ကမ္ဘာမှာ ဘယ်လာရှိလိမ့်မလဲ...
(မကြာခင်မှာ...) ပြတိုက်ဝင်ပစ္စည်းအဖြစ်
ပုံသွင်းထုဆစ်ရင်တော့
အာဏာရှင်ဆိုတာ... ရှိချင်ရှိခဲ့မှာပေါ့ခင်...။

မခွဲတမ်းချစ်တဲ့မောင်
အသဲကျွမ်းရစ်အောင် ထားထွက်မှာလား
တားရက်တဲ့အားလည်း ရင်ထဲမရှိ
ခင့်အသည်းမချိဘူးလို့...
စူးနစ်တဲ့ခင်စကား အစဉ်ကြားယောင်ဆဲ
မောင်လည်း ဘယ်ခွဲချင်မှာလဲခင်...။

စာအုပ်ထဲကစနစ်
အပြစ်ရှာရခက်ပေမယ့်
မ၀တ၀ စားရ
မဆလစကားက
ညတစ်ညရဲ့ပုံပြင်ပမာ
ယုံချင်စရာ ရှိရလို့လား
မမြင်ရ...မကြားရ၊ မသွားရ...မလာရ
မရေးရ...မပြောရ၊ မဟောရ...မကိုးကွယ်ရလို့ခိုင်း
မြန်မာမျိုးနွယ်သမိုင်း
ကြမ္မာဆိုးဝယ် က,ခိုင်းတာ
နှစ်(၃၀)ကြာခဲ့ပေါ့ခင်...။

ဖိရင်ကြွ၊ ထိရင်ချ
သည့်အရင်က ဘဝဘဝတွေအထက်
ရသမျှအဖြေထွက်တော့
စနစ်အတွက် အသစ်စ
အမြစ်ဖဲ့ပစ်လိုက်ကြတာ
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်ကပေါ့ခင်...။
လူ့အခွင့်အရေးလမ်းကြောင်း
ကျောင်းစိမ်းတို့တောင်းဆို
ပေါင်းကြိုသင်္ကန်း
ဝန်ထမ်းရည်တူ
ပြည်သူဝိုင်းဝန်းထား
ကြည်ဖြူတိုင်းရင်းသားများရဲ့
ညီတူရိုင်းပင်းအားနဲ့
ဒီမိုကရေစီတေးသွားကို
ငြိမ်းချမ်းစွာ သီဆိုကြပေမယ့်လည်းခင်...။

ဂျွမ်းထိုးမှောက်ခုံ အလောင်းပုံဟာ
အကြောင်းစုံပြန်ကြားချက်...တဲ့
သားအတွက်အပူရုပ်
ဂျူတီကုတ်လည်း မကယ်နိုင်ရှာ...
ဥပဒေဆရာကြားမှာ
သူ့အမေ ငါ့အမေ ဗျများခဲ့...
ပါသွားတဲ့သမီးပျောက်
ဘယ်ဆီရောက်မှန်းမသိချိန်ကပေါ့ခင်...။

ငရဲခန်းဘ၀ ပုလဲပန်းအလှရဲ့
ကြားသမျှသတင်းတွေ
အဓမ္မနင်းချွေ
တားမရရင် ကြွေ
အပွင့်တွေ...အပွင့်တွေ
ရင်နင့်စေအောင်ခံစား
ထောင်နံရံကြားက ခွေးဇာတ်
နောင်ပြန်ပေးဆပ်တောင်... ကြေပါ့မလားခင်...။

အသွေးအသက်ပေါင်းများစွာ
စတေးလျက် တောင်းသွားတာဟာ
မဝေးရက်မှာ ကောင်းစားလာမယ့်
မျိုးဆက်တွေရဲ့ရှေ့ရေး
တိုးတက်စေမယ့်အတွေးနဲ့ပါ...
ခါမရည် လာကာစီလို့ရေး
ဘာမထီ အာဇာနည်တို့သွေးက
မှန်သိရှာဖွေ အသက်ပေးနှိုင်းကာ
ကျန်ရှိတာတွေ ဆက်ရေးခိုင်းတာ
သမိုင်းတာဝန် သူတို့ကေပွန်ခဲ့လို့ပေါ့ခင်...။

သိန်းသန်းထုကြမ္မာကိုတွေး
စိမ်းလန်း လူ့မြန်မာအရေးပေမို့
ငြိမ်းချမ်းမှုကမ္ဘာလေးကို
မြတ်နိုးစွာ ထာဝစဉ်ထွေးပွေ့ထားချင်တာ
မောင်လည်း ပါပါတယ်ခင်...။
ဘုရားတွေနဲ့ဝေး မိုက်သေးဆဲဘဝ
တရားရေအေး တိုက်ကျွေးလည်းမရမှတော့...
ဆောင်းမြန်းလိုမယ့် အတိုချုပ်အမြင်အရ
‘အောင်ဆန်း’ဆိုတဲ့ ဗိုလ်ချုပ်ဖခင်က
‘ရရင် ရ...၊ မရရင်...ချ’...တဲ့
ဒီအမြင်ဟာ မောင့်ရင်ကို စူးဖောက်(ဒီနောက်)
တော်လှန်ရေးနယ်မြေကို... ရောက်ခဲ့ရပေါ့ခင်...။

တကယ်တန်းကျ
မဆလရဲ့အရှုတ်အထွေး၊ န၀တက...ရုပ်သေးပါ
အပေါ်ယံအပုပ်အဆွေးကို ပြုပြင်ကာ
သာသာယာယာအမြင်အတိုင်းပြစေလို့
ဘာဘာညာညာ(အနှစ်မပါ) ဆင်တိုင်းလှပေမယ့်
အရာရာဟာ...အရင်အတိုင်း မရတော့ဘူးခင်...။

စာသင်ခန်းရဲ့ ခြေလှမ်းပိုင်ရှင်
ဘယ်ဆီ ခရီးနှင်နေကြသလဲ...
ဖောင်တိန်လေးနဲ့ ဖိုင်တွဲ
သခင့်ကို ရှာနေဆဲပေါ့...
ရွာဦးကျောင်းက ဆွမ်းအုပ်
အလုပ်မလုပ်တော့ဘူးတဲ့...
နီစွေးတဲ့ လမ်းတံတား
ထုံးဖွေးဖွေး အုပ်ထားပေမယ့်
ခမ်းခြောက်စ,သွေး
ရဲရဲနီစွေးဆဲပါ ခင်...။

ဘုရင်တဆူအလား အားကြီးစွာ ကားဆီချက်
ဖြူစင်သူများ ခါးသီးစွာနာကျည်းလျက်က
လာပြီး ထွက်ဆိုကြတာကတော့...
အသဲကြားက မဲတပြားနဲ့
ခွဲခြားပြတဲ့ နေ့ကပေါ့ခင်...။

ခင်အမြင် ခင်အသိ
ခင်လည်း သဲတပွင့်အဖြစ် တည်ရှိခဲ့တယ်လေ...
မောင်တထမ်း... အောင်ဆန်းကို မျက်ကွယ်မပြုသလို
မယ်တရွက်... ခမောက်ဆောင်းလျက်
တိုက်ပွဲဆက်နေဆဲမို့
ခင်အတွက် အတိုင်းမသိ ပီတိနဲ့
မောင်ဂုဏ်ယူမိပါတယ်...
(ဒါပေမယ့်လေ...) ရွေးကောက်ပွဲအဖြေ
ဘေးရောက်လည်းမနေကြဘူးခင်...။

မောင်တို့ဟာ
ပြည်သူသာ အဓိက...၊ ပြည်သူသာ အမိအဖပါ
ဒင်းတို့မှာတော့
ကျွေးတဲ့လက်ကို ကိုက်ခဲ
ခွေးထက် မိုက်မဲတုန်းပဲခင်...။

စစ်အာဏာရှင်ဖ၀ါးအောက်
ခစားရောက် ၀ပ်စင်းစေဖို့
တရားပျောက် ဖွတ်မင်းက
ဇွတ်သွင်း ဘောင်ကြမ်းမှ
လွတ်ကင်းအောင် လှမ်းရင်
ညွတ်ကွင်းထောင်ဖမ်းသလို
မကောင်းသမျှဖီဆန်ရင်
အလောင်းမရ ရည်သန်လို့
ပြောင်းဝက ကျည်ဆံအမိန့်နဲ့
‘ဒီ’ အသံ...တိတ်စေတဲ့လားခင်...။

တို့အရေးသုံးပါးကိုတော့ လျှောက်အော်
ပေါက်ဖော်ကိုတော့ ပြည်နယ်တခု
အတုယောင်ညီလာခံမှာ တရားဝင်မပြုရုံပါဘဲ...
မြင်လားခဲ့တဲ့အထီးကျန်အမွေ
အာဆီယံဟာ ဆိတ်သရေလေ...
ဒင်းကတော့...
ဘယ်သူသေသေ... ငတေမာစေဖို့ပေါ့...။

ဒေါ်လာရှာတဲ့အခါမှာတော့
မတရားသဖြင့်ကြီးထွားရေးအတွက်
တခါးဖွင့်စီးပွားရေးကို
လမစေ့ဘဲ ဗိုက်ခွဲမွေး
အေအိုင်ဒီအက်စ်လေးနဲ့ အသက်သွင်းပေးခဲ့သလို
ဒေါ်လာပဒေသရာဇ်အတွင်း ဇွတ်သွင်းခဲ့တဲ့
ပေါ်တာနဲ့ လုပ်အားကုသိုလ်ဟာ
လူသားစက်ရုပ်တွေမှာ
(တချို့)အရိုးတွန်ပြီး ကြိုဆိုရရှာတယ်ခင်...။

ရှပ်ညိုရဲ့ ဆိုးယုတ်တဲ့သဏ္ဏာန်
ကြံ့ဖွတ်ကလည်း အရိုးစုပ်မယ့်ဉာဏ်
ဒီအမျိုးယုတ်လောက်တွေဟာ...
ကြာကြာမခံပါဘူးခင်...။

ခရီးသွားနှစ်မှာ
စီးပွားမဖြစ်တာ
ဒင်းတို့ဟာ အနှစ်ဗလာမို့ပေါ...
လူမသာမာဘုံဖျားရောက်
စူစကာပုဏ္ဏားလောက်တော့
န၀တရဲ့ ခြေဖ၀ါးအောက်မှာပါ...။

အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ငြမ်းကိုဆင်
ခြင်္သေ့နဲ့သမင် လက်ထပ်ပေးရင်တော့
အင်း...ဖြစ်ချင်ဖြစ်မှာပေါ့ခင်...။

မတရားဘုရင် ပလ္လင်ဆင်းမှ
အများဘ၀င် အမြင်ရှင်းကြမှာမို့
ကယား ကရင် ကချင် ချင်းနဲ့အတူ
ကျရာတာဝန်အပြိုင်ထမ်းလိုတဲ့
ဗမာ မွန် ရခိုင် ရှမ်းဆိုတဲ့
တိုင်းရင်းသားများရဲ့ ရိုင်းပင်းအားနဲ့
ဒုတိယ လွတ်လပ်ရေးတိုက်ပွဲကြီးကို (အခုတော့...)
ဝိုင်းဝန်းထားနိုင်ခဲ့ပြီပေါ့ခင်...။

ရောင်ပြန်ရွေခြည်လား အလှ
မောင်ပြန် နေပြည်တံခါးဝမှာဖြင့်
ရန်ခွင်းလာသူ ဆင့်ကူသွားခဲ့အဆောင်အရံကား
မာန်ဝင့်တလူလူ လွင့်ထူထားတဲ့အောင်လံများ
ဝင့်ဝင့်ကြွားကြွား၊ စင့်စွင့်ကားကား
မြင့်မြင့်မားမားနဲ့ လွင့်ပျံကြွလျက်
အားရလွန်းတဲ့ အောင်စည်အောင်မောင်း
နတ်စောင်းပင် တက်ကြည့်မိခဲ့သဏ္ဏာန်
ထက်ကောင်းကင် ဘ၀ဂ်ထိသို့ညံကာ
အမိမြေနန်းတွက် ပင်းပန်းခဲ့တဲ့မောင်
မသွေထမ်းခဲ့ ရင်အနွမ်းပျက်ပြယ်အောင်
သပြေပန်းနဲ့ ခင့်အနမ်းလက်ဆောင်
‘ရော့...မောင်’လို့
စို့မျက်ရည် ပြုံးချိုစွာ ကြိုနေရှာတဲ့ ခင်ပုံရိပ်
လာပုံထူးတဲ့ အောင်အတိတ်ရောက်လာ
အရုဏ်ဦးရဲ့ အောင်နိမိတ်အောက်မှာ
မကြာခင်... မောင်ရှာတွေ့တော့မှာမို့
မကြာခင်... မောင်ရှာတွေ့တော့မှာမို့
မကြာခင်... မောင်ရှာတွေ့ပြီမို့...။  ။


ထွန်းထွန်း(မုံရွာ)
နေရဉ္စရာ သစ္စာသံများ စာအုပ်အတွင်းမှဖြစ်သည်....။

No comments: