ကြယ်ကြွေချိန် တဒင်္ဂ

ကြယ်ကြွေချိန် တဒင်္ဂ

ပြတင်းပေါက်မှ ဖြာကျနေသော လရောင်သည် အေးမြလွန်းစွ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်လေးများက သူ့ထက်ငါ အပြိုင်အဆိုင် လင်းလက် နေကြ၏။

လသာသာမှာ ဘွားဘွားပေါင်ပေါ် ခေါင်းအုံးပြီး ပုံပြင် နားထောင်ခဲ့ရသည့် အတိတ်ည တချို့အကြောင်း အတွေးထဲ ၀င်လာတော့ ပူနွေးသော မျက်ရည် စီးကြောင်းသည် ပါးပြင်ပေါ် ဖြတ်သန်းသွားခဲ့ပြီ။

“မေမေ ဘာဖြစ်လို့ ငိုနေတာလဲ။ ခေါင်းကိုက်လိမ့်မယ်။ မငိုနဲ့တော့နော်။ မီးမီး ဘာလုပ်ပေးရမလဲ ဟင်။ မေမေ့ကို နှိပ်ပေးရမလား”။ အလိုက် သိလွန်းသော ချစ်စဖွယ် သမီးငယ်လေး၏ အသံစာစာလေးကို ကြားလိုက်ရတော့ ရင်နင့် သွားမိ၏။ လူ့လောကအလယ် ဥမမည် စာမမြောက် ဒီအရွယ်လေးနှင့် တစ်ယောက်တည်း ကျန်ခဲ့ရမှာကို တွေးမိပြန်တော့ ကျွန်မ သေမင်းကို တောင်းပန် လိုက်ချင်၏။

ကျွန်မ ၀ဋ်လည် နေပြီလား။ သမီး လုပ်သူကို တစ်ချက် မျက်နှာအညှိုး မခံရအောင် ဖြည့်စွမ်းပေးခဲ့ သော ဘွားဘွား၊ မိခင်၊ ဖခင်တို့၏ ရင်ကို အရှင်လတ်လတ် ခွဲခဲ့သောကြောင့် ကံတရားက ဒဏ်ခတ် သင့်သည်။ အပြစ် မရှိသော ကျွန်မ သမီးလေးကိုမှ ဘာကြောင့်များ မြေစာပင် ဖြစ်စေရော့သနည်း။ ကျွန်မ မတွေးချင်သော အတိတ်သည် ကျွန်မ စိတ်ဝိညာဉ်ကို တိုးဝင်လာပြန်တော့...


၁။
“မီးလေး၊ ကျောင်းသွားရတော့မယ်။ ထ တော့လေ”

ညင်သာ နူးညံ့သော အသံချိုချိုလေးနှင့် ကျွန်မ ပါးပြင်ကို ထိခတ်လာသော ဘွားဘွား၏ မနက်ခင်း အနမ်းလေးသည် ကျွန်မ၏ နံနက်တိုင်းကို သက်ဝင်စေသည့် အချိန်မှန် နှိုးစက်သံလေး ပင်။
“ဟာ ဘွားကလည်း၊ အခုမှ အစောကြီးရှိ သေးတယ်။ မီးအိပ်ချင်သေးတယ်”

“ရှစ်နာရီ ထိုးတော့မယ် မီးလေးရဲ့။ မစောတော့ဘူး။ ရေချိုးမှာနဲ့၊ မနက်စာ စားမှာနဲ့ဆို ကိုးနာရီမတ် တင်း၊ ကျောင်းတက်မှာနဲ့ အတော်ပဲ ထတော့နော်”

“ဟင့်အင်း၊ မီး အိပ်ရေး မ၀သေးဘူး။ မီး ဒီနေ့ ကျောင်းမသွားချင်ဘူး။ နေမကောင်းလို့ ဆိုပြီး ဖေ့ကို ခွင့်သွား တိုင်ခိုင်းလိုက်နော်”

“ညက ၀တ္ထုတွေ ညဥ့်နက်တဲ့ အထိ ဖတ်တယ်ထင်တယ်။ ကျောင်းပိတ်ရက်မှ ဖတ်ပါလို့ ပြောထားရဲ့ နဲ့ကွယ်။ ကဲ ကဲ ဒီနေ့တော့ ထားလိုက်တော့။ နောက်နေ့ဆိုရင်တော့ မရဘူးနော်”

“ဟုတ်ကဲ့ပါ ဘွားရဲ့။ အဲဒါလေးတွေကြောင့် ဘွားကို မီးလေးက ချစ်နေရတာ”

အိပ်ချင်မူးတူးဖြင့် ဘွားကို မွှေးမွှေးပေး လိုက်တော့ ဘွားတစ်ယောက် ကျေနပ်သွားသည်။
“လိုတရ”ဆိုသော နာမည်နှင့် လိုက်ဖက်စွာ ကျွန်မ ဘ၀သည် အဘက်ဘက်မှ ပြည့်စုံလွန်းသည်။ တကယ်တော့ လိုချင်သည့် အရာဆိုလျှင် “တ” စရာပင် မလိုအောင် ကျွန်မ၏ မျက်နှာရိပ် မျက်နှာကဲ ကို ကြည့်၍ ဖြည့်ဆည်းပေးတတ်မြဲ။ ဘိုးဘွားစဉ်ဆက် ချမ်းသာခဲ့သော ကျွန်မ တို့သည် ကျောက်မျက် ရတနာကုမ္ပဏီတစ်ခုနှင့် ရွှေချည်ထိုးပစ္စည်းများ၊ ရုပ်သေးရုပ်များ စသည့် မြန်မာ့လက်မှုပစ္စည်းများကို နိုင်ငံခြားသို့တင်ပို့ သောလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။

မြို့သစ် ၆၂လမ်းပေါ်ရှိ နန်းတော်ကြီးတမျှ ခမ်းနား ထည်ဝါလွန်းသော စံအိမ်ကြီးတွင် ဘွားဘွား၊ ဖေဖေ ၊ မေမေ၊ မြောက်မြားစွာသော ခြွေရံသင်းပင်းတို့နှင့် အတူဖြတ်သန်း လာခဲ့သည်မှာ ကျွန်မ အသက် ၁၆ နှစ်ပင်တိုင်ခဲ့ပြီ။ အရာရာတွင် ထိပ်ဆုံး၊ အကောင်းဆုံး အညွန့်အဖူးများကိုသာ ပိုင်ဆိုင်ခွင့် ရခဲ့သော် လည်း ပညာရေးနှင့် ပတ်သက်လျှင်တော့ အလယ်အလတ် လောက်နှင့်သာ ကျေနပ် နှစ်သိမ့်ရမြဲ။ ကျွန်မကိုယ်တိုင်ကလည်း ထိုမျှလောက်နှင့်ပင် တင်းတိမ်ရောင့်ရဲနေမိသည်။ ဉဏ်ကောင်းသော်လည်း အပျင်းကြီးလွန်း၍ ထိုမျှလောက် အဆင့်ရှိနေသည်ကိုပင် ကိုယ့်ကိုယ်ကိုယ် မဆိုးလှဟုအထင် ရောက် မိသည်။

ကျွန်မ ဘာလုပ်လုပ် အကောင်း မြင်လွန်းသည့် မိဘများကလည်း...
“ဘာလုပ်ရမှာလဲကွာ၊ အချိန်တန်ရင် တစ်သက် စားမကုန်တဲ့ ဒီစည်းစိမ်တွေနဲ့ ဒီလုပ်ငန်းတွေကို မီးလေးပဲ ဦးစီး ပိုင်ဆိုင်ရမှာ။ စာအရမ်း တော်လွန်းပြီး ဆေးကျောင်းတက်ရလည်း ဘာဖြစ်မှာလဲ။ အလွန်ဆုံး ဆရာဝန်ပေါ့။ ရမယ့် လစာက ငါ့သမီးလေး တစ်နေ့ မုန့်ဖိုးလောက်တောင် ရှိမှာ မဟုတ် ဘူး” ဆိုသော ဖခင်၏ စကားများကို အပြည့်အ၀ ထောက်ခံခဲ့သည်က ဘွားဘွားနှင့် မေမေ။

ကျွန်မကိုယ်တိုင်ကရော၊ ငယ်ငယ်လေးက တည်းက စိတ်ကူးထဲတွင် ကိန်းအောင်းနေသည့် အိပ်မက် လေးတစ်ခု ရှိခဲ့သည်။ သူတစ်ပါးကို ပြုပြင်ပြောင်းလဲ ပေးနိုင်သည့် “ဆ”ဆရာမလေး ဘ၀ပင်။ “ကျွန်မ ၏ ရည်မှန်းချက်” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားထားသည့် စာစီစာကုံးကို  ဘွားဘွား ဖတ်မိစဉ်က တစ်အိမ်လုံးကျွက်ကျွက် ရိုက်သွားခဲ့ဖူးသည်။

“မီးလေးရယ်၊ ရေးစရာ ရှားလို့ ကျောင်း ဆရာမ ဖြစ်ချင်တယ်လို့မှ ရေးရသလားဟင်။ ရေးပါတော့လား၊ စီးပွားရေး လုပ်ငန်းရှင်ကြီး ဖြစ်ချင်တယ်တို့၊ အမျိုးသမီး စွမ်းဆောင်ရှင်ကြီး ဖြစ်ချင်တယ်တို့။ ရေးမှ ရေးတတ်ပလေတယ်အေ။ ဘာတဲ့၊ ဥယျာဉ်မှူး၊ ဟုတ်လား။ စိတ်ကူးမယဉ် ချင်စမ်းပါနဲ့ မီးလေးရယ်” စသော ဘွားဘွား စကားမှ မဆုံးခင် မေမေကလည်း...

“ဟုတ်တယ် မီးလေး။ ဘွားပြောတာ မှန်တယ်။ ကျောင်းဆရာမ ဆိုတာ ကြားရတာသာ ကောင်းတာ။ တကယ်တမ်း မီးလေး လုပ်နိုင်မှာ မဟုတ်ဘူး။ တက္ကသိုလ်က သရုပ်ပြ ဆရာမ တစ်ယောက်ဖြစ် ဖို့ဆိုရင် မဟာတန်းတွေ ဘာတွေ ၀င်အောင် မီးလေး စာတွေ အများကြီး လုပ်ရမယ်။ မီးလေးပုံစံနဲ့ ဆို ရင် လုပ်နိုင်မှာ မဟုတ်ဘူး။ ရိုးရိုး ကျောင်းဆရာမလေးဆိုရင်ကော မီးလေး လုပ်နိုင် မယ်ထင်လား။ မြေကြီးပေါ်တောင်  ခြေဘယ်နှ ခါများ ချဖူးလို့လဲ”

ပြောမယ်ဆိုလည်း ပြောလောက်ပေသည်။ ကျွန်မကလည်း အိမ်ပေါ်မှ ဆင်းလျှင်ပင် ခြေဖ၀ါး တော်နုနု က သွေးခြည်ဥမတတ်။ ထိုသို့သော ကျွန်မ မိသားစု အသိုင်းအ၀ိုင်း၏ ချီးမွမ်းထော မနာပေးချက်များ အရ ကျွန်မ၏ ၀ါသနာရည်မှန်း ချက်လေးသည် နှလုံးသား တစ်ထောင့်မှာသာ မှေးမှိန်သွားခဲ့ပြီ။

သို့သော် လုံးဝ ပျောက်ကွယ်သွားခြင်းတော့ မဟုတ်ခဲ့။ အိမ်မှ အခြွေအရံများပေါ်တွင် ဆရာ လုပ်ရင်း၊ သူငယ်ချင်း အပေါင်းအသင်းများပေါ်တွင် သူတို့၏ အမှားများကို ပြင်ပေးရင်းဖြင့် ကျွန်မ၏ အထက် တန်းကျောင်းသူ ဘ၀လေးသည် ကုန်ဆုံးသွားခဲ့သည်။

၂။
မြီးကောင်ပေါက် အရွယ်ဆိုတာ သစ်ရွက်ကလေး လှုပ်သည်ကိုပင် ရင်ခုန်တတ်သည်ဟု ကျွန်မကြား ဖူးခဲ့သည်။ ကျွန်မ အတွက်တော့ ရင်ခုန်ခြင်း ဆိုသော အရာသည် နောက်ကျစွာ ရောက်ရှိလာခဲ့ သည်။ အဝေးသင် တက္ကသိုလ် ပထမနှစ် ဖြေဆိုရန် အနီးကပ် ကျူရှင်တက်ရာမှ အစ ပျိုးခဲ့သည်။ မိန်းနားတွင် တက်ရသော ထိုကျူရှင်ကို အသွား သိပ္ပံလမ်း တစ်နေရာတွင် ကျွန်မ စီးနင်းလာသည့် ကားဘီးပေါက် သွား သည်။ မန္တလေး နွေနေပူပူတွင် မဟာမြိုင် လမ်းမ တစ်ဝိုက်နှင့် သိပ္ပံလမ်း တစ်ဝိုက်တွင် ကျောင်း သူ၊ ကျောင်းသား ဆိုင်ကယ်များဖြင့် စည်ကားနေသည်။ တကယ်ဆိုလျှင် ကျွန်မ အိမ်ကို ဖုန်းဆက်ပြီး နောက်ကားတစ်စီးကို လှမ်းခေါ်လျှင် ရပါလျက်နှင့် အတတ်ဆန်းကာ လမ်းလျှောက်သွားဖို့ စဉ်းစားမိ သည်က ကျွန်မဘ၀ ချောက်ကမ်းပါး တွင်းသို့ သက်ဆင်းရန် ပထမဆုံးခြေလှမ်းဖြစ်ခဲ့ သည်။

“ဦးမျိုး၊ မီးလေး လမ်းလျှောက် သွားလိုက်တော့မယ်။ ညနေကျူရှင် ဆင်းချိန်ကျမှ လာကြို တော့နော်”

“မီးလေး နေပူတယ်နော်၊ ဖြစ်ပါ့မလား။ ခဏပဲ စောင့်နေ။ ဦးမျိုး စပယ်ယာဘီး မြန်မြန် လဲလိုက်မယ်”

“ရတယ် ရတယ်။ မီးလေး လမ်းလျှောက် သွားချင်လို့ပါ။ ဟိုမှာ ကျောင်းသူ ကျောင်းသားတွေ အများ ကြီးပဲ။ ပျော်စရာကြီး”

“မီးလေး... မီးလေး”

နောက်မှ ဦးမျိုး ခေါ်သံကို လျစ်လျူရှုကာ ကျွန်မ အပြေးတစ်ပိုင်း ၆၈လမ်းဘက်ကို ကွေ့ဝင်လိုက်၏။ နှစ်ပြ မရှိတရှိ လမ်းလျှောက်ပြီး နောက် မှာတော့ လေးလက်မ ဒေါက်ဖိနပ် အချွန်ကြောင့် ကျွန်မ ခြေ ထောက် နာလာသည်။ ပြင်းရှရှ နေရောင်ကြောင့်လည်း ကျွန်မ အသားတွေ စပ်လာသည်။ နောက် ပြန်လှည့်ပြီး ဦးမျိုးကို ပြန်ခေါ်ဖို့လည်း မဖြစ်နိုင်၊ ရှေ့ဆက် သွားဖို့လည်း တော်တော်လေး လိုသေး သောကြောင့် ကျွန်မလမ်းဘေးတွင် ယောင်တောင် တောင်ဖြင့် ရပ်နေရင်း ခဏ အမောဖြေနေမိသည်။ ထိုစဉ် အရှိန်ပြင်းပြင်း မောင်းနှင်လာသော ဒီတီဆိုင်ကယ် တစ်စီးသည် ကျွန်မဘေးမှ ပွတ်ဆွဲ သွား သဖြင့် ဟန်ချက်ပျက်ကာ ပစ်လဲသွားသည်။

“အမေ့”

ဆိုင်ကယ်သမားသည် ခပ်လှမ်းလှမ်းတွင် အရှိန်လျှော့ကာ ကျွန်မဘက် ပြန်လှည့်လာသည်။
“ဘာဖြစ်သွားသေးလဲ”

ကျွန်မ ရုတ်တရက် ဘာပြန်ဖြေရမလဲ မသိ ဖြစ်သွားသည်။ သူက ဆိုင်ကယ်ပေါ်မှ ခပ်သွက်သွက် ဆင်း ကာ ကျွန်မလက်ကို ပိုင်စိုးပိုင်နင်းဖြင့် ဆွဲယူလိုက်သည်။ လမ်းမပေါ် လက်ထောက်လိုက်၍ ပွန်းသွား သော ကျွန်မလက်ဖ၀ါးလေးများသည် သူ့လက်ထဲတွင် တဆတ်ဆတ် တုန်ယင်နေ၏။ နာကျင်မှု တစ်ခု တည်းကြောင့်တော့ မဖြစ်နိုင်။

“ရ ရပါတယ်”

တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်တော့ သူက သွားစွယ်ဖွေးဖွေးများ ပေါ်အောင် ပြုံးလိုက်သည်။ နဖူး ပေါ်တွင် တစ်ခြမ်းစောင်း ၀ဲကျနေသော အီမိုကေလေးကို အသာ သပ်တင်လိုက်ရင်း...

“လမ်းကော လျှောက်နိုင်ရဲ့လား။ ကျွန်တော် ဘယ်ပို့ပေးရမလဲ”

“ဆောင်းနှင်းဖြူ ကျူရှင်ကို သွားမလို့ပါ”

“ဟာ ဒါဆို တော်တော်လိုသေးတာပဲ။ လမ်းလျှောက်သွားမလို့လား”

ကျွန်မ ဘာဖြေရမှန်း မသိစဉ် အိမ်မှကားသည် ကျွန်မဘေးသို့ ရောက်လာခဲ့သည်။ မျက်စိ လျင်လွန်း သော ဦးမျိုးသည် သွေးစို့နေသော ကျွန်မ လက်ဖ၀ါး များကို တွေ့သွား၍ ပျာပျာသလဲ ကားပေါ်မှ ဆင်း လာသည်။

“မီးလေး ဘာဖြစ်တာလဲ။ ဒီကောင် ဆိုင်ကယ်နဲ့ ၀င်တိုက်လိုက်လို့လား”

“မဟုတ် မဟုတ်ပါဘူး ဦးမျိုးရယ်။ မီးလေး ဘာသာ ပစ်လဲတာကို သူက လာထူပေးတာပါ”

ပြဿနာ မဖြစ်အောင် ကျွန်မ အလျင်အမြန် ဖြေရှင်းလိုက်ရသည်။ သူကတော့ ကျွန်မကို ဦးမျိုး မမြင် အောင် မျက်စိ တစ်ဖက်မှိတ်ပြကာ ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်း မောင်းထွက်သွားသည်။ ကျွန်မ ရင်ထဲ မှ နှလုံးသားလေးကို လည်း သူက ခပ်ကြမ်းကြမ်းလေး လှုပ်ခတ်သွားခဲ့သည်။

၃။
မီးလေး၊ ကိုယ်တို့ ဘယ်လို လုပ်ကြမလဲ။ မီးလေး ဆုံးဖြတ်။ ကိုယ့် နောက်ကို တစ်ခါတည်း လိုက် မလား၊ ဒါမှမဟုတ် မီးလေးမိဘတွေ ပို့တဲ့ နိုင်ငံခြားကိုပဲ သွားမလား”

ကျွန်မနှင့် “၀ဏ္ဏသွေး”ဆိုသောသူ ချစ်သူတွေ ဖြစ်ပြီး နှစ်လကျော်တွင် ကျွန်မ မိသားစု သိသွားရာမှ ထိုပြဿနာမီး စတင်ခဲ့၏။ ဆယ်တန်းတောင် မအောင်သေးသည့်  သူ့ကို ကျွန်မ မိသားစုက မည်သည့် နည်းနှင့်မျှ လက်မခံနိုင်ခဲ့။ ထို့ပြင် သူ၏ မိခင်မှာ ကာရာအိုကေ ခေတ်ဦးကာလက စားသောက်ဆိုင် များတွင် ဖျော်ဖြေရသည့် မိန်းမ တစ်ယောက် ဖြစ်နေခြင်းနှင့် သူသည် ဖခင် မပေါ်ဘဲ မွေးလာရ သည့် သားတစ်ယောက် ဖြစ်နေခြင်း သည်လည်း ကျွန်မမိသားစုကို အကြီးအကျယ် တုန်လှုပ် သွားစေ သော အကြောင်းအရင်းများ ဖြစ်ခဲ့သည်။

“မီးလေးရယ်၊ ဒီလို ကောင်မျိုးကိုမှ ကြိုက်ရသတဲ့လား။ အဲဒီ ကောင်လေးက ဆေးလည်းစွဲ ဖူးတယ်။ မိန်းမလည်း ပွေတယ်တဲ့”

ရင်ဘတ်ကို ဖိကာ မချိတင်ကဲ ရေရွတ်ရင်း ငိုရှိုက်နေသော ဘွားဘွား။ “မီးလေးရယ်၊ မေ့ကို သနားရင် ဒီကောင်လေးနဲ့ အဆက် ဖြတ်လိုက် ပါနော်” တဖွဖွ တောင်းပန်နေသော မိခင်။

“ဒီလိုတော့ လွှတ်ထားလို့ မဖြစ်တော့ဘူး။ မီးလေးကို ဆွေ့ညီမတွေ ရှိတဲ့ အင်္ဂလန်ကိုပို့မှဖြစ်တော့ မယ်”ဆိုသော ဖခင်၏ စကားများသည် ကျွန်မနှင့်သူ၏ အချစ်ကြိုးကိုဖြတ်တောက်မည့် ဓားထက် ထက်များ ဖြစ်လာ၏။ ကျွန်မ မိသားစု သည် ကျွန်မကို မခွဲနိုင် ကြသော်လည်း ဒီမှာဆက် ထားလျှင် ဆိုးရွား လာနိုင်သော အခြေအနေ တစ်ရပ်ကြောင့် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ကြဟန် တူသည်။

တစ်သက်တွင် တစ်ခါသာ ဖူးပွင့်ခဲ့သော ကျွန်မ၏ အချစ်ပန်းလေးကို ဒီလိုနှင့်တော့ အကြွေမခံနိုင်ပါ။
“မီးလေး ကို့နောက်ကိုပဲ လိုက်မယ်။ ဘယ်လောက် တိုးတက်နေတဲ့ နိုင်ငံဖြစ်ပါစေ၊ ကို မရှိတဲ့ နေရာမှာ မီးလေး နေပျော်မှာ မဟုတ်ဘူး”

သူ့လက်ကို ဆွဲကာ အ၀တ်တစ်ထည် ကိုယ် တစ်ခုဖြင့် သူ့နောက်ကို ကျွန်မ လိုက်ခဲ့သည်။ အသက် ၁၈ နှစ်ကျော်သာ ရှိသေးသော ကျွန်မ သည် ထိုစဉ်ကတော့“ဒုက္ခ”ဆိုသော အရာကို ချိုနှင့်လားဟုပင် မေးလိုက်ချင်သေးတော့သည်။ ကျွန်မ လက်ထဲတွင် ငွေသား နှစ်သိန်းကျော်၊ လက်ဝတ်လက်စား သိန်း ဆယ် ဂဏန်းကျော်သည် ကျွန်မတို့ တစ်ဘ၀စာကို ကောင်းကောင်း ဖူလုံလောက်သည်ဟု ကလေး သာသာ တွေးမိ သည်။ ထိုငွေပမာဏနှင့် သူ့ဆိုင်ကယ် ရောင်းရ ငွေလေးကို ပေါင်းကာ သူ့သူငယ် ချင်း တစ်ယောက် ရှိရာ ကြို့ပင်ကောက်မြို့သို့ ထွက်ပြေးခဲ့ကြ၏။

ကျွန်မတို့ ထွက်ပြေးပြီး တစ်ပတ် အကြာမှာ တော့ သတင်းစာထဲတွင် ဘွားဘွား၏ နာရေး သတင်းနှင့် အတူ ကျွန်မကို အမွေဖြတ် စွန့်လွှတ် ကြောင်း ကြော်ငြာများ တစ်ပြိုင်နက်ပါလာသည်။ ၀မ်းနည်းမှု ကြောင့် ကျမိသော ကျွန်မ၏ မျက်ရည် တို့သည် သူ၏ နှစ်သိမ့်ပေးမှုကြောင့် ခဏတာနှင့် သွေ့ခြောက် သွားခဲ့သည်။

နောက်အိမ်ထောင်နှင့် တခြားတွင် အခြေချ နေသည့် သူ့မိခင်ကြောင့် ငယ်စဉ်ကတည်းက မိခင်မေတ္တာ ငတ်ခဲ့သည့်အတွက် မိခင်လို တစ်သွယ်၊ အတူနေ မွေးချင်းမောင်နှမ မရှိ၍ အထီးကျန်နေ သောသူ့ကို ညီမလို တစ်မျိုး၊ လူဆိုးတစ်ယောက် အဖြစ် အများက ၀ိုင်းကြဉ်ထားသောကြောင့် အမြဲတစေ အား ငယ်နေသည့် သူ့အတွက် သူငယ်ချင်း လို တစ်နည်း ကျွန်မ ဖြည့်ဆည်းပေးခဲ့ပါသည်။

ကျွန်မကို စိတ်နာသွားကြသော မိဘများကတော့ ရှိသမျှ ပိုင်ဆိုင်မှုများထဲမှ တချို့တစ်ဝက်ကို ရောင်း တန်ရောင်း၊ အဘွားအတွက် ရည်စူးပြီး လှူတန်လှူဖြင့် ရှင်းလင်းခဲ့ကြသည်။ ထို့နောက်မှာတော့ မေမေ့ညီမ ရှိရာ အင်္ဂလန်သို့ အပြီး ပြောင်းသွားကြကြောင်း နောက်ဆုံးအကြိမ် သတင်းကြားလိုက် ရ သည်။

ကျွန်မတို့လည်း အခြေအနေ အနည်းငယ် တည်ငြိမ်စ ပြုလာချိန်မှာ မန္တလေးသို့ တစ်ဖန် ပြန်လည် ခြေ ချဖြစ်ခဲ့သည်။ မြို့မှ ထွက်သွားစဉ် ကျွန်မတို့ နှစ်ယောက်တည်းသာ ဖြစ်ခဲ့သော်လည်း ပြန်လာချိန်မှာ တော့ ကျွန်မ ၀မ်းဗိုက်ထဲတွင် ရင်သွေးလေး သန္ဓေ တည်ခဲ့လေပြီ။

တစ်ချိန်က မြို့သစ်တွင် နန်းတော်ကြီးတမျှ ခမ်းနားမှုဖြင့် စံမြန်းခဲ့သော ကျွန်မသည် ယခုအခါမှာ တော့ မြရည်နန္ဒာထဲရှိ အိမ်လေး တစ်လုံးတွင် အငှားဖြင့် နေခဲ့ရသည်။ သူကတော့ အခုအချိန်ထိ ဟို အလုပ် လုပ်ရကောင်းနိုးနိုး၊ ဒီအလုပ် လုပ်ရကောင်း နိုးနိုးဖြင့် ယောင်ခြောက်ဆယ် ဘ၀ကမတက် သေး။

သမီးလေး “ရွှေရည်သွေး”အခါလည် မရှိ တရှိအချိန်မှာတော့ ကံကောင်းသည်ဟု ဆိုရမ လား၊ ကံဆိုး ခြင်း၏ နိဒါန်းဟု ဆိုရလေမည်လား မသိ။ မန္တလေး -မူဆယ်ကူးသော ကုန်ကားတွင် ယာဉ်မောင်း နေရာ တစ်နေရာကို သူ အလုပ်ရလာသည်။ ကျွန်မ လက်ထဲတွင်လည်း လက်ကျန်ငွေ မရှိသလောက် နည်းသွားချိန်တွင် ရလာသော ထိုအလုပ်ကို ကျွန်မတို့ နှစ်ယောက်စလုံး ၀မ်းသာ အားရ လက်ခံ လိုက်ကြသည်။

အစပိုင်း ကာလများတွင် သူ ပြန်လာတိုင်း တရုတ်ပစ္စည်း အဆန်းများ ပါလာတတ်သည်။ ကျွန်မတို့ လည်း အိမ်နီးနားချင်း အသိများထံတွင် ပြန်ရောင်းရင်း ချွေချွေတာတာ သုံးစွဲကာ ပျော်ရွှင် ကြည်နူးစွာ ဖြတ်ကျော်ခဲ့ကြသည်။ သမီးလေး သုံးနှစ်ကျော်၊ လေးနှစ်ထဲ ၀င်လာချိန်မှာတော့ အပြောင်းအလဲ တချို့နှင့် ကြုံတွေ့ ခဲ့ရသည်။ သူ မကြာခဏ ဖျားတတ်သလို၊ တဖြည်းဖြည်းနှင့် ပိန် လည်းလာသည်။ ကျွန်မကတော့ အလုပ်ပင်ပန်း သောကြောင့် ဖြစ်မှာပါလို့တွေးရင်း တတ်သ လောက် မှတ်သလောက်ဖြင့် ပြုစုခဲ့သည်။  ကျွန်မလည်း သူ့ကို ပြုစုရ၍လား မသိ၊ သူ့လိုပင် ပိန်လာသည်။ တစ်ခါတစ်ရံ သူ ပြန်သွားလျှင် ကျွန်မကိုယ်တိုင် ဖျားလာသည်။

တစ်ခါသားကတော့ သူလည်း ဖျားပြီး ပြန်လာ၊ ကျွန်မလည်း အိမ်မှာဖျားနေသောကြောင့် ကျွန်မတို့ နှစ်ယောက်စလုံး ဆေးခန်းသွားပြဖြစ် သည်။  ရပ်ကွက်ဆေးခန်းမှ ဆရာဝန်မျက်နှာပေါ် တွင် နားလည် ရခက်သော အရိပ်ငွေ့တချို့ဖြတ် သန်းသွားပြီးနောက် ကျွန်မတို့ကို သစ္စာဓာတ်မှန် တွင်သွား၍သွေး စစ်ရန် စာရေးပေးလိုက်သည်။

ကျွန်မတို့လည်း နောက်နေ့တွင် သွေးသွား စစ်လိုက်သည်။ သွေးအဖြေကို ခဏထိုင်စောင့် နေစဉ် သမီးလေးက အနားမှ ဖြတ်သွားသော ကိုယ်ဝန်ဆောင် အမျိုးသမီးကို လက်ညှိုးထိုးပြကာ ကျွန်မကို ချစ်စဖွယ် ပူဆာ၏။
“မေမေ နေကောင်းရင်လေ မီးမီးအတွက် မောင်လေးဖြစ်ဖြစ်၊ ညီမလေးဖြစ်ဖြစ်တစ်ယောက် လောက် မွေးပေးပါနော်”

သမီးလေး၏ ခေါင်းကို အသာပွတ်ပေးရင်း  ကျွန်မ နှစ်သိမ့်လိုက်သည်။

“အေးပါ မီးမီးရယ်”

ခဏနေတော့ နပ်(စ)တစ်ယောက် ထွက်လာကာ ကျွန်မတို့ နှစ်ယောက်လည်း ဘုမသိ ဘမသိဖြင့် ဆရာဝန်ကြီး အခန်းထဲ သမီးလေး လက်ဆွဲကာ ၀င်သွားတော့...။

၎။
အခန်းထဲတွင် တိတ်ဆိတ်ခြင်းကသာ ကြီး စိုးနေသည်။ ဘာမှ မသိသော သမီးလေးကတော့ ငြိမ်းချမ်းစွာ အိပ်မောကျနေသည်။ အေးစက်စက် လက်တစ်စုံက ကျွန်မပခုံးကို လာရောက် ထိ တွေ့ချိန်မှာ တော့ ရှိုက်သံတစ်စကို ကျွန်မ ထိန်းသိမ်းခြင်းငှာ မစွမ်းဆောင်နိုင်တော့ပါ။

“ကို ကိုသိပ်မှားသွားတယ် မီးလေးရယ်”
အရာရာ နှောင်းသွားချိန်မှ ထွက်ပေါ်လာသော  ထိုနောင်တ နတ်ဆိုးကို ကျွန်မ လက်မခံ လိုပါ။

“မီးလေး၊ မီးလေးတို့ ဘယ်လောက်ကြာ ကြာ အသက်ရှူခွင့် ရကြဦးမှာလဲဟင်”

တုန်လှုပ်စွာ မေးလိုက်သော ကျွန်မ၏ မေးခွန်းအတွက် အဖြေစကား သူ့မှာ အဆင်သင့် ရှိနေဟန် မတူ ပါ။

ဖြစ်ပြီးသမျှ ကိစ္စတိုင်းတွင် လုံးလုံး တာဝန် ရှိသူ တစ်ယောက်သည် သူသာဖြစ်သော်ငြား

“ဒီလောက်ပညာပေးနေတဲ့ ခေတ်ကြီးထဲမှာ တောင် ရှင် ဒီလောက် အ ရသလား။ ညံ့ဖျင်း လှချေ လား”လို့တော့ ကျွန်မ သူ့ကို အပြစ် မတင်ချင်တော့ပါ။ ပြန်ပြင်ဆင်ခွင့်ကင်းမဲ့သော အရာသည် ကျွန်မ တို့ နှစ်ယောက်ထံသို့ ဆိုက် ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာခဲ့လေပြီ။

ဖုံးဖိထားသော အရာတစ်ခုသည် လျင်မြန် စွာ ပျံ့နှံ့လွယ်သောကြောင့် ကျွန်မတို့နှစ်ယောက် သတင်း သည် ရပ်ကွက်ထဲတွင် အထူးသတင်းတစ်ရပ် ဖြစ်သွားခဲ့သည်။ တစ်နေ့ သမီးလေးက ကျွန်မကို ထူးဆန်းသော မေးခွန်းတစ်ခုမေး၏။
“မေမေ၊ အေကိုက်တယ်ဆိုတာ ဘာလဲဟင်”

“မီးမီး၊ ဘာတွေလျှောက်မေးနေတာလဲ။ ဘယ်က ကြားလာတာလဲ”

“ခြေရင်းအိမ်က ဒေါ်ကြီးတို့ ပြောနေတာ ကြားလို့။ ဖေဖေနဲ့ မေမေက အေကိုက်နေတာဆို”

ကျွန်မ ဆက်လက် နားထောင်နိုင်စွမ်း မရှိတော့ပါ။ နေ့ရက်တိုင်းလိုလိုလည်း ကျွန်မတို့ နှစ်ယောက်ကို လူအများက ၀ိုင်းစောင့်ကြည့်နေ သည်ဟု ခံစားနေရသည်။ တစ်ရက်တော့ သူသည် သတင်းဆိုး တစ်ခုကို ပိုက်ရင်း ပြန်လာသည်။
“မီးလေး၊ ကိုယ်တို့တစ်နေရာ ပြောင်းကြရအောင်”

“ကို့ အလုပ်ကရော”

“ကျန်းမာရေး မကောင်းလို့ ကိုယ့်အလုပ် ရှင်က နားခိုင်းလိုက်ပြီ”

ငိုရှိုက်ရုံမှ တစ်ပါး ဘာမှ မတတ်နိုင်တော့ ပါ။ အဆိုးထဲမှ အကောင်းဟု ဆိုနိုင်သည်မှာတော့ ကျွန်မတို့ သမီးလေးမှာ HIV ရောဂါပိုး ကင်းစင် နေခြင်းပင်။ Negative ဆိုသော သွေးအဖြေစာ ရွက်ကလေး ကိုကိုင်ရင်း ကျွန်မတို့ နှစ်ယောက် ၀မ်းသာမှု၏ ပြယုဂ် မျက်ရည်ပေါက်ပေါက် ကျခဲ့ ကြသည်။ သို့သော် ကျွန်မတို့ မရှိတော့ရင် ဆိုသော အတွေး ၀င်ရောက်လာပြန်တော့လည်း ရင်ကွဲ မတတ် ခံစားရပြန် သည်။

“မီးလေး၊ ကိုယ့်အသိဆရာဝန် တစ်ယောက် ကပြောတယ်။ HIV ကို ထိန်းထားနိုင်တဲ့ ART ဆိုတဲ့ ကုထုံးတစ်မျိုး ပေါ်နေပြီတဲ့”

မျှော်လင့်ချက်လေးဖြင့် ပြောလာသော သူ့ကို မမေးချင်ပါဘဲနှင့် ကျွန်မ မေးလိုက်ရသည်။
“လုံးဝတော့ မပျောက်နိုင်ဘူး ဟုတ်လား ဟင်။ တော်ပါတော့ ကိုရယ်။ မီးလေးတို့ ဘယ်သူမှ မသိတဲ့ နေရာလေးမှာပဲ နောက်ဆုံး အချိန်လေးကို ဇာတ်မြှုပ် နေလိုက်ကြရအောင်ပါနော်”

“သမီးလေးအတွက် မစဉ်းစားပေးတော့ဘူး လား”

လောလောဆယ်တော့ သူ့မေးခွန်းအတွက် ကျွန်မမှာ အဖြေ မရှိသေး။ နောက်ဆုံးတော့ ကျွန်မတို့ နှစ်ယောက်စလုံး သဘောတူညီချက်ဖြင့် ကျွန်မတို့ ခိုးပြေးခဲ့ဖူးသည့် ကြို့ပင်ကောက်က သူ့ သူငယ် ချင်းဆီကိုပင် ပြောင်းဖို့ သဘောတူခဲ့ကြ သည်။

ကြို့ပင်ကောက်မြို့လေးသည် ၅ နှစ် ဆို သော အချိန်အတိုင်းအတာလေး အတွင်းမှာပင် ကြိုဆိုပုံ မတူညီတော့ပါ။ ပထမအကြိမ် ရောက်ဖူးစဉ်က ကျွန်မသည် လက်ဝတ်ရတနာ အပြည့်အစုံ ဖြင့် အချစ် ကိုကိုးကွယ်ကာ ရူးရူးမိုက်မိုက် ဆုံး ဖြတ်ခဲ့သော သူဌေးသမီးလေး “လိုတရ”၊ အခုတော့ လက်ထဲမှာ အနည်းငယ်မျှသော ငွေပမာဏလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပိန်ချုံးချည့် နဲ့နေသည့်ရောဂါ သည်လေး “လိုတရ”။ ကျွန်မတို့ တတ်နိုင်သည့် အတိုင်းအတာလေးသည် ကြို့ပင် ကောက် ဆိုသော ရန်ကုန်-ပြည်လမ်းပေါ်ရှိ မြို့လေးတွင် အခြေချနိုင်ခြင်းငှာ မစွမ်း။ ထို့ကြောင့် တစ်ခုခုဆိုလျှင် သူ့ သူငယ်ချင်းနှင့်လည်း မဝေးသော ခုနှစ်ရွာ ဆိုသည့် ကျေးရွာကလေးကို ရွေး ချယ်ခဲ့ကြသည်။

တစ်ချိန်က “လိုတရ”သည် ဒီလို ရွာကလေး တစ်ရွာတွင် ဘ၀ကို နိဂုံးချုပ်ရလိမ့်မည်ဟု ဘယ်သူမှ တွေးထင်ခဲ့လိမ့်မည် မဟုတ်။ သမီးလေးသည် နောက်နှစ်ဆိုလျှင် ကျောင်းနေရတော့မည်။ သမီးလေး ဘွဲ့ယူလျှင်ဆိုသော အတွေးမျိုး ကိုတော့ ကျွန်မတို့ နှစ်ယောက်စလုံး မတွေးမိအောင် ကြိုးစားကြရ သည်။ သူ့သူငယ်ချင်း လင်မယားက သားသမီး မရှိသောကြောင့် သမီးလေးကို တာဝန် ယူမည်ဟု တောင်းဆိုသော်ငြား ကျွန်မ တို့ကတော့ နောက်ဆုံး အချိန်အထိ သမီးလေး မျက်နှာကို မြင်ခွင့်ရ နေချင်သေးသည်။ ထို့ကြောင့်လည်း ကျွန်မတို့ မျက်စိမှိတ်မှ သမီးလေးကို ခေါ် ပါရန် တောင်းပန်ထား ရသည်။
တစ်ရက်တော့ ကျွန်မတို့တစ်တွေ ရောက် တတ်ရာရာ စိတ်ပြေလက်ပျောက ပြောကြရင်း သမီးလေး ကို မေးမိသည်။
“မီးမီး ကြီးလာရင် ဘာလုပ်မှာလဲ”

သမီးလေးက မေးစေ့လုံးလုံးလေးကို လက် ညှိုးလေးထောက်ကာ ခေတ္တမျှ စဉ်းစားရင်း ဖြေ သည်။
“ကျောင်းဆရာမကြီးလုပ်မယ်။ လူဆိုး ကလေးလေးတွေကို လိမ္မာအောင် သင်ပေးမယ်”

“တော်စမ်း ရွှေရည်သွေး။ နောက်တစ်ခါ ဆရာမ လုပ်မယ်လို့ ပြောရဲပြောကြည့်၊ နင့်လျှာကို ဖြတ်ပစ် မယ်”
ဒေါသတကြီး အော်ဟစ်လိုက်သော ကျွန်မကို သမီးလေးက မျက်ရည်အ၀ိုင်းသားဖြင့် နားမလည်သလို ကြည့်နေသည်။ တစ်ချိန်က ဆရာမကြီးလုပ်ကာ လူဆိုးလေး သူ့ကို ပြုပြင်နိုင်မည် အထင်နှင့် ရွေးချယ် ခဲ့သည့် အတွက် ကျွန်မ ဒီလိုဘ၀ ရောက်ခဲ့ရကြောင်း သမီးလေးကို ဘယ်လိုများ ရှင်းပြရပါ့မလဲ။ ဗဟုသုတရဖွယ် စာအုပ်စာပေမျိုးကို မရွေးချယ်တတ်ဘဲ အပျော် ဖတ် အချစ်လုံးချင်း ၀တ္ထုများကိုသာ ဖတ်ရင်း တန်ဖိုးရှိသောအချိန်များကို အလဟဿ ဖြုန်း တီးမိခဲ့သည်။ ကျွန်မ လွန်စွာစွဲလမ်းခဲ့သော နာ မည်လှလှလေးနှင့် Bestseller စာရေး ဆရာမလေး ၏ ၀တ္ထုတစ်ပုဒ်တွင် ဆိုးသွမ်းသော ဇာတ်လိုက် မင်းသားကို မင်းသမီးက သူမ၏ အချစ်ဖြင့်ပြုပြင် ပြောင်းလဲပေးခဲ့သည်။ အများက ဆေးသမား၊ လူရှုပ် လူပွေဟု ဆိုသော သူ့ကို တွေ့ချိန်မှာတော့ ကျွန်မသည် ထိုဝတ္ထုထဲမှ မင်းသမီး နေရာကို ၀င်ယူလိုက် မိသည်။ သို့သော် ထိုဝတ္ထုထဲကလို တော့ ပျော်ရွှင်ဖွယ် ဇာတ်သိမ်းတစ်ခု ဖြစ်မလာတော့ပါ။

ဒီရက်ပိုင်းအတွင်း သူ ဖျားသည်။ ကျွန်မလည်း နေ့မနား ညမနား ပြုစုလိုက်ရသောကြောင့် သူနည်း နည်း ထူထူထောင်ထောင် ဖြစ်လာချိန်တွင် အိပ်ရာထဲ ဗုန်းဗုန်း လဲသွားသူမှာ ကျွန်မ ဖြစ်ခဲ့လေ၏။ မိုင်ကုန် ကျဆင်းသွားသော စိတ်ဓာတ်၊ မပြည့်ဝသော အာဟာရတို့ကြောင့် သေမင်းကို အလျှော့ပေး ရန် လွန်စွာ နီးကပ်လာလေပြီ။

မှက္ခရုများနှင့် အနာများကြောင့် သမီးလေးကို ကူးစက်မည် စိုးသဖြင့် ကြို့ပင်ကောက်သို့ သွားနေရန် ပြောချင်သော်လည်း တကယ်တမ်းကျ မခွဲနိုင်။ အိပ်ရာပေါ် လှဲနေရချိန် များလာတော့ အတွေးများ ကလည်း ယောက်ယက် ခတ်လာသည်။ ကျွန်မတောင် လေးနှစ်မျှ အတူ နေခဲ့ရသော သမီးလေးကို ဒီလောက် ချစ်နေလျှင် ၁၈ နှစ်တောင် အရိပ်တကြည့်ကြည့် အတူ နေခဲ့သော ကျွန်မမိခင်သည် ကျွန်မ နှင့် ခွဲရတုန်းကဆိုလျှင် မည်မျှတောင် ရင်ကွဲနာကျ လိမ့်မလဲ။ ဘွားဘွားဆိုလျှင် ကျွန်မသတင်း ကြား ကြားချင်းကတည်းက ဦးနှောက်သွေးကြော ပြတ်ပြီး အိပ်ရာပေါ် လဲသွားလိုက်သည်မှာ ဆုံးသည်အထိ လုံးဝ ပြန်မလည်လာတော့တဲ့။

“မီးလေးကို ခွင့်လွှတ်ပါ ဘွား၊ ဖေနဲ့ မေရယ်။ မီးလေး အခု ဘွားတို့ ၀ဋ်လည်နေပါပြီ”

၅။
လက်သေးသေးလေး များဖြင့် နှိပ်ပေးနေသော ကျွန်မ၏ သမီးလေးကို မျက်ရည်မျာြး ကားမှ ၀ိုးတ၀ါး မြင်နေရ၏။ ကျွန်မကတော့ ကျွန်မ မိသားစု အတွက် ကြီးမားသော မီးတောက်ကြီး ဖြစ်ခဲ့ရသော်လည်း ကျွန်မ သမီးလေး ကတော့ ကျွန်မတို့အတွက် ထီးတစ်ချောင်းပင်။

”မီး၊ မီး ဖေဖေရော”

“ဖေဖေ စိတ်ညစ်လို့ ဦးဦးတို့နဲ့ အရက် သွားသောက်တယ်”

ရောဂါ ဖြစ်တာချင်း အတူတူ သူကတော့ စိတ်ညစ်လျှင် အရက် သွားသောက်ပြီး ဖြေနိုင်သည်တဲ့လား။ ဒီနေ့ကျမှ ကျွန်မ ပိုမောလာသလို ခံစား နေရသည်။ အသက် ရှူနေရသည်ပင် ခက်ခဲလွန်းစွ၊ တစ်ချက် ချက် လေဟာနယ်ထဲ လွင့်လွင့် သွားသလိုလည်း ဖြစ်ဖြစ်သွား၏။

သူ ဘယ်အချိန်ကျမှ ပြန်လာမှာပါလိမ့်။ ဟိုတစ်နေ့ကတော့ ကျွန်မကို ဖက်ရင်း သူ ငိုသည်။
“ကိုယ့်ကြောင့် မီးလေး ဒီလိုဖြစ်ရတာ။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ကွာ။ မီးလေး အရင်သွားရရင်လည်း မကြောက်နဲ့နော်။ ကိုယ်နောက်က လိုက်လာခဲ့ပါ့မယ်”

ကျွန်မ၏ အဖိုးတန် ဘ၀ တစ်ခုလုံးကို ထိုစကားလေးနှင့်ပဲ ကျေနပ်လိုက်မည် ဆိုလျှင်တော့ ကံတရား သည် မတရား။ တွေးရင်းတွေးရင်းနှင့် ပင် ကျွန်မ ရင်ဘတ် တစ်ခုလုံး ကျပ်သိပ်လာသည်။

“မေမေ မေမေ၊ ဟိုမှာ ကြယ်လေးတစ်ပွင့် ကြွေသွားပြီ။ မေမေ နေမြန်မြန် ပြန်ကောင်းပါစေလို့ မီးမီး ဆုတောင်းလိုက်မယ်နော်”
ကျွန်မ မသွားချင်သေးပါ။ သမီးလေးကို စကားလေး တစ်ခွန်းလောက်တော့ မှာခွင့်လေး ရချင်ပါသေး သည်။
“မီး မီး... မေမေ့လို မမိုက်... မိုက်နဲ့ နော်”

ရွှေလက်ျာမြင့်
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments: