ဖြီးခြင်းအနုပညာ

ဖြီးခြင်းအနုပညာ
တုတ်ကြီး (ခေတ္တ တာဝတိံသာ)

“ကိုကိုတုတ်တယောက် လောကကြီးကို ပေယျာလကန်ပြု၍ မနေတော့ဟု နှစ်နှစ် ဆယ်ကျော်ကတည်းက ဂန့်သွားပြီဖြစ်သော သူ့ဘကြီး မယားငယ်များနှင့် ထိုမယားငယ်များ၏ တိတ်တိတ်ပုန်း လင်ငယ်များက ပြောကြပါသည်" ။

အထက်ပါစာကြောင်း၏ ရည်ရွယ်ချက်သည်ကား validity ဖြစ်မှု၊ credibility ဖြစ်မှု ဆိုသည်ကို မဖြစ်မနေပြရ မည်ဟု အတင်းအကျပ် သဘောပေါက်သဖြင့် ထိုကဲ့သို့ ရေးလိုက် ပြောလိုက် ကြေညာလိုက်ခြင်းပင် ...။


“အကဲခတ်များက၊ လေ့လာသူများက၊ ကျွမ်းကျင်သူများက၊ ပညာရှင်များက..” ဆိုသည့် အင်မတန် နားကြား ပြင်းကပ်ဖွယ် ကြားရ ဖတ်ရသည့် သတင်းလောက၏ ရေဒီယို အစီအစဉ် များ၊ သတင်းစာမျက်နှာများအား မြင် ပြင်းကပ်လှလွန်းသဖြင့် မကြည့်ဖြစ် မဖတ်ဖြစ်ခဲ့သည်မှာ ကြာလှပေပြီ။

သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား... ဆိုသည့် မီဒီယာများသည် ခေတ်ကို တနည်းတဖုံ ပြောင်းလဲစေသော အားတခုကို သယ်ဆောင်သည့် အရာများဖြစ်၏။

သတင်းမီဒီယာများသည် နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲ၊ ခေတ်အပြောင်း အလဲတို့အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သက်ရောက်မှု ရှိလှ၏။ နိုင်ငံရေးအင်အားစု များ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများနှင့် လက်ညှို ထိုးပြရန် မလွယ်လှအောင် များပြားလှသည့် အသင်းအပင်း၊ အဖွဲ့အစည်း၊ စုစည်းမှုများ အားလုံးသည် သူတို့၏ အသံ၊ သူတို့ ဘာလုပ်နေသည်၊ သူတို့ ဘာဖြစ်နေသည် ဆိုသည်ကို ၀ါဒဖြန့်ချိရေးနယ်ပယ်ဖြစ်သော သတင်း၊ အသံ၊ ရုပ်မြင်သံကြားတို့မှ သူတို့ရည်ရွယ် သည့် ပရိသတ်ကို အသိပေးကြ၊ ဆွဲဆောင်ကြ၊ ဆက်စပ်ကြ၏။

CNN news တို့၊ Fox news တို့လို သတင်းဌာနများ စိတ်ကုန်စရာကောင်းသလို မြန်မာ သတင်းဌာနများက လည်း အနိုင်မခံ အရှုံးမပေး စိတ်ကုန်စရာကောင်းလှ၏။ သတင်း သက်သက်ဖြစ်သော “ဘယ်တိုင်းပြည်၊ ဘယ်မြို့၊ ဘယ်နယ်တွင် ဘယ်အချိန်က ဘာဖြစ်သွား သည်” ဆိုသည်လောက်ကိုသာ သိချင်သဖြင့် သတင်း များကို ဖတ်ရှုခြင်းဖြစ်၏။ နောက်ဆက် တွဲဖြစ်သော ထိုသို့ဖြစ်သွားသဖြင့် လေ့လာသူများက၊ အကဲခတ်များက ကျွမ်းကျင်သူများက၊ သူ့အမေလင်ငယ်များက ယခုကဲ့သို့ မှတ်ချက်ပေးပါသည် ဆိုသည့် ဖြီးဖြန်းခြင်းခံဖို့ သ တင်းဖတ်ရှုနားထောင်ခြင်းမဟုတ်။ ရူးသလို ကြောင်သလို ဘ၀င်ကြောင်များ၏ ဆွေးနွေးပွဲများကို နားဆင်လို၊ ဖတ်လို၍ မဟုတ်။

စီးပွားရေး ကြိုတင်ခန့်မှန်းချက်များအား စီးပွားရေးပညာရှင်များကို အင်တာဗျူးမေးမြန်း သည်မျိုး၊ နိုင်ငံရေးဖြစ် စဉ်တခုအား နိုင်ငံရေးခေါင်းဆောင်တဦး၊ အတိုက်အခံတဦးအား အင်တာဗျူးမေးမြန်းခြင်းမျိုး၊ ကဏ္ဍတခုတွင် အကယ်တန္တု ပြောနိုင် ဆိုနိုင် အကဲခတ် တင်ပြနိုင် သည့် နောက်ခံအခြေအနေရှိသော သူတဦးဦး၏ စကားကို ကိုးကားခြင်းမျိုးကိုကား အမှန်တကယ်ပင် နားဆင်ချင်၊ ဖတ်ရှုချင်၏။

ဘာမဟုတ် ညာမဟုတ်များကို ထပ်ချည်းတလဲလဲ ပွဲထုတ်ခြင်း၊ ဘာမှန်းမသိရသော အကဲခတ်များက၊ လေ့ လာသူများက၊ ကျွမ်းကျင်သူများက ... ဆိုသည့် မရိုးနိုင်လှသည့် ဖြီးဖြန်းခြင်းများကို သိချင်၍ မဟုတ်။

ဖြီးနည်းအနုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် သတင်းထောက်ဆိုသူများ၊ သတင်းဌာနဆို သည့် အဖွဲ့အစည်းများ ချုပ်ငြိမ်း၍ သတင်းတန်ဘိုးရှိသော၊ အသိပညာ အတတ်ပညာတန်ဘိုးရှိသော၊ ခေတ် ကို အမှန်ဧကန် ထင်ဟပ်နိုင်သော အကောင်အထည်နှင့် တင်ပြဆွေးနွေးမှုများကိုသာ မြင်ရကြားရလျှင် ကောင်းလေစွ...။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

No comments: