အတ္တနောမတိ

ခင်ဗျား စာဖတ်သလား။ ကျုပ်မေးတာက ခင်ဗျား စာဖတ် ၀ါသနာ ပါသလား၊ စာဖတ်လေ့ ရှိသလား၊ စာတွေ ဖတ်ဖြစ်သလား ဒါကိုမေးတာ။
ဘာကြောင့် မေးသလဲ ဆိုတော့ ကျုပ်က စာဖတ်တဲ့ သူနဲ့ပဲ စကား ပြောချင်လို့ပါ။ စာမဖတ်တဲ့ သူနဲ့ဆို လုံးဝ စကား မပြောချင်ဘူး။ စာမဖတ်တဲ့ သူတွေနဲ့ စကားပြောလို့ ကုန်မယ့် အချိန်တွေကို နှမြောလွန်းလို့။

ကျုပ်ကတော့ စာဖတ်တယ်။ အရမ်းဖတ်တယ်။ ကျုပ်တို့ မြို့မှာတော့ ကျုပ်လောက် စာဖတ်တဲ့သူ ဘယ်သူမှ မရှိဘူး။ စာဖတ်ခြင်းဟာ ကျုပ်ဘ၀ပဲ။ စာဖတ်နေရရင် ကျုပ် ဘာမှ မလိုတော့ဘူး။ အားလုံး ပြီးပြည့်စုံ နေတယ်။ ထမင်းမစားဘဲလည်း နေနိုင်တယ်။ ရေမသောက်ဘဲလည်း နေနိုင်တယ်။ မအိပ်ရလို့လည်း ဘာမှမဖြစ်ဘူး။ စာတွေ မရပ်မနား ဖတ်လေ ကျုပ်ခန္ဓာကိုယ်မှာ စွမ်းအားတွေ ပြည့်လာလေပဲ။

ဒါကြောင့် ကျုပ် ထမင်းကို စားချင်မှစားတယ်။ ရေကို သောက်ချင်မှ သောက်တယ်။ ညဘက်လည်း အိပ်ချင်မှ အိပ်တယ်။ တစ်ခါတလေ သုံးနပ်စာကို တစ်နပ်တည်း ပေါင်းစားတယ်။ သုံးညစာကို တစ်ညတည်းပေါင်းအိပ်တယ်။ ကျန်တဲ့အချိန် စာပဲ ဖတ်နေပစ်လိုက်တယ်။

အမှန်တော့ ကျုပ် ၁၀ တန်း မအောင်ခဲ့ပါဘူး။ ဒါလောက် စာဖတ် နာနေရက်သားနဲ့ စာမေးပွဲ မအောင်တာကို ခင်ဗျား မယုံဘူး မဟုတ်လား။ သိပ်လည်း အံ့သြနေတယ် မဟုတ်လား။ မအံ့သြနဲ့ဗျို့။ တကယ် မအောင်တာ။ မအောင်ရခြင်း အကြောင်းရင်းကတော့ သူတို့ မေးတဲ့ မေးခွန်းတွေကို ကျုပ်က သူတို့ သိတာထက် အများကြီး ကျော်ကျော်ပြီး ဖြေပြ လိုက်တယ်လေ။

အဲဒါကြောင့် ကျုပ်က ၁၀ တန်း အောင်ခြင်းဆိုတဲ့ ပညာရေး မှတ်တိုင်ကို အသိအမှတ် မပြုနိုင်တာပေါ့။ ၁၀ တန်း မအောင်တဲ့ အတွက် ကျုပ် ဘယ်တုန်းကမှ ၀မ်းမနည်းခဲ့ဘူး။ ဘယ်တုန်းကမှလည်း စိတ်မကောင်း မဖြစ်ခဲ့ဘူး။ ဘယ်တုန်းကမှလည်း သိမ်ငယ်စိတ်မ၀င်ခဲ့ဘူး။

တစ်နည်းအားဖြင့် ပြောရရင် ၁၀ တန်းအောင်တယ် ဆိုတဲ့ လူတွေကို ကျုပ် လုံးဝ အထင် မကြီးဘူး။ ၁၀ တန်း အောင်သမား မပြောနဲ့၊ ဘယ် ဘွဲ့ရကိုမှလည်း ကျုပ် အထင်ကြီးလို့ မရပါဘူး။ ကျုပ်တို့မြို့လေးမှာ ရှိပါတယ်။ ဘွဲ့ရတွေမှ တစ်ပုံကြီး။ အဝေးသင်နဲ့ ရတာရော၊ အနီးသင်နဲ့ရတာ ရော။ အောင်မယ်လေး ရိုက်သတ်လို့တောင် မကုန်နိုင်ဘူး။ အဲဒီ ဘွဲ့ရတွေထဲက ဘယ်ဘွဲ့ရနဲ့ မဆို ကျုပ် စကား ယှဉ်ပြောရဲတယ်။ ဘယ် ခေါင်းစဉ်ဖြစ်ဖြစ်၊ ဘယ်အကြောင်းအရာ ဖြစ်ဖြစ် ငြင်းခုံရဲတယ်။

နောက်ဆုံး ကုန်ကုန်ပြော မယ်ဗျာ။ တက္ကသိုလ်တွေက ပါမောက္ခဆိုတဲ့ လူတွေတောင် ကျုပ်မကြောက်ဘူး။ လာစမ်းပါ၊ ဘယ်ပါမောက္ခမဆို ကျုပ်နဲ့ စကားပြောချင်သပ ဆိုရင်၊ ဆွေးနွေးချင်သပဆို ရင် အချိန်မရွေး လာခဲ့စမ်းပါ။ ကျုပ်ဘက်ကတော့ အဆင် သင့်ပဲ။

ခင်ဗျား ကျုပ် အကြောင်းကို သိချင်နေပြီ မဟုတ်လား။ ကျုပ် ဘယ်သူလဲ၊ ဘာလဲ ဆိုတာကို စိတ်ဝင်စားနေပြီ မဟုတ်လား။
အင်း... သိချင်ရင်တော့ နည်းနည်းပါးပါး ပြော ပြရတာပေါ့ဗျာ။    ပြောရရင် ကျုပ်က သူဌေးသားဗျ။ တစ်ဦးတည်း သောသား။ ကျုပ်တို့က မျိုးနဲ့ ရိုးနဲ့ ချမ်းသာခဲ့တာ။ ကျုပ်ရဲ့ ဘိုးဘွားဘီဘင်တွေက လယ်ပိုင်ရှင် သူဌေးကြီးတွေ။ သူတို့ ပိုင်ခဲ့တဲ့လယ်တွေဆိုတာ ဒီ ပတ်ပတ်လည်မှာ လက်ညှိုးထိုး မလွဲဘူး။ တစ်ချိန်တုန်းပေါ့။

ဒါပေမယ့် အဖေတို့ ခေတ်ရောက်တော့ ဒီလောက် မရှိတော့ဘူး။ ဘယ်လို ဖြစ်တယ်တော့ မသိပါဘူးဗျာ။ အသိမ်း ခံရဆိုလားပဲ။ နောက် ပြီး ဓားပြကလည်း အတိုက်ခံ ရသေးသတဲ့။ ဒီတော့ ဘိုးဘွားပိုင် ပစ္စည်း ဥစ္စာတွေလည်း တော်တော် ကုန်သွားတယ် ပြောတာပဲ။ အဲဒါကြောင့် ကျုပ်အဖေက ကျုပ်ငါးနှစ် သားလောက်မှာ မြို့တက်လာခဲ့တာတဲ့။ မြို့တက် လာရတဲ့ အဖေ့ ရည်ရွယ်ချက်ကတော့ တောမှာ မနေရဲတော့တာရယ်၊ ကျုပ်ကို မြို့ကျောင်းမှာထားပြီး ပညာတတ်ကြီးဖြစ်စေ ချင်လို့ရယ်တဲ့။

ဒီတော့ ကျုပ်က မြို့မှာပဲ ကြီးပြင်းခဲ့တာပေါ့။ မြို့ဆိုလို့ ပြောရဦးမယ်။ ကျုပ်တို့ မြို့ကို ကျုပ်တို့ကသာ မြို့လို့ ပြောတာ။ မန္တလေးကလူတို့၊ ရန်ကုန်ကလူတို့က တောတဲ့ဗျ။ ဘာမှန်းလဲ မသိပါဘူး။ ထားပါလေ။ တောတောမြို့ မြို့ ကိစ္စ မရှိပါဘူး။ မျှမျှတတ ဖြစ်စေချင်ရင်တော့ တောမြို့လို့ပဲ ခေါ်ပေါ့ဗျာ။ အခုတော့ အဖေလည်း မရှိတော့ပါဘူး။ အမေလည်း မရှိတော့ပါဘူး။ ဒီတောမြို့ လေးရဲ့ ဒီအိမ်မှာ ကျုပ်တစ် ယောက်တည်းပဲနေတယ်။

ဒီအိမ်ဆိုလို့ အဖေတို့၊ အမေတို့နဲ့ ငယ်ငယ်က အတူ နေခဲ့တဲ့ မူလ အိမ်မကြီးကို ပြောတာ မဟုတ်ဘူးနော်။ မူလ အိမ်မကြီးက ရောင်း လိုက်တာ ကြာလှပြီ။ အခု ကျုပ်ပြောတဲ့ ဒီအိမ် ဆိုတာက ခြံထောင့်က သစ်သားအိမ် အသေးလေးကို ပြောတာ။ ဒီအိမ်သေးသေးလေး မှာ ကျုပ်တစ်ယောက်တည်း ပဲနေတယ်။ ကျုပ်တစ်ယောက် အတွက် နေလည်း နေလောက်တယ်။ ကျုပ် အဖော်မှ မလိုတာ။ ကျုပ်အဖော်က စာအုပ်တွေပဲလေ။ စာအုပ်ရှိရင် ပြီးတာပဲ။

နောက် ကျုပ်ဘာအလုပ်မှလည်း မလုပ်ဘူး။ စာဖတ်တဲ့ အလုပ်ကလွဲလို့။ လုပ်စရာလည်း မလိုဘူးလေ။ တောမှာ ကျုပ်ပိုင်တဲ့ လယ်တွေ ရှိနေတာပဲ။ ကျုပ်မှာ အဖေတို့ အမေတို့ မွေးစားခဲ့တဲ့ မွေးစားအစ်ကို တစ်ယောက်လည်း ရှိတယ်ဗျ။ အဲ ဒီအစ်ကိုက တောမှာပဲ နေပြီး သူအမွေရတဲ့ လယ်နဲ့ ကျုပ်ပိုင်တဲ့ လယ်တွေကို လုပ်ပေးနေတယ်။ ကျုပ်စားဖို့အတွက် ဆန်၊ ဆီ၊ ငါးပိ မှန်မှန် ပို့ပေးတယ်။ ကျုပ်လယ်က ထွက်တဲ့စပါး ရောင်းပြီးရင်လည်း ရောင်းရငွေ လာလာပေးတယ်။

ကျုပ်လယ်က ဘယ်လောက်ကျယ်ပြီး စပါးဘယ်လောက် ထွက်မှန်းတော့ မသိပါဘူး။ သိစရာလည်း မလိုဘူး။ ဒါကြောင့် အစ်ကို့ကို တစ်ခါမှလည်း မေးမကြည့်မိဘူး။ သူလာလာပေးတ ပိုက်ဆံကို သံသေတ္တာထဲ ထည့်ထည့် သိမ်းထားတာ တော်တော် များနေပြီ။ ဘယ် လောက်လဲဆိုတာ တစ်ခါလောက် ရေကြည့်ဦးမှ။ အသုံး လိုရင်သာ ထုတ်ထုတ် နေမိတာ။ ကျကျနန တစ်ခါမှတောင် ရေမကြည့်မိဘူး။ကျုပ် ဘာစာတွေ လေ့လာသလဲ၊ ဘာစာအုပ်တွေ ဖတ်သလဲဆိုတာ ခင်ဗျား သိပ်သိချင်နေတယ် မဟုတ်လား။ သိချင်ရင် ပြောပြပါ့ မယ်။

ကျုပ်ဖတ်တဲ့ စာအုပ် တွေက အစုံပဲဗျို့။ ၀တ္ထုစာ အုပ်တွေလည်း ဖတ်တာပဲ။ တက်ကျမ်းတွေလည်း ဖတ်တာပဲ။ ပြဇာတ်တွေ၊ အတ္ထုပ္ပတ်္တိ စာအုပ်တွေလည်း ဖတ်တာပဲ။ ခရီးသွား မှတ်တမ်းတွေ၊ ဂမ္ဘီရတွေ၊ ရှေးဟောင်း သုတေသန စာအုပ်တွေလည်း ဖတ်တာပဲ။ ကျောင်းသုံး ပထ၀ီဝင်တွေ၊ ရာဇ၀င် သမိုင်းတွေ၊ ဂျီသြမေတြီတွေ အထွေထွေ သိပ္ပံတွေလည်း ဖတ်တယ်။ ပြီးတော့ ဒစ်ရှင်နရီ အဘိဓာန်တွေ၊ ကလေးကဗျာတွေ၊ အက္ခရာ သင်္ချာတွေ၊ အမျိုးစုံ ဖတ်တယ်။ တွေ့တာအကုန် ဖတ်တယ်။ ဖတ်လို့ရတာ အကုန်ဖတ်တယ်။

စာအုပ် ဘယ်ကရလဲ ဟုတ်လား။ ဟာ... စာအုပ်ပဲ ၀ယ်ရင် ရတာပေါ့ဗျာ။ ပိုက်ဆံရှိရင် ၀ယ်လို့ ရတာပဲ။ သတင်း စာအဟောင်း၊ စာအုပ် အဟောင်းတွေ မြို့အနှံ့လိုက်ဝယ်တဲ့ မောင်စိန့်ဆီက စာအုပ်တွေဆို ဈေးပေါမှပေါ။ စာအုပ်တစ်ပိဿာ၊ နှစ်ပိဿာ လောက် ပြန်ဝယ်ထားလိုက် ဖတ်ပါလေ့ တစ်လ ကိုးသီတင်း။

စာအုပ် အငှားဆိုင်တွေကတော့ ကျုပ်ကို သိပ်မငှားချင်ကြဘူး။ ပိုက်ဆံပေး ငှားတာကို ဘာဖြစ်နေကြလဲ မသိပါဘူး။ အင်တင်တင်လုပ်နေ ကြတယ်။ ဒါလောက်တောင် ဖြစ်တာ နေဟ ဆိုပြီး ကျုပ်လည်း သွားမငှားတော့ဘူး။

ဒါပေမယ့် ဆရာကြီး ဦးဗသိန်းကတော့ သူ့စာအုပ်တွေ ပေးဖတ်သဗျ။ ဆရာကြီး ဦးဗသိန်း ဆိုတာ ကျုပ်နေခဲ့တဲ့ ကျောင်းက အငြိမ်းစား ကျောင်းအုပ် ဆရာကြီးပေါ့။ အခုဆို အသက်ပဲ ၈၀ လောက်ရှိပြီ။ ဆရာကြီးလည်း စာဖတ်တာ ၀ါသနာပါလို့ စာအုပ်တွေ အများကြီး စုဆောင်းထားတယ်။

တစ်ခုတော့ရှိတယ်။ ဆရာကြီးက သူ့စာအုပ်တွေကို အိမ်တော့ ပေးမငှားဘူး။ ဖတ်ချင်ရင် သူ့အိမ်မှာပဲ ဖတ်တဲ့။ ဒါကြောင့် သူ့အိမ်သွား သွားပြီး နေကုန်နေခန်း ကျုပ် စာအုပ်ဖတ်တယ်။ အဲဒီလို အခါမျိုး ဆိုရင် ဆရာကြီးက ကျုပ်ကို ထမင်းတောင် ကျွေးလိုက်သေးသဗျ။
ဒါပေမယ့် ပြောရရင်လည်း မကောင်းပါဘူး။ ဆရာကြီးက သဘောကောင်း သလောက် သူ့အိမ်သားတွေ၊ သူ့သားသမီးတွေကတော့ စိတ်ပုပ်တယ်ဗျ။ ကျုပ်လာတာ မကြိုက်တဲ့ ပုံစံနဲ့ ဆူဆူဆောင့်ဆောင့် လုပ်ကြတယ်။ ဆရာကြီး ကွယ်ရာမှာ ကျုပ်ကို ပြန်ခိုင်းတယ်။ ဒါနဲ့ ကျုပ်လည်း ဆရာကြီး အိမ်ကို သိပ် မသွားဖြစ်တော့ပါဘူး။ အိမ်မှာ ဖတ်စရာ လုံးဝ မရှိတော့မှပဲ သွားဖြစ်တော့တယ်။

သြော်... ပြောရဦးမယ်။ ကျုပ်က စာဖတ်ရင် သူများတွေလို သာမန် ကာလျှံကာ ဖတ်တာ မဟုတ်ဘူး။ စာအုပ်အစက နေ အဆုံးအထိ စာလုံးတိုင်း စာလုံးတိုင်း၊ စာကြောင်းတိုင်း စာကြောင်းတိုင်း မလွတ်အောင် သေချာ ဖတ်တာဗျ။ ပထမ စာမျက်နှာကနေ နောက်ဆုံး စာမျက်နှာ အထိပဲ။


အဲ... စာမျက်နှာ ဆုံးသွားပြီ ဆိုရင်လည်း နောက်ဆုံး စာမျက်နှာကနေ ရှေ့ဆုံး စာမျက်နှာ အထိ ပြောင်းပြန် ပြန်ဖတ်တယ်။ ဥပမာဗျာ စာ မျက်နှာ ၃၀၀ မှာ ဆုံးသွားတယ် ဆိုပါတော့။ စာမျက်နှာ ၃၀၀ ပြီးရင် စာမျက်နှာ ၂၉၉၊ ပြီးတော့ ၂၉၈၊ ပြီးတော့ ၂၉၇၊ ပြီးတော့ ၂၉၆...။ အဲ ဒီလိုနဲ့ စာမျက်နှာ ၁ ကို ရောက်တဲ့အထိ ပြန်ဖတ်တယ်။ စာမျက်နှာ ၁ ရောက်ပြီ ဆိုတော့မှ တစ်ခါပြန်ပြီး စာမျက်နှာ ၂၊ ၃၊ ၄ စသဖြင့် ၃၀၀ အထိ အစီအစဉ် အတိုင်း ပြန်ဖတ်သွားတယ်။ အဲဒါကို အနုလုံ ပဋိလုံ စာဖတ်နည်းလို့ ခေါ်တာပေါ့။

ဒီနည်းကို ဘယ်သူမှ မသိသေးဘူး။ ကျုပ်တစ်ယောက်ပဲ သိပြီး ကျုပ်တစ်ယောက်ပဲ ကျင့်သုံးနေတာ။ စာအလွန်ကျေတဲ့ နည်းပေါ့ဗျာ။ ကျုပ် စာကျေတယ်ဆိုတာ လည်း မပြောနဲ့။ အဲဒီနည်း အတိုင်း အမြဲဖတ်တာကိုး။ ဒီ နည်းကို ခင်ဗျား ဘယ်သူ့မှ တော့ လျှောက်မပြောနဲ့နော်။ ဒါ လျှို့ဝှက်ချက်။

နောက်လျှို့ဝှက်ချက် တစ်ခုကိုလည်း ပြောပြဦးမယ်။ ကျုပ်လေ အခု ဦးထွန်းငြိမ်း အင်္ဂလိပ်-မြန်မာအဘိ ဓာန်ကို အလွတ်ကျက်နေတာ တစ်လရှိသွားပြီ။ ဒီအဘိဓာန်ကြီး တစ်အုပ်လုံးကို အာဂုံ ဆောင်နိုင်အောင် ကျုပ် ကျိတ်ပြီး ကြိုးစားနေတာဗျ။ တစ်နေ့ နည်းနည်းချင်း၊ နည်းနည်း ချင်းကျက်လို့ အခုထိတော့ A မကုန်သေးဘူး။ အချိန်တော့ ယူရမှာပေါ့လေ။ အောင်မြင် သွားရင်တော့ ကျုပ် ကမ္ဘာ ကျော်ဦးမှာပဲ ဟဲ... ဟဲ...။

အဲဒီလို ဦးထွန်းငြိမ်း အဘိဓာန်တွေ ကျက်ရတာ တစ်ဖက်၊ ခုတစ်လော ချင်ခြင်း တပ်နေတဲ့ မြန်မာ ရာဇ၀င်နဲ့ ရှေးဟောင်း သုတေသနစာ အုပ်တွေ ဖတ်နေရတာ တစ်ဖက်နဲ့ဆိုတော့ ကျုပ် ထမင်းဟင်းတောင် သိပ်ချက်မစား ဖြစ်ပါဘူးဗျာ။

အဲဒီ ထမင်းဟင်း ချက်ပြုတ် စားသောက်ရတဲ့ အလုပ်ကလည်း တော်တော်တော့ အချိန် ကုန်သားဗျ။ အိမ်မှာ ဆန်၊ ဆီ၊ ငါးပိရှိတာက ရှိ တာပဲ။ သူ့ချည်းနဲ့လည်း မပြီးဘူး။ ဈေးသွား ရသေးတယ်။ အသားလေး ငါးလေး၊ အသီးလေး အရွက်လေး ၀ယ်ရသေးတယ်။ ပြန်လာရင် ခုတ် ထစ်ရသေးတယ်။  အရိုးအရွက် သင်ရသေးတယ်။ ချက်ပြုတ်ကြော်လှော် ရသေးတယ်၊ ပြီး စားရသေးတယ်။ စားပြီးလည်း မပြီးသေးဘူး။ ဆေးရ ကြောရပြန်တယ်။ ထမင်းတစ်နပ်စားရဖို့ အရေး ကုန်လိုက်တဲ့ အချိန်ဗျာ။ တကယ် စာဖတ်ပျက်တာပဲ။

ဒါကြောင့် အချိန်မကုန်ဘဲ စားသောက်ရတဲ့နည်း ဘာနည်း ရှိလဲလို့ ကျုပ် အမျိုးမျိုး ကြံစည် စိတ်ကူးကြည့်တယ်။ နောက်ဆုံးတော့ ကျုပ် အကြံရသွားတယ်။ ရှာဖွေ တွေ့ရှိသွားတယ်ပဲ ပြောပါတော့။

ဟာ... မဟုတ်ဘူး။ ချက်ပြီးသားထမင်းဟင်း ၀ယ်စားတဲ့နည်းကို ပြောတာ မဟုတ်ဘူး။ အဲဒါတော့ ခင်ဗျား ပြောမှလား။ ပိုက်ဆံရှိရင် ၀ယ်စားလို့ ရမှန်း ကလေးကစ သိတယ်။ ချက်ပြီးသား ထမင်းဟင်း ၀ယ်စားဖို့ဆိုတာ ထမင်းဆိုင် ရောက်ဖို့ အနည်း ဆုံး ဈေးထိပ်အထိ သွားရဦး မယ်။ ဒါမှမဟုတ် ဘူတာရုံ ဘက်ရောက်အောင် လျှောက်ရဦးမယ်။ အဲဒီလို သွားဝယ်ဖို့ ကျုပ် အချိန် ကုန်မခံနိုင်ဘူး။ အဲဒီ ၀ယ်စားတဲ့နည်း ပြောတာ မဟုတ်ဘူး။ တခြားနည်း။ တခြားနည်း။


ဟို... ခင်ဗျား နွားတွေ ကြည့်လိုက်ဗျာ။ ဒီကောင်တွေ အစားအသောက် အတွက် အချိန် မကုန်ဘူး မဟုတ်လား။ ကရိကထ မများဘူး မဟုတ်လား။ ဘာများမလဲ မြေကြီးပေါ်မှာ အလိုလို ပေါက်နေတဲ့ မြက်တွေကိုပဲ စားနေတာကိုး။ အစာစားတယ် ဆိုတာ အသက်ရှင်သန်ဖို့ အတွက်၊ အာဟာရ ဓာတ်ရဖို့ အတွက် စားရတယ်။ ရသ တဏှာကို တပ်မက်ပြီး လျှာအလိုလိုက် နေသရွေ့ကတော့ အဲဒါနဲ့ပဲ အချိန်ကုန်ပြီး အသိထူး ဥာဏ်ထူး ရမှာ မဟုတ်ဘူး။

မြက်ဆိုလို့လည်း အထင်မသေးနဲ့။ မြက်က သိပ်အာဟာရ ဖြစ်တာ။ ဒါကြောင့် မြက်စားတဲ့ နွားတွေကို ကြည့် ဘယ်လောက်ခွန် အားရှိသလဲ။ ဘယ်လောက် အလုပ် လုပ်နိုင်သလဲ။ ဘယ်လောက် အကြမ်းခံသလဲ။ သူတို့ရဲ့အသွေးအသားတွေမှာ အာဟာရဓာတ်တွေ ပြည့်ဝနေလို့ မကျန်းမာတဲ့ လူတွေ အားရှိအောင် သူ့အသားကို စားရတယ်လေ။ သူ့နို့ရည်ကို ကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေ အားထားရတယ်လေ။ ဟုတ်တယ်မဟုတ်လား။

အဲဒါကြောင့် ကျုပ်လည်းပဲ တစ်ခါတလေမှာ ထမင်းဆာရင် ခြံထဲဆင်းပြီး မြက်နုနုကလေးတွေပဲ နုတ်နုတ်ပြီး စားနေ လိုက်တော့တယ်။ ဈေးဝယ်စရာလည်း မလိုဘူး။ ချက်ပြုတ်စရာလည်း မလိုဘူး။ ဆေးကြောစရာလည်း မလိုဘူး။ ပြီးရော အေးရောပဲ။

ခင်ဗျား ကျုပ်ကို ပိုပိုပြီး စိတ်ဝင်စားလာပြီ မဟုတ်လား။ ကျုပ်ဟာ သာမန် မဟုတ်ဘူး။ ထူးခြားတဲ့ လူဆိုတာ အကဲခတ်မိပြီ မဟုတ်လား။ သိတာပေါ့ဗျာ။ သိပ်သိတာပေါ့။ခင်ဗျားမို့လို့ ပြောရဦးမယ်။ ခုတစ်လော ကျုပ်လေ ထူးဆန်းတဲ့အိပ်မက်တွေ ခဏ ခဏ မက်နေတယ်ဗျ။ အိပ်မက်ထဲမှာ ကျုပ် ဒွတ္တပေါင် မင်းကြီးနဲ့လည်း တွေ့ခဲ့တယ်။ အနော်ရထာ မင်းနဲ့လည်း စကားပြောခဲ့ရ တယ်။ မင်းတုန်းမင်းကြီး တည်ခင်းတဲ့ လက်ဖက်ရည်ပွဲလည်း  တက်ခဲ့ရတယ်။ ဒွတ္တပေါင်မင်းကြီးနဲ့ က တွေ့ရုံ တွေ့တာပါ။ စကား မပြောခဲ့ရပါဘူး။

အနော်ရထာနဲ့ ကျတော့ တော်တော်ကြာကြာလေး စကားပြော ဖြစ်ခဲ့တယ်။ ကြုံတုန်း ဟိုးကတည်းက ကျုပ်ရင်ထဲ အစာမကြေဖြစ်နေတဲ့ ကိစ္စကို ကျုပ် ဖွင့်ထုတ်ပစ် လိုက်မိတယ်ဗျ။ကျုပ် အစာမကြေဖြစ် နေတဲ့ကိစ္စ ဆိုတာက တခြား မဟုတ်ပါဘူး။ သူနန်းတက်စ မှာ ဗေဒင်ဆရာတွေက မင်းလောင်း ပေါ်နေပြီလို့ ဟော ပြောတာကို ယုံပြီး သူ့ထီးနန်းကို လုမှာစိုးလို့ မဆီမဆိုင် မိန်းမနဲ့ ကလေးတွေကို သတ် ခဲ့တဲ့ ကိစ္စလေ။ ခင်ဗျား ကြား ဖူးလား။ မင်းလောင်းက ဘယ်အရွယ်လဲ မေးပြီး ဗေဒင် ဆရာတွေက ပဋိသန္ဓေနေ တုန်းပါ ဘုရားဆိုတော့ ကိုယ်ဝန်ဆောင်မိန်းမတွေကိုသတ်၊ နို့စို့အရွယ် ရောက်ပါပြီ ဘုရား ဆိုတော့ နို့စို့အရွယ် လူမမည် လေးတွေကိုသတ်၊ နွား ကျောင်းသားအရွယ် ရောက်ပါပြီ ဘုရားဆိုတော့ နွားကျောင်းသား အရွယ် လူငယ်လေးတွေ ကိုသတ်။ ဟာဗျာ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့ အမှားကြီးကို ကျူးလွန်ခဲ့တာပဲဗျ။ ပြီးတော့လည်း အဲဒီ မင်းလောင်းက တခြားလူလည်း မဟုတ်ဘူး။ သူ့သားအရင်း ခေါက်ခေါက် ကျန်စစ်သား။

အဲဒီ ကိစ္စကြီးက ကျုပ်ရင်ထဲ အကျိတ် အဖုလို ဖြစ်နေလို့ ကျုပ် ထုတ်ပြောမိတာ ပေါ့။
“အရှင်မင်းကြီး၊ အရှင် မင်းကြီးက တိုင်းပြည်သာယာ ၀ပြောအောင် ဆောင်ရွက်တာလည်း မှန်ပါရဲ့။ နှာဘူး အရည်းကြီးတွေကို နှိမ်နင်းပြီး စစ်မှန်တဲ့ဗုဒ္ဓ သာသနာတော် ထွန်းလင်း တောက်ပအောင် ဆောင်ရွက်တာလည်း မှန်ပါ ရဲ့။ ဒါပေမယ့် အပြစ်မရှိတဲ့ မိန်းမတွေနဲ့ ကလေးတွေကို ကွပ်မျက်တာတော့ အတော် ရက်စက်တာပဲ ဘုရား။ အရှင်မင်းကြီးကို ကျွန်တော်မျိုး စိတ်ပျက်တာ အဲဒါကြောင့်ပဲ ဘုရား။ ရှင်ဘုရင် လုပ်နေပြီး တော့ ဗေဒင်ဆရာတွေ ပြောသမျှ အကုန်လျှောက် ယုံတာတော့ ဘယ်ဟုတ်မလဲဘု ရား။ ကိုယ့်ဦးနှောက်နဲ့ကိုယ် နည်းနည်းပါးပါး စဉ်းစား ကြည့်ပါဦးလား ဘုရား”

စိတ်ဆိုးချင်ဆိုး မဆိုးချင်နေ ကျုပ်စိတ်ထဲရှိသလို တည့်ပြောချလိုက်တော့ အနော်ရထာ မင်းကြီးဆိုတာ ဘာစကားတစ်ခွန်းမှ ကျုပ်ကို ပြန်မပြောနိုင်ဘူး။ ခေါင်းငိုက် စိုက်ချပြီး ငိုင်နေတယ်။ အဲဒီမှာ ကျုပ် အိပ်ရာက လန့်နိုး လာတာပါပဲ။ ကျုပ်လည်း ကျုပ်ပြောချင်တာ ပြောလိုက် ရလို့ စိတ်ထဲ ကျေနပ်သွားတယ်။

မင်းတုန်းမင်းကြီးနဲ့ တွေ့တဲ့အိပ်မက်ကတော့ ပျော်စရာကြီး။ စားပွဲသောက်ပွဲလေ။ စားစရာသောက်စရာ တွေမှ စုံလို့ ခင်းကျင်းထား တာ။ အဲဒီပွဲကို လူတော်တော် များများ လာကြတယ်။ မင်း ညီမင်းသားတွေ၊ နန်းတွင်းသူ နန်းတွင်းသားတွေ၊ မှူးတွေ မတ်တွေ၊ သူဌေးသူကြွယ်တွေ အကုန်လာတယ်။ ကျုပ်ကိုလည်း ဖိတ်တယ်။

မင်းတုန်းမင်းကြီးက နှုတ်ခမ်းမွေးစစနဲ့ လူကတော့ လူချော လူခန့်ဗျ။ သူ့မိဖုရား တွေကလည်း အချော ချည်းပဲဗျာ။ များလိုက်တာလည်း မပြောနဲ့တော့။ ဒါလောက် များတာ စေ့ငအောင် ဘယ်လို ခွဲတမ်းချပြီး ဆောင်တော်ကူးလဲ မသိဘူး။ သူ့အစား စိတ်မောလိုက်တာ။ သူက သဘောတော့ တော်တော် ကောင်းတယ်။ လာသမျှ ဧည့်သည်ကို စားပွဲစေ့ လိုက်နှုတ်ဆက်တာ။ ကျုပ်စားပွဲ အရောက် ကျုပ်လည်း လန့် နိုးသွားလို့ ဘာစကားမှတောင် မပြောလိုက်ရဘူး။

ခင်ဗျား ကျုပ်နဲ့စကား ပြောရတာ ပညာတွေ၊ ဗဟု သုတတွေ အရမ်းရတယ် မဟုတ်လား။ ကျုပ်ပြောသမျှတွေဟာ ခင်ဗျားအတွက် တအံ့တသြ ဖြစ်ရတာတွေချည်းပဲ မဟုတ်လား။ကျုပ် ဆက်ပြောဦးမယ်။ မင်းတုန်းမင်းကြီး အကြောင်း အိပ်မက်မက်ပြီး သုံးလေးရက်လောက် ကြာတော့ ထူးထူးဆန်းဆန်းဗျာ၊ ကျုပ်အိမ်ကို ကျုပ် တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက် ရောက်လာတယ်။

သူ့လက်ထဲမှာလည်း ခရီးဆောင်အိတ် တစ်လုံးကို ဆွဲလို့။ ကျုပ်က ဘာကိစ္စရှိလို့လဲ မေးတော့ သူက အိမ်ပေါ် ခဏလောက် တက်ပါရစေတဲ့။ ခွင့်တောင်းတယ်။ ဒါနဲ့ ကျုပ်လည်း ခွင့်ပြုလိုက်တယ်။ အိမ်ပေါ်ရောက်တော့ သူက သူ့ကိုယ်သူ မိတ်ဆက်တယ်။ သူကတဲ့၊ ရှေးဟောင်း ပစ္စည်း ရောင်းဝယ်တဲ့ သူတဲ့။ ကျုပ်က မြန်မာရာဇ၀င် မြန်မာ့သမိုင်း ဘာသာရပ်မှာ နှံ့စပ်ပြီး ရှေးဟောင်း ပစ္စည်းတွေကိုလည်း တန်ဖိုးထား တတ်တယ်ကြားလို့ လာခဲ့တာတဲ့။

ကျုပ်က “ဟုတ်ပါပြီ။ ခင်ဗျားပြောတာ မှန်ပါတယ်။ ကျုပ် ဘာလုပ် ပေးရမလဲ” လို့ မေးတော့၊ သူက သူ့လက်ဆွဲ အိတ်ဇစ်ကို ဆွဲဖွင့်ပြီး လက် ဆွဲအိတ်ကြီးထဲက ကတ္တီပါ စောင်ကြီး တစ်ထည်ကို ဆွဲထုတ်တယ်။ ပြီးတော့ ဖြန့်ပြတယ်ဗျ။ ကျုပ်က မေးဆတ်ပြီး “ဒါ ဘာလဲ” ဆိုတဲ့သဘော မေးကြည့်တော့ သူက ကျုပ် ဘက်ကို အသာ တိုးလာပြီး ကျုပ်ရဲ့နားနား ကပ်ပြောတယ်။

“ဒါ မင်းတုန်းမင်းကြီး ဥပုသ်ဆောင်ဝင်တဲ့ အခါ ထိုင်တဲ့ကော်ဇော” တဲ့။
ဟာ... ကျုပ်ဖြင့် လန့်ဖျပ် သွားတာပဲ။ ကိုယ့်နားကိုယ် မယုံလို့ ထပ်မေးတော့ အဲဒီလူက ထပ်ပြောတယ်။

“မင်းတုန်းမင်းတရားကြီး ထိုင်ခဲ့တဲ့ ကော်ဇော။ တခြားအချိန် မဟုတ်ဘူး။ ဥပုသ် ဆောင်ဝင်တဲ့ အခါမှ ထိုင်တာ။ မင်းတုန်းမင်းကြီး ကံကုန် တော့ နန်းဦးကျောင်းက ကပ္ပိယက ရလိုက်ပြီး အစဉ်အဆက် ထိန်းသိမ်းခဲ့တာ။ အခု သူ့ရဲ့“တီ”လက်ထက် ရောက်မှ ငွေလိုလို့ ထုတ် ရောင်းတာ”

ဒါနဲ့ ကျုပ်လည်း ကော်ဇောကို သေချာဖြန့်ခိုင်းပြီး ကြည့်ရတာပေါ့။ အင်း... ပစ္စည်းကတော့ ပစ္စည်းကောင်းပဲ။ အသစ်တုန်းကတော့ တော်တော်လှမယ်။ ကြက်သွေးရင့် ရောင်အခံမှာ ရွှေရောင်ခြူး ပန်းခြူးနွယ်တွေ၊ ကနုတ်ပန်း တွေနဲ့ ပုံဖော်ထားတာ။ ဒီလို အမျိုးအစား ကောင်းတဲ့ ကော်ဇောမျိုး အရင်က ကျုပ် တစ်ခါမှမမြင်ဖူးသေးဘူး။ ကော်ဇောရဲ့မျက်နှာ ပြင်ကို လက်နဲ့ အသာလေး သပ်ကြည့်တော့ ချောပြီး အိနေတာပဲ။ ပတ်ပတ်လည်မှာ ကျနေတဲ့ အမြိတ်ကလေး တွေကစ နူးညံ့လိုက်တာ။ မင်းတုန်းမင်းကြီး ထိုင်ခဲ့တဲ့ ကော်ဇောဆိုတာ ဖြစ်နိုင်တယ်။

အဲ... ဒါပေမယ့် ထောင့်တစ်ထောင့်မှာတော့ ကြွက်ကိုက်ရာလိုလို အပေါက်လေးနှစ်ပေါက် တွေ့တယ်ဗျ။ အလယ် လောက်မှာလည်း ပိုးပေါက် တစ်ပေါက် ပါသေးတယ်။ အေးလေ နှစ်ပေါင်း ၁၀၀ ကျော် ၁၅၀ လောက်က ပစ္စည်းဆိုတော့ ဒါလောက် တော့ ရှိမှာပေါ့။

“ဒါ မင်းတုန်းမင်းကြီး အသုံးပြုခဲ့တဲ့ ပစ္စည်း အစစ်လို့ ခင်ဗျား အာမခံလား”
အဲဒီလို ကျုပ်မေးလိုက် တယ်။

“လုံးဝ အာမခံတယ်။ ဂရန်တီပေးတယ်” တဲ့။

“ဒါကို ဘယ်လောက်နဲ့ ရောင်းချင်လို့လဲ” ဆိုတော့ သူက လက်ဆယ်ချောင်း ထောင်ပြရင်း ပါးစပ်ကလည်း တိုးတိုးလေးပြော တယ်။    “ဆယ်သိန်း” ကျုပ် စဉ်းစား ရပြီပေါ့ ဗျာ။     သမိုင်း တန်ဖိုးရော၊ ရှေးဟောင်း တန်ဖိုးပါ ကြီးမြင့်တဲ့ ပစ္စည်းတစ်ခုကို ကျုပ် ၀ယ် သင့်၊ မ၀ယ်သင့် ဆိုတာ။

မှန်တာကို ၀န်ခံရရင်တော့ ကျုပ် လိုချင်တယ်ဗျာ။ ကျုပ်ဟာ မြန်မာလူမျိုး တစ်ယောက်။ မြန်မာလူမျိုး တစ်ယောက် အနေနဲ့ မြန်မာရှင်ဘု ရင်တစ်ပါး သုံးစွဲခဲ့တဲ့ သမိုင်းဝင် ရှေးဟောင်းပစ္စည်းကို ၀ယ်ယူ ထိန်းသိမ်းဖို့ တာဝန် ရှိတာပေါ့ဗျာ။ နို့မို့ နိုင်ငံခြားသားတွေ လက်ထဲ ရောက်သွားတော့ မခက်လား။

ကျုပ်က “ဆယ်သိန်း မလျှော့ဘူးလား” လို့မေး တော့
“အစ်ကို ဘယ်လောက် ပေးချင်လဲ”တဲ့။

ဒါနဲ့ ကျုပ်က သူ့ကို ခဏစောင့်ဖို့ ပြောပြီး အတွင်း ခန်းထဲဝင်၊ သံသေတ္တာ ဖွင့်ပြီး ကျုပ်ထည့်ထားတဲ့ ပိုက်ဆံတွေ ရေကြည့်တော့ ငါးသိန်း ပိုပိုလေးပဲ ရှိတာ တွေ့ရတယ်။ ကျုပ် အပြင်ပြန်ထွက် လာပြီး “ငါးသိန်းရမလား” လို့ မေးလိုက်တယ်။
“ကြံကြီးစည်ရာ အစ်ကိုရာ။ အဖိုးတန် ရှေးဟောင်း ပစ္စည်း တစ်ခုကို ဘယ်လိုလုပ် ငါးသိန်းရမှာလဲ”

ပြောပြောဆိုဆို သူ့ကော် ဇောသူ ခေါက်သိမ်းပါလေ ရော။ ကျကျနန ခေါက်သိမ်းပြီးမှ
“ကဲ... အစ်ကိုရယ်၊ လာလက်စနဲ့ မထူးဘူး။ ကိုးသိန်းတော့ပေး ဟုတ်လား။ ကျွန်တော် တစ်သိန်းလျှော့မယ်။ အမှန်တော့ ဒီပစ္စည်း ဘယ်လောက်တန်တယ် ဆိုတာ အစ်ကို့လို ပညာရှိက အသိဆုံးပါ။ ကျွန်တော်ကတော့ အမှန်တကယ် တန်ဖိုး သိတဲ့လူရဲ့လက်ထဲ ရောက် သွားရင် ကျေနပ်တာပဲ”

ကျုပ်က ငါးသိန်းအပြင် ပိုမပေးနိုင်ဘူးပြောတော့ ရှစ်သိန်းတဲ့။ရှစ်သိန်းလည်း မပေးနိုင်ဘူး ပြောတော့ ခုနစ်သိန်း တဲ့။     ကျုပ်က ခေါင်းခါတော့ ခြောက်သိန်းလုပ်ပြန်ရော။ဒီတော့ ကျုပ်က ပွင့်ပွင့် လင်းလင်းပဲ ထုတ်ပြောရ တော့တာပေါ့။
“ဒီမယ်ကိုယ့်လူ၊ ကျုပ်မှာ စုစုပေါင်း ငွေငါးသိန်းနဲ့ တစ်ထောင့်ငါးရာပဲ ရှိတယ်။ ကျုပ်ပေးနိုင်တာ ငါးသိန်းပဲ။ ရောင်းနိုင်ရင်လည်း ရောင်းခဲ့၊ မရောင်းနိုင်ရင်လည်း သွားတော့”ဆိုတော့မှ အဲဒီလူ ခေါင်းကုတ်လိုက်၊ သက်ပြင်း ချလိုက်၊ မျက်မှောင်ကုတ် စဉ်းစားလိုက် လုပ်နေပြီး “ကဲ... ယူလိုက်တော့ အစ်ကို၊ ယူလိုက်တော့” တဲ့။

ဒီလိုနဲ့ပဲ ကျုပ်ဟာ ငွေလေးငါးသိန်းနဲ့ သမိုင်းတန်ဖိုး၊ ရှေးဟောင်းတန်ဖိုး မဖြတ်နိုင်တဲ့ မင်းတုန်းမင်း တရားကြီး ဥပုသ်ဆောင်ဝင်ရင် ထိုင်တဲ့ကော်ဇောကြီးကို ပိုင်ဆိုင်လိုက်ပါတယ်။ ခင်ဗျား ကျုပ်ကို အားကျနေတယ် မဟုတ်လား။အဟဲ... သိသားပဲ။ နောက် ရှိသေးတယ်။ ပြောပြဦးမယ်။    တစ်ပတ်နေတော့ ကျုပ် တစ်ခါမှ မမြင်ဖူးတဲ့ နောက်ထပ် လူတစ်ယောက် ရောက်လာပြန်တယ်။

“အစ်ကို ရှေးဟောင်း ပစ္စည်း စုဆောင်းတာ ၀ါသနာ ပါတယ်ကြားလို့ လာတာပါ” ဆိုပြီး အိမ်ပေါ် တက်လာတယ်။
ပြီးတော့ သူ့ဘေးလွယ် အိတ်ကြီးထဲက ကြေးဖလားကြီး တစ်လုံး ထုတ်ပြတယ်။

“ဒါ နရသီဟပတေ့ မင်းကြီး ရေကစားတဲ့ ဖလားပဲ အစ်ကို”တဲ့။

ဘာ... နရသီဟပတေ့ မင်း ရေကစားတဲ့ ဖလား ဟုတ်လား”

“ဟုတ်တယ်အစ်ကို။ အစ်ကို ကျိန်းသေကို စိတ်ဝင် စားမှာပဲ ဆိုပြီး ကျွန်တော် ယူလာပြတာပါ”တဲ့။

ဒါနဲ့ ကျုပ်လည်း အဲဒီ ဖလားကို ယူပြီး အမြီးပြန် ခေါင်းပြန် သေသေချာချာ ကြည့်ရတော့တာပေါ့။
ကြေးတော့ကြေးပဲ။ လက်ကလေးနဲ့ တောက်ကြည့်လိုက်တော့ “တင်... တင်...” ဆိုတဲ့အသံလွင်လွင် လေး ကြားရတယ်။ ကြေးညှိ တွေတက်နေလို့ ပြောင်ပြောင် ရောင်ရောင်တော့ မရှိဘူးပေါ့။ ဒါနဲ့ ကျုပ် မီးဖိုထဲက ပြာလေးနည်းနည်း သွားယူ လာပြီး ဖလားရဲ့နှုတ်ခမ်းသား တစ်နေရာမှာ ခပ်ဖိဖိ လေးပွတ်ကြည့်တော့ ပွတ်တဲ့ နေရာမှာ ချက်ချင်း ပြောင်လက်သွားတယ်။ အဲဒီနေရာ မှာ ၆၁၇ ဆိုတဲ့ ဂဏန်းသုံး လုံးလည်း ပေါ်လာတယ်။

ဟာ ၆၁၇ ဆိုတာ နရ သီဟပတေ့မင်း နန်းတက်တဲ့ ခုနှစ်သက္ကရာဇ်။ အဲဒါကို ကျုပ် ဒက်ခနဲ သိလိုက်တယ်။ ဒီတော့ ဒီဖလားဟာ နရသီဟ ပတေ့မင်း အသုံးပြုခဲ့တဲ့ ဖလားဆိုတာ တော်တော်သေချာ သွားပြီပေါ့။ နရသီဟပတေ့မင်း အကြောင်းကော ခင်ဗျား ကြားဖူးလား။

နရသီဟပတေ့ မင်းဆိုတာ ထူးထူးခြားခြား မင်းတစ်ပါး။ မြန်မာရှင် ဘုရင်ထဲမှာ အစားအကြီးဆုံးပဲ။ ပွဲတော် တစ်ခါတည်ရင် ဟင်းခွက် သုံးရာတဲ့။ နောက် သူနဲ့ပတ်သက်ပြီး မှတ်သားစရာ တစ်ခုက ခရမ်းသီး။ ကျုပ်ငယ်ငယ်က အမေချက်ကျွေးတဲ့ခရမ်းသီး နှပ်ကို သိပ်ကြိုက်ခဲ့တာ ဆိုတော့ ခရမ်းသီး နှပ်စားတိုင်း သူ့ကို သတိရတယ်။ ခရမ်းသီးနဲ့ ပတ်သက်ပုံက ဒီလိုဗျ။
ဒီဘုရင်မှာ အကျင့်တစ်မျိုး ရှိတယ်။ သူက အိပ်ရာက နိုးရင် နိုးနိုးချင်း သူ့လက်တစ်ကမ်းမှာ ရှိတဲ့ ပစ္စည်း တစ်ခုခုနဲ့ တွေ့တဲ့ လူကို ကောက် ပေါက်တတ်သတဲ့။ အဲဒီတော့ သူအိပ်တဲ့ သလွန်ညောင် စောင်းနားမှာ အန္တရာယ် ဖြစ်စေမယ့် ပစ္စည်း ဘာပစ္စည်းမှ မထားရဲဘူးပေါ့။ သူက ကောက်မပေါက်ဘဲ မနေနိုင်တော့ လုံမနီသီးလို့ ခေါ်တဲ့ အသီးတွေပဲ ထားပေးရသတဲ့။ ထိလည်း အန္တရာယ်မရှိဘူး ပေါ့ဗျာ။ သူပေါက်လို့ လုံမနီ သီးမှန်တဲ့ မောင်းမတွေခမျာ ခါးတွေ ယမ်းကုန်လို့ နောက်ပိုင်း လုံမနီသီးကို ခါးရမ်းသီးလို့တောင် ပြောင်းခေါ်ရတာတဲ့။ ကာလရွေ့လျောလာ တော့ ခရမ်းသီး ဖြစ်သွားတာတဲ့။

မသိရင် သေချာမှတ် ထားနော်။ ခင်ဗျား ဗဟုသုတ ရအောင် ကျုပ်ပြောပြနေတာ။  အဲ... နေဦး။ နရသီဟ ပတေ့မင်း ရေကစားတဲ့ ဖလားဆိုတော့ ဟို...မိဖုရား စောလုံကို ရေလောင်းတဲ့ ဖလားများ ဖြစ်နေမလား။အဲဒီ ရေကစားတဲ့ ဖလားကလည်း သမိုင်းမှတ်တမ်း အသေအချာ ရှိတာပေါ့။  ခင်ဗျား မသိဘူး မဟုတ်လား။


ဒီလိုဗျ။ တစ်ခါမှာ နရသီဟပတေ့မင်းနဲ့ မိဖုရား တွေ၊ မောင်းမတွေ ရေကစားကြတယ်။ ရေစု ချိုးကြတယ်ပဲ ပြောပါတော့။ အဲဒီလို ရေစု ချိုးကြတော့ ဘုရင်က သူ့မိ ဖုရားတွေထဲက စောလုံဆိုတဲ့ မိဖုရားကို ရေမွန်းတဲ့ အထိ ရေလောင်းပြီး ကျီစယ်တာတဲ့။ အဲဒီအခါမှာ မိဖုရား စောလုံက အများရှေ့မှာ သူ့ကို အရှက်ခွဲရ ပါ့မလား ဆိုပြီး အငြှိုးထား တာတဲ့။ ပြီးတော့ ဘုရင်စားမယ့် ပွဲတော်မှာ အဆိပ်ခတ်ပါ လေရော။ ဘုရင်က ပွဲတော် မတည်ခင် နန်းတော်အောက် ရောက်နေတဲ့ ခွေးတစ်ကောင်ကို ချကျွေးကြည့်တဲ့အခါ ခွေး အဆိပ်မိပြီး သေတာပေါ့။ ဒီတော့ စောလုံ အဆိပ်ခတ်တဲ့ ကိစ္စပေါ်ရော။ ဘုရင်က အကြီးအကျယ် စိတ်ဆိုးပြီး စောလုံကို သံကျပ်စင်ပေါ် တင်ပြီး အသတ်ခိုင်းတာဗျိုး။

မိဖုရားသေမှ ဘုရင်လည်း နှမြောပြီး စက်တော် ခေါ်ရင်း “စောလုံ စောင့်ပါ ခလှည့်၊ စောလုံ စောင့်ပါ ခလှည့်” နဲ့ အော်အော်နေတာ တဲ့။ အဲဒီလို ရာဇ၀င်မှာ အတိအကျ ဆိုထားတာ။ ကဲ... ထားတော့။ ဒါက ရာဇ၀င် ကြောင်း။ ဆိုတော့ကာ၊ ဒီဖလား ဟာလည်း နရသီဟပတေ့ မင်း သူ့မိဖုရား စောလုံကို ရေလောင်းခဲ့တဲ့ ဖလားပဲ ဖြစ်မယ်လို့ ကျုပ်ယူဆလိုက်တယ်။ ပိုသေချာအောင် ကျုပ် က အဲဒီလူကို မေးလိုက်တယ်။

“ဒီပစ္စည်း စစ်မှန် ကြောင်း ခင်ဗျား အာမခံလား”

“လုံးဝ အာမခံတယ်။ ဂရန်တီရော၊ ၀ရန်တီရော ပေးတယ်”တဲ့။

“ကောင်းပြီလေ။ ဒါဆိုရင် ခင်ဗျား ဒီပစ္စည်းအတွက် ဘယ်လောက် လိုချင်လဲ”

“ဆယ်သိန်း”
“ဟာ...မများဘူး လားဗျ”

“အစ်ကိုရယ်၊ ဒါ လောက် ရှေးဟောင်းတန်ဖိုး မြင့်တဲ့ ပစ္စည်းကို မများဘူး လားတဲ့။ အစ်ကို ကျွန်တော့်ထက် ပိုနားလည်ပါတယ် ဗျာ။ နရသီဟပတေ့မင်းဆို တာ ပုဂံမင်းဆက်က ရှင်ဘုရင် တစ်ပါး။ ပုဂံခေတ်ကပစ္စည်း တစ်ခုဟာ ဘယ်လောက် ရှားပါးပြီး ဘယ်လောက် အဖိုး တန်တယ် ဆိုတာ အသိဆုံးပါ”

အင်း... သူပြောတာ ဟုတ်တယ်။ ကုန်းဘောင် ခေတ်က ကော်ဇောတောင် ငါးသိန်းပေးရတာဆိုတော့ ပုဂံခေတ်ပစ္စည်းကို ဆယ် သိန်းတောင်းတာ မများဘူး။ အင်း...ဒီပစ္စည်းကိုလည်း ယူထားနိုင်ရင် ကောင်းမယ်။    အင်း...၊ ပိုက်ဆံ... ပိုက်ဆံကတော့ သေတ္တာထဲ မှာတော့ ကုန်ပြီ။ ဒါပေမယ့် အို... နဲဗားမိုင်း...။ ကျုပ်မှာ လယ်တွေ ရှိနေတာပဲ။ ဒါပိုက်ဆံပဲပေါ့။

ဒါနဲ့ ကျုပ်က ပစ္စည်းရှင်ကို နောက်တစ်နေ့ ချိန်းလိုက်တယ်။
ပြီး ကျုပ်တောသွားပြီး အစ်ကိုနဲ့ တွေ့တယ်။ ကျုပ် အဖိုးတန်ပစ္စည်း တစ်ခုဝယ်ချင်လို့ လယ်တွေကို ရောင်းချင်တယ်။ ရောင်းရင် ဘယ်လောက်ရမလဲ မေးတော့ အစ်ကိုက
“ငါ့ညီက ငွေဘယ်လောက် လိုလို့လဲ” တဲ့။

“ဆယ်သိန်း...” ဆို တော့ အစ်ကိုက ခပ်တွေတွေ စဉ်းစားတယ်။

“ငါ့ညီရဲ့လယ်က ရောင်းရင် ဆယ်သိန်းတော့ မရလောက်ဘူး။ ရရင် ခုနစ်သိန်း၊ ရှစ်သိန်း အာဏာ ကုန်ပဲ။ အေး...ဒါပေမယ့် မင်းက ဆယ်သိန်းရမှကို ဖြစ်မယ် ဆိုရင်တော့ အစ်ကိုပဲ ဒီလယ်ကို ယူထားလိုက်မယ်။ မင်းလိုတဲ့ငွေ အပြည့် အစ်ကို ပေးလိုက်မယ် ဟုတ်လား” တဲ့။

ဒီလိုနဲ့ အစ်ကိုပေးတဲ့ ငွေဆယ်သိန်းကို ပိုက်ပြီး ကျုပ် အိမ်ပြန်လာတယ်။ နောက်တစ်နေ့မှာ ပစ္စည်းရှင် ရောက်လာပြီး အရောင်း အ၀ယ်ဖြစ်သွားတယ် ဆိုပတော့။ သြော်... လူ့ကုသိုလ် ကံများ ဆန်းကြယ်ပုံနော်။ ကံ လိုက်လာတော့ နရသီဟ ပတေ့မင်း ရေကစားတဲ့ ဖလားကိုတောင် ကျုပ်ပိုင်ဆိုင် လိုက်ရပြန်တယ်။

ခင်ဗျား ကျုပ်ကို မနာ လို တိုရှည်ဖြစ်နေပြီ မဟုတ်လား ဟား... ဟား...။ မဖြစ်နဲ့ဗျို့၊ ဉာဏ်ကို သာ ပြိုင်လို့ရတယ်၊ ကံကို တော့ ပြိုင်လို့မရဘူး ဆိုတဲ့ စကား ခင်ဗျား ကြားဖူးတယ် မဟုတ်လား။ ခင်ဗျား အနေနဲ့ကတော့ ကျုပ်ကို ဉာဏ်လည်းပြိုင်လို့ မရပါဘူး။ ကံလည်းပြိုင်လို့ မရပါဘူး။ ဘာမှပြိုင်ဖို့ စိတ်မကူးပါနဲ့။

နောက်ထပ်တစ်ခါ ရှေး ဟောင်းပစ္စည်း တစ်မျိုးကို ကျုပ် ထပ်ဝယ်ဖြစ်လိုက် သေးတယ် ဆိုတာကို သိရင် ခင်ဗျား ပိုတောင် အံ့သြတုန် လှုပ်သွားဦးမယ်။ တကယ် ပြောတာ။နရသီဟပတေ့မင်းရဲ့ ဖလားကို ၀ယ်ဖြစ်လိုက်ပြီး နောက်တစ်ပတ်နေတော့ နောက်ထပ် လူစိမ်းတစ်ယောက် ရောက်လာပြန်တယ်။

သူယူလာတဲ့ ပစ္စည်းက ဘာဖြစ်မယ်လို့ ခင်ဗျားထင်လဲ။ တခြား မဟုတ်ဘူး။ အလောင်းစည်သူ မင်းကြီးရဲ့ ကြိမ်စကြာဗျို့၊ ကြိမ်စကြာ။ သိပ်အံ့သြသွားတယ် မဟုတ်လား။ ဒီတစ်ခါတော့ ကျုပ် ကိုယ်တိုင်လည်း အတော့်ကို အံ့သြ တုန်လှုပ်သွားတာပါပဲ။ အရင် ပစ္စည်းတွေတုန်းကနဲ့ မတူဘူး။ ဒီကြိမ်စကြာကြီးကို လက်နဲ့လည်း ထိလိုက်ရော ကျုပ်တစ်ကိုယ်လုံး ဓာတ်လိုက်သလို ကတုန်ကယင် ကြီးဖြစ်သွားတယ်ဗျာ။ အံ့သြဖို့ ကောင်းလိုက်တာ။

သြော်... ဒါနဲ့ အလောင်းစည်သူ မင်းနဲ့ ကျုပ်ရဲ့ပတ်သက်မှုကို ခင်ဗျားကို မပြောပြရသေးဘူးနော်။ ဒီလိုဗျ၊ ကျုပ်က မြန်မာ ရာဇ၀င် စာအုပ်တွေ ဖတ်လိုက်တိုင်း ဖတ်လိုက်တိုင်း အလောင်းစည်သူမင်းကြီး အခန်း ရောက်ပြီဆိုရင် စိတ်ထဲမလည်း မရိုးမရွ၊ တစ်ကိုယ်လုံးလည်း ဖြိုးဖြိုးဖျဉ်း ဖျဉ်းဖြစ်ဖြစ်လာတတ်တယ်။

အဲဒါ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်းမဟုတ် အမြဲတမ်း အမြဲတမ်း ဖြစ်တယ်။ အလောင်းစည်သူနဲ့ ကျုပ်နဲ့က ဘယ်လိုပဋ္ဌာန်း ဆက်ရှိလဲ မသိဘူး။ မဟုတ်မှလွဲရော၊ ကျုပ်က အလောင်းစည်သူမင်းကြီး ၀င်စားတာများလား မသိ။ အလောင်းစည်သူမင်းကြီး အကြောင်း ခင်ဗျား သိပ် မသိဘူး မဟုတ်လား။ မသိရင် နားထောင် ပြောပြမယ်။ မြန်မာ ဘုရင်ထဲမှာ အလောင်းစည်သူဟာ ဘုန်းတန်ခိုး အကြီးဆုံးမင်းပဲ။ လက်ညှိုးညွှန်ရာ ရေဖြစ်တယ် ဆိုတာ သူ့ကိုပြောတာ။ သူ ဘုန်းကြီးတာတွေ ကို ပြောပြဦးမယ်။

ဒီဘုရင်က တိုင်းခန်း လှည့်လည်တာ တော်တော် ၀ါသနာပါတယ်။ သင်္ဘော တစ်စင်းနဲ့ ကိုးကျင်းကိုးကျင်း လျှောက်သွားနေတာတဲ့။ သွားရင်းသွားရင်းနဲ့ တစ်နေ့ကျတော့ မာန်အောင် ကျွန်းဘက်ကို ရောက်သွား သတဲ့။ မာန်အောင်မင်းကလည်း မာနက ခပ်ကြီးကြီး။ အလောင်းစည်သူ မင်းလာတာ ကို ရှိခိုးပြီး မကြိုချင်တာနဲ့ လည်ပင်းမှာ အိုးတစ်လုံး ဆွဲ ပြီး ရေထဲဆင်း သေနှင့်တာတဲ့။ အဲဒါကို အလောင်း စည်သူမင်းကြီးလည်း သိရော “အောင်မာ... ငါလိုမင်းကို ရှိမခိုးဘဲ သေစရာလား။ ဟဲ့... မသာရဲ့” ဆိုပြီး ရေကို လက်ညှိုးထိုးလိုက်တာ မာန်အောင်မင်း အလောင်းကောင်ဟာ လက်အုပ်ချီလျက်သားလေး ရေပေါ်ကို ဘွားခနဲ ပေါ် လာသတဲ့။ ကဲ... အံ့သြဖို့ မကောင်းဘူးလား။

ဒါတင် ဘယ်ကမလဲ။ ဘင်္ဂလားပြည်ဘက် ရောက်သွားတော့လည်း သူ့ရဲ့ဘေးတော် အနော်ရထာမင်း လက်ထက်တုန်းက ထားခဲ့တဲ့ အတီးအမှုတ် သမားကျောက်ရုပ်တွေကို တွေ့သတဲ့။ တွေ့တော့ “ဟဲ့... ငါဘုရင်မင်း မြတ်ကြွလာတာ မမြင်ဘူးလား။ နင်တို့ ဘာဖြစ်လို့ မတီးမမှုတ်ကြတာလဲ” လို့ ကျောက်ရုပ်တွေကို ဟောက်ထည့်လိုက်တာ ကျောက်ရုပ်တွေက လန့်ဖျပ်ပြီး အသက်ရှိတဲ့ လူတွေလို ထပြီး တီးကြ မှုတ်ကြ ဖျော်ဖြေကြရသတဲ့။ ကျောက်တုံးကတောင် ကြောက်ရတာနော။
နောက် ရှိသေးတယ်။ ဒီဘုရင်က မလ္လာယုကျွန်း ဘက်လည်း ရောက်သွား သေးသတဲ့။ မလ္လာယုကျွန်း ကို သင်္ဘောကြီး တဖြည်း ဖြည်းကမ်းကပ်လာတဲ့ အချိန် မှာ “ဘုန်းကြီးတဲ့မင်း” ဆိုပြီး အဲဒီမှာရှိတဲ့ လူတွေရော၊ နတ်တွေရော၊ ဘီလူးတွေရော ၀ိုင်း အုံကြည့်ကြတာတဲ့။ အိုး... ကမ်းလုံးကျွတ် အုန်းအုန်း ကျွက်ကျွက်ဆိုပဲ။

ဒီမှာတင် ဘီလူးမတစ်ကောင်က အကြည့်လွန်လို့ လက်ထဲမှာချီထားတဲ့သား ရေထဲ လွတ်ကျရောတဲ့။ ဘီ လူးမက ငိုပြီး သူ့သားကို ကယ်ပေးဖို့ အလောင်းစည်သူ မင်းကြီးကို တောင်းပန်တာပေါ့။ အဲဒီအခါမှာ အလောင်း စည်သူမင်းက ရေကို ကြိမ်စကြာနဲ့ ရိုက်ပြီး မဏိမေခလာ ကို ခေါ်လိုက်သတဲ့။ မဏိမေ ခလာ ပေါ်လာတော့ “ဟဲ့... မဏိမေခလာ၊ ဘီလူးမရဲ့ သားကို ဆယ်ပေးစမ်းဟဲ့” လို့ အမိန့် ပေးလိုက်တာ မဏိ မေခလာ မနေနိုင်ဘူး။ ချက်ချင်း ဆယ်ပေးရသတဲ့။ ဘီလူးမက ဒီတော့မှ အငိုတိတ် တော့တာ။

မဏိမေခလာ ဆိုတာရော သိရဲ့လား။ မသိရင် သေချာမှတ်ထား။ ပင်လယ်စောင့် နတ်သမီးကို ပြောတာ။ ဂိုးသွင်းကောင်းတဲ့ ကိုကို မဟုတ်ဘူး။ အဲဒီတော့ အလောင်း စည်သူမင်းဟာ အရမ်းဘုန်းကြီးတယ် ဆိုတာ ခင်ဗျား သိ ပြီနော်။ သက်ရှိတွေ အပေါ် မပြောနဲ့၊ လူသေ အပေါ်ရော၊ ကျောက်ရုပ် အပေါ်ရော၊ နတ်တွေ အပေါ်ပါ သြဇာညောင်းတယ် ဆိုတာ ခင်ဗျား သဘော ပေါက်ပြီနော်။

အဲ... နေဦး၊ နေဦး။    အခု ကြိမ်စကြာဟာ အလောင်းစည်သူမင်းကြီး သမုဒ္ဒရာ ရေပြင်ကို ရိုက်ပြီး မဏိမေခလာနတ်သမီးကို ဆင့်ခေါ်တဲ့ ကြိမ်စကြာများ ဖြစ်နေမလား။ ဒါနဲ့ ကျုပ်က ကြိမ် စကြာကို ယူပြီး သေသေချာချာ စစ်ဆေးကြည့်ရပြန်တယ်။ ကြိမ်စကြာ ဆိုပေမယ့် ကြိမ်တော့ မဟုတ်ဘူးဗျ။ ခပ်လေးလေးဆိုတော့ ရှားနှစ်လို သစ်သားတစ်မျိုးမျိုးနဲ့လုပ် ထားတဲ့ တုတ်ဗျို့။ အရှည်က လေးပေလောက်ရှိတယ်။ အရင်းနည်းနည်း တုတ်ပြီး အဖျား ယောင်ယောင်လေး ရှူးသွားတယ်။ ကိုယ်ထည် ကိုတော့ ရွှေပိန်း ချထားတယ်ဗျ။ အဖျားမှာ ရွှေအစွပ်လည်း စွပ်ထားပြီး အရင်းဘက် လက်ကိုင် နေရာမှာတော့ ကျောက်မျက်ရတနာတွေစီ ခြယ်ထားတဲ့ လက်ကိုင်ဖု တစ်ခု တပ်ထားတယ်။

ကိုင်ရတာ လေးလေး ပင်ပင် စေးစေးပိုင်ပိုင်တော့ အရှိသား။ အင်း... ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တယ်။ သမုဒ္ဒရာရေ ပြင်ကို ရိုက်ပြီး မဏိမေခလာ နတ်သမီးကို ဆင့်ခေါ်တဲ့ ကြိမ်စကြာ သိပ်ဖြစ်နိုင်တယ်။ နောက်တစ်ခုက အလောင်းစည်သူ မင်းကြီးမှာ ကြိမ်စကြာဆိုလို့ များများစား စားတော့ ရှိမှာ မဟုတ်ပါဘူး။ ဒီတစ်ချောင်းပဲ ရှိမှာပါ။ သုံး လေးချောင်း စပါယ်ယာထားပြီး ကိုင်တယ်လို့လည်း ဘယ် စာအုပ်မှာမှ မဖတ်ဖူးခဲ့ပါဘူး။

နောက်ပြီး ထူးဆန်းတာက ဒီပစ္စည်း အစစ်အမှန် ဖြစ်ကြောင်း ပစ္စည်းကိုကိုင် ကြည့်ရုံနဲ့တင် ကျုပ်က သိနေတယ်။ ကျုပ်အသွေးအသား တွေက အလိုလို ထောက်ခံနေတယ်။ပြောရရင် ဒီပစ္စည်း ကျုပ်ဆီကို ဆိုက်ဆိုက်မြိုက် မြိုက်ရောက် လာတာကိုက ထူးခြားချက်ပဲ။ ဥစ္စာရင်းမှန် လို့ ပြန်ရတယ်လို့ပဲ ကျုပ်ခံ စားရတယ်။  ဒါကြောင့် ဒီပစ္စည်းကို စစ်လား၊ မစစ်ဘူးလား၊ ဂရန်တီ ပေးမလား၊ မပေးဘူးလား တွေ ဘာတွေ ရှည်ရှည်ဝေးဝေး မေးမနေတော့ဘူး။ အထွေအထူးလည်း ပြောမနေ တော့ဘူး။ ပစ္စည်းရှင်ကို “ဘယ်လောက်လဲ” လို့ တစ်ခွန်းပဲ မေးလိုက်တယ်။

“ဆယ့်ငါးသိန်း” တဲ့။  ရတယ်၊ ဖြစ်တယ်၊ ပစ္စည်းရှင်ကို နောက်တစ်နေ့ ချိန်းလိုက်တယ်။အဲဒီနေ့မှာပဲ ကျုပ်နေနေတဲ့ အိမ်ကလေးကို ရောင်းလိုက်တယ်။ ငွေဆယ့်ငါးသိန်း အတိအကျရ တယ်။ အိမ်မကြီးကို ၀ယ်တဲ့သူတွေကပဲ ၀ယ်လိုက်တာပါ။
နောက်တစ်နေ့မှာ ပစ္စည်းအရောင်း အ၀ယ်ဖြစ်တယ်။ ဒီလိုနဲ့ပဲ... အလောင်း စည်သူမင်းကြီးရဲ့ ကြိမ်စကြာ ကိုလည်း ကျုပ် ရသင့်ရထိုက်လို့ ထိုက်ထိုက်တန်တန်ရ လိုက်တယ်ပဲ ပြောပါတော့ဗျာ။ ဟေ့လူ၊ ခင်ဗျား ဘာ ဖြစ်နေတာလဲ၊ သက်ပြင်း တချချနဲ့။မျက်နှာလည်း မကောင်း ပါလား။ ဘာ... ကျုပ်ကို သနားလွန်းလို့၊ ကျုပ်အတွက် စိတ် မကောင်းလွန်းလို့၊ ဟုတ် လား။ ဟာဗျာ...၊ ခင်ဗျားက ကျုပ်ကို ဘာကိစ္စ သနားရ တာတုံး။ ဘာဖြစ်လို့ စိတ် မကောင်း ဖြစ်ရတာတုံး။ သြော်... လက်စသတ် တော့ ကျုပ်မှာ အခု ငွေ လည်းမရှိ၊ နေစရာအိမ်လည်း မရှိ၊ အရင်က ပိုင်ဆိုင်ခဲ့တဲ့မြေ လည်း မရှိတော့လို့ ခင်ဗျား သနားနေတာလား။ ဒီအတွက် စိတ်ပူနေတာလား။ မဟုတ်တာဗျာ။ သနားစရာ မဟုတ် သနား နေပြန်ပြီ။ ပူစရာ မဟုတ် ပူနေပြန်ပြီ။ ခင်ဗျား ကျုပ်အတွက် စိတ်ပူပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် ခင်ဗျား ကျုပ်အပေါ် ရှုမြင်သုံးသပ် တာတွေက လုံးလုံး မှားနေတယ်ဗျ။ ကျုပ်မှာ အခု ငွေတွေ၊ မြေတွေ၊ အိမ်တွေမရှိတော့ တာ မှန်တယ်။ ဒါပေမယ့် ငွေတွေ၊ မြေတွေ၊ အိမ်တွေ ထက် တန်ဖိုးမြင့်တဲ့၊ အဲ...၊ တန်ဖိုးမြင့်တဲ့ မဟုတ်သေးဘူး၊ တန်ဖိုး လုံးဝကိုမဖြတ် နိုင်တဲ့ ဟောဒီရှေးဟောင်း ပစ္စည်းတွေကို ကျုပ်ပိုင်ဆိုင် ထားတယ်လေ။ ဒါတွေကို ကျုပ် ရထားတယ်ကောဗျာ။

ဒီနေရာမှာ ကျုပ် ခင်ဗျားကို “တန်ဖိုး” ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်တယ်။  ခင်ဗျား “တန်ဖိုး” ဆိုတာကို ဘယ်လို နားလည်ထားလဲ။  ဘယ်လောက် နားလည်လဲ။ ခင်ဗျား နားလည်ပုံ မရပါဘူး။ “တန်ဖိုး”ဆိုတာ ခင်ဗျား နားလည်အောင် လွယ်လွယ် ပြောရရင် လူတွေရဲ့ သတ်မှတ်ချက် တစ်ခုပဲဗျ။ လူတွေက ပစ္စည်းတစ် ခုကို တစ်ကျပ် သတ်မှတ်ရင် အဲဒီ ပစ္စည်းဟာ တစ်ကျပ်ဖိုး အသုံးတည့်လို့ပဲ။ တစ်ရာ သတ်မှတ်ရင် တစ်ရာဖိုး အသုံးတည့်လို့ပဲ။ တစ်ထောင် သတ်မှတ်ရင် တစ်ထောင်ဖိုး အသုံးတည့်လို့ပဲ။ ဒါ ရိုးရိုး သာမန် ပစ္စည်းကို ပြောတာနော်။ အဲ... ဒါပေမယ့် ရှေးဟောင်းပစ္စည်း ကျတော့ အဲဒီလို မဟုတ်ဘူး။ ရှေးဟောင်း ပစ္စည်းရဲ့ တန်ဖိုးက အသုံး တည့်မှုနဲ့ မဆိုင်ဘူး။ “တန်ဖိုး ထားတတ်မှု” နဲ့ပဲဆိုင်တယ်။

“တန်ဖိုးထားတတ်မှု” ဆိုတဲ့ နေရာမှာလည်း ၀ယ်ယူသူရဲ့ ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင် နှံ့စပ်မှု အပေါ်မှာ မူတည်ပြန်ရော။ ၀ယ်ယူသူ ဘယ်လောက် ပညာရှိသလဲ၊ ၀ယ်ယူသူ ဘယ်လို ဗဟုသုတနဲ့ ပြည့်စုံသလဲ။ ၀ယ်ယူသူ ဘယ်လောက် ကျွမ်းကျင်နှံ့စပ် သလဲပေါ့ဗျာ။

အဲဒါကြောင့် ကျုပ်ပိုင် ဆိုင်ထားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို ကျုပ်ပဲကောင်း ကောင်းသိတယ်။ စာမဖတ်တဲ့ကောင်၊ ဗဟုသုတ မရှိတဲ့ ကောင်၊ နားမလည် ပါးမလည်ကောင်တွေကတော့ ဘာသိမှာတုံး။ ဒီပစ္စည်းတွေကို ၀ယ်လို့ ကျုပ်ကို ရူးနေတယ်တောင် ထင်ဦးမှာ။ ခင်ဗျားလည်း ဘာထူးလဲ။ ဒီပစ္စည်းတွေရဲ့ တန်ဖိုးကို မသိလို့ ကျုပ်ကို ဒီစကားမျိုး ပြောတာပေါ့။ ကျုပ်ကို သနားသလေး၊ ဘာလေးနဲ့။

အစက ခင်ဗျားကို ဒီလောက် ဝေးလိမ့်မယ်လို့ ကျုပ်မထင်ခဲ့ဘူး။ တကယ်တော့ ခင်ဗျား ဘာကိုမှ မသိဘူးပဲ။ ဘာဆို ဘာမှနား မလည်ဘူးပဲ။ အမှန်တော့ သနားစရာ ကောင်းတာက ကျုပ်မဟုတ်ဘူး၊ ခင်ဗျား။ ခင်ဗျားက အတော် သနားစရာ ကောင်းနေတာ။ ဒီမယ် ကိုယ့်လူရေ...။ ဒီ ရှားပါးရှေးဟောင်း ပစ္စည်းတွေကို ရလိုက်လို့ ကျုပ် ဘယ်လောက်ဝမ်းသာ ပီတိဖြစ်နေတယ်ဆိုတာ ခင် ဗျား မစဉ်းစားမိဘူး မဟုတ်လား။   

ဒီပစ္စည်းတွေကို တစိမ့်စိမ့်ကြည့်ပြီး ကျုပ် ဘယ်လောက် ပျော်ရွှင်ကြည်နူးနေတယ် ဆိုတာလည်း ခင်ဗျား မမှန်းဆမိဘူး မဟုတ်လား။ ညဘက်မှာ မင်းတုန်း မင်းတရားကြီးရဲ့ ကတ်္တီပါ ကော်ဇောကြီးပေါ်မှာ ဇိမ်နဲ့ အိပ်။ ဟော... နေ့ဘက် ရောက်တော့ အလောင်းစည် သူမင်းကြီးရဲ့ ကြိမ်စကြာကို ရှိုးကျကျထောက်၊ နရသီဟ ပတေ့မင်းရဲ့ ကြေးဖလားကြီးကို စတိုင်လ်နဲ့ ကိုင်ပြီး...တစ်လမ်းဝင် တစ် လမ်းထွက် လျှောက်သွားခွင့် ရတဲ့ ဘ၀ကို ကျုပ် ဘယ်လောက်အားရ ကျေနပ် ဂုဏ်ယူ နေမိတယ် ဆိုတာကိုလည်း ခင်ဗျား လုံးဝမသိဘူး မဟုတ်လား။   
မနှင်းဖွေး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)
အတ္တနော= မိမိ၏
မတိ= အယူ၊ အလို
အတ္တနောမတိ= မိမိအယူအဆ နှင့်မိမိသာ ဖြစ်သည်

No comments: