ဘုတ်ပြင်းမြို့နယ်တွင် ပြည်တွင်း ဌာနေမဲ့ဒုက္ခသည် ၂၀၀ကျော် စားနပ် ရိက္ခာ အရေးတကြီးလိုအပ်နေ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်း မြို့နယ်ရှိ ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည် (IDPs) ၂၀၀ ကျော်၏ နေအိမ်များကို ပြီးခဲ့သည့် ဇန်န၀ါရီလ ကုန်ပိုင်းက နအဖ စစ်တပ်များ၏ ၀င်ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် လက်ရှိ အချိန်တွင် စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေကြောင်း ကေအိုင်စီက စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် နအဖ ခြေမြန်တပ်ရင်း- ခမရ (၅၉၄)၊ ခြေလျင်တပ်ရင်း-ခလရ (၁၇) နှင့် ခလရ (၂၂၄) တို့သည် ကေအဲန်ယူ တပ်မဟာ (၄) နယ်မြေရှိ ဘုတ်ပြင်းမြို့နယ်၊ မနောရိုးဂွင် လေးလော်ကတီနှင့် ထီးဖိုးမဲကဲ နေရာရှိ ပြည်တွင်း ဒုက္ခသည် ၂၃၆ ဦး ပုန်းအောင်း နေထိုင်သည့် အိမ်ခြေ ၂၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ မီးရှို့ ဖျက်ဆီးမှုကြောင့် ပြည်တွင်း ဒုက္ခသည်များမှာ အသက်ဘေး အန္တရာယ်မှ လွတ်မြောက်ရန် အ၀တ်တစ်ထည်၊ ကိုယ် တစ်ခုဖြင့် နီးစပ်ရာ တောတောင်များတွင် ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ ယခုလို စားနပ်ရိက္ခာ အရေးတကြီး လိုအပ်လာခြင်း ဖြစ်ကြောင်း တနင်္သာရီမြို့နယ်မှ ကရင့် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ စောတရူက ယခုလို ပြောသည်။ “၂၇ရက်နဲ့ ၂၈ရက်နေ့မှာ နအဖ တပ်ရင်း ၃
ရင်း ရွာသားတွေ ပုန်းအောင်းနေတဲ့ နေရာကို ရုတ်တရက် ၀င်လာတော့ အိမ်တွေ အကုန်လုံးကို မီးရှို့ပစ်လိုက်တယ်။ ရွာသားတွေကတော့ ဘာပစ္စည်းမှ မပါဘဲ တောထဲကို ပြေးပုန်းတဲ့ လူတွေရှိသလို တချို့ကျတော့ ချောင်းဖျားတွေမှာ ပြေးကြတယ်။ အဲဒီ အထဲမှာ အမျိုးသမီးနဲ့ ကလေးတွေ များတယ်။ လောလောဆယ် ရွာသား တွေကတော့ စားနပ် ရိက္ခာတွေ အသဲအသန် လိုနေပြီ။ ကျနော်တို့ကလည်း အလှူရှင်တွေနဲ့ လိုက်ဆက်သွယ်လို့ မရသေးဘူး။”ဟု ပြောသည်။ 

အဆိုပါ ပြည်တွင်း ဒုက္ခသည်များသည် ဘုတ်ပြင်းမြို့နယ် မနောရိုး၊ ကျော်ကုန်း၊ ကြာချောင်း၊ ဘာဂွမ်း စသည့် ကျေးရွာများမှာ ကရင်ရွာများ ဖြစ်ကြပြီး ထိုဒေသတွင် ၂၀၀၂ ခုနှစ်က အာဏာပိုင်များ၏ လမ်းဖောက်လုပ်ရေး စီမံကိန်း အဓမ္မ ခေါ်ယူ ခိုင်းစေမှုကြောင့် ဒေသခံများမှာ လေးလော်ကတီနှင့် ထီးဖိုးမဲကဲ နေရာများသို့ ထွက်ပြေး ပုန်းအောင်း နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ တနင်္သာရီတိုင်း၊ ဘိတ်ထားဝယ်ခရိုင်သည် ကေအဲန်ယူ တပ်မဟာ (၄) နယ်မြေတွင် တည်ရှိပြီး ထိုဒေသတွင် နအဖ စစ်တပ်၏ အဓမ္မ လုပ်အားခိုင်းစေမှု၊ အနိုင်ကျင့်မှု၊ ပေါ်တာခေါ် ယူမှုနှင့် ထိုးစစ်ဆင်မှုများ ဒဏ်များကြောင့် ပြည်တွင်း ဒုက္ခသည် ၁,၀၀၀ ခန့်မှာ နေရာ (၁၀) ခုကျော်တွင် ပုန်းအောင်း နေထိုင်လျှက် ရှိသည်ဟု တနင်္သာရီမြို့နယ် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေး အဖွဲ့က ပြောသည်။
နိုဝင်ဘာလ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

No comments: