ကျွန်တော်တို့ လေနှင်ရာ ဘယ်နှမိုင်

ကျွန်တော်တို့ လေနှင်ရာ ဘယ်နှမိုင်
မင်းချမ်းမွန်

အကြောင်းတစုံတရာတော့ ရှိမယ်ထင်ပါရဲ့
ဂရိတွေးခေါ်ရှင်ကြီး အရစ္စတိုတယ်က
မိတ်ဆွေတို့
လောကမှာ မိတ်ဆွေဆိုတာ မရှိဘူးလို့ ပြောခဲ့တယ်

ဆရာဒဂုန်တာရာက
ခုထိ
ရန်သူမရှိ မိတ်ဆွေသာရှိ
မုန်းသူမရှိ ချစ်သူသာရှိသတဲ့

မြေပြင်ပေါ်
ပီပြင်ဖြောင့်တန်းနေတဲ့ သစ်ပင်တွေ
မြေအောက်မှာ အမြစ်နဲ့ကောက်ကွေးလျှို့ဝှက်သလို
စိန် ကဲ ရွှေကဲထက်
လူကဲခေတ်ရပိုခက်တယ်ဆိုပေမဲ့
ကျွန်တော့်တို့ မြိန်ရေယှက်ရေနဲ့
တယောက်လက်တယောက် ဆုပ်ဖြစ်ခဲ့ကြာတာကြာပြီ

ခင်ဗျားပြောသလို
"အချင်းတခုတည်း စီးဆင်းတဲ့
အတူတူကြီးပြင်းမှုက
ဧရာဝတီဆိုရင်
မေခနဲ့ မလိခဟာ ကျွန်တော်နဲ့ ခင်ဗျားပဲ
ကိုယ်စောင့်နတ်များ သိရဲ့
ကျွန်တော်မသွားရင်
ခင်ဗျားလရောင် တစ္ဆေကြောက်တယ်
ခင်ဗျားမရောက်ရင်လည်း
ကျွန်တော်အိပ်ရာက ကြွက်ပိုပေါမယ်"

ဟုတ်တယ်
ခင်ဗျားက
ခုတ်သားအသစ်နဲ့လမ်းလျှောက်သူ
ကျွန်တော်က
မာလွန်ဘရန်ဒိုလိုတောင်ကုန်းပေါ်
သစ်လုံးအိမ်ကလေးဆောက်ချင်သူ

ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံးက
ကျောက်တုံးကောက်ဖို့
တောင်အောက်အတူတူဆင်းခဲ့ကြတဲ့အဖော်တွေ
လောကဓံကို
ဇိမ်ခံသောက်ရတဲ့အရသာမှာပျော်တယ်

ဟာသပဲ
ဘာမှမရှိတဲ့ သေတ္တာကြီးရိုက်ဖွင့်ဖို့
ဘုရားပွဲမှာထိုးတဲ့ အရုပ်တွေလို
ကျွန်တော်တို့
စာမျက်နှာပေါ် လှော်ခဲ့ကြ

ကြယ်တံခွန်ဆိုတာ
တယောက်ကို တယောက်
မြေကြီးလို မမျိုကြဘူး
ဒီလို ယုံကြည်စိတ်ကူးပွင့်တွေခူးရင်း
ဒီတောလမ်းမှာ မြူးခဲ့ကြ

အရူးအမူး
ကြေးဝါသော့ကို လိုက်ရှာတော့လည်း
ကဗျာနဲ့
သူငယ်ချင်းဆိုတဲ့ မြေပုံကလွဲပြီး
ဘာမှ မတွေ့ဘူး
ကဗျာကို အရူးတွေသာရေးကြတယ်ဆိုပေမဲ့
ကျွန်တော်တို့က
ကဗျာရေးဖို့ ရူးနေကြတဲ့ ဆူးတောင်တွေ

ထူးခြားတာက
ခင်ဗျားလည်း ဂျဝါဟလာနေရူးလို
မနက်တိုင်းအုန်းပင်စိုက်ပြီး
လောကကြီးကို
ခပ်မိုက်မိုက်ဇောက်ထိုးကြည့်တတ်သလို
ကျွန်တော်ကလည်း
ဆရာကြီးရွှေဥဒေါင်းလို
အိပ်ယာထတာနဲ့ ခပ်မိုက်မိုက်
မိုးကိုဒူးနဲ့တိုက်ချင်စိတ်ပေါ်သူရယ်

ခင်ဗျားက ကန်းထရီးသီချင်းတပုဒ်ဆိုရင်
ကျွန်တော်ဟာ ရော့ခ်သီချင်းတပုဒ်
ခင်ဗျားက ဂျင်းဘောင်းဘီတထည်ဆိုရင်
ကျွန်တော်ဟာ တီရှပ်တထည်ပဲ

မျက်စိလည်လမ်းမှားပြီး
ကံကြမ္မာက
တခါမှာ ကျွန်တော်တို့ပါးကို လာမနန်းကြသေးဘူး

ကျွန်တော်တို့အတွက်
ပြဿဒါးရက်တွေက
လက်ဖြောင့်သေနတ်သမားဆန်ဆန်
မစောင့်ဘဲရောက်လာတဲ့ အတောက်အလောင်တွေနဲ့
စောင့်နေလျက် ရောက်မလာတဲ့ အပျော်အရွင်တွေ
နေရောင်ထဲ နစ်မသေခင်
အပ်ဖျားပေါ် ဥသျှစ်သီးတင်လိုက်ချင်သေးတယ်

ကျွန်တော်တို့ကလဲ ကျွန်တော်တို့ပဲ
ဒီအသက်အရွယ်အထိ
တိုက်တန်းနစ်သဘောင်္ပျက်တွေ လိုက်ဆယ်ချင်တုန်းပဲ
ပီထရိုနစ်အမွှာညီနောင်တာဝါလို
မိုးပျံတိုက်တွေ ဆောက်လိုက်ချင်တုန်းပဲ

ဒါပေမဲ့... ဖွင့်မိတဲ့သော့မှာ
ကာဘီးပေါ်တယ်၊ စိတ်နောက်တယ်
ဖိနပ်ပြတ်တယ်၊ ခွေးဟပ်တယ်
အရာရာအဆင်သင့်ခေတ်ကြီးထဲ
ကျွန်တော်တို့
ဘာတခုမှာအဆင့်သင့်မဖြစ်သေးဘူး

ပြောစမ်းပါဦးဗျာ
ကျွန်တော်တို့ရောက်နေတဲ့ စာပေလောကက
ကျွန်းမျောကြီးတခုလား
ကျွန်တော်တို့က
ကန္တာရဆူးပင်အောက်
သွေ့ခြောက်နေတဲ့ မြက်ကလေးတွေ
ပြုန်းတီး
ဆုံးရှုံးခဲ့ရသော အနှစ်သာရများ
အဲဒီကြား
ခင်ဗျားတို့ကျွန်တော်တို့ ဓားပေါက်ကျင့်ခဲ့ကြရတယ်

မှတ်မိသေးလား
ကဗျာဆရာပေါက်စတွေ စာမူခမပေးချင်တဲ့
တခါက မဂ္ဂဇင်းတိုက်ပိုင်ရှင်ရဲ့စကား
'အနုပညာချစ်ရင် ငါ့ဆီမှာရေး
ပိုက်ဆံလိုချင်ရင် တခြားမှာသွားရေး' ဆိုတာလေ
နွေးထွေးစွာ
အားပေးကြိုဆိုလိုက်ပုံများ
ဘယ်လောက်လေးစားစရာကောင်းသလဲ
အဲသလို... ဟောင်းနွမ်းသောနွံများပေါ်
ကျွန်တော်တို့ ဖြတ်ကျော်လာခဲ့ရတယ်
လှိုင်းမဲ့ပင်လယ်မှာမပျော်ဘူး

အခုကော... ဘာထူးလဲ
ဟိုအဖျော်ဖတ် ငနဲတွေ
တအုပ် သိန်းလေးငါးဆယ်ရနေချိန်မှာ
ကျွန်တော်တို့
ကဗျာတပုဒ် နှစ်ထောင်ဆိုတဲ့ ရေအိုင်ထဲ
ကျွဲတကောင်လို စိမ်နေရဆဲ

ဟိုအပျော်ဖတ် ငနဲရဲ့
အရည်မရ အဖတ်မရ
စပ်ဖြဲဖြဲဟာသ
ဖွဲနဲ့ဆန်ကွဲစာအုပ်ဖြန့်ဖို့အတွက်
ဆရာ ပါရဂူစာအုပ်
ဆရာ မြသန်းတင့်စာအုပ်
နောက်တရက် ဆုတ်ပေးလိုက်ရသတဲ့

ဘာပြောပြော
ဖွဲနဲ့ဆန်ကွဲက
ဖြန့်လိုက်တာနဲ့ချက်ချင်း
ပတ်ခနဲသိန်းသုံးလေးဆယ်လောက်ရတာ
ဟိုဆရာကြီးတွေစာအုပ်က
အနိုင်နိုင်ကောက်သင်းကောက်တာတောင်
သုံးသောင်းပြည့်အောင် မရဘူးမဟုတ်လား

အိမ်သာထဲက ကြွေခွက်တောင်
ကမ္ဘာကျော်ပါဖောမင်,တခုမှာ
အနုပညာဖြစ်သွားသေးတာပဲ
ဘယ်ငနဲ အော်ဆဲပြီး
အရိုးထဲထိ ငရဲမီးနဲ့ကောက်ပက်ရမလဲ
တက်ပြင်းပြင်းခေါက်ပြီး
လမင်းကိုခဲနဲ့ ပေါက်ချင်နေမိတယ်

ခင်ဗျားသတိထားမိသလား
အမေရိကန်သမ္မတတွေ
ကဗျာကို တအားချစ်ကြပုံလေ

ကြည့်
၁၉၆၁ ခု၊ ဂျွန်အက်ဖ်ကနေဒီ
သမ္မတအဖြစ် ကျန်းသစ္စာကျိန်ဆိုတော့
ရောဘတ်ဖရော့စ် ကဗျာရွက်ခဲ့တယ်
ဘီလ်ကလင်တန်လက်ထက်မှာလည်း
၁၉၉၃ မှာ မာယာအန်ဂျီလူး
၁၉၉၇ မှာ မီလာဝီလီယံတို့ရဲ့
လှပတဲ့
ကဗျာရွတ်သံနဲ့ လွင့်ပျံခဲ့တယ်

ဟော... အခု
၂၀၀၉ ဇန်န၀ါလီ ၂၀ နှင်းပွင့်တွေကြား
ဘားရက်အိုဘားမားလက်ထက်မှာလည်း
ကဗျာဆရာမ အယ်လီဇဘတ် အလက်ဇန်းဒါး
Praise Song For The Day
တနေ့တာအတွက် ကောင်းချီးတေးသံကဗျာကို
နွေးနွေးဝေေ၀ ရွတ်ဆိုသွားခဲ့တယ်

လမ်းတဖက်မှာ
ပိုကောင်းတဲ့ အရာတွရှိတယ်လို့ ငါတို့သိကြ
ပိုလုံခြုံစိတ်ချရတဲ့နေရာတွေရှိမှန်း ငါတို့သိကြ
မကြုံတွေဖူးသေးတဲ့ နေရာတွေဆီကို
ငါတို့လျှောက်သွားကြမယ်... တဲ့
အယ်လီဇဘက် အလက်ဇန်းဒါးက
သူမရဲ့
နောက်ထုတ်ဝေမယ့် ကဗျာစာအုပ်မှာ
အဲဒီကဗျာပါမယ်
၆၊ ဖေဖော်ဝါရီ ၂၀၀၉ အတိအကျ
ပထမအကြိမ်ဖြန့်ချီမယ်
ကဗျာစာအုပ်က စောင်ရေတသိန်းတဲ့
ဘယ်လောက်စိမ်းလန်းသလဲဗျာ
ခင်ဗျားတို့ ကျွန်တော်တို့
ဘယ်တော့မှ အိပ်မက်ဖို့
မမျှော်လင့်နိုင်တဲ့ ကိန်းဂဏန်းအရေအတွက်
ညနက်နက်မှာ
ဝိုင်းစက်စက်လထွက်တဲ့ သူတို့ဘ၀တွေ
လှချက်က ရက်စက်တယ်

ကဗျာဆရာရှိတဲ့ တိုင်းပြည်ဟာ
ယဉ်ကျေးတဲ့
မျှော်လင့်ချက်ရှိတဲ့
ကြေသရေရှိတဲ့ တိုင်းပြည်
ကဗျာကို ဖတ်ရကောင်းမှန်း မသိတဲ့ တိုင်းပြည်ဟာ
ဘယ်တော့မှ ထက်တန်းမကျနိုင်ဘူး
ဒီလိုပါပဲ
စာပေကို အမှောင်ထဲ
မကောင်းဆိုးဝါးတကောင်လို
အလန့်တကြားကြောက်နေတဲ့ တိုင်းပြည်ဟာ
ဘယ်တော့မှ
မဖွံ့ဖြိုးမတိုးတက်နိုင်ဘူး

ကျွန်တော်တို့ စာပေတောအုပ်မှာက
ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်ထင်လို့
လေယာဉ်ပျံပက်လက်လှန်စီး
ငွေထုပ်ပိုက်ပြီး ၀င်လာကြသူတွေရှိတယ်
ကြော်ငြာတွေနဲ့ ရိုက်စား
ကြီးပွားနေကြသူတွေရှိတယ်

ဒါကြောင့် အခု
မဂ္ဂဇင်းတစောင်မှာ
အယ်ဒီတာက ဦးမဆောင်တော့ဘူး
စာကို ဇောင်းမပေးတော့ဘူး
မူဝါဒကို ရှေ့တန်းမတင်တော့ဘူး
ကြော်ငြာရှာသူ
ဒီဇိုင်နာ စာမျက်နှာဖွဲ့စည်းသူ
ဖြန့်ချီသူတွေက ပဓာနကျလာ
လူရာဝင်လာကြတယ်
ဘာဆန်းမလဲ သူငယ်ချင်း

ခင်ဗျားတို့
ကျွန်တော်တို့လည်း အယ်ဒီတာခဲ့ကြဖူးတာပဲ
အနုပညာအကြောသေနေကြသူတွေမဟုတ်ဘူး
အသံဟောင်းကို
ဖက်တွယ်နေကြသူမဟုတ်ဘူး
ကျွန်တော်တို့က
လူနဲ့ပတ်သက်ရင် ပျော့ပြောင်းသလောက်
မူနဲ့ပတ်သက်၊ စာနဲ့ပတ်သက်လာရင်
ခေါင်းအတော်မာကြတာဆိုတော့
ရာသီဥတုက ကိုယ့်ဘက်ဘယ်ပါမလဲ

ကျွန်တော်တို့က
ငွေမျက်နှာထက်
စာပေဂုဏ်သိက္ခာကိုပဲကိုးကွယ်
တန်ဖိုးထားမြတ်နိုးတယ်မဟုတ်လား
အရောင်အရုပ်တွေနဲ့
လှုပ်အောင်
အပျော်ဖတ် မဂ္ဂဇင်းစာအုပ်
လုပ်ရတာ လွယ်ပါတယ်ဗျာ

ခုတော့
ဒဂုန်တာရာနဲ့ ပါရဂူ
ကလောင်သစ်ထင်သူကလည်း အယ်ဒီတာ
မြသန်းတင့်နဲ့ ရွှေဥဒေါင်းတဦးဦး
အင်တာသွားဗျူးရဦးမယ်ဆိုသူကလည်း အယ်ဒီတာ
ကကြီးနဲ့ယပက်လက်မကွဲပြားသူကလည်း အယ်ဒီတာ
ဟာသပဲ
စာတည်းစရာမလို
စာဖတ်စရာမလို
သဒ္ဒနည်း၊ ပုဒ်ထီးပုဒ်မသိစရာမလို
ရေလိုက်ငါးလိုက်
ထုတ်ဝေသူကြိုက်ဖို့ပဲလိုတယ်

ဒီတော့ ကိုယ့်လူရေ...
'မသေခင်
နေကိုလည်း မြင်ချင်တယ်
လကိုလည်း ငေးချင်တယ်
အမည်မဲ့ ကြယ်ကလေးတွေကိုလည်း နာမည်ပေးချင်တယ်
ပြန်တွေးရင်
ကုန်လွန်ခဲ့တဲ့ ရက်တ၀က်ကျော်ကျော်ကို
အသက်နဲ့စားလို့ အသက်ကြွင်းတာအရင်လားကွာ'၂ လို့
မမေးနဲ့

သူငယ်ချင်းရေ
လောကနဲ့တံတားခင်းအပြီး
ကျွန်တော်တို့လေနှင်ရာ ဘယ်နှမိုင်ရွေ့ပြီလဲ

သူ့အသက်ကိုယ့်အသက်
လက်နဲ့ပြန်စမ်းပွတ်သပ်နေရချိန်မှာ
ဘယ်သူလန်းနိုင်မလဲ

ခင်ဗျားလည်း ခင်ဗျားသီချင်းနဲ့
ကျွန်တော်လည်း ကျွန်တော့်သီချင်းနဲ့
နေ့တနေ့ကို ဖြတ်သန်းဖို့
ဓားသွားပေါ်ပျံဝဲကြတာပေါ့သူငယ်ချင်း။

မင်းချမ်းမွန်
အညွှန်း- မြေလတ်မောင်မြင့်သူ
              ၁။ ခုတ်သားအသစ်နဲ့လမ်းလျှောက်ခြင်း ကဗျာရှည်
             ၂။ ၁၅၀၀ ဆက်ထုံးများနဲ့ ခေါင်းဝှက်ထားတဲ့
                  ဓားတချောင်းရဲ့ ဆန်းရှိုင်းပေါ်လစီ ကဗျာရှည်


ရနံ့သစ်မဂ္ဂဇင်းမှ 
အမှတ် (၁၀)၊ ၂၀၀၉။ မှကူးယူဖော်ပြပါသည်။

1 comment:

Anonymous said...

ကဗျာဖတ်ရတာ ကြက်သီးတွေထတယ်
လက်၇ှိလောကကို သရော်ထားချက်များ ထိမိလွန်းတယ်
လာ ..ခင်ဗျားနဲ့ ကျနော် အမှန်တရားပေါ် ခဏလှဲအိပ်ကြမယ်လေ