ဟေမာန်မှာ သဇင်မရှိတော့

မြေနီလမ်းအတိုင်း ဆိုင်ကယ်စုတ်ကလေး ဖုတ်ချက်ဖုတ်ချက် မောင်းလာလိုက်တာ နာရီဝက်ကျော်လာပြီ။ ရိုးတိုးရိတ်တိတ် အရှေ့က အုံ့အုံ့မှိုင်းမှိုင်း ဟေမာန်ရွာကလေး။ ဟေမာန်ရွာကလေးက မြေနိမ့်ပိုင်း တည်ဆောက်ထားတဲ့ ရွာကလေး။ သစ်ဝါးပင်ကြီးတွေရှိတော့ အေးအေးချမ်းချမ်း နေချင့်စဖွယ်ပါပဲ။ ရွာထဲမှာတင် သစ်ပင်တွေ သဇင်တွေ သစ်ခွတွေရှိတယ်။ ဒါကလည်း ရာသီအလိုက် စီးပွားခွင်လေးတခုဖြစ်နေတယ်။ ရွာသူတွေကလည်း သဇင်သစ်ခွကို တန်ဘိုးထား မြတ်မြတ်နိုးနိုးရှိကြတယ်။ ဆောင်းပေါက်ပြီဆိုတာနဲ့ လေပြေအေးအေးမှာ သဇင်ရနံ့လေးတွေ မွေးနေတာကိုက ဟေမာန်ရွာ အလှတခုလို့ ဆိုရမယ်။ တောရွာကလေးဆိုပေမဲ့ အလယ်တန်းကျောင်းလေးတောင် ထောင်နိုင်ခဲ့ပြီဆိုတော့ တိုးတက်လာလား ပြောင်းလဲလာတာလား တိကျတဲ့အဖြေတော့မရှိ။ ကျွန်တော် သဇင်ပန်းပွင့်ချိန်ဆို ဟေမာန်ကို ရောက်မြဲရောက်တယ်။ သဇင်ပန်းဆိုတာကလည်း ယောက်ျားမိန်မမရွေး နှစ်သက်ကြတဲ့ ပန်းတမျိုး မဟုတ်လား။ ကျွန်တော်က အမေနဲ့ ဒေါ်ကြီး ဒေါ်လေးတွေအတွက် တနှစ်တခါလောက် သဇင်ပန်းလေးတွေနဲ့ မုန့်ဖိုးတောင်းနေကြ။ အမေကတော့ ပန်ခဲပါတယ် ဘုရားခန်းမှာပဲ လှူထားတာတွေ့ရတယ်။ 

တကယ့်တော့ ဒီဟေမာန်ရွာကလေးကို မရောက်တာ ဆယ်နှစ်ကျော်ပြီလေ။ ဟေမာန်ရွာကလေးနဲ့ ရင်းနှီးဟန်ရှိပေမဲ့ အခုကျတော့ ဝင်ရမှာ မဝံ့မရဲပဲ။ မြေနီလမ်းလေးကတော့ နီမြဲနီနေတာပဲ။ ပန်းယူနေကျ ခိုင်ကော ခိုင်မြဲခိုင်တုန်းလားဆိုတဲ့ အတွေး ရူတ်ချည်းပြေးဝင်လာတယ်။ ရည်စားရယ် လို့ မမယ်ပေမဲ့လည်း မြင်ခြင်းရင်းနှီးပြန်တော့ သံယောဇဉ်ကြိုး အလိုလို နှောင်ဖွဲ့ပြီးသားလိုဖြစ်နေတယ်။ ဆယ်နှစ်ဆိုတဲ့ အတိုင်းအတာက ပြောင်းလဲချင်တိုင်း ပြောင်းလဲနိုင်တဲ့ အချိန်တခုပဲလေ။ ပြောင်းလဲချိန်တန်လို့ ပြောင်းလဲသွားတယ်လို့ပဲ မှတ်ယူရမှာပေါ့။ ရွာအဝင်မှာပင် ကျိုးတိုးကျဲတဲ သစ်ပင်တွေတွေ့ရတယ်။ ခက်လက်တွေကို ချိုင်ပြီး သစ်ပင်ခြေရင်း ပုံထားတာကိုလည်းတွေ့ရတယ်။ ရင်ထဲမှာ အရင်ကလို မစိုပြေသယောင်ပဲ။ ဆက်သွားတော့ ရှေ့တောင်ဘက်က အလိုလိုကျလာတဲ့ တောင်စဉ်ချောင်းကလေးလည်း မကျနိုင်တော့ဘူးထင်ပါရဲ့ ချောင်းကလေးလဲ ခြောက်ကပ်လို့။ ချောင်းပေါ်ထိုးထား သစ်သားတံတားလေးကလဲ ဆွေးလို့ပါကော။ အလို ကျုပ်ရင်ထဲလဲ ဆွေးလို့ပါကောလား။

ခိုင်တို့အိမ်က နဂိုက ရေနံချီးဝအောင် သုတ်လိမ်းထားပြီး စိုစိုပြေပြေရှိတယ်။ အခုတော့ ရေနံချီးနေရာမှာ ဖုန်တွေက အထပ်လိုက်။ တနှစ်တခေါက် မှန်မှန် မသုတ်တော့ဘူးထင်ပါရဲ့။ ခိုင်ရဲ့အမေ ကြီးဒေါ်ချောကတော့ မနှစ်ကပဲ ဆုံးသွားပြီလို့ဆိုတယ်။ ခိုင်လည်း ဝလာသလို ထင်ရတယ်။ ဒါပေမဲ့ လှမြဲလှတုံး။ ခါတိုင်း သဇင်ပန်းပန်ထားတာကို မတွေ့တော့ ရင်ထဲတမျိုး၊ အရင်ကခိုင်နဲ့ အခုခိုင်က နဲနဲတော့ ပြောင်းလဲသွားတာအမှန်။ ဒီနှစ်ပိုင်းတွေမှာ စီးပွားရေးတွေကလည်း ချွတ်ခြုံကျ။ အမေကဆုံးဆိုတော့ စိတ်ထုထောင်းတဲ့ ဒဏ်ကိုလဲ ခံစားရပုံပဲ။ ဆီရွှဲရွဲ လက်ဖက်သုတ်နဲ့ ဖန်ရည်ချပြီး ဧည့်ခံတယ်။ သူက ခပ်ဝေးဝေးကနေပဲ တခါခါ စကားဝင်ပြောတတ်တယ်။ အရှက်များကြီးလာလေသလား။ အသက် ခုနှစ်ဆယ်ကျော်လာပြီဖြစ်တဲ့ ဘိုးတော်ဦးဝင်းကတော့ ဒိုင်ခံဖောင်ဖွဲ့ပြောနေရတာပေါ့။ ပြောတဲ့စကားထဲမှာ စီးပွားပျက်ခေတ်ကြောင့် စိတ်ညဉ်းညူရကြောင်းတွေက များပါတယ်။ ခေတ်ရေစီးကြောင်း ပြောင်းလဲလာတဲ့ ဒီနေ့ခတ်ကို ထူးခြားထက်ဆိုက ထူးထူးပြားပြား တိုးတက်လာတာမတွေ့ရပေမဲ့။ ဟေမာန်ရွာမှာ သဇင်ပန်း မရှိသလောက်ရှားနေပြီ။ သစ်ခွဆို ရေတွင်းဘေး မရမ်းပင်အောက်မှာ တယုတယစိုက်ထားတဲ့ တပင်နှစ်ပင်လောက်သာ။ သက်ပြင်းသာ ခါခါချမိရဲ့။ ခိုင်နဲ့ ဦးဝင်းလဲ သက်ပြင်းခါခါ ချမိရဲ့။ သက်ပြင်းလောကကြီးပါကလား...။

3 comments:

အဖြူရောင်နတ်သမီး said...

သဇင်ပန်းပုံလေးကို Google မှာရှာရင်း ရောက်လာခဲ့ပါတယ်။
သဇင်ပန်းပုံလေးကူးယူသွားပါတယ်၊ ခွင့်ပြုပါရှင်..။


လေးစားစွာဖြင့်
နမ်းမဝ(အဖြူရောင်နတ်သမီး)

Unknown said...

သူငယ်ချင်း သဇင်ပန်းပုံလေးကို Google မှာရှာရင်း ရောက်လာခဲ့ပါတယ်။
သဇင်ပန်းပုံလေးကူးယူသွားပါတယ်၊ ခွင့်ပြုပါ..။

Unknown said...

သူငယ်ချင်းရေ ပုံလေးလန်းလို့ ကူးသွားပါတယ်နော်