သဘောချင်းနှယ်နှောပါ့

ဟဲ ဟဲ ဟဲ ဟဲ ဟဲ..

ဘယ့်နှယ်လဲဟရို့ ဘယ်အခင်းဘယ်အပုံကြောင့် ဒီအောက်က စာလေးတကြောင်းကိုဖတ်ယုံနဲ့ အူတွေပွ အူတွေယားလာရပါလိမ့်။
(အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံရေးအကျဉ်းသားဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ၈၈ မျိုးဆက်ကျောင်းသားများနှင့် AAPP တို့ အတူတ ကွဖြစ်အောင် ညှိနှိုင်းရန်၊ လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်းကို တူညီပြည့်စုံစွာ စာရင်းပြုစုရန်) တဲ့။ ဟဲ ဟဲ ဟဲ ဟဲ ဟဲ.. 

ဘယ့်နှယ်လဲဟရို့ ဘယ်အခင်းဘယ်အပုံကြောင့် ဒီစာလေးတကြောင်းကို ဖတ်ယုံနဲ့ အူတွေပွ အူတွေယားလာရပါလိမ့်။ It is answer from my bone??? ဗမာလိုတော့ အရိုးတွန်တယ်ဆိုတဲ့ စကားနဲ့တော့ တိုက်ရိုက် အဓိပ္ပာယ်ဖလှယ်လို့ မရဘူး၊ နောက်ဆုံး အခြေခံအကြောင်း (အရိုး) ပေးတဲ့ အဖြေပေါ့။ ဒီမှာ နောက်ဆုံးအခြေခံအကြောင်း (အရိုး) ပေးတဲ့ အဖြေက ရီစရာ၊ ရီစရာ့ ရီစရာ။

သဘောချင်းနှယ်နှောပါ့။

တခါကတုန်းက ဗမာပြည်မှာပေါ့။ ဗမာ့လူ့အဖွဲ့အစည်းမှာပေါ့။ လူတိုင်းအတွက် အသက်ရှင်ရပ်တည်ဖို့နေရာရှိတယ်။ ဘုန်းကြီး ကျောင်းတွေ သီလရှင်ဇရပ်တွေဟာ ဆွေမဲ့ မျိုးမဲ့ ခိုကိုးရာမဲ့တွေအတွက် ခိုလှုံရာဌာနတွေပဲ။ ဘယ်အစိုးရ ဘယ်အန်ဂျီအိုကမှ ထောက်ပံ့လို့ မဟုတ်ဖူး၊ ပရောဂျက်တင်ဖို့ မဟုတ်ဖူး။ ဘုန်ကြီးတွေ သီလရှင်ဆရာကြီးတွေကပဲ မေတ္တာနဲ့ စောင့်ရှောက်တာ၊ ရပ်ရွာ က သဒ္ဓါသလို ပြုစုထောက်ပံ့တယ်။


ဘုန်းကြီးရဟန်းနဲ့ သီလရှင်တွေဆိုတာ ဘုရားသားတော် သမီးတော်လုပ်ပြီးသာသနာ့ ဝန်ထမ်းနေတာဆိုတော့ ကျောင်းဇရပ်မှာ လာခိုလှုံသူတွေဟာ ဗုဒ္ဓအဆုံးအမအတိုင်းတော့ နေရတယ်၊ လေ့လာရတယ်။ ဒါကြောင့် ဘုန်းကြီးကျောင်းနေတဲ့ ကပ္ပိယတို့ ဖိုးသူတော် ဦးသူတော်တွေ ရပ်ရွာတွေမှာ ဆရာတဆူလို နေရာပေး အတိုင်ပင်ခံရတယ်။ ဖိုးသူတော်ချင်းတွေ့ကြယင်လဲ ပုရိသတ် အလယ်မှာ တရားဆွေးနွေးကြ၊ ပညာစမ်းကြတယ်။

တခါမှာတော့ အလှူတခုမှာ လူဘဝမှာ တရားလက်လွတ်ပေတေပြီးမှ နောက်ဆုံးခိုကိုးရာမဲ့လို့ ဖြစ်လာကြတဲ့ ဖိုးသူတော် နှစ်ယောက် တွေ့ကြတယ်။ သူတို့နှစ်ယောက်လုံးက နောက်ဆုံးအနေနဲ့ ခိုလှုံရာဘုန်ကြီးကျောင်း ရောက်လာပေမယ့် လူဝတ်ကြောင် ဘဝက အကျင့်ဆိုး စရိုက်ဆိုးတွေအတိုင်းပဲနေတယ်။ ဖိုးသူတော်ဝတ္တရားတွေကို ဆရာဘုန်းကြီးတွေရှေ့မှာပဲ တာဝန်ကျေလုပ်တယ်။ ဘာဆည်းပူးမှုမှလဲ မလုပ်ဘူး။ သူတော်နှစ်ယောက်တွေကြပြီဆိုတော့ လူပရိသတ်တွေကလဲ ဖိုးသူတော်တွေရဲ့ ပညာဖလှယ်ခန်း ပညာစမ်းခန်းကိုစောင့်မျှော်နေကြတယ်။ ဒါပေမယ့် ကျောင်းမှာသာခိုကပ်ပြီးအချောင်နေ အချောင်စားပြီးဘာမှ လေ့လာ ဆည်းပူးမှု မရှိတဲ့ ဖိုးသူတော်နှစ်ယောက်ကတော့ တယောက်ကိုတယောက် မျက်လုံးချင်းတောင် မဆုံမိအောင်ရှောင်နေကြတယ်။ လူတွေကြား မှာ ပညာစမ်းယင်း အချောင်နေ အခြောင်စား သူတို့ ဖိုးသူတော်ဝတ္တရားပျက်တာ ပေါ်ယင်အရှက်ကွဲကုန်မယ်ဆိုပြီး တယောက်ကို တယောက်လန့်ပြီး ရှောင်နေကြတယ်။

ဒီလိုနဲ့ တယောက်ကိုတယောက် နွားပျင်းလန့် လန့်ယင်းရှောင်နေတာ အလှူပွဲ စခန်းသိမ်းလို့ လူချင်းခွဲခါနီးမှ ဖိုးသူတော် နှစ် ယောက်တို့ လူရှင်းရာမှာ နှစ်ယောက်ချင်းတွေ့ကြတယ်။ တွေ့ကြတာနဲ့ သူတော်တယောက်စပြီးပြောသတဲ့။ ဦးသူတော်ရေ.. တွေ့ ကြတုန်း အစဉ်အလာအတိုင်း တရားနှီးနှောကြအုံးစို့လို့ ပြောသတဲ့။ ဒုတိယ သူတော်ကလဲ.. မှန်တာပေါ့ ဒီတော့ ဦးသူတော်ကပဲ စပါလို့ဆိုတယ်။ ဒီတင် ပထမသူတော်က တုတ်ချောင်းတခုကို ကောက်ပြီး မြေပေါ်မှာ စက်ဝိုင်းပုံတခု ရေးလိုက်တယ်။ ပြီးတော့ မေးလိုက်တယ်.. အဲဒါဘာလဲပေါ့။ ဒုတိယသူတော်က ချက်ချင်းပဲ မဆိုင်းမတွအဖြေပေးလိုက်တယ်။ ဒီအဝိုင်းက မနက်က ကျုပ်တို့ စားခဲ့တဲ့ မုန့်ဆီကြော်ပေါ့၊ ဒီတင် ပထမသူတော်က ကွက်တိကွက်ကျ စကားတခွန်းပြန်ပြီး လူပျင်းအချောင်စား ဖိုးသူတော်နှစ်ပါးရဲ့ ပညာစမ်းပွဲကို အဆုံးသတ်လိုက်တယ်။ ဒီခေတ်စကားနဲ့ပြောရယင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းလိုက်သည်ပေါ့။ ပထမ သူတော်က ဒုတိယသူတော်ရဲ့အဖြေကိုကြားတာနဲ့ ပြန်ပြောသတဲ့။
“သဘောချင်းနှယ်နှောလိုက်လေ ဦးသူတော်ရယ်” ဟဲ ဟဲ ဟဲ

ရဲဘော်ကျော်သန်း 

No comments: