ထမင်းနပ်မှန်နေသေးလို့


ထမင်းနပ်မှန်နေသေးလို့

မြန်မာ့လူမှုနယ်ပယ်မှာ နှုတ်နဲ့ ကတိကဝတ်စကားဆိုခဲ့ပြီး အလုပ်လုပ်ခဲ့တာဟာ ပဝေသဏီကစပြုလို့ နှစ်ထောင်ခုနှစ်ပိုင်းလောက်အထိ ယုံယုံကြည်ကြည် အသုံးပြုလာ ခဲ့ကြတာကို စစ်တမ်းအရ သိရပါတယ်။ တကယ်တော့ နှုတ်ကတိကဝတ်စကားတွေကို ချိုးဖောက်တဲ့ အမှုတွေနဲ့ စာရွတ်စာတမ်းနဲ့ ယုံကြည်မှုကို ယူရတဲ့ အနေအထားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်ကတည်းက တွင်ကျယ်လာခဲ့တာပါ။ ဒီလို နှုတ်ဖြင့် ကတိကဝတ် ပြုမှုအပေါ် ဘာကြောင့် ယုံကြည်မှု အားနည်းသွားရသလဲဆိုတဲ့ မွေးခွန်းရဲ့ တိကျတဲ့ အဖြေတခုကတော့ စာရိတ္တပိုင်းဆိုင်ရာနဲ့ ပတ်သက်တယ်လို့ပဲ မြင်မိပါတယ်။

မြန်မာပြည်ဟာ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး အစစအရာရာ အားနည်း ချွတ်ယွင်းချက်တွေ များလာတာနဲ့အမျှ နိုင်ငံသားတို့ရဲ့ စာရိတ္တပိုင်းဆိုင်ရာမှာလဲ ချွတ်ခြုံကျ မှုတွေဟာ အမြန်နှုန်းနဲ့ တိုးပွားလာပါတယ်။ အထက်ပါ အရေးကိစ္စတွေမှာ ချွတ်ခြုံကျမှုနဲ့ ရင်ဆိုင်ရတဲ့ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ စာရိတ္တပိုင်းချွတ်ယွင်း ပျက်စီးလာတာပါပဲ။ အဲဒီအရေး ကိစ္စတွေက လှည်းဘီးလို လည်ပတ်နေလေတော့ စာရိတ္တပိုင်းဆိုင်ရာနဲ့လည်း လုံးဝဆက်စပ် နေတယ်ဆိုတာ သိသာစေပါတယ်။ ရိုးရှင်းတဲ့ အဖြေတခုကတော့ ဆင်းရဲလို့ပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များက မြန်မာ့နိုင်ငံပညာရေးဟာ အတန်သင့် အရည်အချင်းရှိပြီး စီးပွားရေးမှာလည်း ချွတ်ခြုံကျမှု သိပ်ပြီး ဆိုးဝါးမှု မရှိသေးတာကြောင့် ပညာရေး၊ စီးပွားရေးနဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ ဘက်နှစ်ဘက်ဟာ ညီမျှမှု ရှိနေပါသေးတယ်။ နှစ်ထောင်ပြည့်နှစ် နောက်ပိုင်းကာလတွေမှာတော့ ပညာရေး၊ စီးပွားရေးဟာ သိသိသာသာ ဆိုးရွားချွတ်ခြုံ ကျလာတာနဲ့ အမျှ စာရိတ္တပိုင်းဆိုင်ရာမှာလဲ သိသိသာသာ ချွတ်ယွင်းလာပါတယ်။ ပညာရေး မှာဆိုရင် မြန်မာစာကိုတောင်မှ ရေးတတ်ဖတ်တတ်ရုံမျှ အဆင့်မှာသာရှိခဲ့ပြီး၊ ကမ္ဘာ့သုံး အင်္ဂလိပ်စာမှာတော့ ရစရာမရှိအောင် ညံ့ဖျင်းသွားပါတယ်။ တက္ကသိုလ်နောက်ဆုံးနှစ်သမားက ဝါစင်္ဂ ဘယ်နှစ်ပါးရှိတယ်ဆိုတာကိုတောင် မသိတဲ့အဖြစ်မျိုးကို ရောက်သွားပါတယ်။ ဒီကနေ့ အထိပါပဲ။ စီးပွားရေးမှုမှာလည်း သူများနဲ့ ရင်ဘောင်တန်းဘို့ မဆိုထားဘိ ရှိရင်းစွဲ စီးပွားရေးကို မကျအောင် ဘယ်လိုမှ ထိန်းလို့မရအောင်ကိုပဲ ကျဆင်းခဲ့ကြပါတယ်။ တနေ့တခြား လူဆင်းရဲ နင်းပြားတွေ များသထက်များလာပါတယ်။ ခေတ်သစ်အရင်းရှင်စံနစ်လို့ပဲ ဆိုရမလား တချို့ များမှာတော့ ကိုယ်ပိုင် လေယဉ်လိုင်းကိုတောင် ထူထောင်နိုင်အောင် ချမ်းသာသွားကြ တာလည်းရှိပါတယ်။ အများဆင်းရဲနေချိန်မှာ ဒီလူတွေ ဒီလောက်ချမ်းသာနေတာဟာ သံသယဝင်စရာပါပဲ။

စာရိတ္တပိုင်းဆိုင်ရာမှာကျတော့လည်း ရုတ်ချည်းကို ချွတ်ယွင်းပြောင်းလဲသွားပါတယ်။ သားသမီးနဲ့ အဖေအမေဆက်ဆံရေး၊ တပည့်နဲ့ ဆရာဆက်ဆံရေး၊ လုပ်ငန်းရှင်နဲ့ အလုပ် သမားဆက်ဆံရေး၊ အစိုးရနဲ့ ပြည်သူဆက်ဆံရေး ဘယ်အရေးကမှ တည်တည်တံ့တံ့ မရှိတော့ပါဘူး။ မြေရောင်း၊ အိမ်ရောင်း၊ မြေငှား၊ အိမ်ငှားကစပြုလို့ ဘယ်အရေးကိစ္စမဆို စာရွက်စာတမ်းမပါရင် အလုပ်မဖြစ်တော့လောက်အောင် တယောက်နဲ့ တယောက် ယုံကြည်မှု နယ်ပယ်မှာ စိတ်မကောင်းစွာပဲ ယုတ်ချည်းပြောင်းလဲ ကျဆင်းသွားပါတယ်။ သူရော ကိုယ်ပါ စာရိတ္တမှ မကောင်းကြတာကိုး။ ရှက်ဖွယ်၊ ရှက်ဖွယ်။

လှုမှုရေး၊ ဆက်ဆံရေး ယဉ်ကျေးမှုနယ်ပယ်နဲ့တကွ ကျန်တဲ့အရေးကိစ္စအားလုံး ဒီလို မျက်နှာပျက်စရာကောင်းလောက်အောင် ကျဆင်းသွားတာဟာ မြန်မာတွေမဟုတ်တဲ့ အတိုင်း ပါပဲ။ ဒါဟာ မြန်မာတွေပါလို့ မပြောရဲအောင်အထိပါပဲ။ အရေးကိစ္စအားလုံးဟာ ဒီလို ဘာကြောင့် ရုတ်ချည်းပြောင်းလဲသွားရလဲဆိုတာကတော့ အိမ်မိုးယိုတာဟာ ဘာကြောင့် ဆိုတာ လူတိုင်းအသိပါတယ်။ ခေါင်မလုံရင် တအိမ်လုံးပျက်မှာပါပဲ။ သစ်လွင်နေဆဲ သမိုင်း တွေကလဲ အထင်အရှားပါ။ အိုးမလုံ အုံပွင့်ဆိုတဲ့ စကားဟာ ဒီကိစ္စအားလုံးရဲ့ အဖြေကို ခြေရာ ခံနိုင်တဲ့စကားပါပဲ။ ဒီကိစ္စကို မြင်ရဖို့အတွက် သီအိုရီတွေကို ဝေးဝေးလံလံ တွေးတောစရာကို မလိုပါဘူး။

လူတွေဟာ လူစိတ်မပျောက်သေးတဲ့တွေက် မှန်ကန်တဲ့အမြင်ကိုလဲ မြင်ရအောင် လုပ်ယူရပါသေးတယ်၊ သင့်မြတ်တဲ့ အလုပ်ကိုလဲ လုပ်လို့ ရနိုင်ပါသေးတယ်။ ကောင်းမြတ်တဲ့ စကားကိုလဲ ပြောလို့ ရနိုင်သေးတယ်။ လုပ်လို့မရတော့ဘူးဆိုရင်တော့ သင့်ကိုယ်သင် မေးခွန်း ပြန်ထုတ်ပါ။ ငါဟာ လူရောဟုတ်ရဲ့လားလို့ပါ။

အရင်ကလို ရွှေခေတ်ကို ပြန်ရောက်ဖို့အတွက် စိတ်ကောင်းရှိကြသေးရင် ကယ်တင်လို့ ရပါသေးတယ်။ စေတနာမှန်ဖို့လိုပါတယ်။ ဥပမာ ဒီကနေ့ မြန်မာပြည်မှာ ၂၀၁၀ ရွေူးကောက်ပွဲ ဟာ ဒီပြဿများရဲ့ အဖြေမဟုတ်တာ ထင်ရှားပါတယ်။ ဒီယုန်ကိုမြင်လို့ ဒီခြုံကိုထွင်းထားတဲ့ လံကြုတ် အတင်းအဖျင်း ဇာတ်ပျက်ရဲ့ ဇာတ်ကွက်တခုမျှသာဖြစ်ပါတယ်။ ဒါကို လွှတ်တော် အလောင်းလို့ အမြီးတကြွကြွဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေက အတ္တကိုရှေ့တန်းတင်ပြီး ခွေးတိုး ပေါက်မှာ စုံပြုံနေကြပါတယ်။ ဒီအလွှတ်တော်အလောင်းတွေကလဲ ဒါကမှမှန်တာပါ၊ ဒီလိုပဲ လုပ်သင့်တယ်လို့ ပြန်ပြီး ဇွတ်မှိတ်ပြောကြမှာပါပဲ။ ဒါပေမဲ့ တရားဆိုတာ ရှိပါတယ်။ အဲဒီအမှန်ဟာ တရားနဲ့ မှတ်ကျောက်တင်ကြည့်တဲ့အခါ ပေါ်လာပါလိမ့်မယ်။ အနုံအဖျင်းလား၊ အဆွံ့အအလား၊ အစစ်လား၊ အတုလားဆိုတာ ဘွားဘွားကြီး လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလာမှာပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲကို လုပ်သူရော၊ ထောက်ခံသူရော၊ ဝင်ပြိုင် သူရော ဘယ်သူမှ တိုင်းပြည်အပေါ် စေတနာမမှန်ဘူးလို့ စွပ်စွဲပါတယ်၊ အထက်က သာဓက ဟာလည်း စေတနာမရှိဘူးဆိုတာကို ထင်ရှားစေတဲ့ ဥပမာ သာဓကတခုပါ။ ဒါကြောင့် ရွှေခေတ်ရောက်ဖို့ ဝေးနေပါအုံးမယ်။ စေတနာမှန်သူတွေ သူတို့ရဲ့ စေတနာကို ပြခွင့်မရ သေးလို့ပါ။

စီးပွားရေးကျဆင်းမှု လွန်ကဲလို့ အမျိုးကောင်းသမီးတွေ ပြည့်တန်ဆာ ဖြစ်နေကြဦး မှာပါ။ ပညာရေးကျဆင်းမှု လွန်ကဲလို့ တိုင်းတပါးမှာ သွားပြီး ကျွန်သွားခံကြရဦးမှာပါ။ စာရိတ္တပိုင်း ကျဆင်းလွန်းလို့ ငတက်ပြားလေးတွေ ဖြစ်နေဦးမှာပါ။ သူတောင်းစားခွက်စုတ် အဆင့်လောက်မှ မတင့်တယ်တဲ့ ဖာသည်တိုင်းပြည်ကြီး ဖြစ်နေဦးမှာပါ။ အမြန်ဆုံးကယ်တင် ခြင်ယင်တော့ စေတနာမှန်ကန်သူတွေကို လမ်းပေါ်ရောက်အောင် တာဝန်သိသူတွေ ဝိုင်းဝန်းပြီး လုပ်ကြရမှာပါ။

“ငါ့မှာ တာဝန်ရှိတယ်လို့တော့ ဘယ်သူမှ ပြောကြမှာမဟုတ်ပါဘူး။ ထမင်းနပ်မှန်တဲ့ နေ့ကများနေသေးတာကိုး။



ဓမ္မ

No comments: