ငါကောတိုင်းပြည်ကို တကယ်ချစ်ရဲ့လား


ငါကောတိုင်းပြည်ကို တကယ်ချစ်ရဲ့လား
ဗမာ့သွေး


 ဒီနေ့ကျွန်တော် တို့မြန်မာနိုင်ငံသားတွေ ငါတို့တိုင်းပြည်ကို တကယ်ချစ်ရဲ့လားဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကိုယ့်ဟာကိုယ်ဘဲ  ပြန်မေးစေချင်ပါတယ်။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ တစ်ခုဖြစ်နိုင်တဲ့ အနေအထားပါ။  အာဏာရှင်စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို  အမျိုးမျိုးဖျက်ဆီးနေကြတယ်ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူးဆိုတာလည်း သိပြီးသားပါ။

အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွန့်အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောာဆိုလာကြတယ်။ ဒါဟာ မတရားဘူးလို့ကျွန်တော်ယူဆတယ်၊ သူတို့တွေ လမ်းပြခဲ့ကြတယ်။ ရှေ့ဆုံးကဦးဆောင် ချီတက်ခဲ့ကြတယ်။ ကျေးဇူးတရားကို မမေ့ကြပါနဲ့။
နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထုအနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်။

ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို  ပါးစပ်ဖျားက ညီးညူ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြ နေကြရုံနဲ့တော့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့ အောက်က လွတ်မြောက်လာမှာ မဟုတ်ဘူးဆိုတာ မြဲမြဲမှတ်ထားပါ။ တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင်  ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ကြရမည့် တာဝန်တွေ အများကြီးရှိပါတယ်။ တိုင်းပြည်ကို တကယ်ချစ်တယ်၊ တိုင်းပြည်အတွက် နိုင်ရာတာဝန်ထမ်းချင်ကြတယ်ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင်ရုန်းထွက်နိုင်တယ်ဆိုတာ ပြည်သူလူထု အနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ်။

အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ  ပြည်သူလူထုအနေနဲ့ မေးစရာ ရှိလာတယ်။  အဲဒီမေးခွန်းကို  ဖြေရမယ်ဆိုရင်  ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ။ ငါတို့ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ်။   

အချို့အာဏာရှင်တွေကို ဆန့်ကျင်တဲ့နေရာမှာ အရမ်းစိတ်အား ထက်သန်ကြတယ်။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို  ချီတက်ဆန္ဒပြကြဖို့တောင်ဝန်မလေးပါဘူး။ အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့အတွက် အမြဲအသင့်ရှိနေတဲ့သူတွေ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွအင်အားစုလို့ သတ်မှတ်ထားကြရမှာပါ။

ပြည်တွင်းတက်ကြွအင်အားစုလို ကိုယ်တိုင်စိတ်အားထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့အတွက် ပြည်သူလူထုအနဲ့အတူ ဆန္ဒပြခွင့် မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြသကြလို့ တဖက်ကလည်း  ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို  ကူညီထောက်ပံ့နေတဲ့ သူတွေကို ပြည်ပ တက်ကြွအင်အားစုအဖြစ် သတ်မှတ်ထားကြရမှာပါ။

အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက်စရာ အကြောင်းတွေရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ပြုကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န်မလေးကြသူတွေ။
အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက်ဆန္ဒပြရဲလောက်အောင်  အားမသန်၊ ကူညီထောက်ပံ့ပေးဖို့ကလည်း  မတတ်နိုင်တဲ့လူတွေက သတင်းဖြန့်ဖြူးပေးနိုင်ပါတယ်။ အထက်ဖော်ပြပါ လူအုပ်စုသုံးခုကို များများချီးကြူးပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို  အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည်လာအောင်  ပြောဆိုပေးလို့ရပါတယ်။
 အဲဒီ အုပ်စုလေးခုထဲမှာ ကိုယ်ကဘယ်လိုအုပ်စုမျိုးထဲကလူလဲ အရင် ပြန်လည် ဆမ်းစစ်ကြည့်သင့်ပါတယ်။ အဲဒီအုပ်စု လေးခုထဲ က တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ  အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး  ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံးကြိုးစားကြပါလို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။ 

တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။
ဘယ်လိုလူမျိုးတွေလည်းဆိုတော့........
လက်ရှိမှာ ရာထူးကောင်းကောင်းရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြနေကြတဲ့ အာဏာရှင်လူတစ်စု လက်ရှိအာဏာရှင်တွေနဲ့ ပူးပေါင်းကြံစည်ပြီး ကြီးပွားချမ်းသာနေကြတဲ့ လူတွေနဲ့ ကြီးပွားချမ်းသာဖို့ ခွင်ဖန်နေကြတဲ့လူတွေ ပြည်ပမှာ ဒီမိုကရေစီကို အကြောင်းပြ ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို  သူတို့ကိုယ်ကျိုးအတွက် အသုံးချနေကြတဲ့သူတွေ။

အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေးယူ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာကကြမယ့် ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု။ သူတို့တတွေကလည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေးအတွက် အစွမ်းကုန် ကြိုးစားကြပါလိမ့်မယ်။

အဲဒီအုပ်စုနှစ်ခုကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွှေ့ နေသာသလိုနေမယ်ဆိုတဲ့ ပြည်သူလူထုကလည်း ရှိပါသေးတယ်။ သူတို့တွေလက်သုံးစကားကတော့ ကိုယ်လုပ်မှကိုယ်စားရမှာ၊ နိုင်ငံရေးကို ဝေးဝေးရှောင်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ်။  အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲနေတာဟာ သွယ်ဝိုက်သောအားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာကို  သူတို့တွေ မသိရှိကြပါဘူး။

အစိုးရ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ်မောင်းနှင်ပေးနေကြတဲ့သူတွေပါ။ အထက်အမိန့်ဆိုတာကို မလွန်ဆန်နိုင်လို့သာ သည်းခံနေကြရတာပါ။ သူတို့တွေရဲ့ ဘ၀ဟာလည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ။

အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ အရေအတွက်ထက်  ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် များနေလို့ပါ။  အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင်  ကျွန်တော်ပြောခဲ့ တိုင်းပြည်ချစ်တဲ့ အုပ်စု လေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ။

နေရာတကာ ငါသာလျှင် ပဓာန၊ ငါသာလျှင် အဓိက၊ ငါသိတယ် ငါတတ်တယ်ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး၊ ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင်ပြီး ကိုယ့်အမှားကို ဖုံးကွယ်ထားကြတယ်။ အမှားတွေ အများကြီးလုပ်ခဲ့ကြတယ်ဆိုတာလည်း အားလုံးအသိပါဘဲ
အချိ့ကြတော့လည်း မှားနေတာသိတယ်။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ် ၀န်လေးနေကြတယ်။  ငါဆိုတဲ့ အတ္တကိုရှေ့တန်းတင်၊  ဦးထိပ်ထား ခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။

လုပ်ရှားသူတွေကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး။ အပွင့်လင်းဆုံးပြောပြမယ် နိုင်ငံရေးကိုဗန်းပြ လုပ်စားနေသူတွေနဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးဟာ များစွာနှောင့်နှေးခဲ့ကြရတယ်။ လူတိုင်းဟာ အမှားမကင်းကြပါဘူး။ ဒါပေမယ့် မှားနေတယ်ဆိုတာကိုသိရင် ပြင်ရဲကြရမယ်။  ကျွန်တော်ဆိုလိုတာကို နိုင်ငံရေးပညာရှင်များအနေနဲ့ သိရှိပြီးသားပါ အဲဒီအုပ်စုလေးခု ဟန်ချက် ညီညီ လုပ်ရှားနိုင်ရင်  ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်လာပါလိမ့်မယ်။ အရင်က မှားခဲ့တာတွေကို  ပြင်ပြီး  အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ်။ 

ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထုကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။ ယခုလိုကြားနေ၀ါဒကို ကျင့်သုံးတယ်ဆိုတာ အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင်  ကျွန်ုပ်တို့ အမြန်ဆုံးကြိုးစားပြောဆိုလမ်းပြမှ ဖြစ်မယ်။  အမှန်တရားကို သူတို့တွေ သိရှိနားလည်လာရင်  တိုင်းပြည်ချစ်တဲ့ အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။  နိုင်ငံရေးကိုဗန်းပြ လုပ်ကိုင်စားနေကြတဲ့ သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပေါ့။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ် အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာက ပြည်သူလူထု ညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလိုနားလည်လာကြလိမ့်မယ်။ အဓိကက ပြည်သူလူထုအနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး   စည်းလုံးညီညွှတ်မှုကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

နေရာတိုင်းမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာပါဘဲ။ နိုင်ငံရေး လုပ်ရှားသူတွေကြားမှာ လုပ်စားနေသူတွေရှိတာ ကျွန်တော်မငြင်းပါဘူး။ အဲဒီလိုဘဲ အာဏာရှင်စနစ်ကို လက်ခံကျင့်သုံးနေတဲ့ လူတွေကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ  ရှိပါသေးတယ်။

အဲဒီတော့ တကယ်တိုင်းပြည်ကောင်းကျိုးအတွက် လုပ်ရှားနေသူတွေရဲ့ မျက်နှာကိုဘဲ ကြည့်ကြပါ။ လုပ်စားနေသူ အနည်းငယ်ရှိတာနဲ့ မယုံကြည်ကြဘူုးဆိုရင် ဘ၀တစ်လျှောက်လုံး ဒီလိုစနစ်ဆိုးကြီးရဲ့အောက်က ရုန်းထွက်လွတ်မြောက်ကြဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။ ဒီနေ့ နိုင်ငံတကာက ဘယ်လောက်ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။ 

အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ  နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေလည်း အများကြီးပါ။ ကျွန်တော်မြန်မာနိုင်ငံပြည်သူလူထုအနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အဲဒီလို ချစ်တဲ့ နေရာမှာ လက်တွေ့ကျကျ ချစ်ပြနိုင်ဖို့အတွက်  ကိုယ်နိုင်ရာတာဝန်ကို ထမ်းဆောင်ပေးကြပါလို့ အလေးအနက် ထပ်မံ တိုက်တွန်းပြောကြား လိုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသူများအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို လက်တွေ့ကျကျ ချစ်ပြကြကာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ ချီတက်ကြပါစို့….။

ခင်မင်လေးစားလျှက်

ဗမာ့သွေး



No comments: