အို . . . အမေရိက

 အို .  .  . အမေရိက
မိုဃ်းဇော်



ဘယ်တော့မှ
မကောက်ကွေ့တဲ့ မြားတစင်းလို
ဂိုင်းဒင်းဂိတ်တံတားကြီးဟာ
လေထုထဲဖြတ်ပြေးနေလေရဲ့
အို .   .  . အမေရိက
ခင်ဗျားကို ကျုပ် အားမကျဘူး။

ကမ္ဘာ့ကုန်လှောင်ရုံကြီးထဲ
မြေပုံတွေ ထည့်သွင်းလိုက်တဲ့အခါ
တချို့က ဆီးမီးခွက်လောက်
တချို့ သဖန်းသီးလောက်
ခင်ဗျားကတော့ ကျွဲကောသီးလောက်
မြေမျက်နှာပြင်တစ်လျှောက် ခုံးကြွလာ
အို .  .  . အမေရိက
ခင်ဗျားကို ကျုပ် အားမကျဘူး။


ခရစ္စတိုဖာကိုလမ်ဘတ်စ်ရဲ့
အရက်နာကျတဲ့ မျက်လုံးတွေ
လောဘရမ္မက်ကြီးများစွာနဲ့
ခင်ဗျားရဲ့ အဆီတုံးပေါ် ထိုးစိုက်လိုက်တာဟာ
အခုတော့ အိမ်မက်ကောင်းတခု ဖြစ်ခဲ့ပြီ။

နယူးယောက်ဓာတ်ဆီဆိုင်မှာ
ဓာတ်ဆီပန့် မကိုင်ခဲ့ရလို့
ကျုပ်ကိုယ်ကျုပ် ဆင်းရဲတယ်လို့ မထင်မိ
အို .  .  . အမေရိက
ခင်ဗျားကို ကျုပ် အားမကျဘူး။

ပေါင်မုန့်ပေးပါလို့
အာဖရိက,က တောင်းရမ်းတယ်
အေဇက်တီပေးပါလို့
အာရှက တောင်းရမ်းတယ်
ဒုံးခွင်းဒုံးပေးပါလို့
အာရပ်ကမ္ဘာက တောင်းရမ်းတယ်
နည်းပညာပေးပါလို့
တတိယကမ္ဘာက တောင်းရမ်းတယ်
ခင်ဗျားကတော့
ဘာမှတောင်းစရာမလိုဘဲ
အိတ်ထဲ ဖောင်းကြွနေခဲ့သူ
(ခင်ဗျားရဲ့ နှလုံးသားထဲ စိုက်နေတဲ့
ကျူးဘားဆိုတဲ့ သံစူးတစ်ချောင်းကလွဲရင်ပေါ့)
အို .  .  . အမေရိက
ခင်ဗျားကို ကျုပ် အားမကျဘူး။

ရုန်းကန်ခြင်းမရှိတာမှ
ဘဝလို့ယူဆရင်
ရုန်းကန်ခြင်းရှိတာလည်း
ဘဝရဲ့ တခြားစာဖျက်နှာပေါ့
ပါရမီကို
နာရီကြည့်ပြီး စီးခဲ့တယ်
အို .  .  . အမေရိက
ခင်ဗျားကို ကျုပ် အားမကျဘူး။

ဒေါင်လော့မှာ
ဘဂ္ဂဒက်မှာ
ကွန်ဂိုမှာ
မဲခေါင်မြစ်ဝှမ်းမှာ
ပက်ရှ်ဝါမှာ
နှင်းခါးတွေက ရိုက်နှက်လို့
ကျုပ်တို့ကလေးတွေ ဖျားနာနေကြတယ်။

ခင်ဗျားကတော့
ပလေးဘွိုင်ကိုဖတ်ပြီး
ကိုကာကိုလာသောက်လို့
ဘဒ်ဝိုက်ဇာကိုစုပ်လို့
မီယာမီမှာ နေစာလှုံပြီး
ဤလူ့ဘုံကို စီစဉ်ညွန်ကြားလို့
အို .  .  . အမေရိက
ခင်းဗျားကို အားမကျခြင်းဟာ
ဝေဒနာတစ်ရပ်ဖြစ်ခဲ့ပြီ
အို .  .  . အမေရိက
ခင်ဗျားကို ကျုပ် အားမကျဘူး။

မိုဃ်းဇော်

No comments: