အတ္တများနှင့် လူသား

 အတ္တများနှင့် လူသား 
ဖိုးပါ (ဒေလီ) 
သြဂုတ်၊ ၂၊ ၂၀၁၀ 

လူဟူသော သတ္တဝါသည် သတ္တဝါမြောက်များစွာထဲမှ ဖန်တီးနိုင်စွမ်းရှိဆုံး သတ္တဝါဖြစ်သည်။ သို့သော် ဖန်တီးနိုင်စွမ်းရှိသော သတ္တဝါတိုင်းသည် လူမဟုတ်ပေ။ တရားနှင့်ယှဉ်၍ လိုလားအပ်သော၊ တောင့်တအပ်သောအရာနှင့် အတွေးအခေါ်တို့ကို ဖန်တီးနိုင်စွမ်းရှိသူမှသာ လူဟုမည်အပ်သည်။ ဦးခေါင်းတလုံး၊ မျက်စိနှစ်ကွင်း၊ ပါးစပ်တပေါက်၊ လက်နှစ်ချောင်း၊ ခြေတစုံရှိရုံမျှ နှင့် လူမဟုတ်။ ဖန်တီးသည်ဟု ဆိုရာ၌လည်း ခေတ်အလိုက်မဟုတ်ပဲ မလိုအပ်သည်များကို အဖျက်သဘောဆောင်သော (ပျက်စီးစေအပ်သော) အရာဝတ္ထု၊ အတွေးအခေါ်၊ ဒဿနများကို ဖန်တီးခြင်းသည် ဖန်တီးခြင်းမမည်။ ထိုအရာကိုဖန်တီးသူသည် ဖျက်ဆီးသူ သို့မဟုတ် လူမိုက်ဟု မှတ်ရမည်။ စစ်မှန်သော လူမဟုတ်၊ အင်္ဂါစုံလင်သောလူမဟုတ်။ စိတ်ကောင်းနှင့်ယှဉ်သော လူမဟုတ်သောကြောင့်ပင်ဖြစ်သည်။

ထို့အတူပင် ဖန်တီးနိုင်စွမ်းမရှိသော သတ္တဝါမှာလည်း လူမမည်ပေ။ မျောက်သတ္တဝါသည် မိုးဝါလတို့၌ မိုးအေးခြင်းအမှုကို ကင်းပအောင် အဆောက်အဦး၊ အသုံအမြုံတခုကိုပင် ဆောက်လုပ်ရန် မစွမ်းနိုင်သကဲ့သို့တည်း။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် လူဟုသမုတ်ရန် ကိုယ်လက်အင်္ဂါ စုံငြားသော်လည်း မိမိနေထိုင်ရန် အဆောက်အဦး၊ အသိုက်အမြုံတခုကိုပင် ဆောက်လုပ်၊ တီထွင်၊ ဖန်တီးနိုင်စွမ်းမရှိသော ထိုပုဂ္ဂိုလ်သည် လူမမည်။ ထိုသို့မျှ သေးငယ်သောအရာတို့၌ပင် မစွမ်းဆောင်နိုင်လျှင် မိမိ မိသားစု၊ မိမိ အသိုင်းအဝိုင်း၊ မိမိ ပတ်ဝန်းကျင်၊ မိမိ ရပ်ရွာ၊ မိမိ တိုင်းနိုင်ငံတို့ ပတ်သက်သော အမှုများကို လုပ်ဆောင်စွမ်း လျှဉ်းမျှ ရှိမည်မဟုတ်ပေ။ ထိုထိုပုဂ္ဂိုလ်သည် လူ့ပြည်၌မရှိအပ်၊ လူမဖြစ်သင့်ပေ။

လူဟူသည်မှာ အတ္တလည်းရှိ၊ မာနလည်းရှိ၊ လောဘ, ဒေါသလည်း ရှိသည်သာ။ ထို အတ္တ၊ မာန၊ လောဘ၊ ဒေါသတို့သည် ဖြစ်ရန်လွယ်၏၊ အားထုတ်ရန်ပင်မလိုပါ။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဖြစ်နိုင်၏။ ထိုအတ္တ၊ မာန၊ လောဘ၊ ဒေါသတို့ကို ထိန်းချုပ်နိုင်ဖို့ရာမှာကား လွယ်ကူလှသည်မဟုတ်ပေ။ သို့သော် မလွယ်ကူဟု ဆိုသော်လည်း ထိန်းချုပ်ကောင်းသည်သာ၊ ထိန်းချုပ်အပ်သည်သာ။ ထိန်းချုပ်ရန် သင့်သာသာ။ လူ့ကျင့်ဝတ်ပင်ဖြစ်သောကြောင့် အထူးပင်ထိန်းချုပ်ရန်လိုအပ်သည်။ ထိုထိန်းချုပ်ရန် မလွယ်ကူသော အတ္တ၊ မာန၊ လောဘ၊ ဒေါသတို့ကို မထိန်းချုပ်သော ပုဂ္ဂိုလ်သည် လူမမည်။ ထို့ကြောင့် ထိုလူမမည်သော ပုဂ္ဂိုလ်၏ ကျင့်စဉ် အမှုလုပ်ငန်းတို့သည် လူ့ကျင့်ဝတ်နှင့် ညီမည်မဟုတ်ပေ၊ လူတို့၏ အမှုလုပ်ငန်းလည်း ဖြစ်တော့မည်မဟုတ်။ အဟိတ်တိရိစ္ဆာန်တို့၏ အပြုအမူမျိုးသာ ဖြစ်ချိမ့်မည်။

လူဟူသည်မှာ ကိုယ်ကျင့်တရားသတ္တဝါ၊ လူမှုရေးသတ္တဝါ၊ နိုင်ငံရေးသတ္တဝါဟု အရစ္စတိုတယ်ပြောခဲ့သော စကားတို့သည် အတွေးအခေါ်ယဉ်ကျေးမှု ရှိနေပြီဖြစ်သော ခေတ်မှ အတွေးအခေါ်တို့ပင်ဖြစ်သည်။ ဒါကြောင့်လည်း သူ၏အတွေးအခေါ်တို့သည် ယဉ်ကျေးလျှက်ရှိ၏။ ထိုစကားတို့သည် အတ္တကင်း၍ အပြစ်ကင်းနေ၏။ ထိုသို့ဆိုလျှင် အရစ္စတိုတယ်သည် အတ္တရှိသည့်လူသားဖြစ်စေကာမူ အတ္တကို ထိန်းကျောင်းနေသော လူသား (အမျိုးကောင်းသား)ဟု မှတ်ယူနိုင်တော့သည်။ ထိုကိုယ်ကျင့်တရား၊ လူမှုရေး၊ နိုင်ငံရေး အမှုကိစ္စတို့၌ အတ္တကြီးမား လွန်ကဲလာလျှင် ကိုယ်ကျင့်တရားချို့တဲ့လာခြင်းကြောင့် လူမှုရေး၌ ဆင်မပြေနိုင်တော့၊ လူမှုရေး၌ ဆင်မပြေဖြစ်နေသော ထိုပုဂ္ဂိုလ်သည် အများတကာနှင့် ဆက်ဆံရသော၊ ပြည်သူလူထုနှင့် အမြဲအစေထိတွေ့လျှက်ရှိသော နိုင်ငံရေးအမှု၌ ထိုလူမှုရေးဆင်မပြေသော ပုဂ္ဂိုလ်သည် မည်သို့နိုင်ငံ့အရေးကို လုပ်မည်နည်း။ လုပ်ရန်မသင့်၊ မလုပ်အပ်၊ လုပ်လျှင်ပျက်မည်သာ။ ထိုကြောင့် လူမှုရေး၊ နိုင်ငံရေး လုပ်လိုသော ပုဂ္ဂိုလ်သည် အတ္တကင်းမှ ဖြစ်ပေလိမ့်မည်။ ကိုယ်ကျင့်တရားကောင်းမွန်မှ ဖြစ်ပါလိမ့်မယ်။

ယနေ့ ကမ္ဘာကြီးဟာ နာဖျားနေတဲ့အတွက် ကမ္ဘာကြီးကို မှီခိုနေရသော လူသားတို့သည်လည်း ဝေဒနာကိုယ်စီဖြင့် ညီးညူလျှက်ရှိ၏။ ကမ္ဘာကြီးနာဖျားရခြင်းမှာလည်း ယနေ့လူသားတို့၏ ကိုယ်ကျင့်တရားချို့တဲ့ကာ အတ္တကြီးမားလွန်ကဲမှုပင် ဖြစ်ချေသည်။ ထိုလောဘ၊ ဒေါသနှင့် ယှဉ်စပ်နေတဲ့ အတ္တဟာ အတ္တခြင်းတူစေကာမူ အရင်းရှင်တို့၏ လောဘတို့သည် ပို၍ ကမ္ဘာကြီးကို နာကျင်စေတော့သည်။ မည်သို့ပင်ဆိုစေ အတ္တဟူသည်မှာ ကောင်းသောအရာမဟုတ်။ သေးသည်လည်းမကောင်း၊ ကြီးလျှင် ပို၍မကောင်းတတ်ပေ။ ထိုသို့ကမ္ဘာကြီး အနာမကျန်းဖြစ်မှုကြောင့် တိုက်ရိုက် မှီခိုထိတွေ့နေရသော လူသားတို့သည်လည်း ဝေဒနာကိုယ်စီဖြင့် ညဉ်းညူလာရတော့သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူသားတို့သည် ပို၍ ရောဂါပြင်းလေသည်။ အချုပ်အားဖြင့် အတ္တကြီးခြင်းကြောင့်ပင်ဖြစ်သည်။

ထိုအတ္တသည် ငါသူတပါး အစရှိသော သတ္တဝါတို့အပေါ်၌ စဉ်းလဲမှု၊ ကောက်ကျစ်မှုတို့သာဖြစ်စေရာ ထိုအတ္တကြီးမား ဖောက်ပြားသောသူသည်လည်း လူစင်စစ်မဖြစ်တန်ရာ။ ပညတ်၏ သဘောဖြစ်သော လူဟူသည့် အမည်နာမကြောင့် လူဟုခေါ်ခံရသူတိုင်းသည် လူမဟုတ်နိုင်။ လူတယောက် အခြေခံအားဖြင့် ကျင့်ရမည်ကျင့်စဉ်၊ လုပ်ရမည့် အလုပ်၊ ပြုသင့်သည့်အမှုတို့ ရှိမှသာလျှင် လူဟူသည့် သန့်စင်သည့် အမည်နာမကို မှည့်ကောင်းသည်။ သို့တည်းမဟုတ် ကောက်ကျစ်စဉ်းလဲ ယုတ်မာသော့သွမ်းသောသူတို့သည် လူဟူသည့် အမည်နာမ၏ နောက်တွင် ဂုဏ်ပုဒ်ဝိသေဖြင့် လူဆိုး၊ လူဖျင်း၊ လူပြင်း၊ လူညံ့ဟူ၍ ထည့်ကာ မှည့်ရာ၏။ သို့ပါမှ ကွဲပြားခြားပါမည်။ လူဟူသည့် အမည်နာမ ဂုဏ်ပုဒ်သည်လည်း မြင့်မြတ်သန့်စင်လာမည်ဖြစ်သည်။

ယနေ့ဖောက်ပြန်နိုင်လွန်းသော ရာသီဥတုဆိုင်ရာ အာကာမိုးမြေတို့သည် လူတို့အတ္တပယောဂကြောင့် ရာခိုင်နှုန်းနီးပါး ပျက်စီးကြရသည်ဖြစ်ရာ လူသားတို့အား ဝါးလုံးသိမ်းရိုက်ပြီး ဖြစ်ဖို့ခြင်းလည်းဖြစ်သည်။ ကမ္ဘာကြီးအားဖျက်ဆီးနေသည့်လူတို့ထဲမှ အနောက်နိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှ ဦးစွာဖျက်ဆီးခဲ့ကြ၏။ ထိုနောက် မြောက်အမေရိကနှင့် အာရှဒေသတို့က နိုင်ငံတချို့ကဖျက်ဆီးလျှက်ရှိကြသည်။ အခုနှောင်းပိုင်းကာလတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာကြီးအား မသိကျိုးကျွံလျှက် ဖွံ့ဖြိုးလတ္တံ့သော စက်မှုအရာတို့၌ ဦးစားပေးလျှက်ရှိသည်။ ထို့နောက် အိန္ဒိယလူအများစုဖြစ်သည့် ဟိန္ဒူဘာသာဝင်တို့၏ ယုံကြည်ကိုးကွယ်မှုသည်လည်း သဘာဝတောတောင်ရေမြေတို့အား များစွာပျက်စီးစေလျှက်ရှိသည်။ နေရဉ္ဇရာမြစ်ကြီး ရေလုံးဝခမ်းမြောက် ကောသွားပြီး ယမုံနာမြစ်သည်လည်း ရေပုပ်မြောင်းပမာ မည်းညစ်ပုပ်သိုးလျှက်ရှိခြေပြီ။ ဂင်္ဂါမြစ်သည်လည်း များမကြာမှီပျက်စီးခြင်းလမ်းကြောင်းသို့ ဦးတည်လျှက်ရှိခြေသည်။ ဤမှာ ကြွယ်ဝချမ်းသာသည့် အိန္ဒိယနိုင်ငံမှ ရေအရင်းမြစ်များ၏ ပျက်စီးခြင်း တစိတ်တပိုင်းပင်ဖြစ်သည်။

လူတချို့သည် အတ္တကိုကြီးမားစေလျှက် စိတ်ပင်ပန်းမှုကို အဖြေရှာလျှက်ရှိကြသည်။ တချို့ဘာသာများ အတ္တကို အားနည်းအောင်ပြုပြီး စိတ်ပင်ပန်းမှုကို အဖြေရှာလျှက်ရှိကြသည်။ အမှန်တကယ်တွင် စိတ်ပင်ပန်း ဖျားနာမှုသည် အတ္တကြီးမားမှုကြောင့်ပင် ဖြစ်သည်ကို ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များမှ ဖော်ထုတ်ကြီးပြီး ဖြစ်သည်။ သို့သော်လည်း မျက်ကန်းအစွန်းရောက် ဘာသာရေးခေါင်းဆောင်တို့က အတ္တကိုကြီးမားအောင် စေ့ဆော်လျှက်ရှိကြသည်မှာ ယနေ့ဖောက်ပြန်လျှက်ရှိသော ကမ္ဘာကြီးအတွက် ရတက်မအေးဖြစ်ကြရသည်။

အချုပ်အားဖြင့် ထိုအတ္တကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ကိုယ်ကျင့်တရားအရေးတို့မှာ ကမောက်ကမ ဖြစ်ကြရသည်။ ထိုအတ္တကြောင့် လူတန်းစားကွာဟမှုကြီးမားရသည်။ ထိုအတ္တကြောင့် ကမ္ဘာကြီးသည် ရုတ်ချည်းဖောက်ပြန်လာခဲ့သည်။ အတ္တဟူသည်မှာ အဖျက်သဘောသာဖြစ်သောကြောင့် ထိုအတ္တအား မွေးမြူကြီးထွားစေသော သူတို့သည် လူမဟုတ်တော့ပေ။ ထိုအတ္တဝါဒများ ကြီးစိုးနေသမျှကာလပတ်လုံး ကမ္ဘာကြီးသည် ဖျားနာခြင်းမှ မလွတ်ကင်းတော့။ ထို့အတူ ကမ္ဘာကြီးအား မှီခိုအားပြုလျှက် ရှင်သန်ကြရသော သတ္တဝါတို့မှာ ရုပ်ပိုင်းဆိုင် ဖျားနာမှု စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုတို့သည် ပို၍တိုးလာဖွယ်ရှိတော့သည်။ ထိုအတ္တဝါဒ၊ ထိုအတ္တများကို ဖျက်ဆီးပစ်နိုင်မှ ကမ္ဘာနှင့် သတ္တဝါတို့သည် ဖျားနာမှုကင်းပါမည်။ အမှန်တကယ်တွင် လူမဟုတ်သော လူများကို သုတ်သင်ခြင်းလည်းမည်သည်။ အားလုံးကို လူပီသစေချင်ခြင်သည်။

ဖိုးပါ (ဒေလီ) 
သြဂုတ်၊ ၂၊ ၂၀၁၀ 


No comments: